← Chapters

ကျွန်တော်က တကယ်ပဲဘဏ်မန်နေဂျာပါ

Vol. 2 Ch. 19

ကျွန်တော်က တကယ်ပဲဘဏ်မန်နေဂျာပါ

Vol. 2 Ch. 19

"သေလိုက်ပါတော့။ ဝမ်လင်က ငါ့ကိစ္စကို ဝေးပေါ်မှာ ဘာလို့တင်လိုက်ရတာလဲ"

ခါတိုင်းကဲ့သို့ ကျန်းမုန့်လောင် ဝေးပေါ်ကိုဖွင့်လိုက်သောအခါ အခြားရှာဖွေမှုများကိုကျော်တက်ပြီး ထိပ်ဆုံးသို့ရောက်နေသော နာမည်ကြီးရှာဖွေမှုကို သူ မြင်လိုက်ရသည်"

"ဆန်းကြယ်လှတဲ့ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်က ပြိုင်ကားတစ်ဒါဇင်လောက်ကို ဝယ်သွားပြီး ဥက္ကဋ္ဌဝမ်ကိုတောင် လက်ဆောင်ပေးသွားခဲ့တယ်"

"ဒါက ဘယ်လိုငါးစာခေါင်းစဉ်ကြီးလဲ။ ယုံရောယုံနိုင်ရဲ့လား"

ထိုခေါင်းစဉ်ကိုမြင်သောအခါ ကျန်းမုန့်လောင်မှာ ဆွံ့အရလွန်း၍ ရယ်နေရုံသာတတ်နိုင်လေသည်။ ဤခေါင်းစဉ်မျိုးပေးရန် စိတ်ကူးရခဲ့သူသာ UCကိုသွားအလုပ်လုပ်ပါက ချက်ချင်းပင်လူထုဆက်ဆံရေးဌာနခေါင်းဆောင်အဖြစ် ချက်ချင်းရာထူးတိုးခံရမည်ဖြစ်၏။

ကံကောင်းချင်တော့ ဝမ်လင်က သူ့ဓာတ်ပုံကိုမတင်ခဲ့ပေ။ မဟုတ်ပါက ယခုအချိန်လောက်ဆိုလျှင် ကျန်းမုန့်လောင်၏ဖုန်းက သူ့သူငယ်ချင်းများဆီက ဖုန်းခေါ်ဆိုမှုများကြောင့် ပေါက်ကွဲသွားလောက်လေပြီ။ ဤလျှို့ဝှက်ချက်ကို သူ ကြာကြာထိန်းသိမ်းမထားနိုင်ကြောင်း ကောင်းကောင်းသိသော်လည်း တတ်နိုင်သမျှ နှေးဖင့်နေစေချင်သည်။

ကျန်းမုန့်လောင်ကို တကယ်ခေါင်းခဲစေသောအရာမှာ ဤအမေရိကန်ဒေါ်လာ၁၀၀ဘီလီယံကို တစ်နှစ်အတွင်း ဘယ်လိုကုန်အောင်သုံးရမလဲဆိုသည့် အရေးကိစ္စပင်။ ထို့ပြင် ဟွာရှားငွေသန်း၁၀၀ကလည်း သူ့အကောင့်ထဲကို နေ့တိုင်းဝင်လာနေဦးမည်ဖြစ်၏။ ဤပိုက်ဆံအားလုံးကို ဘယ်အချိန်မှများ ကုန်အောင်သုံးနိုင်မလဲဆိုသည်ကိုတွေးရင်း ထိုကဲ့သို့သောနေ့ရက်များက သူ့အား လုံးဝမချင့်မရဲဖြစ်စေသည်။

ထို့ပြင် သူ ပိုက်ဆံသုံးမည့်နေရာက သူ့ပိုင်ဆိုင်မှုများထဲကတစ်ခုဖြစ်နေမလားဆိုသည်ကိုလည်း မကြာခဏစစ်ဆေးရပေလိမ့်မည်။ သို့မဟုတ်ပါက ဤမျှပိုက်ဆံပမာဏအများကြီးကို သူ ဘယ်လောက်ကြိုးကြိုးစားစားသုံးနေပါစေ၊ သူ့လုပ်ငန်းမှာသွားသုံးမိပါက နောက်ဆုံးတွင်း အချည်းနှီးဖြစ်ရမည်သာ။

