← Chapters

အကြွေစေ့ကို ထရပ်ကားဆယ်စီးစာယူခဲ့ပေး

Vol. 2 Ch. 20

အကြွေစေ့ကို ထရပ်ကားဆယ်စီးစာယူခဲ့ပေး

Vol. 2 Ch. 20

ဟွာရှားဘဏ်၏ ကျန်းနန်မြို့ပင်မရုံးခွဲမှာ မြို့လယ်ခေါင်တည့်တည့်တွင် တည်ရှိသည်။ ကျန်းမုန့်လောင်က နေ့လယ်စာကို တခမ်းတနားစားသောက်ပြီးနောက် ထိုနေရာသို့ ထွက်လာခဲ့လိုက်သည်။ သူ့ကားအသစ်က လွှဲပြောင်းရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်ရန် လိုအပ်နေသေးသောကြောင့် တစ်ရက်နှစ်ရက်မျှကြာမည်ဖြစ်ရာ သူ့ဒရိုင်ဘာကိုသာ လိုက်ပို့ခိုင်းလိုက်ရသည်။

ငွေကြေးကိစ္စနှင့်ပတ်သက်လာလျှင် ကျန်းမုန့်လောင်လည်း သတိလက်လွတ်မနေရဲသဖြင့် ဟုန်းရီကိုသာ ခေါ်လာခဲ့လိုက်သည်။ သူ(မ)ကတော့ အခြေအနေကို ပိုမိုကောင်းမွန်စွာကိုင်တွယ်နိုင်လောက်သည်ဟူသော အတွေးကြောင့်ဖြစ်၏။

Maybachကားတစ်စီးက ခမ်းနားလှသောဘဏ်အဆောက်အအုံသို့ ရောက်ရှိလာသည်။ နေ့လယ်စာစားချိန်ဖြစ်နေသောကြောင့် အထဲမှာ လူအများကြီးမရှိပေ။ တချို့ဝန်ထမ်းများကလည်း အားလပ်ချိန်မှာ နားနေကြဟန်တူ၏။ လုပ်ငန်းကိစ္စကိုစီမံပေးရသည့် ဝန်ဆောင်မှုကောင်တာလေးများတွင်သာ ဝန်ထမ်းအနည်းငယ်ရှိလေသည်။

အသက်ခပ်ကြီးကြီး သန့်ရှင်းရေးအလုပ်သမားလင်မယားနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယာက်ဖေးမလျက် ကောင်တာတစ်ခုတွင် လုပ်ငန်းကိစ္စဆောင်ရွက်နေကြသည်။ သူတို့လက်ထဲမှာလည်း အကြွေစေ့အပြည့်ပါသောအိိတ်တစ်လုံးကို ကိုင်ထားသေးသည်။

"အဲ့ဒါက လွယ်တော့မလွယ်ဘူး"

ကျန်းမုန့်လောင်က မှတ်ချက်ပေးလိုက်သည်။

သို့သော် သူ မနာလိုအားမကျဘဲလည်း မနေနိုင်ပေ။ ဤသည်မှာ နှစ်ကိုယ်တူလက်တွဲကာ အတူအိုမင်းကြီးပြင်းလာသည့် ပုံရိပ်ပင်မဟုတ်လော။ အတိတ်ကို ပြန်ပြောင်းအောက်မေ့ရင်း ကျန်းမုန့်လောင်၏နှလုံးသားထဲ ချဉ်စူးသွားရသည်။

"မိန်းကလေး... ဒီဘဏ်မှာ ငွေသွင်းလို့ရတယ်မဟုတ်ဘူးလား။ ဒါတွေအကုန်လုံးက ငါတို့ခက်ခက်ခဲခဲရှာထားရတဲ့ ပိုက်ဆံတွေပါ။ အကြွေလေးနည်းနည်းပါးပါးပဲဆိုပေမဲ့ သန့်ရှင်းပါတယ်။ ကျေးဇူးပြုပြီး ငွေသွင်းဖို့ကူညီပေးပါဦး"

