← Chapters

အတိုးနှုန်းကို ထပ်တိုးပေးမယ်ဆိုရင်​တော့ ကျွန်တော် ငွေအပ်မှာမဟုတ်တော့ဘူး

Vol. 2 Ch. 22

အတိုးနှုန်းကို ထပ်တိုးပေးမယ်ဆိုရင်​တော့ ကျွန်တော် ငွေအပ်မှာမဟုတ်တော့ဘူး

Vol. 2 Ch. 22

"မစ္စတာကျန်း.. ကျွန်တော် တကယ်တောင်းပန်ပါတယ်။ ကျွန်တော်တို့ဘဏ်မှာ ဒီလိုလူမျိုးရှိနေလိမ့်မယ်လို့ ထင်မထားလို့ပါ။ တကယ်ကိုရှက်ဖို့ကောင်းတာပဲဗျာ"

ကုအန်ရှန်းက ကျန်းမုန့်လောင်ကို သူ့ရုံးခန်းထဲသို့ ဖိတ်ခေါ်လိုက်ပြီး ကိုယ်တိုင်ကိုယ်ကျလက်ဖက်ရည်ဖျော်ပေးလေသည်။

ယခုလေးတင် ဖြစ်ပျက်သွားသောကိစ္စကြောင့် သူ တကယ်ထိတ်လန့်သွားခဲ့ရသည်။ အကြွေစေ့ထရပ်ကားဆယ်စင်းစာမှာ ဟာသမဟုတ်ချေ။ တစ်ချက်မျှချွတ်ချော်သွားရုံဖြင့် ဤကိစ္စက ရှာဖွေမှုအများဆုံစာရင်းတွင် ထိပ်ဆုံးသို့ရောက်သွားမည်သာ။ ဤသတင်းသာ ဟွာရှားဘဏ်ရုံးချုပ်သို့ ရောက်သွားပါက ဘဏ်မန်နေဂျာဖြစ်သည့် သူလည်း စည်းကမ်းထိန်းသိမ်းရေးလုပ်ဆောင်ချက်များဖြင့် ရင်ဆိုင်ရနိုင်သည်သာ။

ဤလူငယ်လေးမှာ အခြားလူချမ်းသာမျိုးဆက်များလို လှည့်ကွက်မျိုးကို လုံးဝမကစားပေ။ ဤကဲ့သို့ရဲတင်းလှသောအကွက်များမှာ သူ့ဘဝတွင် လုံးဝမကြားဖူးသည့်အရာမျိုးပင်။ ထိုဖြစ်ရပ်ကြောင့် သူ့မှာ ကျန်းမုန့်လောင်ကို ပို၍သတိကြီးကြီးထားပြီး ဆက်ဆံနေရသည်။

"ထားလိုက်ပါတော့။ မသိတဲ့လူတွေကို ဘာမှဒုက္ခပေးမနေချင်ဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ဘဏ်မှာ ဝန်ထမ်းခန့်အပ်စစ်ဆေးရေးကို တကယ်တင်းကျပ်ဖို့လိုနေပြီ"

ကျန်းမုန့်လောင်က ထိုသို့ပြောရင်း သြဇာတိက္ကမရှိသော အဆင့်မြင့်အရာရှိတစ်ယောက်၏ ဟန်ပန်မျိုးဖြင့် ဆိုဖာပေါ်ထိုင်ချလိုက်သည်။

"စကားမစပ် အပြင်မှာ အသက်ကြီးကြီးသန့်ရှင်းရေးအလုပ်သမားစုံတွဲတစ်တွဲရှိတယ်။ သူတို့က ကျိုးယွဲ့လို့ခေါ်တဲ့ဝန်ထမ်းတစ်ယောက်ကြောင့် အခက်ကြုံနေရရှာတာ။ အဲ့ဒီကိစ္စကိုဖြေရှင်းဖို့အတွက် ခင်ဗျား လူတစ်ယောက်ကို မြန်မြန်လွှတ်လိုက်သင့်တယ်"

"အတွင်းရေးမှူးလျို.. အဲ့ဒီလူကြီးနှစ်ယောက်ကိုကူညီဖို့အတွက် တစ်ယောက်ယောက်ကို မြန်မြန်လွှတ်လိုက်ပါဦး"

