← Chapters

ခင်ဗျားဆီမှာ ပိုက်ဆံအပ်ထားရမှာကို ကျွန်တော်စိတ်မချဘူး

Vol. 2 Ch. 21

ခင်ဗျားဆီမှာ ပိုက်ဆံအပ်ထားရမှာကို ကျွန်တော်စိတ်မချဘူး

Vol. 2 Ch. 21

"ဒီလူကြီးမင်း ကျွန်မ.."

ကျိုးယွဲ့ခမျာ ထိုအခြေအနေကိုမြင်ပြီး ထိတ်လန့်သွားရှာလေသည်။

သူ(မ)က ငတုံးမဟုတ်သောကြောင့် ကျန်းမုန့်လောင်၏ငေါ့တော့တော့လေသံက သူ(မ)ကို ရည်ညွှန်းနေခြင်းဖြစ်ကြောင်း သိပါသည်။ အစကတော့ သူ(မ)စိတ်ထဲမှာ ဤလူက သာမန်လူတစ်ယောက်ဟုသာ ထင်ခဲ့မိသော်လည်း ထင်မထားပါဘဲ ဖုန်းခေါ်ဆိုမှုတစ်ခုလေးနှင့် ထရပ်ကားကြီးဆယ်စင်းကို ဆင့်ခေါ်နိုင်သူတစ်ယောက် ဖြစ်နေလေသည်။

ကျန်းနန်မြို့ထဲတွင် ငွေသားသန်းပေါင်းများစွာကို လက်ဝယ်ကိုင်ဆောင်ထားနိုင်သူမှာ မနည်းပါးလှပေ။ သို့သော် အကြွေစေ့ထရပ်ကားဆယ်စီးစာလောက်ကို ခေါ်လာနိုင်စွမ်းရှိသူကတော့ လုံးဝရှားပါးလေသည်။ ထိုသို့တွေးကြည့်လိုက်သောအခါ ဤလူငယ်လေးမှာ သေချာပေါက် ထူးခြားလှသည့်နောက်ခံတစ်ခု ရှိနေတာပဲဖြစ်ရမည်။

ထိုကဲ့သို့သောလူစားမျိုးဟာ သူ(မ) သွားရန်စ၍ရကောင်းသော လူတစ်ယောက်မဟုတ်ပေ။ သူ့ဦးလေးကိုယ်တိုင်ပင်လျှင် သူ့အား သွားရန်စနိုင်မည်မဟုတ်။

သန့်ရှင်းရေးအလုပ်သမားနှစ်ယောက်အတွက်နှင့် ဤမျှရေးကြီးခွင်ကျယ်လုပ်နေစရာလိုလို့လား။

"မင်းပဲ ပမာဏနည်းတဲ့စုငွေတွေကို လက်မခံဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"အခု ငါ့ဆီမှာ သန်းနဲ့ချီပြီးရောက်နေပြီ။ အဲ့ဒါကိုရော ပမာဏများတယ်လို့ သတ်မှတ်လို့မရဘူးလား။ ပြီးတော့ အခုအချိန်က ဂျူတီလဲချိန်ပြီးသွားပြီ။ ဘဏ်စည်းမျဉ်းအရဆိုရင် မင်း အခု ငါ့ကို ဝန်ဆောင်မှုပေးရတော့မှာမဟုတ်ဘူးလား"

ကျန်းမုန့်လောင်က လူထွားကြီးများဘက်ကိုလှည့်ကာ ပြောလိုက်လေသည်။

"လူကြီးမင်းတို့.. ငါတို့က ပိုက်ဆံသွင်းဖို့ရောက်လာတာနော်။ ပြဿနာရှာဖို့မဟုတ်ဘူး။ ကျေးဇူးပြုပြီး ဘဏ်ဝန်ထမ်းတွေကိုရော တခြားဖောက်သည်တွေကိုရော မနှောင့်ယှက်မိပါစေနဲ့"

"မစ္စတာကျန်း.. ကျွန်တော်တို့ သတိထားလိုက်ပါ့မယ်"

