← Chapters

ပိုက်ဆံပိုသုံးလေလေ ပိုရလေလေ

Vol. 2 Ch. 18

ပိုက်ဆံပိုသုံးလေလေ ပိုရလေလေ

Vol. 2 Ch. 18

စွန့်ဦးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစုကြီး၏ ဥက္ကဋ္ဌဖြစ်သည့် ဝမ်လင်ဟာ ကုမ္ပဏီပေါင်းများစွာပိုင်ဆိုင်ပြီး သူ့အဖေ သူ့ကိုပေးခဲ့သော ရင်းနှီးမတည်ငွေ အမေရိကန်ဒေါ်လာသန်းငါးရာကို နှစ်အနည်းငယ်အတွင်းမှာပင် အဆပေါင်းများစွာတိုးပွားလာအောင် လုပ်ဆောင်ပေးနိုင်ခဲ့သည်။

သို့သော် ထိုအလုပ်များအားလုံးမှာ သူ့အပိုဝင်ငွေလုပ်ငန်းများဖြစ်သည်။ များပြားလှသော အင်တာနက်အသုံးပြုသူများအကြားတွင် သူ၏အဓိကလုပ်ငန်းက အင်တာနက်ဆယ်လီတစ်ယောက်ဖြစ်၏။ ဝေးပေါ်ရှိ ရှာဖွေမှုစာရင်းများတွင် သူ့နာမည်က မကြာခဏပေါ်လာတတ်လွန်း၍ ရေတပ်များဝယ်ထားလေသလားဟု သံသယဝင်ချင်စရာကောင်းလှသည်။

ယခုဆိုလျှင် သူ၏ဝေးပေါ်ဖော်လိုဝါက သန်း၄၀ကျော်နေပြီဖြစ်ပြီး ထိပ်တန်းအဆင့်အနုပညာရှင်များထက်ပင် ပိုကြောက်မက်ဖွယ်ကောင်းလှသည်။ သူ့ဝေးပေါ်ပို့စ်တစ်ခုချင်းစီတိုင်းကလည်း နာမည်ကြီးလှသည်။

သူက သူမကြိုက်သည့် အရာတစ်ခုခုကိုတွေ့တိုင်း စိတ်ထဲသိမ်းမထားတတ်ပေ။ သူဟာ တစ်ခါတစ်ရံ ပေါ့ပြက်ပြက်နိုင်သော လူချမ်းသာဒုတိယမျိုးဆက်တစ်ယောက်ဖြစ်သော်လည်း သူ့တန်ဖိုးက လူအများနှင့်နှိုင်းယှဉ်ကြည့်ပါက အလွန်ဖြောင့်မတ်မှန်ကန်သည်ဟု ဆိုရပေမည်။ ထိုအချက်ကြောင့်ပင် သူက အွန်လိုင်းပေါ်မှာ မယုံကြည်နိုင်လောက်အောင် လူကြိုက်များနေခြင်းပင်။

ဤဝေးပေါ်ပို့စ်မှာ တစ်မိနစ်တောင် မကြာသေးခင်မှာပင် မှတ်ချက်ပေါင်းတစ်ထောင်ကျော်သွားခဲ့ပြီး အရေအတွက်ကလည်း ကြောက်မက်ဖွယ်ကောင်းသည့် အမြန်နှုန်းဖြင့် မြင့်တက်လာသည်။

"ဟားဟားဟား...ဥက္ကဋ္ဌဝမ်ရေ..နောက်ဆုံးတော့ ခင်ဗျားလည်း ခင်ဗျားကို ငွေနဲ့ပစ်ပေါက်နိုင်တဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံရတဲ့ရက်မျိုးလည်း ရှိသေးတာကိုး"

"ရှင့်ကို ငွေနဲ့ပစ်ပေါက်တာ Ajaxလား။ အဲ့ဒါက Dunk Brotherလား"

"အပေါ်ထပ်ကလူရေ... Dunk Brotherကဖြင့် အနားယူသွားပြီ"