ယခုတော့ ကုအန်ရှန်း နားလည်သွားလေပြီ။ ကျန်းမုန့်လောင်နှင့် ကျိုးယွဲ့ကြားရှိ အခြေအတင်ဖြစ်မှု၏ အဓိကအကြောင်းအရင်းမှာ ဤအချက်ပင်။

ဤလူကြီးနှစ်ယောက်ကို သူ သေချာပေါက် ကောင်းကောင်းမွန်မွန်ဆက်ဆံရပေလိမ့်မည်။ သို့မှသာ ကျန်းမုန့်လောင်ဆီက အမြင်ကောင်းပြန်လည်ရရှိမည်ဖြစ်၏။ ထို့ကြောင့် ထိုကိစ္စနှင့်ပတ်သက်ပြီး ဖြေရှင်းဖို့အတွက် သူ့အတွင်းရေးမှူးကို တိုက်ရိုက်ညွှန်ကြားလိုက်ခြင်းပင်။

အတွင်းရေးမှူးလျိုကလည်း ထက်မြက်သူတစ်ယောက်ပင်။ ကုအန်ရှန်းဆီက သာမန်အကြည့်လေးတစ်ချက်ကို မြင်သည်နှင့် အဓိပ္ပာယ်ကိုနားလည်လိုက်သည်။ သူက သူတို့အတွက် တံခါးပါပိတ်ပေးသွားပြီး ကိစ္စများကို ချက်ချင်းသွားဖြေရှင်းလေတော့သည်။

"ဒါက အရမ်းလတ်ဆတ်တာပဲ"

ကျန်းမုန့်လောင်က သူ့ရှေ့မှာပင် လက်ဖက်ရည်တစ်ဝက်လောက်ကို တစ်ကျိုက်တည်းမော့သောက်လိုက်သည်။

"လတ်ဆတ်တယ်..."

ကုအန်ရှန်းက သူ့မျက်ဝန်းထောင့်များကို ကျုံ့လိုက်မိသည်။ ဤသည်မှာ သာမန်လက်ဖက်ရည်မဟုတ်။ သာမန်ဈေးမှာလည်း ဝယ်မရပေ။ သူ့မှာ ဤလက်ဖက်ရည်ကိုဝယ်ဖို့အတွက် အဆက်အသွယ်အမြောက်အများကို သုံးခဲ့ရသည်။ သူကိုယ်တိုင်ပင်လျှင် ဤလက်ဖက်ရည်ကို မသောက်တတ်ဘဲ အလွန်အရေးကြီးသောဧည့်သည်များကိုသာ ဧည့်ခံခြင်းဖြစ်၏။

ထိုလက်ဖက်ရည်ကို ရိုးရိုးရေအတိုင်း သဘောထားနေသော ကျန်းမုန့်လောင်၏အပြုအမူကိုမြင်သောအခါ အရင်းအမြစ်ကောင်းတစ်ခုကို အလဟဿဖြုန်းတီးနေခြင်းဟုသာ သူ တွေးလိုက်မိသည်။

သို့သော် သူ့ဒေါသကိုလည်း ထုတ်မပြရဲချေ။ သူ့ရှေ့ရှိလူမှာ အသက်နှစ်ဆယ်ဝန်းကျင် လူငယ်လေးတစ်ယောက်သာသာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူ့ကြွယ်ဝချမ်းသာမှုကတော့ ကြောက်မက်ဖွယ်ကောင်းအောင် များပြားလှသည်။

ထိုအကြောင်းကို သိရတုန်းကဆိုလျှင် သူ့မှာ အလွန်ကြောက်လန့်လွန်းလှသဖြင့် တစ်ညလုံးတောင် အိပ်မပျော်ပေ။

အမေရိကန်ဒေါ်လာတစ်ရာဘီလီယံဆိုသည်မှာ ဘယ်လိုသဘောဆောင်လေသလဲ။ ကမ္ဘာ့အချမ်းသာဆုံးလူ၏ပိုင်ဆိုင်မှုများကပင် အမေရိကန်ဒေါ်လာတစ်ရာ့ငါးဆယ်ဘီလီယံမျှသာ ရှိ၏။ ၎င်းမှာ စတော့ရှယ်ယာများ၊ အိမ်များနှင့် တခြားသောရွှေ့ပြောင်းမရနိုင်သည့် ပိုင်ဆိုင်မှုများလည်း ပါဝင်လေသည်။ ငွေသားနှင့်ပြရပါလျှင် ထိုပမာဏကို သေချာပေါက်မီနိုင်မည်မဟုတ်။