လူထွားကြီးများက ခေါင်းညိတ်ပြလာပြီးနောက်မှာ သူတို့၏လှုပ်ရှားမှုများက ပိုမိုပေါ့ပါးသွားလေသည်။

မိနစ်အနည်းငယ်အတွင်းမှာပင် ဘဏ်ခန်းမကြီးထဲ၌ အကြွေစေ့များဖြင့်ဖြည့်ထားသော အိတ်တစ်ဒါဇင်ခန့်က အထပ်လိုက်ဖြစ်သွားချေသည်။

"သောက်ကျိုးနည်း.. ဒီမှာဘာတွေဖြစ်နေတာလဲ"

ပွဲကြည့်ပရိသတ်များက အံ့ဩနေသောမျက်နှာအမူအရာများဖြင့် ဤမြင်ကွင်းကို ကြည့်နေကြသည်။ တစ်စုံတစ်ယောက်က ငွေအကြွေစေ့ထည့်ထားသော ထရပ်ကားဆယ်စီးနှင့်အတူ ရောက်ချလာခြင်းမျိုးကို သူတို့ ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်၏။ စင်စစ်ရှားပါးလွန်းလှသည့်ဖြစ်ရပ်ပင်။

"ငါလည်း အခုမှဒီကိုရောက်တာ။ ငါလည်းဘာမှမသိဘူး"

"ငါသိတယ်။ ခုနတုန်းက အသက်ကြီးကြီးစုံတွဲတစ်တွဲက ဘဏ်ကိုငွေအပ်ဖို့ရောက်လာတာ။ အဲ့ဒီဆံပင်တိုတိုနဲ့ဝန်ထမ်းမလေးက အဲ့ဒီကိစ္စကိုကိုင်တွယ်ဖြေရှင်းရမှာ ပြဿနာများတယ်လို့ထင်နေတာလေ။ အဲ့ဒါနဲ့ ဟိုလူငယ်လေးကလည်း ထိုင်ကြည့်မနေနိုင်တော့ဘဲ စကားနည်းနည်းလောက်ဝင်ပြောမိတော့ ဟိုစာရေးမက သူ့ကိုပါ အပြစ်တွေတင်ပါလေရော"

"သူက တော်တော်သည်းခံနိုင်တာပဲ"

"အဓိပ္ပာယ်မရှိတာ။ နာရီဝက်တောင်မပြည့်သေးခင်မှာတင် သူက အကြွေစေ့ထရပ်ကားဆယ်စီးစာကို ခေါ်ချလိုက်ပါရောလား။ အဲ့ဒီလိုလူတစ်ယောက်က သာမန်လူတစ်ယောက်ဖြစ်လိမ့်မယ်လို့ထင်လား။ ဒုတိယမျိုးဆက်အရာရှိတို့ လူချမ်းသာမျိုးဆက်တို့က ချမ်းသာကြွယ်ဝမှုကြောင့် မိုက်မဲပြီး စိတ်တိုလွယ်တဲ့လူတွေပဲမဟုတ်ဘူးလား"

"အသံတိုးတိုးပြော။ သူများတွေမကြားစေနဲ့"

"ဝိုး.. အဲ့ဒီကောင်မလေးကတော့ ကိုယ့်သေတွင်းကိုယ်တူးမိတာပဲ"

"နောက်နေတာမဟုတ်ဘူးမလား။ ဒါပေမဲ့ ငါကတော့ သူ့လုပ်ရပ်သူ ဒဏ်ပြန်ခံရတော့မယ်ထင်တယ်"

"ဆောရီးပါ။ ငါ့မိသားစုက အရမ်းဆင်းရဲတော့ ငါ့မှာ ငွေစက္ကူရယ်လို့ တိတိပပမရှိဘူး။ အဲ့ဒါကြောင့် ဒီအကြွေစေ့တွေကိုရေတွက်ဖို့ မင်းဆီက အကူအညီလိုလိမ့်မယ်"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"ဒါပေမဲ့ မင်း မှားရေတွက်မိတာမျိုး ဒါမှမဟုတ် တစ်စေ့လေးပဲဖြစ်ဖြစ် မှားတွက်မိခဲ့ရင် ငါ မင်းတို့ဘဏ်ခွဲမန်နေဂျာချုပ်ကို ကွန်ပလိန်းတက်မှာနော်"