"မိုးထစ်ချုန်းပြီ။ ကောင်းကင်ဘုံကြီးပြိုလဲပြီး ခရမ်းရောင်တူတစ်လက်နဲ့ ခရမ်းရောင်လျှပ်စီး…"

"ဘာလဲဟ။ ငါ့ဖုန်း ဖုန်းဝင်တဲ့အသံက ဘာလို့ ဒီပေါက်ကရအသံကြီးဖြစ်နေတာလဲ"

ကျန်းမုန့်လောင်တစ်ယောက် ပိုက်ဆံဖြုန်းရမည့်နေရာများကို အွန်လိုင်းပေါ်မှာ လိုက်ရှာနေစဉ် သူ့ဖုန်းက ရုတ်တရက်ထမြည်လာသည်။

"ဟယ်လို ဘယ်သူလဲမသိဘူး"

ကျန်းမုန့်လောင်က အကျင့်ဖြစ်နေသည့်အတိုင်း ယဉ်ယဉ်ကျေးကျေးပင် မေးလိုက်သည်။

"မစ္စတာကျန်း.. ဟယ်လို.. ကျွန်တော်က ကျန်းနန်မြို့က ဟွာရှားဘဏ်မန်နေဂျာပါ။ ကျွန်တော်တို့.."

"ငကြောင်"

တစ်ဖက်လူကို စကားဆုံးအောင်ပင် ပြောခွင့်မပေးဘဲ ကျန်းမုန့်လောင် ဖုန်းချပစ်လိုက်သည်။

"ဘယ်လိုလူတွေပါလိမ့်။ ဘဏ်မန်နေဂျာအယောင်လာဆောင်နေတယ်။ အဲ့လိုဆိုရင် ငါက ဧကရာဇ်ချင်းရှီဟွမ်းရဲ့မျိုးဆက်ပဲကွ။ အခုနောက်ပိုင်း လူလိမ်တွေရဲ့လှည့်ကွက်က ဘာလို့တအားစုတ်ချာချာနိုင်လာရတာလဲ"

မရေမတွက်နိုင်သော အလုပ်တာဝန်များဖြင့် တစ်နေကုန်အလုပ်များနေပါသည့် မြို့တော်အဆင့်ဘဏ်မန်နေဂျာတစ်ယောက်က သူ့ဆီကို ဖုန်းဆက်ဖို့ ဘယ်ကအချိန်ရမှာတဲ့လဲ။ ကျန်းမုန့်လောင်က နှစ်ခါပြန်တွေးမနေပါဘဲ ထိုဖုန်းခေါ်ဆိုမှုကို လိမ်လည်မှုတစ်ခုဟုသာ သတ်မှတ်လိုက်လေသည်။

ထို့ပြင် တကယ်တမ်းသာ ဘဏ်ကခေါ်သည့် ဖုန်းခေါ်ဆိုမှုဖြစ်နေပါက ဘဏ်ဖုန်းနံပါတ်နဲ့ပဲ ရောက်လာသင့်သည်မဟုတ်လား။ ဤသည်မှာ ကိုယ်ပိုင်ဖုန်းနံပါတ်ကြီးမှန်း သိသာလှသည်။ ယနေ့ခေတ်လူလိမ်များ၏လှည့်ကွက်က အလွန်ဒိတ်အောက်နေချေပြီ။

"ဒါက…."

ဖုန်းတစ်ဖက်ရှိ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ကတော့ သူ့ဖုန်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေလေသည်။ ဟွာရှားဘဏ်မန်နေဂျာတစ်ယောက်ဖြစ်သည့် သူဟာ လူလိမ်နှင့်အမှတ်မှားပြီး ဖုန်းချခံရလိမ့်မည်ဟု လုံးဝမတွေးထားခဲ့ဖူးပေ။

လွန်ခဲ့သည့်ရက်ပိုင်းအနည်းငယ်ခန့်က သူတို့၏ပင်မဘဏ်မှာ အံ့ဩမှင်တက်ဖို့ကောင်းလောက်သည့် ပိုက်ဆံပမာဏအများကြီးဖြစ်သော အမေရိကန်ဒေါ်လာ၁၀၀ဘီလီယံကို လက်ခံရရှိခဲ့သည်။ ဟွာရှားဘဏ်သမိုင်းတစ်လျှောက်လုံးမှာတောင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် များပြားလှသည့် ဤပမာဏမျိုးကို ထည့်သွင်းလွှဲပြောင်းဖူးခြင်းမရှိ။

