← Chapters

လူတစ်ယောက်က ငါ့ကို ငွေနဲ့ပစ်ပေါက်ခဲ့တာ

Vol. 2 Ch. 17

လူတစ်ယောက်က ငါ့ကို ငွေနဲ့ပစ်ပေါက်ခဲ့တာ

Vol. 2 Ch. 17

"မစ္စတာကျန်း.. ဒီမှာ ခင်ဗျားရဲ့ပြေစာပါ"

ငွေပေးချေမှုပြီးဆုံးသွားသည့်နောက် အဆုံးမှာတော့ ဆေ့ချ်လည်း အနည်းငယ်မျှ စိတ်အေးသွားရလေပြီ။ သူ့သူဌေးက ဤလူကြီးမင်းကို ဘာကြောင့် ဤမျှအထိတန်ဖိုးထားနေရသလဲဆိုသည်ကို သူ ယခုခန့်မှန်းကြည့်နိုင်သွားပြီဖြစ်၏။

အရင်းရှင်နိုင်ငံများတွင် ပိုက်ဆံကသာ အရာရာဖြစ်သည်။ ဤလူကြီးမင်းက ပိုက်ဆံကို ပိုက်ဆံလိုသဘောမထားပေ။ သူက အလကားလည်းမလိုချင်သလို လျှော့ဈေးလည်း လက်မခံချေ။ ထို့ပြင် သန်းနှစ်ဆယ်ကိုပါ အပိုဆုကြေးပေးလိုက်သေးသည်။ သူ့မိသားစုက စည်းစိမ်အ​မြောက်အများပိုင်ဆိုင်ထားလေသလား။

"သိပ်ကောင်းတယ်"

ကျန်းမုန့်လောင်က တစ်ရက်တည်းနှင့် နှစ်ဘီလီယံကျော်သုံးလိုက်ရသည့်အတွက် ရည်မှန်းချက်ပန်းတိုင်သေးသေးလေးတစ်ခုကို အောင်မြင်ကျော်လွှားလိုက်နိုင်သလို ခံစားလိုက်ရသည်။

"သူဌေးစု.. ပြီးရင် ကျွန်တော့်ကို Wechatလာအပ်ပေးဦးနော်။ ကျွန်တော် ခင်ဗျားကို ကျွန်တော့်အိမ်ရဲ့တည်နေရာကိုပို့ပေးမယ်။ အဲ့ဒီကားတွေအကုန်လုံးကို ကျွန်တော့်​မြေအောက်ကားဂိုဒေါင်ထဲကို ဆွဲလာခဲ့လိုက်။ ခင်ဗျားကိုကူညီပေးဖို့အတွက် ကျွန်တော် လူတစ်ယောက်စီစဉ်ပေးမယ်"

"ခင်ဗျားက တကယ့်ဘော့စ်ပါပဲ။ တကယ့်ကိုရိုက်ချက်ပြင်းတာပဲ"

စုယွီ ယနေ့ခံစားလိုက်ရသော စိတ်ပိုင်းဆိုင်ရာထိတ်လန့်မှုက စကားလုံးများနှင့် ဖော်ပြ၍ပင်မရနိုင်ပေ။

ကျန်းမုန့်လောင်၏အရှေ့တွင်မူ အလွန့်အလွန်ချမ်းသာသော ဒုတိယမျိုးဆက်နှင့် အောင်မြင်ကျော်ကြားသော လူကြီးမင်းများဟုခေါ်တွင်သည့် သူတို့ဟာ သာမညောင်ညများသာဖြစ်ကြောင်း သူတို့ နားလည်သွားချေပြီ။

"ဟားဟားဟား ကျေးဇူးအများကြီးတင်ပါတယ်"

ဤအချိန်တိုလေးက သူတို့လေးယောက်ကြားရှိ ဆက်ဆံရေးကို ခပ်မြန်မြန်နွေးထွေးသွားအောင် လုပ်ဆောင်ပေးလိုက်ပြီး သူတို့ကြားရှိ နေရခက်မှုများကလည်း ကင်းစင်ပပျောက်သွားလေသည််။