ယခုအချိန်မှာတော့ ကျိုးယွဲ့တစ်ယောက် လုံးဝထိတ်လန့်နေလေတော့သည်။ ခန်းမထဲရှိအိတ်များမှာ များသည်ထက်များလာပြီး ထိုအကြွေစေ့များကို သူ(မ) တစ်စေ့ချင်းရေတွက်နေရမည်ဆိုပါက ဤညနေခင်းတင်မကဘဲ တစ်လလောက် မအိပ်မနေထိုင်တွက်နေရမည်ဆိုလျှင်ပင် လုံလောက်နိုင်မည်မဟုတ်။

ပိုဆိုးသောကိစ္စမှာ ဤအကြောင်းကိုသာ သူ(မ)၏ဦးလေးသိသွားပါက ပြဿနာအကြီးအကျယ်တက်ပေလိမ့်မည်။ အဆိုးဆုံးကိစ္စများရှိလာပါက ဤအကြောင်းအရာက လက်ထောက်မန်နေဂျာ သို့မဟုတ် အဓိကမန်နေဂျာချုပ်ဆီအထိ ရောက်သွားပါက သူ(မ)၏ဦးလေးကိုယ်တိုင်ပင် သူ့ကိုယ်သူပြန်ကယ်တင်နိုင်လိမ့်မည်မဟုတ်။

သူ(မ) အစက ထင်ခဲ့မိသည်မှာ ဤလူငယ်လေးက ဘာနောက်ခံမှမရှိသည့် သာမန်လူတစ်ယောက်ဟုသာ။ သို့သော် သာမန်လူတစ်ယောက်က နာရီဝက်တောင်မပြည့်သေးသည့်အချိန်လေးအတွင်းမှာ အကြွေစေ့ထရပ်ကားဆယ်စီးစာလောက်ကို လွယ်လင့်တကူဆင့်ခေါ်နိုင်စွမ်းရှိမှာတဲ့လား။ ယခုတော့ သူ(မ) သံပြားကြီးကိုကန်မိပြီဖြစ်ကြောင်း သဘောပေါက်လိုက်လေပြီ။

ထိုအခိုက်အတန့်လေးမှာ ကျန်းမုန့်လောင်၏ဖုန်းက မြည်လာလေသည်။ သူက ခေါ်ဆိုသူနံပါတ်ကို တစ်ချက်ကြည့်လိုက်လေရာ အခြားလူမဟုတ်ဘဲ ဘဏ်မန်နေဂျာချုပ်ကုအန်ရှန်းဖြစ်နေကြောင်း သိလိုက်ရသည်။

"မန်နေဂျာကု.. ခင်ဗျားက ခင်ဗျားရဲ့ဝန်ထမ်းနဲ့အတူ အပြင်ထွက်ပြီး နေ့လယ်စာစားနေတယ်လို့ ကျွန်တော်ထင်နေတာ။ ကျွန်တော် ဒီနေ့လာမှာကိုတော့ ခင်ဗျားသတိရသားပဲ"

ကျန်းမုန့်လောင်က စိတ်တိုတိုနှင့်ပြောလိုက်လေသည်။

ကုအန်ရှန်းကလည်း ချက်ချင်းပင် ပဟေဠိဖြစ်သွားရသည်။

သူ ဘာမှမလုပ်မိဘူးလေ။ ကျန်းမုန့်လောင်ရဲ့လေသံထဲမှာ ယမ်းမှုန့်အရိပ်အယောင်တွေ ဘာလို့ပါနေရတာလဲ။

"မစ္စတာကျန်း.. အဲ့ဒါ ဘာကိုဆိုလိုချင်တာလဲ"