မန်နေဂျာတစ်ယောက်ဖြစ်သည့် သူ့နှစ်စဉ်ဝင်ငွေကို ဘဏ်စုငွေပမာဏများနှင့် တိုက်ရိုက်ချိတ်ဆက်ထားခြင်းဖြစ်ပြီး ထိုအမြတ်ငွေက ယူဆောင်လာပေးနိုင်သည့် အပိုထပ်ဆောင်းငွေမှာ သူ့အား အေးအေးလူလူထောက်ပံ့ပေးထားနိုင်သည်။ သူ့အဖို့တော့ ကျန်းမုန့်လောင်က သူ့အကျိုးတော်ဆောင်နှင့် မခြားပေ။

ယနေ့မှာတင် ထိုအကောင့်ထဲရှိပိုက်ဆံများထဲမှ ဟွာရှားငွေဘီလီယံအများအပြားကို ထုတ်ယူသုံးစွဲထားကြောင်း ပြနေလေသည်။ ထိုပမာဏမှာ များပြားလှသောဘဏ်စုငွေနှင့်ယှဉ်ပါက သမုဒ္ဒရာထဲက ရေစက်တစ်စက်သာသာရှိသော်ငြား သူ့အား အနည်းငယ်စိုးရိမ်ပူပန်စေသည်။ အကယ်၍ တစ်နေ့မှာ ဤပိုက်ဆံများကို အကုန်အစင်ထုတ်ယူသွားပါက သူ့အဖို့တော့ ကပ်ဘေးဆိုက်ခြင်းနှင့် မခြားပေ။

ထို့ကြောင့် ဘာကိစ္စပဲရှိရှိ ဤဗီအိုင်ပီဖောက်သည်ကို ဤရန်ပုံငွေများအား လွယ်လင့်တကူထုတ်ယူမသွားလေအောင် ဆက်ထိန်းထားရပေမည်။

ဖောက်သည်များကို ဘဏ်ထဲ ပိုက်ဆံထည့်ရန်ဆွဲဆောင်နိုင်သည့် အကောင်းဆုံးနည်းလမ်းမှာ လုံလောက်သောအကျိုးခံစားခွင့်များ ပေးအပ်ရန်ဖြစ်၏။ ဤပမာဏက ဟွာရှားဘဏ်အတွက်သယ်ဆောင်လာပေးနိုင်သည့် ကြွယ်ဝချမ်းသာမှုမှာ စိတ်ကူးယဉ်ကြည့်၍ပင် မရပေ။ ထို့ကြောင့် ပိုများသည့်အမြတ်ငွေကမ်းလှမ်းမည့်ကိစ္စမှာ ညှိနှိုင်း၍ရပေသည်။

ဤပိုက်ဆံများကို ရေရှည်အကျိုးအမြတ်ရှိသည့်ထုတ်ကုန်များတွင်သာ သုံးစွဲလိုက်ပါက လေးရာခိုင်နှုန်း သို့မဟုတ် ငါးရာခိုင်နှုန်း၏ တစ်နှစ်စာအတိုးနှုန်းကပင် ဖူလုံနေတော့မည်ဖြစ်၏။ အဓိကအချက်ကတော့ ဤပိုက်ဆံများကို ထိန်းသိမ်းထားဖို့ပင်။

ထို့ကြောင့် သက်လတ်ပိုင်းအရွယ်အမျိုးသားမှာ ဤဖောက်သည်ကို တတ်နိုင်သမျှအမြန်ဆုံးဆက်သွယ်ရမည်ဟု တွေးမိခဲ့သည်။ သို့ဖြစ်လေရာ သူ့ကိုယ်ပိုင်ဖုန်းကိုသုံးခြင်းက ပို၍လေးနက်စစ်မှန်ရာကျပေလိမ့်မည်ဟု ထင်ခဲ့မိသည်။

သို့သော် ထင်မထားပါဘဲ လူလိမ်တစ်ယောက်အဖြစ် ဆက်ဆံခံလိုက်ရလေရာ ပြောမပြတတ်အောင်အံ့သြပြီး မချင့်မရဲဖြစ်သွားရသည်။