သူတို့အားလုံးက လူချမ်းသာဒုတိယမျိုးဆက်သားသမီးများဖြစ်ကြသော်လည်း စည်းစိမ်နှင့်အဆင့်အတန်းတူသူများ သို့မဟုတ် ပိုမြင့်သောလူများအကြား ရောက်သွားပါက ဟိတ်ကြီးဟန်ကျယ်နိုင်မနေကြပါဘဲ အချင်းချင်းစကားစမြည်ပြောကြလေတော့သည်။

မတိုင်ခင်က ဆိုင်ကိစ္စများကို မန်နေဂျာကျန့်ထံ အပ်ထားခဲ့ပြီးနောက် သူတို့အုပ်စုက စုယွီ၏ကားရှိရာသို့ တန်းတန်းမတ်မတ်လျှောက်လာလိုက်ပြီး အနီးဆုံးကြယ်ငါးပွင့်ဟိုတယ်သို့ မောင်းသွားလိုက်သည်။

"ကြိုပြောထားမယ်နော်။ ခဏနေရင် ငါ ပိုက်ဆံရှင်းမှာ။ ဘယ်သူမှ ငါနဲ့အပြိုင်လာလုဖို့မကြံနဲ့"

မျက်နှာပန်းလှအောင်လုပ်ရခြင်းကို အမြဲသဘောကျတတ်သည့် ဝမ်လင်ကို ယနေ့တွင် ကျန်းမုန့်လောင်က အနိုင်ပိုင်းသွားခဲ့သည်။ ထို့ကြောင့် ဤထမင်းတစ်နပ်ဖြင့် သူ့မျက်နှာကို ပြန်အဖတ်ဆည်ဖို့ စိတ်ပိုင်းဖြတ်ထားချေသည်။

"ကောင်းပါပြီ။ ကောင်းပါပြီ။ ဘယ်သူမှ မင်းနဲ့ပြိုင်မလုပါဘူး ဥက္ကဋ္ဌဝမ်ရယ်"

ကျန်းမုန့်လောင်လည်း အကယ်၍ သူသာ ဤဟိုတယ်ရှိ ဟင်းလျာများအားလုံးကို မှာလိုက်လျှင်တောင် အများဆုံးတစ်သန်း သို့မဟုတ် နှစ်သန်းမျှသာ သုံးနိုင်လိမ့်မည်ဟု ခန့်မှန်းတွက်ချက်လိုက်သည်။ ၁၀၀ဘီလီယံသုံးရမည့် သူ့စိန်ခေါ်မှုနှင့်ယှဉ်ကြည့်ပါက ဤသည်မှာ သမုဒ္ဒရာထဲက ရေတစ်စက်သာသာ ရှိသည်။ ယခုအနေအထားအတိုင်း တစ်နေ့ကို သုံးနပ်စားမည်ဆိုလျှင်ပင် အကုန်သုံးဖို့အတွက် နှစ်တစ်ရာလောက် ကြာသွားပေလိမ့်မည်။

သို့ဖြစ်လေရာ ဤကျသင့်ငွေကို လုရှင်းစရာမလိုပေ။

ဝမ်လင်က ဤဟိုတယ်၏ ပုံမှန်ဧည့်သည်မဟုတ်သော်လည်း နာမည်ကြီးအင်တာနက်ဆယ်လီတစ်ယောက်ဖြစ်သည့်အတွက် သူ့မျက်နှာက သူ၏အကောင်းဆုံးပြယုဂ်ပင်။ သူ ကားထဲကထွက်ထွက်ချင်းမှာ သူ့ပတ်ပတ်လည်တွင် ကင်မရာများနှင့် ဝိုင်းရိုက်နေကြတော့သည်။ ကံကောင်းချင်တော့ ကျန်းမုန့်လောင်က ဗိုင်းရပ်ကူးစက်မှုကို သတိကြီးကြီးထားသည့်အနေနှင့် နေ့တိုင်းမက်စ်တပ်ခဲ့သည်။ ထိုသို့မဟုတ်ပါက ယနေ့ သူ့သရုပ်မှန်ကို အင်တာနက်ပေါ်၌ ဖော်ထုတ်မိသွားလိမ့်မည်သာ။