ကုအန်ရှန်းက သောကရောက်စွာဖြင့် မေးလိုက်လေသည်။

"ခင်ဗျား ဒီနေ့ရောက်လာမှာမှန်းသိလို့ ကျွန်တော် နေ့လယ်စာစားဖို့ အပြင်တောင်မထွက်ရဲဘူး။ ကျွန်တော် အော်ဒါမှာပြီး ကျွန်တော့်ရုံးခန်းထဲမှာပဲစားလိုက်ရတယ်"

"အိုး. ဒါဆိုရင် ခင်ဗျားဆက်စားလိုက်ပါဦး။ ကျွန်တော် ကိစ္စလေးတချို့ကိုဖြေရှင်းဖို့လိုနေသေးလို့။ ကျွန်တော့်ကိစ္စပြီးသွားမှ ဖြည်းဖြည်းချင်းစကားပြောကြတာပေါ့"

ကျန်းမုန့်လောင်က ထိုသို့ပြောပြီးနောက် ဖုန်းချလိုက်လေသည်။

ကျိုးယွဲ့ကလည်း ဤဖြစ်ရပ်ကြီးကို အစအဆုံးမြင်လိုက်ရသည်။

ကုအန်ရှန်းဆိုတာက ဘယ်သူလဲ။ သူက သူတို့ပင်မဘဏ်ခွဲရဲ့မန်နေဂျာချုပ်လေ။

ဤလူငယ်လေးက မန်နေဂျာချုပ်နှင့် တိုက်ရိုက်ဆက်သွယ်နိုင်ရုံမျှမကဘဲ မန်နေဂျာချုပ်၏ဖုန်းကိုပင် ချရဲလိမ့်မည်ဟု သူ(မ) ထင်မထားခဲ့ပေ။

"ပြဿနာတစ်ခုခုများတက်နေတာလား"

ယခုလိုအချိန်မျိုးမှာ ကုအန်ရှန်းက တည်တည်ငြိမ်ငြိမ်ထမင်းစားဝင်ဦးမည်တဲ့လား။ ဤရာထူးကို သူတက်လှမ်းနိုင်ခဲ့ရသည့်အကြောင်းအရင်းမှာ ယခင်မန်နေဂျာချုပ်က ရန်မစသင့်သူကို ရန်သွားစခဲ့မိသည့်အတွက် အလုပ်ပြုတ်သွားရုံသာမက အတိတ်တုန်းက ကျူးလွန်ခဲ့သည့် လာဘ်စားမှုနှင့် အကျင့်ပျက်ခြစားမှုတို့ကိုပါ ဖော်ထုတ်ခံလိုက်ရပြီး ယခုတော့ သူ ထောင်ထဲမှာ ပဲထမင်းစားနေရတုန်းသာ။

သူ့ဘက်က ကိုယ်ရေးကိုယ်တာအငြိုးကြောင့် သူ့အား ဖိနှိပ်လာခြင်းမရှိသော်ငြား ထိုကဲ့သို့သောလူစားမျိုးမှာ သူ့အား ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားရန်မလိုပေ။ ထိုသူ မပျော်မရွှင်ဖြစ်ပြီး အပ်နှံငွေများကို ပြန်ထုတ်သွားလိုက်ပါလျှင် သူသည်လည်း မိနစ်ပိုင်းအတွင်း အလုပ်ထုတ်ခံရပြီး ထွက်ခွာဖို့ ဖိအားပေးခံရမည်သာ။

ထိုအကြောင်းကိုတွေးမိပြီးနောက် သူဟာ သူ့ထမင်းစားတူကို အလောတကြီးပစ်ချကာ ခန်းမဆီသို့ လျှောက်လာလိုက်သည်။

ခန်းမဆီသို့ သူရောက်လာသောအခါ အကြွေစေ့များနှင့် ပြည့်နှက်နေသော အိတ်များက ဧည့်ခန်းမဆောင်တစ်ဝက်ခန့်အား နေရာယူထားသည်ကို တွေ့လိုက်ရသည်။ ကုအန်ရှန်းခမျာ ချက်ချင်းအံ့ဩမှင်တက်သွားရလေသည်။