"မြင်ကွင်းကတော့ လှလိုက်မဲ့ဖြစ်ခြင်း.. ဥက္ကဋ္ဌဝမ်ထက် ပိုချမ်းသာတဲ့လူက တကယ်ရှိတာလား"

"ဥက္ကဋ္ဌဝမ်.. ခင်ဗျားကို ငွေနဲ့ပစ်ပေါက်သွားတာ ဘယ်သူလဲလို့ မြန်မြန်ပြောပြစမ်းပါ။ ခင်ဗျားကို အခုလိုပို့စ်မျိုးတင်ချင်သွားအောင် ဘယ်လိုအရာမျိုးကများ လုပ်ခဲ့တာလဲလို့ သိချင်နေလို့ပါ"

...

အင်တာနက်အသုံးပြုသူများ၏ မေးခွန်းများကြောင့် လှုံ့ဆော်ခံလိုက်ရသည့် ဝမ်လင်ဟာ ချက်ချင်းပင်ပြောပြချင်သွားလေသည်။ သူက "အာကီနာတောင်တက်အသင်း"တွင် ရိုက်ထားသည့် Lamborghini Venomကား၏ဓာတ်ပုံနှင့်အတူ အခြားပြိုင်ကားများ၏ဓာတ်ပုံတို့ကိုပါ ဝေးပေါ်၌ တင်လိုက်သည်။

"လူတစ်ယောက်က ပြိုင်ကားတွေကို ဂေါ်ဖီထုပ်တွေလိုသဘောထားပြီး တစ်ချီတည်းနဲ့ အစီးနှစ်ဆယ်လောက်ဝယ်ပြီး ငါ့ကိုပါ မိတ်ဖြစ်ဆွေဖြစ်လက်ဆောင်အနေနဲ့ တစ်စီးလက်ဆောင်ပေးတာမျိုး အခုမှမြင်ဖူးတာပဲ။ ဒီလောက်ပဲ။ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးနဲ့ ညစာသွားစားလိုက်ဦးမယ်"

ထိုပိုစ်ကိုတင်ပြီးနောက် ဝမ်လင်က သူ့ဖုန်းကိုပိတ်ကာ စကားဝိုင်းနှင့် အစားအသောက်ကိုသာ အာရုံစိုက်နေလိုက်တော့သည်။

သို့သော် ထိုအချိန်မှာ ဝေးပေါ်တစ်ခုလုံး ပေါက်ကွဲသွားခဲ့လေသည်။

"သောက်ကျိုးနည်း.. မိတ်ဖြစ်ဆွေဖြစ်လက်ဆောင်အနေနဲ့ လမ်ဘော်ဂီနီတစ်စီးပေးတာတဲ့လား။ ဒါက ဘယ်လိုကြီးမြတ်မှုမျိုးပါလိမ့်။ အဲ့ဒီကားက အနည်းဆုံးဆယ်သန်းတန်တယ်မဟုတ်ဘူးလား"

"ကိုယ့်လူရေ.. အဲ့ဒါက Lamborghini Venomကြီးနော်။ အဲ့ဒါက အရေအတွက်နည်းနည်းပဲထုတ်ထားတဲ့ ကမ္ဘာ့Limited Editionကြီး။ မင်းမှာ ပိုက်ဆံသန်းငါးဆယ်ခြောက်ဆယ်လောက်မရှိရင် အဲဒါကို အိပ်မက်မက်ဖို့တောင် စိတ်မကူးနဲ့"

"သေစမ်း.. လူသားမဆန်တဲ့ကြီးကျယ်မြင့်မြတ်မှုကြီးပါလား။ ဒီဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးမှာ သူငယ်ချင်းလေးဘာလေးများ လိုနေသေးလား။ ပိုက်ဆံကြောင့်မဟုတ်ပါဘူး။ ငါက ဒီအတိုင်းသူငယ်ချင်းဖြစ်ချင်ရုံပါ"