သူတို့က တောင်းပန်ခယနေချေသည်။

"ရှင်တို့ဘာဖြစ်နေတာလဲ။ ကျွန်မ ပြောပြီးပြီလေ။ ကျွန်မက တန်ဖိုးမြင့်တဲ့ငွေသွင်းငွေထုတ်တွေပဲ လက်ခံဖြေရှင်းပေးတာ။ ကျေးဇူးပြုပြီး ဒီစုငွေတွေကို ဟိုဘက်ကောင်တာကိုသာ ယူသွားလိုက်စမ်းပါ"

ဝန်ထမ်းဖြစ်သူက စိတ်မရှည်လက်မရှည် ပြောလာလေသည်။

သက်ကြီးရွယ်အိုစုံတွဲ၏အိတ်ထဲရှိ ငွေပမာဏမှာ မများလှသော်လည်း အကြွေစေ့ပမာဏကတော့ အသင့်အတင့်ရှိသည်။ သူ(မ)သာ သူတို့ကို ဖြည်းဖြည်းချင်းကိုင်တွယ်ဖြေရှင်းပေးမည်ဆိုပါက သူ(မ)အတွက် တစ်နေ့လယ်ခင်းလုံး အချိန်ကုန်သွားမည်ဖြစ်၏။

"ဒါပေမဲ့ ဟိုဘက်ကောင်တာမှာ ဘယ်သူမှမရှိဘူးလေ။ မင်းလည်း အခု အလုပ်များမနေဘူးဆိုတော့ ကျေးဇူးပြုပြီး ငါတို့ကို ငွေသွင်းဖို့ကူညီပေးပါလား"

"ကျွန်မတောင်းပန်ပါတယ်။ ဒါပေမဲ့ အခုအချိန်က ဂျူတီလဲတဲ့အချိန်ကြီးလေ။ ရှင်တို့ နောက်လူတစ်ယောက် လာတဲ့အချိန်ကိုစောင့်ပြီး ဖြေရှင်းမှပဲရမှာ"

ဝန်ထမ်းက ထိုသို့ပြောကာ "အနားယူနေသည်"ဟူသောဆိုင်းဘုတ်ကို ချိတ်ဆွဲလိုက်ပြီး ကုလားထိုင်တစ်ခုတွင် လှဲချကာ ဖုန်းကြည့်နေလေတော့သည်။.

"သောက်ကျိုးနည်း.. ဒါကဘာလဲဟ"

ကျန်းမုန့်လောင်က ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ ဒေါသအမျက်ခြောင်းခြောင်းထွက်သွားရသည်။

ဆောင်းဦးလူသစ်စုဆောင်းရေးရာသီကို မကြာခင်ကမှ ဖြတ်ကျော်ထားဖူးသည့် လူတစ်ယောက်အနေနှင့် သူဟာ ဘဏ်ပေါင်းမြောက်များစွာတွင် အလုပ်လျှောက်ခဲ့ဖူးပြီး သူတို့၏လိုအပ်ချက်များနှင့်လည်း အလွန်ရင်းနှီးကျွမ်းဝင်နေသည်သာ။ ဘဏ်ဝန်ထမ်းများမှာ အနည်းဆုံးဘွဲ့လက်မှတ်တစ်ခုရှိဖို့ လိုအပ်ပြီး တချို့ရာထူးများဆိုလျှင် နာမည်ကြီးတက္ကသိုလ်များမှ ဘွဲ့ရရှိထားသူ သို့မဟုတ် မာစတာဘွဲ့ရထားသူများဖြစ်ရန် လိုအပ်လေသည်။

အသက်နှစ်ဆယ်စွန်းစွန်းမျှသာရှိဦးမည့် ထိုဝန်ထမ်းမိန်းကလေးမှာ ဤမျှလုပ်ငန်းကျွမ်းကျင်မှု နိမ့်ပါးနေလေရာ လုပ်သက်မရင့်သေးခြင်းပင် ဖြစ်ရမည်။ သူ(မ)က ဘဏ်၏အင်တာဗျူးနှင့် စာမေးပွဲများကို ဖြတ်ကျော်နိုင်ခဲ့တာရောဟုတ်ရဲ့လား။