သို့သော် လူလိမ်ဟု အခေါ်ခံလိုက်ရသည့်တိုင် ပိုက်ဆံမျက်နှာဖြင့် ဤဖောက်သည်ကို မရရအောင်ဆက်သွယ်မှဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သက်လတ်ပိုင်းအရွယ်အမျိုးသားမှာ အံတင်းတင်းကြိတ်လျက် ကျန်းမုန့်လောင်၏ဖုန်းနံပါတ်ကို ထပ်ခေါ်လိုက်သည်။

"မစ္စတာကျန်း.. ဟယ်လို.. ကျွန်တော်က ကျန်းနန်မြို့ရုံးခွဲ ဟွာရှားဘဏ်ရဲ့မန်နေဂျာအစစ်ပါ။ ကျွန်တော့်နာမည်က ကုအန်ရှန်းလို့ခေါ်ပါတယ်။ ပြီးတော့ ခင်ဗျား..."

....

"သေလိုက်ပါတော့။ ဒီမှာ လူလိမ်ရေ.. မတော်နိုင်သေးဘူးလား"

ကျန်းမုန့်လောင်က ဖုန်းနံပါတ်ကိုမြင်လိုက်ကတည်းက စိတ်အနှောင့်အယှက်ဖြစ်နေလေရာ စိတ်မရှည်လက်မရှည်ဖြင့် ရှေ့နောက်မစဉ်းစားဘဲ ပြောချလိုက်သည်။

"ခင်ဗျားရပ်လိုက်ပါတော့လား။ ခင်ဗျား ကျွန်တော့်ကို ဆက်နှောင့်ယှက်နေမယ်ဆိုရင် ကျွန်တော် ခင်ဗျားရဲ့အကောင့်ထဲကို ဆယ်သန်းလွှဲပစ်လိုက်ပြီး ရှင်းပြလို့မရနိုင်တဲ့ငွေကြေးပိုင်ဆိုင်မှုကြောင့် တရားစွဲခံရတဲ့ခံစားချက်က ဘယ်လိုဆိုတာကို ခံစားခိုင်းလိုက်မှာနော်"

ကုအန်ရှန်းမှာ ထိုစကားများကြောင့် ဦးနှောက်ခြောက်သွားရသည်။ သူနေထိုင်လာသည့် သက်တမ်းတစ်လျှောက်မှာ သူ့အကောင့်ထဲသို့ ပိုက်ဆံလွှဲပေးလိုက်မည်ဟု ခြိမ်းခြောက်နေခြင်းမျိုးကို ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်၏။ သာမန်လူတစ်ယောက်သာဆိုလျှင် အကောင့်ထဲကို ပိုက်ဆံသန်းပေါင်းများစွာ ရုတ်တရက်ကြီးဝင်လာခဲ့ပါက အာဏာပိုင်များက စကားစမြည်ပြောရန် ရောက်မလာဘူးဆိုမှသာ ထူးဆန်းနေမည်ဖြစ်၏။ အကယ်၍သာ ထိုပိုက်ဆံများ၏အရင်းအမြစ်ကို ရှင်းမပြနိုင်လျှင် သူတို့ သေချာပေါက်ပြစ်ဒဏ်ချမှတ်ခံရမည်သာ။

"ဒါက ဘယ်လိုနတ်ဘုရားအဆင့်လှည့်ကွက်ပါလိမ့်"

"လူတစ်ယောက်က ဒီလောက်အထိချမ်းသာနေတယ်ဆိုရင်တောင် အခုလိုတော့ မကစားသင့်ဘူးမလား။ သူက လူတစ်ယောက်ကို ပိုက်ဆံနဲ့ဖိသတ်ဖို့ကြိုးစားနေတာလား"

ကုအန်ရှန်းက ကျန်းမုန့်လောင်၏ခြိမ်းခြောက်မှုကြောင့် စင်စစ်ဆွံ့အသွားရလေသည်။

"သေချာပေါက်လူလိမ်ပဲ"

ကျန်းမုန့်လောင်က ဖုန်းထပ်ချပစ်လိုက်သည်။

"ဒီလိုနိမ့်ပါးတဲ့စိတ်ပိုင်းဆိုင်ရာကွာခြားချက်မျိုးနဲ့ လူလိမ်တစ်ယောက်ဖြစ်နေတာကြီးက တခြားလူလိမ်တွေအတွက်တော့ တကယ်ကိုအရှက်ရချင်စရာပဲ"

"သူ ထပ်ပြီးဖုန်းချသွားပြန်ပြီ"