"ဒါက လူသားမဆန်တဲ့ ကြီးကျယ်မြင့်မြတ်မှုတင်မဟုတ်တော့ဘူး ကိုယ့်လူတို့ရေ... အဲ့ဒီဓာတ်ပုံထဲမှာ Pagani Wind Godရော Aston Martin Valkyrieရော Appollo Sun Godရော Koenigsegg One1ရော Lamborgini Hermesရော Limited Editionကားတွေ အကုန်ရှိနေတာလေ"

"ဒီသြဇာအာဏာရှင်ကြီးက ဘယ်သူလဲဆိုတာ တစ်ယောက်ယောက် ငါ့ကိုပြောပြလို့ရမလား။ အဲ့ဒါ ချင်းဖုန်းတော့မဟုတ်ဘူးမလား"

"အဲ့ဒီလိုဓနအင်အားမျိုးနဲ့ဆိုရင် ချင်းဖုန်းတောင် လိုက်လို့မီမှာမဟုတ်ဘူးမလား။ အဲ့လိုလူမျိုးကို ဘယ်သူကဖော်ထုတ်ရဲမှာတဲ့လဲ။ မင်းတော့ မနက်ဖြန် နေထွက်တာကို မြင်ချင်မှမြင်ရတော့မှာ"

"မမေ့နဲ့နော်။ အဲ့ဒီလူက Mi-26ကိုတောင် ကိုယ်ပိုင်ဟယ်လီကော်ပတာအဖြစ် သုံးနေတာ။ အဲ့ဒီလိုနတ်ဘုရားဆန်တဲ့ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်မျိုးကို ငါတို့တွေက ကိုးကွယ်နေရုံပဲတတ်နိုင်တယ်"

"@ဝမ်တာ့ယွီ သူများသူငယ်ချင်းတွေကိုလာကြည့်ဦး (ပြင်းထန်လှတဲ့အရိပ်အမြွက်)"

"ငါ့အခန်းဖော်တွေထဲကတစ်ယောက်က ဒီဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးနဲ့ ဘယ်မှာတွေ့နိုင်မလဲဆိုတာကို သိချင်နေတယ်"

"နှာဘူးကောင်.. မင်းရဲ့အခန်းဖော်က သူ့ခန္ဓာကိုယ်ပဲမက်မောနေတယ်ဆိုတာ ငါ အတပ်ပြောရဲတယ်"

"မင်းသာ အဲ့ဒီလူချမ်းသာဆိုရင် ငါ မင်းရဲ့ခန္ဓာကိုယ်ကိုလည်း မက်မောမှာပဲ"

...

ဤသည်မှာ သူတို့၏ ပထမဆုံးအကြိမ်တွေ့ဆုံမှုဖြစ်သော်ငြား သူတို့ဟာ အနည်းငယ်မျှပင်ရွံ့တွန့်တွန့်ဖြစ်မနေကြပေ။ သူတို့အုပ်စုက မတွေ့ရတာကြာသည့် သူငယ်ချင်းများနှယ် ပြုမူနေကြလေသည်။ ကျန်းမုန့်လောင် ဝင်မပြောနိုင်သည့်ကိစ္စတော်တော်များများရှိသော်လည်း သူ လေလည်လိုက်လျှင်ပင် တစ်ဖက်လူများက ခေါင်းတညိတ်ညိတ်လုပ်ကာ သူ့ကို ချီးကျူးလာကြပေလိမ့်မည်။ ဤသည်မှာ ငွေတန်ခိုးပင်တည်း။

ကြယ်ငါးပွင့်ဟိုတယ်ဆိုသည့်အတိုင်း ဤတစ်နပ်စာလေးအတွက်နှင့် ကျသင့်ငွေက တစ်သောင်းကျော်သွားခဲ့သည်။ ဝမ်လင်က ဤတစ်ခေါက်တွင် ပိုက်ဆံဆယ်သန်းမျှသက်သာသွားခဲ့သည်ဖြစ်ရာ ယခုသုံးလိုက်ရသည့် တစ်သောင်းက သူ့အတွက်တော့ ဘာမှမပြောပြလောက်ပေ။ သူက ဖြုံတောင်မဖြုံဘဲ နောက်တစ်ဝိုင်းဆက်ကြဖို့ပင် တွေးနေချေသည်။