သို့တိုင် ကျန်းမုန့်လောင်၏အကောင့်ထဲမှာတော့ ငွေသားချည်းသက်သက် တစ်ရာဘီလီယံရှိသည်။ ဤသတင်းသာ ပေါက်ကြားသွားပါက တစ်ကမ္ဘာလုံးကို ထိတ်လန့်သွားစေလိမ့်မည်သာ။ UCနှင့် ထန်ရွှင်းပေါ်ရှိ နောက်တစ်နေ့အတွက် ခေါင်းစီးစာတန်းကလည်း နေရာအနှံ့သို့ ပျံ့နှံ့သွားလိမ့်မည်သာ။

လေးလေးနက်နက်တွေးကြည့်ပါက ငွေသားပိုင်ဆိုင်မှုအတွက် အမေရိကန်ဒေါ်လာတစ်ရာဘီလီယံကျော်ကို ပိုင်ဆိုင်ထားသူတစ်ယောက်မှာ ရွှေ့ပြောင်းမရသည့်ပိုင်ဆိုင်မှုများလည်း ရှိနိုင်လောက်သည်သာ။ ဤလူငယ်လေး၏ပိုင်ဆိုင်မှုက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ထက်ပင် ကျော်လွန်နိုင်သည်ဟု သူ့စိတ်ထဲ သံသယဝင်မိသည်။

ယခင်ညတုန်းက သူတို့ ဤငွေလွှဲငွေထုတ်မှတ်တမ်းကို ပြန်လည်စစ်ဆေးခဲ့သေးသည်။ နောက်ဆုံးဆုံးဖြတ်ချက်အရတော့ ဤပိုင်ဆိုင်မှုများနှင့်ပတ်သက်ပြီး မှားယွင်းမှုတစ်စုံတစ်ရာမရှိပေ။ အရင်းအမြစ်အားလုံးက ဤလူငယ်လေး၏နာမည်အောက်ရှိ ပိုင်ဆိုင်မှုများဆီသို့ ပြန်ချိတ်ဆက်နေခြင်းပင်။

သူတို့၏စုံစမ်းစစ်ဆေးမှုအရ ပြည်တွင်းနှင့် နိုင်ငံတကာလုပ်ငန်းစုများမှ ရရှိလာသောငွေပမာဏများမှာ အံ့မခန်းဖွယ်မြင့်မားနေကြောင်း တွေ့ရှိခဲ့ရသည်။ တစ်နည်းပြောရလျှင် ဤလူငယ်လေးဟာ ကမ္ဘာ့အဆင့်ရှိ ပူးပေါင်းလုပ်ငန်းစုကြီးများ၏ အစုရှယ်ယာရှင်တစ်ဦးဖြစ်ပြီး များပြားလှပါသည့်ရန်ပုံငွေပမာဏကိုကြည့်လျှင် သူက အဓိကအရေးပါသူတစ်ယောက်ပင်ဖြစ်သည်။

သူတို့ အသည်းအသန်စဉ်းစားခဲ့ကြသော်လည်း အသက်နှစ်ဆယ်အရွယ်လူငယ်တစ်ယောက်က ယခုလိုကြောက်မက်ဖွယ်ရာကောင်းလှသည့် လုပ်ငန်းစုများကို ဘယ်လိုလုပ်ပြီးပိုင်ဆိုင်နေမှန်း မသိကြချေ။

ဖောက်သည်၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကို ထိန်းသိမ်းဖို့အတွက် ဤဖြစ်ရပ်ကို လူငါးယောက်ထက်ပိုမသိစေဖို့ ထိုနေ့က ကုအန်ရှန်းအပါအဝင် ဤကိစ္စကိုသိသည့်လူတိုင်း လျှို့ဝှက်ရေးသဘောတူညီချက်စာချုပ်ကို လက်မှတ်ထိုးခဲ့ကြသည်။

"မစ္စတာကျန်းက ဒီလောက်ငယ်လိမ့်မယ်လို့ ကျွန်တော်ထင်မထားဘူး"