တိတ်ဆိတ်ပြီး သပ်သပ်ရပ်ရပ်ရှိသော အခန်းတစ်ခန်းကို သူတို့ရှာလိုက်ပြီး လေးယောက်သား အင်တာနက်ဆယ်လီတချို့နှင့် အတူဝင်ထိုင်လိုက်သည်။

"ဥက္ကဋ္ဌဝမ်က အင်တာနက်ဆယ်လီတွေကို သဘောကျနေတုန်းပဲလို့ ထင်မထားမိဘူး"

ကျန်းမုန့်လောင်က နောက်ပြောင်လိုက်သည်။

"ဟားဟားဟား.. မင်းနဲ့ရော မိတ်ဆက်ပေးရဦးမလား။ မင်း ဒီနေ့ ကားဝယ်ဖို့အတွက် တစ်ယောက်တည်းထွက်လာပုံထောက်တော့ အထီးကျန်တစ်ကိုယ်တည်းသမားတစ်ယောက်ပဲဖြစ်ရမယ်"

ဝမ်လင်က ထိုကိစ္စနှင့်ပတ်သက်ပြီး ရှက်မနေချေ။ သူ တကယ်ပဲ အင်တာနက်ဆယ်လီများကို သဘောကျသည်။ သူတို့မျက်နှာများက ခပ်ဆင်ဆင်ဖြစ်နေကြသော်လည်း သူတို့ကြားထဲရှိ စိတ်ဝင်စားဖို့ကောင်းသောလူများကိုတော့ သူ အမြဲရှာဖွေနိုင်ခဲ့သည်။

"ဘာကိုအထီးကျန်တစ်ကိုယ်တည်းသမားလဲ။ ငွေမရှိတဲ့လူတွေကိုမှ အဲ့လိုခေါ်တာပါ။ ဒီမှာရှိတဲ့မုန့်လောင်ကို 'တစ်ကိုယ်တော်အထက်တန်းလွှာ'လို့ ခေါ်သင့်တာ"

"ဟားဟားဟား... အဲ့ဒီအခါ်အဝေါ်ကြီးက ဒိတ်အောက်နေပါပြီ။ ငါဆိုရင် အခုထိ ကွန်ယက်ဖြန့်ကြက်နေရတုန်းပဲ"

"တော်လိုက်တော့ အားလုံးပဲ။ တအားမြှောက်လွန်းလို့ ငါ အပေါ်မြောက်​တက်သွားတော့မယ်"

"စကားမစပ် မင်း ဘယ်ကလာလဲဆိုတာ ငါတို့ အခုထိမသိရသေးဘူးနော်"

ဝမ်လင်က မေးလိုက်သည်။

"ဪ ငါ့မိသားစုက အစတုန်းကတော့ တုန်ကျီးမြို့ကလေ။ ငါကတော့ ကျန်းနန်မြို့မှာ ပညာသင်နေတာ"

ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။

"ဘာ.. မင်းက အခုထိဘွဲ့မရသေးဘူးလား"

"မရသေးဘူး"

ကျန်းမုန့်လောင် ရယ်လိုက်လေသည်။

"ငါက ဒီနှစ် စီနီယာကျောင်းသားဖြစ်ပြီလေ။ ဘွဲ့ရဖို့ နှစ်ဝက်ကျော်ကျော်လောက်လိုသေးတယ်"

"ထူးဆန်းလိုက်တာ။ မင်းရဲ့မိသားစုနောက်ခံမျိုးနဲ့ ဒီနိုင်ငံထဲမှာ တကယ်ကြီးပညာသင်နေတာပဲ။ အဲ့ဒါက တကယ်ကို ထင်မထားလောက်တဲ့ကိစ္စပဲ"