ဆက်သွယ်ရန်အချက်အလက်များကို လဲလှယ်ပြီးနောက်မှာ လူတိုင်းက ကိုယ်အိမ်ကိုယ်ပြန်ခဲ့ကြသည်။ ဝမ်လင်နှင့် ချင်းဖုန်းတို့က အကယ်၍များ ကျန်းမုန့်လောင်မှာ အချိန်ရှိပါက မင်ကျူးမြို့တော်တွင် လည်ပတ်ကြဖို့ရန်အတွက်လည်း အစီအစဉ်များဆွဲခဲ့ကြသေးသည်။ ထိုကိစ္စမှာ ဖြစ်နိုင်ခြေတော့မရှိ။

"အံ့သြဖို့ကောင်းလိုက်တာ"

ကျန်းမုန့်လောင်က အိမ်ပြန်ရောက်ရောက်ချင်း ဆိုဖာပေါ်ကိုလှဲချလိုက်ပြီး ဤခံစားချက်မှာ လူချမ်းသာဒုတိယမျိုးဆက်ဖြစ်ရခြင်း၏ ပျော်ရွှင်မှုဖြစ်ရမည်ဟု တစ်ယောက်တည်းတွေးနေမိသည်။

"ဟုတ်သားပဲ။ ငါ ဒီနေ့ ပိုက်ဆံဘယ်လောက်သုံးလိုက်တာပါလိမ့်"

ကျန်းမုန့်လောင် သူ့ဖုန်းကိုထုတ်ယူလိုက်သည်။ ထို့နောက် သူ ယခင်က နေထိုင်စရိတ်နှင့် ကျူရှင်ကြေးများအတွက် ဟွာရှားဘဏ်ကို လုံးဝမသုံးဖူးသည့်အတွက် သူ့ဖုန်းထဲမှာ အွန်လိုင်းဘဏ်Appကို ဒေါင်းလုတ်မလုပ်ရသေးကြောင်း ရုတ်တရက်သတိရလိုက်သည်။

သို့သော် သူ့အကောင့်ကို ချိတ်ဆက်လိုက်သည့်အခါမှာတော့ သူ့လက်ကျန်ငွေကိုဖော်ပြထားသည့် ဂဏန်းအရှည်ကြီးကို မြင်လိုက်ရသည်။

"ဘာလဲဟ။ သူတို့​က ၁၀၀ဘီလီယံသုံးဖို့ပဲ ပြောခဲ့တာလေ။ အဲ့ဒီ၁၀၀ဘီလီယံက အမေရိကန်ဒေါ်လာလို့လည်း မပြောဘူး"

ကျန်းမုန့်လောင်မှာ ယနေ့ ၂၀ဘီလီယံကျော် သုံးစွဲရန်အတွက် အလွန်ရုန်းကန်ခဲ့ရပြီး သူထင်ထားတာထက် ပိုများနေသောပမာဏကို မြင်လိုက်ရချိန်မှာတော့ ထိတ်လန့်အံ့သြသွားရှာလေသည်။

"ဟင်.. မစ္စတာကျန်း အဲ့ဒီ၁၀၀ဘီလီယံက အမေရိကန်ဒေါ်လာဆိုတာ ရှင့်အဖေက ပြောမသွားဘူးလား"

ဟုန်းရီမှာ အံ့သြသွားဟန်တူသည်။ ထိုကတ်ထဲသို့ ငွေလွှဲပြောင်းရေးလုပ်ငန်းစဉ်များကို သူ(မ)ကိုယ်တိုင် စီစဉ်ပေးခဲ့ရသည့်အတွက် ထိုပိုက်ဆံများက အမေရိကန်ဒေါ်လာများဖြစ်ကြောင်း သူ(မ)ကတော့ အစကတည်းက သိထားသည်။