ဘာတွေဖြစ်နေတာလဲဟ။ လုံခြုံရေးတွေက ဘယ်မှာလဲ။ သူတို့တွေက အတွေ့အကြုံမရှိတဲ့လူသစ်တွေလား။ ဒီလိုပြဿနာဖြစ်နေတာကို ဒီအတိုင်းလွှတ်ထားရသလား။

လုံခြုံရေးများကလည်း တားဆီးဖို့ကြိုးစားခဲ့သေးသည်။ သို့သော် ထိုလူက ပိုက်ဆံအပ်ဖို့ ရောက်လာခြင်းဖြစ်၏။ ငွေအပ်နှံဖို့အတွက် ငွေယူလာခြင်းမှာ တရားမလွန်ဘူးမဟုတ်လား။ ငွေမပါလျှင် ဘယ်လိုလုပ်ပြီး ငွေအပ်လို့ရမှာတဲ့လဲ။ ထိုကိစ္စနှင့်ပတ်သက်ပြီး သူ့အား မည်သူကမှ အပြစ်ရှာမရချေ။

"ဘာတွေဖြစ်နေတာလဲ။ တကယ်ပဲ ဘာတွေဖြစ်နေကြတာလဲ"

ထိုမြင်ကွင်းကိုမြင်သောအခါ ကုအန်ရှန်းက အကျယ်ကြီးအော်ချလိုက်လေသည်။

"ခင်ဗျားက မန်နေဂျာချုပ်ကုပဲဖြစ်ရမယ်။ ဟုတ်တယ်မလား"

ကျန်းမုန့်လောင်က ကုအန်ရှန်း၏မျက်နှာကိုမြင်မြင်ချင်း ချက်ချင်းမှတ်မိလိုက်သည်။ သူ့ပုံစံက အွန်လိုင်းပေါ်က ဓာတ်ပုံများနှင့်လည်း သိပ်မကွာလှပေ။

"ခင်ဗျားက.."

"ကျွန်တော်က ကျန်းမုန့်လောင်ပါ"

"ခင်ဗျားက မစ္စတာကျန်းလား။ တွေ့ရတာဝမ်းသာပါတယ်ဗျာ"

မန်နေဂျာချုပ်က ကျန်းမုန့်လောင်ကို ဤမျှငယ်ရွယ်လိမ့်မည်ဟု ထင်မထားချေ။

"အာလာပသလ္လာပတွေကို အသာထားလိုက်ပါ။ ကျွန်တော်ကတော့ ကျွန်တော်တို့စကားပြောနေလည်း အပိုပဲလို့ထင်တယ်"

ကျန်းမုန့်လောင်က ဆိုလိုက်လေသည်။

"ခင်ဗျားရဲ့ဘဏ်မှာ ကျွန်တော့်ပိုက်ဆံတွေအပ်ထားရမှာကို နည်းနည်းစိတ်မအေးဘူးဖြစ်နေတယ်"

"ခင်ဗျား ဘာလို့အဲ့လိုပြောရတာလဲ မစ္စတာကျန်းရယ်။ ကျွန်တော်တို့ရဲ့ဟွာရှားဘဏ်က ဟွာရှားတစ်ခွင်မှာ အယုံကြည်ရဆုံးနဲ့ စိတ်အချရဆုံးဘဏ်ပါ"

ကုအန်ရှန်းက သူ့ရင်ဘတ်သူပုတ်ပြ၍ အာမခံလိုက်ချေသည်။

"အိုး အဲ့လိုလား"

ကျန်းမုန့်လောင်က မျက်ခုံးပင့်လိုက်သည်။

"ဒီမှာဗျာ.. ခင်ဗျားရဲ့ဝန်ထမ်းက ဘဏ်စုငွေအကောင့်လေးတစ်ကောင့်ဖွင့်ဖို့တောင် နေ့တစ်ဝက်လောက်ကြာအောင် အချိန်တွေဆွဲနေတာ။ အဲ့ဒါကိုတော့ ကျွန်တော်ချီးမကျူးနိုင်ဘူး"