ချင်းဖုန်းနှင့် ကျန်လူများကို သူတို့မိသားစုက အစောပိုင်းကတည်းက နိုင်ငံခြားသို့စေလွှတ်ခဲ့သည်။ သူတို့၏ပညာရေးပိုင်းဆိုင်ရာစွမ်းဆောင်ရည်က မမြင့်မားလှခြင်းမျိုးဖြစ်နိုင်သော်ငြား သူတို့ရထားသည့်ဘွဲ့များကတော့ ကမ္ဘာ့ထိပ်တန်းကျောင်း၁၀၀ထဲမှာ ပါလေသည်။

"ငါ မေးချင်တာလေးတစ်ခုရှိလို့ မစ္စတာကျန်း.. မင်းရဲ့မိသားစုက ဘာလုပ်ငန်းတွေများလုပ်ကိုင်တာလဲမသိဘူး။ ငါတို့မိသားစုအကြီးအကဲတွေများ သူတို့ကိုသိမလားပဲ"

စုယွီက သိလိုစိတ်ဖြင့် မေးလိုက်လေသည်။

ဝမ်လင်နှင့် ချင်းဖုန်းယဲ့တို့က ချက်ချင်းပင် နားစွင့်လိုက်ကြသည်။ ဤသည်မှာ သူတို့ အသိချင်ဆုံးမေးခွန်းဖြစ်သည်။ ကျန်းမုန့်လောင်တို့မိသားစု၏ စီးပွားရေးလုပ်ငန်းမှာ ကြောက်ဖို့ကောင်းလောက်အောင် ကြီးမားနေလိမ့်မည်ဟု သူတို့ ခန့်မှန်းထားသည်။

"ဒါက.. အမှန်အတိုင်းပြောရရင် ငါကိုယ်တိုင်လည်း သိပ်သေချာမသိဘူး"

ကျန်းမုန့်လောင်က ခေါင်းတကုတ်ကုတ်လုပ်လိုက်သည်။

"မင်းတို့ ယုံချင်မှယုံကြလိမ့်မယ်။ ဒါပေမဲ့ ငါ့မိသားစုက ဘယ်လောက်တောင်ချမ်းသာလဲဆိုတာကို ငါသိတာလည်း သိပ်မကြာသေးဘူး"

"ဘာရယ်"

သူတို့သုံးယောက်နှင့် အင်တာနက်ဆယ်လီအုပ်စုမှာ ပါးစပ်အဟောင်းသားဖြင့် အံ့သြမှင်တက်သွားရှာလေသည်။

"အလုပ်လျှောက်လွှာတွေပို့ရင်း လူမှုအဖွဲ့အစည်းကြီးဆီမှာ ဖိနှိပ်ခံနေရတုန်း ငါ့အဖေက အိမ်ကိုပြန်လာပြီး မိသားစုစီးပွားရေးကို ဆက်ခံပါတဲ့လေ။ အဲ့ဒီနောက်တော့ ငါလည်း အခုလိုဖြစ်လာရတာပဲ"

"သောက်ကျိုးနည်း... မင်းက တကယ့်ဒိတ်ဒိတ်ကြဲ'လူချမ်းသာ"မျိုးဆက်စစ်စစ်ပဲ"

"ငါတော့ အံ့ဩထိတ်လန့်မိပါရဲ့။ ငါ မင်းတစ်ယောက်တည်းကိုပဲ ဒူးထောက်လက်မြှောက်ပါတယ်"

"လက်ဖျားခါလောက်ပါပေတယ်"

"ငါတို့မိသားစုလုပ်ငန်းနဲ့ပတ်သက်ပြီး ငါသိတာဆိုလို့ ငါတို့က အာဖရိကမှာ ရေနံတူးတယ်။ စိန်တူးတယ်။ အိမ်ခြံမြေလုပ်ငန်းလုပ်တယ်။ အိုး..ဟုတ်သားပဲ။ Koenigseggကုမ္ပဏီရဲ့ရှယ်ယာအများစုက ငါ့မိသားစုပိုင်တာလေ"

"ဘုရားရေ..."