ကုအန်ရှန်းက ချီးကျုးစကားဆိုလိုက်လေသည်။

"ကျွန်တော်က ခင်ဗျားကို ဟွာရှားမှာရှိတဲ့ ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်ကြီးတွေထဲတစ်ယောက်လို့ ထင်နေတာ။ မစ္စတာကျန်း.. ခင်ဗျားက တကယ်ငယ်ရွယ်ပြီး အလားအလာကောင်းတာပဲ"

"ကျွန်တော့်ရဲ့အောင်မြင်မှုလို့တော့ ပြောလို့မရပါဘူး။ ကောင်းမွန်သောမွေးဖွားခြင်းနဲ့ ကံကောင်းမှုသက်သက်ပဲလို့ ​ပြောရမှာပါပဲ"

ကျန်းမုန့်လောင်က ဟန်ဆောင်မှုကင်းမဲ့စွာဖြင့် ​ပြောလိုက်လေသည်။

"အစတုန်းကတော့ ကျွန်တော်လည်း သင့်တင့်တဲ့အလုပ်တစ်ခုရှာချင်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော့်အရည်အချင်းက ခွင့်မပြုဘူးလေ။ နောက်တော့ ကျွန်တော့်မိသားစုအမွေကို မထင်မှတ်ထားဘဲ ဆက်ခံခဲ့ရတယ်။ အဲ့ဒါက ကျွန်တော့်ကို တကယ်ခေါင်းခဲစေတယ်ဗျာ"

ကျန်းမုန့်လောင် တကယ်ခေါင်းကိုက်ခြင်းပင်။ သူ့ပိုင်ဆိုင်မှုများနှင့်ဆိုပါက တစ်နှစ်ကို အမေရိကန်ဒေါ်လာ၁၀၀ဘီလီယံရဖို့အတွက်မှာ သုံးဖို့ထက်ပင် ပိုလွယ်နေသေးသည်။

သို့သော် ကုအန်ရှန်း၏နားထဲမှာတော့ ထိုစကားက ကြွားဝါခြင်းသက်သက်သာ။ ယနေ့ခေတ်လူချမ်းသာများက အမှန်တရားကို တစ်ခွန်းမှမပြောကြချေ။ ထို့ပြင် သူတို့က ပိုက်ဆံကိုလည်း စိတ်ဝင်စားမှုမရှိကြသလို မိန်းမလှလေးများကိုလည်း ခွဲခြား၍မကြည့်တတ်သလို တစ်ဘီလီယံအိပ်မက်သေးသေးလေးသာရှိရာက ဘီလီယံပေါင်းများစွာကို မတော်တဆအမွေဆက်ခံလိုက်ရသတဲ့။

"ဒီပစ္စည်းက ငါတို့ အိမ်မှာသောက်တဲ့ တစ်အိတ်ကိုသိန်းနဲ့ချီပြီးပေးရတဲ့လက်ဖက်ရည်နဲ့လည်း သိပ်မကွာဘူး"

ကျန်းမုန့်လောင်က လက်ကျန်လက်ဖက်ရည်တစ်ဝက်ကို ဂလုဂလုဖြစ်အောင်သောက်ပြီး ခွက်ထဲကို ပြန်ထွေးလိုက်သည်။

"တစ်အိတ်ကို သိန်းနဲ့ချီပြီးပေးရတယ်ပေါ့...

ကုအန်ရှန်းက ထိုစကားကို သံသယလုံးဝမဝင်ပေ။ တစ်ထုပ်ကို တစ်သိန်းပေးရသည့်လက်ဖက်ရည်ပင် မဆိုထားနှင့်။ တစ်ဂရမ်ကို တစ်သိန်းပေးရလျှင်ပင် ကျန်းမုန့်လောင်က ဝယ်​သောက်နိုင်သည့်အနေအထားမျိုးပင်။