"တကယ်ပဲ ဘာတွေဖြစ်နေတာလဲ"

ကုအန်ရှန်းက နောက်ဆုံးတော့ ဤနေရာတွင် ကျန်းမုန့်လောင်တစ်ယောက် မထီမဲ့မြင်ဆက်ဆံခံနေရကြောင်း သဘောပေါက်သွားလေသည်။

"ပြောကြစမ်း။ ငါကိုယ်တိုင်စုံစမ်းစစ်ဆေးရမယ်ဆိုရင် ဒီနေ့ ဒီမှာရှိတဲ့လူတွေ တစ်ယောက်မှလွတ်လိမ့်မယ်မထင်နဲ့။ ပြီးတော့ ထုတ်ပြောရဲတဲ့လူကိုလည်း ဒီနှစ်အတွက် ဘောနပ်စ်နှစ်ဆပေးမယ်"

ထိုအချိန်မှာ ကုအန်ရှန်းက ဘဏ်မန်နေဂျာတစ်ယောက်၏ သြဇာအာဏာတချို့ကို ထုတ်ဖော်ပြသလာလေတော့သည်။

ဆုလာဘ်ကောင်းတစ်ခုရှိနေမှတော့ ရဲရင့်သည့်နောက်လိုက်များလည်း ရှိမည်သာ။ အထူးသဖြင့် ကျိုးယွဲ့က သာမန်လူတစ်ယောက်ဟုတ်မနေသည့်အတွက်ပင်။ ယခုတော့ဖြင့် ကျိုးယွဲ့တစ်ယောက် သူ့အလုပ်နေရာကို ထိန်းသိမ်းထားနိုင်မလားဆိုသည့်ကိစ္စတင်မကတော့ဘဲ သူ့ဦးလေးဖြစ်သူမန်နေဂျာကပါ သူ့ရာထူးကို ဆက်ထိန်းထားနိုင်မလားဆိုသည်က မေးခွန်းထုတ်စရာဖြစ်လာလေပြီ။ ယခုလိုဆိုမှတော့ ဘာများကြောက်နေစရာရှိတော့လို့လဲ။

မကြာခင်မှာပင် ကျိုးယွဲ့လုပ်ခဲ့သည့် လုပ်ရပ်က ဘူးပေါ်သလို ပေါ်သွားလေတော့သည်။

"ငါတို့ရဲ့ဘဏ်မှာ အဲ့ဒီလိုကြီးကြပ်ရေးတာဝန်ခံမျိုးရှိတယ်ပေါ့။ လူသစ်စုဆောင်းရေးအတွက် တာဝန်ရှိတဲ့လူက ဘယ်သူလဲ။ သူတို့ကို ဒီညပဲ ငါ့ရုံးခန်းကိုလာခိုင်းလိုက်"

ထိုဖြစ်ရပ်ကြောင့် ဒေါသထွက်သွားလေသော ကုအန်ရှန်းမှာ ပေါက်ကွဲလေတော့သည်။

"မန်နေဂျာချုပ်.. ကျိုးယွဲ့က လူသစ်စုဆောင်းရေးက တက်လာတာမဟုတ်ပါဘူး။ ကျွန်မတို့လုပ်ငန်းမန်နေဂျာက သူ့ဦးလေးလေ။ အဲ့ဒါကြောင့်.."