"မင်းရဲ့မိသားစုက တကယ့်ကို မိုင်းတွင်းတစ်ခုပိုင်တာပဲ"

"ဒီကိစ္စကြောင့် အဲ့ဒီဥက္ကဋ္ဌတုန်လှုပ်သွားတာ မအံ့ဩတော့ပါဘူး။ မင်းရဲ့မိသားစုက Koenigseggကုမ္ပဏီရဲ့အကြီးဆုံးရှယ်ယာရှင်ဖြစ်နေတာကိုး"

"ထိပ်တန်းဘော့စ် ထိပ်တန်းဘော့စ် တကယ်ပြိုင်ဘက်ကင်းတာပဲ"

"မင်း ဒီကိုလာခဲ့တာက မင်းရဲ့ကြွယ်ဝချမ်းသာမှုကို ကြွားချင်ရုံသက်သက်ပဲလို့ ဘာလို့ခံစားမိနေတာပါလိမ့်"

စုယွီက ပြောလိုက်သည်။

"မင်း ကားတစ်စီးလိုချင်တယ်ဆိုရင်လည်း မင်းမိသားစုကိုပဲ တစ်စီးလောက်စီစဉ်ခိုင်းလိုက်လို့မရဘူးလား။ ကားတစ်စီးလေးဝယ်ဖို့ကို ဘာလို့ဒီလောက်ဒုက္ခရှာနေတာလဲ"

"ဒါက.. ငါလည်း အမှန်အတိုင်းပြောရရင် အဲ့လိုမလုပ်ချင်ပါဘူး။ ဒါပေမဲ့ ငါ့အဖေက အခု ငါဆက်ခံထားတာက မိသားစုအမွေပဲရှိသေးတာတဲ့။ ဘိုးဘွားပိုင်အမွေကိုဆက်ခံချင်တယ်ဆိုရင် စမ်းသပ်မှုတစ်ခုကို ဖြတ်ကျော်နိုင်မှဖြစ်မှာတဲ့လေ"

"ခဏလေးနေပါဦး.. ဒီစမ်းသပ်မှုက.. ပိုက်ဆံသုံးရတာနဲ့ ပတ်သက်နေတာတော့မဟုတ်ပါဘူးနော်"

ချင်ဖုန်း၏မျက်ဝန်းများမှာ ပြူးကျယ်သွားရလေသည်။

"တစ်နှစ်အတွင်းမှာ ငါ ၁၀၀ဘီလီယံသုံးမှဖြစ်မယ်"

"အဟွတ် အဟွတ် အဟွတ်"

"လူနာတင်ကားခေါ်ပါဦး လူနာတင်ကား"

"မြန်မြန်လေး နှာခေါင်းအောက်နားကိုဆိတ်လိုက်"

အလွန့်အလွန်ချမ်းသာလှပါသည့် ဒုတိယမျိုးဆက်လူချမ်းသာသုံးယောက်မှာ ထမဖောက်ဘဲ မနေနိုင်ပေ။

ဒါက စမ်းသပ်မှုမှမဟုတ်တာ။ ဆုလာဘ်ဆိုတာ အသိသာချည်းပဲဟာကို။

ကျန်းမုန့်လောင်က အလကားလည်းမလိုချင်သလို လျှော့ဈေးလည်းမပေးခိုင်းဘဲ ကားများအတွက် ၂၀ဘီလီယံသုံးစွဲခဲ့ရသည့် အကြောင်းအရင်းကို သူတို့ ယခုတော့နားလည်လိုက်ပြီဖြစ်၏။ ဤသည်မှာ မိသားစုစမ်းသပ်ချက်ကို အောင်မြင်ရန်အတွက် လုပ်နေခြင်းသက်သက်သာ။