ဂုဏ်ထူးဆောင်ကတ်၏ ထူးခြားလှသောလုပ်ဆောင်ချက်ကြောင့် ကျန်းမုန့်လောင်အနေနှင့် ငွေကြေးလဲလှယ်နှုန်းကို စိတ်ပူစရာမလိုပါဘဲ သုံးစွဲနိုင်သည်ဖြစ်ရာ ကတ်ထဲတွင်သိမ်းထားသည်မှာ အမေရိကန်ဒေါ်လာများဖြစ်ကြောင်း သူ လုံးဝမသိခဲ့ပေ။

"ငါက ဒါတွေအကုန်လုံးကို ဘယ်လိုကုန်အောင်သုံးရမှာလဲ"

သူ့အဖေက ဤတာဝန်ကို စမ်းသပ်မှုတစ်ခုအဖြစ် ဘာကြောင့်ပေးအပ်သွားလဲဆိုသည်ကို ကျန်းမုန့်လောင် ယခု နားလည်လိုက်လေပြီ။ ထူးခြားသည့်စွမ်းရည်တစ်ခုခုသာမရှိပါက ဤပိုက်ဆံများကို ကုန်အောင်သုံးဖို့မှာ လုံးဝမဖြစ်နိုင်ချေ။

"ဒင်! လေးစားရပါသော မစ္စတာကျန်းမုန့်လောင် သင့်ရဲ့ဟွာရှားဘဏ်အကောင့်၆၂၀၃၉၄xxxxxxxxxထဲကို အမြတ်ငွေ၂၄၇၆၀၀၀၀ယွမ် လက်ခံရရှိပါတယ်"

"ဒင်! လေးစားရပါသော မစ္စတာကျန်းမုန့်လောင်.. သင့်ရဲ့ဟွာရှားဘဏ်အကောင့်၆၂၀၃၉၄xxxxxxxxxထဲကို အမြတ်ငွေ၁၂၃၆၀၀၀၀ယွမ် လက်ခံရရှိပါတယ်"

"ဒင်..."

လျှပ်တပြက်အတွင်းမှာပင် အသိပေးစာပေါင်းများစွာက သူ့ဖုန်းထဲသို့ ရောက်ရှိလာလေသည်။ အမြတ်ငွေတစ်ခုချင်းစီတိုင်းဟာ သန်းပေါင်းဆယ်နှင့်ချီပြီးရှိသည်။ အလျင်အမြန်တွက်ချက်ကြည့်လိုက်သောအခါ သူ ယနေ့သုံးစွဲလိုက်သည့် ပိုက်ဆံကိုးဆယ်ရာခိုင်နှုန်းနီးပါးက သူ့အကာင့်ထဲသို့ ပြန်ရောက်လာခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ"

ကျန်းမုန့်လောင်ခမျာ သူ့ဖုန်းကိုကြည့်ရင်း လုံးဝမှင်တက်သွားရလေသည်။

"မစ္စတာကျန်း.. ရှင် ဒီနေ့ ကားတွေအများကြီးဝယ်ခဲ့တာလား"

"ဟုတ်တယ်လေ။ ငါ ၂၀ဘီလီယံသုံးထားတာ။ဒါပေမဲ့ ဘာ..."

"မစ္စတာကျန်း.. ကမ္ဘာပေါ်မှာရှိတဲ့ ကားကုမ္ပဏီတော်တော်များများက ရှင့်အပိုင်တွေချည်းပါပဲ"

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"တချို့ကုမ္ပဏီရဲ့ရှယ်ယာတွေကတော့ ရှင့်နာမည်နဲ့မဟုတ်ဘူးပေါ့။ အဲ့ဒါတွေက တခြားလူတစ်ယောက်ယောက်ရဲ့နာမည်အောက်မှာလေ။ ဒါပေမဲ့ အဲ့ဒီလူတွေက ရှင့်မိသားစုအပိုင်ပဲဆိုတော့ အဲ့ဒီပိုင်ဆိုင်မှုတွေက ရှင့်ပိုင်ဆိုင်မှုတွေပါလို့ပြောရင်လည်း ပြဿနာမရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတော်တော်များများက ရှယ်ယာတွေကိုပေါင်းစည်းဖို့ဆိုတာကလည်း အကန့်အသတ်တစ်ခုရှိတော့ ဒီနည်းလမ်းနဲ့ပဲ ရှောင်တိမ်းရတာပေါ့"