အဘိုးအဘွားစုံတွဲမှာ စိတ်ပျက်အားလျော့သွားဟန်တူသော်လည်း ဘာမှလည်းမတတ်နိုင်သဖြင့် ကောင်တာများပြန်ဖွင့်ပြီး စုငွေကိစ္စပြန်လည်လုပ်ဆောင်ပေးမည့်အချိန်ကို စောင့်ရုံသာတတ်နိုင်လေသည်။

"ဦးလေး အန်တီ ခဏလောက်စောင့်နေဦးနော်"

ကျန်းမုန့်လောင်က ကောင်တာနားကိုတိုးကပ်သွားလိုက်ပြီး နာမည်ကတ်ပြားကို လှမ်းကြည့်လိုက်သည်။

"ကျိုးယွဲ့ ဟုတ်တယ်မလား။ ဖောက်သည်တွေကို ဒီလိုပဲဆက်ဆံတာလား။ မင်းတို့မန်နေဂျာကိုခေါ်လိုက်.. ငါ တိုင်တန်းစရာတစ်ခုရှိတယ်"

"ကျွန်မတို့ရဲ့မန်နေဂျာက ရှင်နဲ့တွေ့ဖို့ အချိန်မရှိဘူး"

ကျိုးယွဲ့က မာနကြီးအထက်စီးဆန်သောလေသံဖြင့် ခွန်းတုံ့ပြန်လာသည်။ ကျန်းမုန့်လောင်၏သံသယမှာ အတည်ပြုနိုင်သွားခဲ့သည်။ သူ(မ)မှာ အခြားဘွဲ့ရများလို ဘဏ်၏ ပြင်းထန်တင်းကျပ်သောစာမေးပွဲများမှတစ်ဆင့် အလုပ်ဝင်လာခြင်းမဟုတ်ချေ။

သူ(မ)၏ဦးလေးက ဤနေရာတွင် မန်နေဂျာဖြစ်၏။ ထိုအဆက်အသွယ်ဖြင့် သူ(မ)က သာမန်ဒုတိယအဆင့်တက္ကသိုလ်ဘွဲ့လက်မှတ်လေးနှင့် ပါဝင်ယှဉ်ပြိုင်သူအများကြီးကြားက အလုပ်တစ်နေရာကို အပိုင်ရရှိခဲ့ခြင်းပင်။

ကျန်းမုန့်လောင်က သရော်လိုက်ချေသည်။

"ဒီတော့ မင်းက ကိန်းဂဏန်းများတဲ့စုငွေအသွင်းအထုတ်ကိုပဲ လက်ခံတာပေါ့လေ"

"ဒါပေါ့။ ဆိုင်းဘုတ်မှာရေးထားတာကို ရှင်မမြင်ဘူးလား။ ဒီကောင်တာက တစ်သောင်းထက်များတဲ့ငွေပမာဏတွေအတွက်ပဲ ကိုင်တွယ်ဖြေရှင်းပေးတာ။ အခုအချိန်က ဂျူတီလဲတဲ့အချိန်ဆိုတော့ ရှင် အခု ငွေသွင်းချင်ရင်တောင် နောက်လူရောက်လာတဲ့အထိ စောင့်မှဖြစ်မယ်"

သူ(မ)က ပြောလာလေသည်။

ကျိုးယွဲ့က ထိုသို့ရှင်းပြပြီးနောက် TikTokတွင် ဟိုကြည့်သည်ကြည့်လုပ်နေလေတော့သည်။

"စိတ်ဝင်စားစရာပဲ။ ကိုယ့်တာဝန်ကိုယ်လျစ်လျူရှုထားတဲ့ ဘဏ်ဝန်ထမ်းမျိုးကို ငါ ပထမဆုံးမြင်ဖူးတာပဲ"

ကျန်းမုန့်လောင်က ထိုသက်ကြီးရွယ်အိုစုံတွဲကို ပြောလိုက်သည်။

"ဦးလေး အန်တီ.. ခဏလောက်ထိုင်နေပါဦး။ မကြာခင် ဦးလေးတို့ရဲ့စုငွေကိုကူသွင်းပေးဖို့အတွက် သူ တောင်းပန်လာမယ်ဆိုတာ ကျွန်တော်အာမခံပါတယ်"