"ငါတို့ရဲ့ကျန်းနန်မြို့သေးသေးလေးမှာ ပုန်းကွယ်နေတဲ့နဂါးတစ်ကောင် ဝပ်တွားနေတဲ့ကျားတစ်ကောင် တကယ်တမ်းရှိနေလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ"

"အိုး ဟုတ်သားပဲ။ မင်းတို့တွေ ဒီအကြောင်းကြားလိုက်ကြလား။ မနေ့တုန်းက ကျန်းနန်အဝေးပြေးတံတားမှာ နာရီပေါင်းများစွာ ယာဉ်ကြောပိတ်ဆို့နေလို့ဆိုပြီး ဆန်းကြယ်တဲ့လူချမ်းသာတစ်ယောက်က ဟယ်လီကော်ပတာတစ်စီးကိုခေါ်ပြီး ကားတစ်စီးနဲ့သူ့ပိုင်ရှင်ကို ဆွဲမသွားတာတဲ့လေ"

"ဟုတ်သားပဲ။ ငါလည်း အဲ့ဒီအကြောင်းကြားလိုက်တယ်။ သိရသလောက်တော့ Mi-26ဟယ်လီကော်ပတာပဲ။ အဲ့ဒီလိုဟယ်လီကော်ပတာမျိုး ဟွာရှားမှာ နှစ်စင်းပဲရှိတာလို့သိထားတယ်။ ဟုတ်တယ်မလား"

"ငါ့အဖေက အဲ့ဒီအကြောင်းကိုစစ်ဆေးကြည့်ပြီးပြီ။ အဲ့ဒီဟယ်လီကော်ပတာနှစ်စီးက မူလလေဆိပ်မှာ ရှိနေတုန်းပဲ။ လုံးဝမသုံးထားဘူးတဲ့။ အဲ့ဒါက ကိုယ်ပိုင်ဟယ်လီကော်ပတာပဲဖြစ်ရမယ်"

ဝမ်လင်က မျက်စိပွင့်နားပွင့်ရှိသည်။ အကြောင်းမှာ ထိုMaybachကားပိုင်ရှင်ကို သူ စိတ်ဝင်စားသောကြောင့်ပင်။

"ငါ အဲ့ဒီဟယ်လီကော်ပတာကိုမြင်ဖူးတယ်"

ချင်းဖုန်းက ပြောလာသည်။

"လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်တုန်းက ငါ ဥရောပကို ငါ့အဖေနဲ့အတူ အပျော်ခရီးထွက်ခဲ့သေးတယ်။ အဲ့ဒီမှာ Mi-26ကို လေလံတင်တဲ့ပွဲနဲ့ကြုံကြိုက်ခဲ့သေးတယ်။ နောက်ဆုံးကျတော့ အဲ့ဒါကို ဟွာရှားဝယ်သူတစ်ယောက်ဆီကို အမေရိကန်ဒေါ်လာသန်း၂၀နဲ့ ရောင်းလိုက်တယ်လေ။ အဲ့ဒီလူများလားမသိဘူး"

"မုန့်လောင်.. မင်းရော ဒီအကြောင်းသိလား"

"အဲ့ဒီလူရဲ့နောက်ခံကို ဘယ်သူကသိမှာတဲ့လဲ။ ငါ သေချာပေါက် သူတို့နဲ့တွေ့ရမှဖြစ်မယ်။ အရမ်းမိုက်တာပဲ"

"အာ.. အဲ့ဒီလူက ငါပါလို့ပြောရင် မင်းတို့ယုံမှာလား"

ကျန်းမုန့်လောင်က တုံ့ဆိုင်းတုံ့ဆိုင်းနှင့် ပြောလိုက်သည်။

"ဘာ။ အဲ့ဒီလူက မင်းလို့ပြောလိုက်တာလား"