သို့သော် ထိုစကားကြောင့် ကုအန်ရှန်းခမျာ ကျန်းမုန့်လောင်ကို သတ်ပစ်ချင်မိသွားသည်။ ယခုလိုလက်ရာမြောက်လှသောလက်ဖက်ရည်မှာ ရှားပါးလှသည်။ သီးသန့်လက်ဖက်စိုက်ခင်းမှ ထုတ်လုပ်ထားပြီး ထိုလက်ဖက်ရည်၏ ဆွဲဆောင်မှုကိုခံစားဖို့အတွက် သိမ်မွေ့စွာအရသာခံသင့်သည်သာ။ သို့သော် သူ့ပါးစပ်ထဲရောက်သွားချိန်မှာတော့ သာမန်ရေနွေးတစ်ခွက်အတိုင်းပင်။ ထိုအဖြစ်မျိုးဟာ သူ့လို လက်ဖက်ရည်ကြိုက်သူတစ်ယောက်အဖို့ လုံးဝသည်းမခံနိုင်သည့်မြင်ကွင်းမျိုးပင်။

"စကားမစပ်.. မစ္စတာကု.. ခင်ဗျား ဒီနေ့ ဘာလို့ ကျွန်တော့်ကိုလာခဲ့ဖို့ ခေါ်လိုက်ရတာလဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

ကုအန်ရှန်းက အသက်ပြင်းပြင်းရှိုက်ရှူ၍ အချိန်အတော်ကြာယူပြီးနောက် အဆုံးမှာတော့ လိုရင်းကိုပြောလိုက်သည်။

"ကိစ္စကတော့ဒီလိုပါ။ မစ္စတာကျန်း.. ကျွန်တော်တို့ဘဏ်မှာ ဒီငွေပမာဏကိုကိုင်တွယ်ဖို့အတွက် သီးသန့်စီမံခန့်ခွဲရေးအဖွဲ့တစ်ခု ဖွဲ့တော့မှာဆိုတော့ ကျွန်တော်တို့ကိုယုံကြည်ပြီး ဒီငွေတွေကို ကျွန်တော်တို့ဆီမှာအပ်နှံခဲ့ဖို့စိတ်ချထားလို့ရပါတယ်"

ကုအန်ရှန်းက ပြောလိုက်သည်။

"ဘာပြဿနာမှမရှိပါဘူး"

ကျန်းမုန့်လောင်ခမျာ စိတ်ရှုပ်သွားဟန်တူ၏။

ဘဏ်မှာမအပ်ရင် ဒီငွေတွေအကုန်လုံးကို ဘယ်သွားထားရမလဲ။ ငွေသားအဖြစ်ပြောင်းပြီး ထုတ်ယူရမှာလား။ အဲ့ဒီလောက်အထိများတဲ့ငွေသားလည်း ရှိဦးမှလေ။

ကျန်းမုန့်လောင်၏ခွန်းတုံ့ပြန်စကားကိုကြားသော် ကုအန်ရှန်းကလည်း ကျန်းမုန့်လောင်ဟာ အလွန်နှစ်လိုဖွယ်ကောင်းလှကြောင်း သဘောပေါက်သွားပြီး ချက်ချင်းပြုံးလိုက်မိသည်။

"ဒါပေမဲ့ ကျွန်တော်က ငွေသုံးရတာကို တကယ်ကြိုက်တဲ့လူဆိုတော့ ကျွန်တော့်ရဲ့သုံးစွဲနိုင်တဲ့ပမာဏကိုတော့ ခင်ဗျားကန့်သတ်လို့မရဘူးနော်"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"ဒါပေါ့။ ကျွန်တော်တို့ရဲ့စီမံခန့်ခွဲရေးအသင်းက ခင်ဗျားကို နှစ်ဆယ့်လေးနာရီခုနစ်ရက်ပတ်လုံး ဝန်ဆောင်မှုပေးနေမှာပါ။ ခင်ဗျားသုံးချင်သလောက် သုံးနိုင်ဖို့အတွက် အပြည့်အဝပံ့ပိုးပေးပါ့မယ်"

"ကြားရတာ ဝမ်းသာပါတယ်"

"ပြီးတော့ အတိုးနှုန်းနဲ့ပတ်သက်ပြီးတော့လည်း လုံးဝစိတ်ချထားလို့ရပါတယ်။ ပုံမှန်ဖောက်သည်တွေအတွက်ဆိုရင် လက်ရှိအတိုးနှုန်းက ၀.၂၄%ဖြစ်ပေမဲ့ ခင်ဗျားလိုမျိုး အရေးပါအရာရောက်တဲ့ ဖောက်သည်တွေအတွက်တော့ လက်ရှိအတိုးနှုန်းကို သတ်မှတ်ထားတဲ့နှုန်းထက် ပိုမြင့်အောင်မြှင့်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့စည်းမျဉ်းစည်းကမ်းတွေအရဆိုရင် ကျွန်တော်တို့ဘက်က နှစ်စဉ်အတိုးနှုန်း၇%အထိ တိုးပေးနိုင်ပါတယ်"