"ကောင်းတယ်။ သိပ်ကောင်းတယ်"

ကုအန်ရှန်းခမျာ သူ့ဒေါသကိုထိန်းချုပ်ထားရန်အတွက် မနည်းရုန်းကန်နေရသည်။

"သူ့ကိုပြောလိုက်။ သူ ဒီနေ့အလုပ်မပြန်ခင် ငါ့အလုပ်စားပွဲပေါ်မှာ အလုပ်ထွက်စာ တစ်ခါတည်းတင်သွားလိုက်လို့"

"အဆုံးသတ်သွားပြီ"

ထိုစကားကိုကြားသောအခါ ကျိုးယွဲ့က သူ(မ)၏ကောင်တာမှာတင် ပုံခနဲလဲကျသွားလေတော့သည်။ သူ(မ)ကျောထောက်နောက်ခံကြီး ပြိုလဲသွားလေပြီ။ သူ(မ)လည်း ထိုနည်းလည်းကောင်းပင်။ သူ(မ)တစ်ယောက်တည်းသာ အလုပ်ပြုတ်သွားခြင်းမဟုတ်ချေ။ သူ(မ)ဦးလေးတို့တစ်မိသားစု သို့မဟုတ် သူ(မ)တို့တစ်မိသားစုလုံးကပါ သူ(မ)အား ရာဇဝတ်သားတစ်ယောက်နှယ် သဘောထားကြပေတော့မည်။

"မစ္စတာကျန်း.. ကျွန်တော် ဒီကိစ္စကို လေးလေးနက်နက်ကိုင်တွယ်လိုက်ပါ့မယ်။ စိတ်ချပါ။ နောက်ဆိုရင် ကျွန်တော်တို့ဘဏ်မှာ ဒီလိုကိစ္စမျိုး ထပ်မဖြစ်စေရပါဘူး"

ကုအန်ရှန်းက ကတိပေးလိုက်လေသည်။

"အင်း"

ကုအန်ရှန်က သူ့အား မျက်နှာသာပေးလာသည့်အတွက် ကျန်းမုန့်လောင်ကလည်း ခေါင်းညိတ်ပြလိုက်ပြီး သူ့အား ခက်ခဲအောင်မလုပ်တော့ပေ။

"ကောင်းပြီ။ အဲ့ဒီအကြွေစေ့တွေကို မရွှေ့နဲ့တော့"

ကျန်းမုန့်လောင်က အမိန့်ပေးလိုက်သည်။

"ဒီပိုက်ဆံတွေကိုယူသွားပြီး ဘတ်စ်ကားမှတ်တိုင်နဲ့ မြေအောက်ရထားဘူတာရုံတွေမှာ ပရဟိတသေတ္တာလေးတွေအများကြီးဆင်ထားလိုက်။ ဘတ်စ်ကားတို့ မြေအောက်ရထားတို့စီးဖို့အတွက် ပိုက်ဆံပါမလာတဲ့လူဆိုတာ အမြဲရှိတတ်တယ်။ ပိုက်ဆံတွေကို အဲ့ဒီပရဟိတသေတ္တာတွေထဲမှာ ထည့်ထားလိုက်"

"ဟုတ်ကဲ့ မစ္စတာကျန်း"

ထို့နောက်မှာတော့ ခပ်ထွားထွအမျိုးသားတစ်ဒါဇင်ခန့်က ထရပ်ကားများဆီသို့ ပြန်လှည့်သွားပြီး ဆူညံသံတစ်ခုနှင့်အတူ အံ့အားသင့်နေကြရှာသော ဖြတ်လျှောက်အများအပြားကို ချန်ထားရစ်ပြီး ထွက်သွားလေတော့သည်။

"သန်းနဲ့ချီပြီးရှိတဲ့ အကြွေစေ့တွေကို ဒီအတိုင်းကြီးလှူပစ်လိုက်မလို့ပေါ့"

"သူ တကယ်ကို သြဇာတိက္ကမရှိတဲ့သူဌေးကြီးပါပဲ။ အထင်ကြီးလောက်ပါရဲ့"

"အမှန်အတိုင်းပြောရရင် သူက နည်းနည်းခြယ်လှယ်ဗိုလ်ကျလွန်းအားကြီးပေမဲ့ သူ့ရဲ့ကိုယ်ကျင့်တရားကတော့ တော်တော်ဖြောင့်မတ်မှန်ကန်တာနော်"

"ဟုတ်တယ်။ အဲ့ဒီလိုလူမျိုးက ချမ်းသာထိုက်ပါတယ်"

……

All Chapters