"ဟမ့်.. ရှင်က တော်တော်လေကျယ်တာပဲ။ ရှင့်ကိုယ်ရှင် ဘဏ်ဥက္ကဋ္ဌလို့များထင်နေတာလား"

ကျိုးယွဲ့က သူ(မ)ဦးလေး၏နောက်ခံဖြင့် မာန်ဝင့်နေခြင်းပင်။ စီနီယာဝန်ထမ်းများကပင် သူ(မ)ကို ရန်မစရဲကြချေ။ သူ(မ)၏စိတ်ထဲမှာတော့ သူ(မ)ဦးလေးက ဘော့စ်ဖြစ်ပြီး သူ(မ)က နံပါတ်နှစ်နေရာတွင်ရှိသည်။

"ကောင်းတယ်။ ခဏနေရင်လည်း မင်းဆက်ရယ်နိုင်ဖို့ ငါမျှော်လင့်ပါတယ်"

ကျန်းမုန့်လောင်က အချိန်ကို တစ်ချက်စစ်ဆေးလိုက်သည်။ ဆယ့်နှစ်ရာရီပင် မခွဲသေးသည့်အတွက် သူ့မှာ ဘဏ််ဥက္ကဋ္ဌဖြင့်ချိန်းဆိုထားသည့် အချိန်မတိုင်ခင်အထိ နာရီဝက်ကျော်ကျော်အချိန်ရသေးသည်။ ကျိုးယွဲ့၏ကပြက်ကချော်လုပ်ရများကို ရှုစားရန်အတွက် အချိန်ရသေးသည်။

"မင်းက ပမာဏနည်းတဲ့သွင်းငွေကို လက်မခံဘူးမလား"

ကျန်းမုန့်လောင်က သူ့နံဘေးရှိ ဟုန်းရီကိုပြောလိုက်သည်။

"နာရီဝက်အတွင်းမှာ အကြွေစေ့ထရပ်ကားဆယ်စီးစာလောက် ယူလာပေးနိုင်မလား။ ငါပြောချင်တဲ့သဘောက ဘိလပ်မြေသယ်တဲ့ထရပ်ကားကိုပြောတာ"

"မစ္စတာကျန်း.. ရှင့်ဘက်ကလိုအပ်မယ်ဆိုရင် ကျန်းနန်မြို့မှာရှိတဲ့ ဘတ်စ်ကားတွေအကုန်လုံးနဲ့ မြေအောက်ရထားတွေအကုန်လုံးကိုတောင် ရှင့်ဆီကိုအရောက်ပို့ပေးလို့ရပါတယ်။ နာရီဝက်ဆိုရင် လိုတာထက်တောင်ပိုနေပါပြီ"

ဟုန်းရီက ကျန်းမုန့်လောင်၏ရည်ရွယ်ချက်ကို နားလည်ဟန်တူ၏။

"ကောင်းတယ်။ မင်းကတော့ ငါဘာလုပ်ချင်လဲဆိုတာကိုသိမှာပေါ့"

"စိတ်ချပါ မစ္စတာကျန်း။ ကျွန်မ အခုချက်ချင်းစီစဉ်လိုက်ပါ့မယ်။ ဒီနားမှာ ခဏထိုင်နေလိုက်ပါဦး"

ဟုန်းရီက သူ(မ)၏ဖုန်းကိုထုတ်ကာ ဖုန်းနံပါတ်တစ်ခုကိုခေါ်ဆိုပြီး ညွှန်ကြားချက်များပေးလိုက်လေသည်။

"ရှိုးထုတ်နေတာပဲ"

ကျန်းမုန့်လောင်က စောင့်ဆိုင်းရေးဧရိယာတွင် ထိုင်နေသည်ကိုမြင်သောအခါ သူ(မ)က ချက်ချင်းပင် အထင်သေးစက်ဆုပ်ဟန်အမူအရာတစ်ခု ပေါ်လာလေသည်။