အမေရိကန်ဒေါ်လာ ၁၀၀ဘီလီယံကို စနစ်တကျစီမံကိုင်တွယ်နိုင်ပါက ဘဏ်အနေနှင့် ခုနစ်ရာခိုင်နှုန်းကျော်အထိ ဝင်ငွေရနိုင်လေသည်။ ဤသည်မှာ ဟွာရှားဘဏ်ဌာနချုပ်ဥက္ကဋ္ဌနှင့် တိုင်ပင်ပြီးမှ ထွက်လာခဲ့သောရလဒ်ဖြစ်ပြီး သူတို့ဘက်ကလည်း ယခုလိုနှုန်းထားမျိုးပေးဖို့အတွက် မတွန့်ဆုတ်ကြချေ။

"ဘာရယ်။ ၇ရာခိုင်နှုန်းတဲ့လား"

ကျန်းမုန့်လောင်ဟာ ရုတ်တရက်ဆိုသလို ဆိုဖာပေါ်ထိုင်နေရာမှ မတ်တတ်ထရပ်လိုက်ပြီး သူ့မျက်နှာကလည်း မည်းခနဲပင်။

၇ရာခိုင်နှုန်းအတိုးနှင့်ဆိုပါက တစ်နှစ်ကို အမေရိကန်ဒေါ်လာဘီလီယံ၇၀ဖြစ်ပြီး သူ့ဘဏ်စာရင်းထဲကိုလည်း တစ်နေ့လျှင် ဒေါ်လာတစ်ဘီလီယံကျော်အထိ တိုးလာလိမ့်မည်။ ဤသည်မှာ လုံးဝ ဘဏ္ဍာရေးလူသတ်မှုတစ်ခုစစ်စစ်ပင်။

"မစ္စတာကျန်း..ခင်ဗျား ဒီအတိုးနှုန်းကို စိတ်တိုင်းမကျဘူးလား"

ကုန်အန်ရှန်းခမျာ ချက်ချင်းပင် စိတ်တင်းကျပ်သွားရသည်။ တကယ်တမ်းတွင် ၇%အတိုးနှုန်းက ဤငွေပမာဏမှရရှိနိုင်သည့် အလားအလာရှိသောအမြတ်နှင့် ယှဉ်လိုက်လျှင် အလွန်နည်းပါးလှသော်ငြား ဘဏ်ကလည်း ပရဟိတအဖွဲ့တစ်ခု မဟုတ်ချေ။ သူတို့လည်း ငွေပိုရှာချင်သေးသည်သာ။

"တကယ်လို့ ခင်ဗျားဘက်က စိတ်တိုင်းမကျဘူးဆိုရင် ကျွန်တော်တို့ ညှိနှိုင်းလို့ရပါသေးတယ်။ ၈%ဆိုရင်ရော"

ကုအန်ရှန်းက မရဲတရဲမေးလိုက်လေသည်။ သူ နောက်ဆုံးပေးနိုင်သည့်ပမာဏက ယခုနှုန်းထားထက် ပိုမြင့်သော်လည်း တစ်ဆင့်ချင်းစီသွားပြီး စမ်းသပ်ကြည့်ခြင်းက အမြတ်အများဆုံးရနိုင်မည့်နည်းလမ်းပင်။

"၈ရာခိုင်နှုန်းလား"

ကျန်းမုန့်လောင်က စားပွဲကို ရိုက်ချလိုက်သည်။

"ခင်ဗျား ကျွန်တော့်ကို ဒီလောက်များတဲ့အတိုးနှုန်းနဲ့ ပေးမယ်ဆိုရင် ကျွန်တော် ဒီဘဏ်မှာ ငွေအပ်မှာမဟုတ်တော့ဘူး။ ဒီငွေတွေအားလုံးကို ချက်ချင်းထုတ်ပစ်လိုက်တော့မယ်"

……

All Chapters