ကုအန်ရှန်းခမျာ နှစ်ကြိမ်ဆက်တိုက် ဖုန်းချခံလိုက်ရသည်။

ကျန်းနန်တစ်မြို့လုံးမှာ သူ့ကိုယ်ပိုင်ဖုန်းနံပါတ်ကိုလိုချင်လှသူ ဘယ်နှယောက်လောက်ရှိပြီး လူဘယ်နှယောက်လောက်က သူနှင့်စကားပြောချင်နေကြသလဲဆိုသည်ကို မည်သူမှမသိနိုင်ပေ။ သို့သော် သူ့ဖုန်းကို ချသွားခြင်းမျိုးကတော့ သူတို့ခေါင်းထဲမှာ ရေတွေပြည့်နေတာမျိုးမဟုတ်ပါက လုံးဝဖြစ်မလာနိုင်သော ဟာသတစ်ခုပင်။

သို့သော် ဤဖောက်သည်နှင့်တွေ့ကြုံရင်ဆိုင်ရသည့်အခါမှာမူ သူ ဘာဒေါသမှထွက်မပြရဲပေ။ အကယ်၍ သူသာ ဤပုဂ္ဂိုလ်ကို ဒေါသထွက်ပြလိုက်မိပါလျှင် သူတို့က ပိုက်ဆံများကို တခြားဘဏ်ကိုလွှဲပြောင်းထည့်သွင်းလိုက်နိုင်သည်။ ထိုသို့သာဆိုလျှင် သူ့အနေနှင့် စောစောစီးစီးအနားယူဖို့ စဉ်းစားရပေတော့မည်သာ။

"ဘဏ်ခွဲမန်နေဂျာ.. ရှင် ဘာလို့မျက်နှာမသာမယာဖြစ်နေတာလဲ။ ပြဿနာတစ်ခုခုရှိလို့လား"

ယခုလေးတင် အထဲကိုဝင်လာသော အတွင်းရေးမှူးက ကုအန်ရှန်း၏ စိုးရိမ်သောကရောက်နေသောအမူအရာကို မြင်သွားချေသည်။

"ဂုဏ်ထူးဆောင်ကတ်ဖောက်သည်ကြောင့်သား။ ကျွန်မလည်း သူ့ကို ဖုန်းခေါ်ကြည့်ပြီး သွားတွေ့ဖို့စီစဉ်သေးတယ်။ ဒါပေမဲ့ သူက ကျွန်မကို လူလိမ်လို့အထင်လွဲပြီး နှစ်ခါတောင်ဖုန်းချသွားတာ"

"အဲ့လိုလား"

အတွင်းရေးမှူးလျိုမှာ မတတ်သာဘဲ ပြုံးလိုက်လေသည်။

"အဲ့လိုဆိုရင် ဘဏ်ခွဲမန်နေဂျာရေ... ကျွန်မတို့ရဲ့ဘဏ်ဖုန်းနံပါတ်ကိုသုံးပြီး အဲ့ဒီဖောက်သည်ကို မက်​​​ဆေ့ချ်ပို့ကြည့်ပါ့လား။ အဲ့လိုဆိုရင်တော့ သူ ရှင့်ကိုယုံလောက်တယ်"

"ဟုတ်သားပဲ။ ငါ အဲ့ဒါကို ဘာလို့မစဉ်းစားမိတာပါလိမ့်"

ကုအန်ရှန်း၏မျက်ဝန်းများ လင်းလက်သွားရသည်။

"မင်းမှာ ဖြေရှင်းနည်းကအမြဲရှိနေတာပဲ"

...

"ဒင်"

အရှေ့အလယ်ပိုင်းဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များ၏ နေထိုင်မှုပုံစံများကို လိုက်ကြည့်နေသော ကျန်းမုန့်လောင်မှာ ဖုန်းထဲမှတစ်ဆင့် မက်​ဆေ့ချ်တစ်စောင် လက်ခံရရှိလိုက်သည်။

'အဲ့ဒါက နောက်ထပ်ငွေပေးချေမှုအသိပေးစာထပ်ဝင်လာတာတော့ မဟုတ်လောက်ပါဘူးနော်'ဟု သူတွေးလိုက်မိသည်။ ၁၀၀ဘီလီယံနှင့်ပင် သူ့မှာ အကျပ်ရိုက်နေပြီဖြစ်၏။ အကယ်၍များ ငွေထပ်ဝင်လာသည်ဆိုပါက ဘိုးဘွားပိုင်ရတနာကို အမွေဆက်ခံရမည့်အရေးကို လက်လျှော့လိုက်ရနိုင်သည်။