ပုံစံကြည့်တော့ ဒီလူက အရည်အချင်းတချို့ရှိမဲ့ပုံစံနဲ့ တကယ်တမ်းမှာကျတော့ သူက လူပိန်းတစ်ယောက်သာသာပါပဲ။

ကျန်းမုန့်လောင်က သူ(မ)ကို အာရုံစိုက်မနေချေ။ သိပ်မကြာခင်မှာ သူ(မ)၏မျက်နှာထက်၌ အသစ်စက်စက်နာကျင်မှုမက်စ်တစ်ခု ပေါ်ပေါက်လာတော့မည်ဖြစ်ကြောင်း ကြိုသိနေသောကြောင့်ပင်။

"အုန်း"

နာရီဝက်မပြည့်သေးခင်မှာပင် တအုန်းအုန်းမြည်သံတစ်ခုက ဘဏ်အပြင်ဘက်ရှိ လမ်းဘေးမှထွက်ပေါ်လာလေသည်။

ထရပ်ကားအကြီးကြီးများမှာ အတန်းလိုက်တန်းစီနေကြပြီး ဘဏ်အဝင်ပေါက်ရှေ့မှာ အစီအရီပါကင်ထိုးထားချေသည်။ ဘဏ်ဝင်ပေါက်ရှိ ကားပါကင်နေရာမှာ အကန့်အသတ်ရှိသည့်အတွက် ထရပ်ကားအကြီးကြီးဆယ်စင်းက ထိုနေရာတွင် နေရာယူလိုက်သောအခါ ဝန်ဆောင်မှုခန်းမဆီကိုသွားသည့် လျှောက်လမ်းကျဉ်းကျဉ်းလေးကလွဲလျှင် ဘာနေရာမှ မရှိတော့သလောက်နီးနီးပင်။

"ထူးဆန်းလိုက်တာ.. ထရပ်ကားတွေက ဆောက်လုပ်ရေးခွင်ကိုမသွားဘဲ ဘဏ်ဝင်ပေါက်မှာ ဘာလို့လာရပ်ထားတာလဲ"

ဖြတ်သွားဖြတ်လာအများအပြားက သိလိုစိတ်ဖြင့် လှမ်းကြည့်လာကြသည်။

မကြည့်မိဖို့ရန်မှာ ကိစ္စကြီးတစ်ခုတော့မဟုတ်သော်လည်း ကြည့်လိုက်မိသည်နှင့် သေချာပေါက်အံ့ဩထိတ်လန့်သွားရမည်သာ။ ထရပ်ကားများမှာ အုတ်ခဲတို့၊ဘိလပ်မြေတို့ကို တင်ထားခြင်းမဟုတ်ဘဲ အကြွေစေ့အထပ်လိုက်သယ်လာခြင်းပင်။

"သေစမ်း.. ဘာတွေဖြစ်နေတာလဲ။ ငါမြင်ဖူးတာဆိုလို့ အုတ်ခဲတို့ ဘိလပ်မြေတို့ သစ်သားတို့တင်တဲ့ထရပ်ကားတွေပဲ ရှိတာပါ။ ဒါပေမဲ့ ပိုက်ဆံတွေအများကြီးတင်လာတဲ့ ထရပ်ကားကိုတော့ အခုမှမြင်ဖူးတာပဲ"

"အမလေး... ထရပ်ကားဆယ်စီးက အကြွေစေ့တွေအပြည့်ပဲဟ။ ဒါက ဒဏ္ဌာရီလာ"ကြွားလုံးထုတ်ခြင်း"မျိုးများလား"

"အဲ့ဒါတွေက တစ်ယွမ်တန်အကြွေစေ့တွေတော့ ဟုတ်ပုံမရဘူး။ ဆယ်ယွမ်တန်တွေ ယွမ်ငါးဆယ်တန်တွေပဲ။ ဒါက အများသုံးငွေလဲဝန်ဆောင်မှုကုမ္ပဏီတွေက ပို့လိုက်တဲ့ငွေတွေမဟုတ်ဘူးလား"