"ဒါပေမဲ့ ပိုက်ဆံတွေက ဘာလို့ပြန်ရောက်လာတာလဲ"

"မစ္စတာကျန်း ရှင်က ရှင့်ဘယ်ဘက်အိတ်ကပ်ထဲက ပိုက်ဆံကို ညာဘက်အိတ်ကပ်ထဲ ထည့်လိုက်သလိုပါပဲ။ ဒါပေမဲ့ အဲ့ဒါက ရှင့်ပိုက်ဆံဖြစ်နေတုန်းပဲလေ။ အဲ့ဒီပြိုင်ကားတွေအတွက် ရှင်သုံးလိုက်တဲ့ပိုက်ဆံက အဲ့ဒီကုမ္ပဏီတွေရဲ့ဝင်ငွေမဟုတ်ပါဘူး။ ဒီတော့ အခွန်ငွေကိုနှုတ်ပြီးတဲ့နောက်မှာ အဲ့ဒီပိုက်ဆံက ရှင့်အကောင့်ထဲကို ပြန်ရောက်လာတာလေ"

"ဒါဆို မင်းပြောနေတာက ငါ ကားတွေဝယ်ရင်း တစ်နေကုန်အချိန်ဖြုန်းခဲ့တာက ဒီလိုဖြစ်လာဖို့အတွက်တဲ့လား"

"​အဲ့လိုပြောလို့လည်းရပါတယ်"

"မနှစ်တုန်းက ငါ နာရီတစ်လုံးဝယ်ခဲ့သေးတယ်"

ကျန်းမုန့်လောင်က သူ့ကွန်ပျူတာကိုဖွင့်ပြီး ယနေ့အတွက် ငွေလဲနှုန်းကို တွက်ချက်ကြည့်လိုက်သည်။

"အဲ့ဒါကြီးက မဟုတ်သေးဘူးနော်။ ဒီနေ့အတွက် ဟွာရှားငွေကြေးနဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းက တစ်ဒေါ်လာနဲ့ ၆.၇၇ဒေါ်လာကြားမှာရှိတယ်။ ငါ့ရဲ့လက်ကျန်ငွေက ဘယ်လိုလုပ်ပြီး အမေရိကန်ဒေါ်လာ၁၀၀ဘီလီယံကျော်နေရတာလဲ"

"မစ္စတာကျန်း.. ရှင့်ရဲ့ဘဏ်ထဲကပိုက်ဆံက အတိုးနှုန်းနဲ့ပွားလာတာပါ။ ငွေအရင်းများလေလေ အတိုးနှုန်းလည်းမြင့်လေလေပါပဲ။ ရှင့်ရဲ့ရန်ပုံငွေက တစ်နှစ်ကို အမေရိကန်ဒေါ်လာလေးဘီလီယံလောက် အမြတ်ငွေရပါတယ်။ ကြည့်ရတာတော့ ဒီနေ့အတွက် အမြတ်ငွေက ရှင့်အကောင့်ထဲကို ရောက်လာတဲ့ပုံပါပဲ"

"တစ်နှစ်ကို အမေရိကန်ဒေါ်လာလေးဘီလီယံကျော်ဆိုရင် ဟွာရှာငွေကြေးနဲ့ပြောရရင် နေ့တိုင်းဆယ်သန်းဝင်နေတာပေါ့..."

ကျန်းမုန့်လောင်မှာ သူ ဘယ်လောက်ပဲပိုက်ဆံသုံးနေပါစေ တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ၁၀၀ဘီလီယံကို ကုန်အောင်သုံးရမည့်စိန်ခေါ်မှုက လုံးဝမဖြစ်နိုင်ကြောင်း ရုတ်ခြည်းသဘောပေါက်သွားလေတော့သည်။

ကျန်းမုန့်လောင် သက်ပြင်းအရှည်ကြီးချလိုက်မိသည်။

"ငါ..ငါ အခု ဆဲလို့ရလား"

…….

All Chapters