"မစ္စတာကျန်း ကျွန်တော်က ခုနတုန်းက ခင်ဗျားကိုဖုန်းခေါ်တဲ့ ကုအန်ရှန်းပါ။ ကျွန်တော်က တကယ်ပဲ ဟွာရှားဘဏ်ကျန်းနန်မြို့ရုံးခွဲရဲ့မန်နေဂျာပါ။ ခင်ဗျား ကျွန်တော့်ကိုမယုံဘူးဆိုရင် တရားဝင်ဝက်ဆိုက်မှာ ကျွန်တော့်နာမည်ကို စစ်ဆေးကြည့်လို့ရပါတယ်"

"တကယ်ကြီးဘဏ်ခွဲမန်နေဂျာလား"

ကျန်းမုန့်လောင်ခမျာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ သူဖုန်းချပစ်လိုက်သည့်လူမှာ ဘဏ်ခွဲမန်နေဂျာဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ခဏအကြာတွင် ထိုဖုန်းနံပါတ်ကပင် ဖုန်းထပ်ခေါ်လာသည်။ ဤတစ်ကြိမ်မှာမူ ကျန်းမုန့်လောင် ဖုန်းမချလိုက်တော့ပေ။

"ဟားဟား ဘဏ်ခွဲမန်နေဂျာကု.. တောင်းပန်ပါတယ်ဗျာ။ ကျွန်တော့်ကို အရင်က ဘဏ်ခွဲမန်နေဂျာတစ်ယောက်က တစ်ခါမှဖုန်းမဆက်ဖူးလို့လေ။ ကျွန်တော့်အမှားပါဗျာ ဟားဟား"

ကုအန်ရှန်းမှာ ဖုန်းတစ်ဖက်တွင် ခါးသက်သက်အမူအရာဖြစ်နေသော်ငြား ထွေထွေထူးထူးမဟုတ်လေဟန်ဖြင့် ပြောလာသည်။

"မစ္စတာကျန်းက နေ့စဉ်အရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေလောက်မှာကို။ ကျွန်တော်ကသာ နှောင့်ယှက်မိသွားတာပါ။ ကျွန်တော့်ဘက်က တောင်းပန်သင့်တာပါ"

"ခင်ဗျား တစ်ခုခုများလိုအပ်လို့လား ဘဏ်ခွဲမန်နေဂျာကု"

ကျန်းမုန့်လောင်က မေးခွန်းထုတ်လိုက်လေသည်။

"ဒီီလိုဆိုရင်.. ကျွန်တော်တို့ရဲ့ကျန်းနန်မြို့ပင်မဘဏ်မှာ ခင်ဗျား ငွေပမာဏအများကြီးအပ်နှံသွားခဲ့တယ်လေ။ ကျွန်တော်က ဒီအပ်နှံငွေနဲ့ပတ်သက်ပြီး ဆွေးနွေးချင်လို့ပါ။ ခင်ဗျား ဘယ်အချိန်လောက်အားမလဲဗျ။ ကျွန်တော် ခင်ဗျားဆီကို လာလို့ဖြစ်မလား"

"သြော် ကျွန်တော်နားလည်ပြီ"

ကျန်းမုန့်လောင် ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။

"မနက်ဖြန်​​နေ့လယ်ခင်းလောက်တော့ ကျွန်တော်အားမှာပါ။ ဒါပေမဲ့ ကျွန်တော့်ဘာသာပဲ ဘဏ်ကိုလာခဲ့ပါ့မယ်။ ဒီနေရာကိုခေါ်ဖို့က သိပ်အဆင်မပြေလို့"

လတ်တလောတော့ သူ ဘယ်မှာနေသလဲဆိုသည်ကို အခြားသူများအား မသိသွားစေချင်သေးပေ။

"အဆင်ပြေပါတယ်ဗျ။ မနက်ဖြန်နေ့လယ်ကျရင် ကျွန်တော် ရုံးချုပ်ကနေ ခင်ဗျားရောက်လာမဲ့အချိန်ကို စောင့်နေပါ့မယ်"

………

All Chapters