"ဖြစ်နိုင်လောက်တယ်။ ဒါပေမဲ့ ထရပ်ကားကြီးတွေနဲ့သယ်လာတာကတော့ တော်တော်များလွန်းပါတယ်။ မြန်မြန်ဓာတ်ပုံရိုက်ထားလိုက်။ ဒီလိုမြင်ကွင်းမျိုးကို မကြာခဏမြင်ရတာမဟုတ်ဘူး"

"တကယ်တမ်းဘာတွေဖြစ်နေတာလဲ။ ထရပ်ကားကြီးဆယ်စီးစာတောင်မှပဲ။ အဲ့ဒါတွေအကုန်ုလုံးက တစ်ယွမ်တန်အကြွေစေ့တွေပဲဆိုရင်တောင် တစ်သန်းကျော်လောက်တော့ရှိမှာပဲနော် ဟုတ်တယ်မလား"

"ကြည့်လိုက်..တစ်ယောက်ယောက်ထွက်လာနေပြီ"

ထရပ်ကားအကြီးကြီးဆယ်စင်းထဲမှ လူအယောက်နှစ်ဆယ်ကျော်လောက် ဆင်းလာပြီး ဘဏ်ထဲသို့ တန်းတန်းမတ်မတ်ဝင်သွားလေသည်။ ပွဲကြည့်ပရိသတ်များကလည်း စိတ်ဝင်စားခြင်းကြီးစွာဖြင့် သူတို့ ဘာလုပ်မလဲဆိုသည်ကို စောင့်ကြည့်နေကြသည်။

မာန်ပါပါဖြင့် ဘဏ်ထဲသို့ချီတက်လာသည့် ဤအုပ်စုကြီးကြောင့် ဘဏ်လုံခြုံရေးများမှာ အတော်အတန်ထိတ်လန့်သွားရပြီး သူတို့အား ဖြတ်သန်းခွင့်ပေးလိုက်ရမလား၊ တားထားရမလားဆိုသည်ကို ဝေခွဲမရဖြစ်နေချေတော့သည်။

"မစ္စဟုန်း.. ခင်ဗျားတောင်းတဲ့ပိုက်ဆံတွေ ကျွန်တော်တို့ယူလာခဲ့ပါပြီ"

သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က ဟုန်းရီအနားသို့ ချဉ်းကပ်ပြီး တလေးတစားမေးလိုက်သည်။

"ကျွန်တော်တို့ ဒီပိုက်ဆံကို ဘယ်လိုကိုင်တွယ်ဖြေရှင်းလိုက်ရမလဲ"

"အိတ်တွေထဲကိုထည့်ပြီး အထဲကိုသယ်လာခဲ့လိုက်။ မစ္စတာကျန်းက အဲ့ဒီပိုက်ဆံတွေကို ဒီဘဏ်မှာအပ်ထားချင်လို့တဲ့"

ဟုန်းရီက ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့ပါ"

သတ်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဒါဇင်ခန့်က ထရပ်ကားများဆီသို့ ချက်ချင်းပြန်သွားလိုက်ကြသည်။ သူတို့ ကောင်းစွာပြင်ဆင်ဆောင်ရွက်နေသည်မှာ အကြွေစေ့တချွင်ချွင်မြည်သံပင် မထွက်ပေ။ သူတို့၏ကျွမ်းကျင်မှုနှင့် လုပ်ဆောင်ရည်မှာ ကောင်းစွာလေ့ကျင့်ထားသော စစ်သားများနှင့်ပင် ယှဉ်နိုင်လေသည်။

ကျန်းမုန့်လောင်က ကောင်တာဆီသို့ ပြန်လျှောက်လာလိုက်ပြီး ကျိုးယွဲ့အရှေ့ရှိ မှန်တံခါးကို ခေါက်လိုက်သည်။

"ဟယ်လို.. ကျွန်တော် ဒီမှာ ပိုက်ဆံတစ်သန်းလောက်ယူလာတယ်။ ခင်ဗျား ကျေးဇူးပြုပြီး ငွေသွင်းဖို့အတွက် ကူညီပေးနိုင်မလား"

……..

All Chapters