လူတိုင်း၏အကြည့်က ကျန်းမုန့်လောင်ထံသို့ ထပ်မံကျရောက်သွားလေသည်။

"အဲ့ဒီဖြစ်ရပ်က ရှာဖွေမှုစာရင်းရဲ့ထိပ်ဆုံးကို ရောက်သွားခဲ့တာ မင်းသိလား။ နောက်တစ်ရက်အထိတောင် ပွက်လောရိုက်ခဲ့သေးတယ်"

"အဲ့ဒီအတွက် ငါ့ကိုလည်းအပြစ်တင်လို့မရဘူးလေ။ ငါ့မှာ အရေးပေါ်ကိစ္စလေးရှိနေခဲ့လို့ မတတ်နိုင်ခဲ့ဘူး။ ငါလည်း အဲ့ဒီလောက်အထိ ပွက်လောရိုက်မသွားစေချင်ပါဘူး"

ကျန်းမုန့်လောင်က အပြစ်ကင်းစင်ဟန်ဖြင့် ပခုံးတွန့်ပြကာ ပြောလာလေသည်။

"ဘာတွေများအလျင်လိုနေခဲ့တာလဲ"

သုံးယောက်သားက သိလိုစိတ်ပြင်းပြစွာဖြင့် မေးကြသည်။

"ဒါက..."

"အဆင်ပြေပါတယ်။ ငါတို့တွေက သူငယ်ချင်းတွေဖြစ်နေကြပြီဆိုတော့ လုပ်ငန်းကိစ္စနဲ့ပတ်သက်နေရင်တောင် ပြောလို့ဆိုလို့မရတဲ့အကြောင်းအရာမျိုး မရှိဘူးမလား"

ကျန်းမုန့်လောင်၏အမူအရာကို မြင်သောအခါ သူတို့၏သိချင်စိတ်များက ပိုမိုပြင်းထန်လာရသည်။

"ငါ.. ငါ တအားအပေါ့သွားချင်နေခဲ့တာ။ အောင့်ထားရတာလည်း နာရီပေါင်းများစွာကြာနေပြီဆိုတော့ ငါ တကယ်ထိန်းမထားနိုင်တော့တာနဲ့..."

"မင်း အပေါ့သွားချင်ခဲ့လို့လား"

"အဲ့ဒါပဲလား"

"ငါ့သူငယ်ချင်းရေ မင်းက တကယ့်ပါရမီရှင်အစစ်ပါပဲ"

ခိုင်မာလွန်းလှသည့် အကြောင်းပြချက်ကြီးကိုကြားလိုက်ရသောအခါ လူတိုင်းမှာ လက်မမထောင်ဘဲ မနေနိုင်ကြတော့ချေ။

"ငါ ဒါကို ဝေးပေါ်မှာ မတင်ဘဲမနေနိုင်တော့ဘူး"

ဝမ်လင်က သူ့ဖုန်းကိုထုတ်ယူ၍ ဝေးပေါ်ကိုဖွင့်ကာ သူတို့ရှေ့ရှိ စားသောက်ပွဲကြီးကို ဓာတ်ယူရိုက်ယူလိုက်ပြီးနောက် စာကြောင်းတစ်ကြောင်းပါ ထပ်ဖြည့်လိုက်သည်။

"မနေ့က အဝေးပြေးလမ်းမမှာ ဟယ်လီကော်ပတာနဲ့ဖြတ်သွားတဲ့ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးနဲ့တွေ့ခဲ့ရတယ်။ မင်းတို့ကတော့ ယုံချင်မှယုံလိမ့်မယ်။ ဒါပေမဲ့ ငါ ဝမ်လင်က ရာစုနှစ်နှစ်ခုစာလောက် နေထိုင်ခဲ့တာတောင် ငါ့ကို ငွေနဲ့ပစ်ပေါက်နိုင်တဲ့လူတစ်ယောက်နဲ့တွေ့ဖူးတာ ဒီနေ့က ပထမဆုံးပဲ"

……..

All Chapters