ငွေဆုံးရှုံးဖို့လွယ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေများရှိလား
Vol. 2 Ch. 23
"ဘာလဲဟ"
ကုအန်ရှန်းခမျာ သူ နားကြားမှားသွားသည်ဟုပင် ထင်လိုက်မိသည်။
ရှေးခေတ်အခါတွေကတည်းက လူတွေဟာ အတိုးနှုန်းနိမ့်သည်ဟုသာ ညည်းညူခဲ့ကြဖူးသည်။ အတိုးနှုန်းမြင့်လွန်းလှသည်ဟု ဘယ်တုန်းကများ ညည်းညူခဲ့ဖူးကြသလဲ။
ကျန်းမုန့်လောင်က ရုတ်တရက်ကြီး စည်းစိမ်အများကြီးကို အမွေရလိုက်သောကြောင့် စိတ်ပိုင်းဆိုင်ရာမတည်မငြိမ်ဖြစ်ကာ ပြိုလဲသွားလေသလား။ ထိုသို့မဟုတ်ပါက သာမန်လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ပိုက်ဆံပိုမလိုချင်ရမှာတဲ့လဲ။
တစ်နှစ်လျှင် ၈%အတိုးနှုန်းမှာ အမေရိကန်ဒေါ်လာ၇ဘီလီယံပင်။ ဟွာရှားရှိ အချမ်းသာဆုံးလူတွေကြားမှာတောင် ၇ဘီလီယံကို ငွေသားအဖြစ်ထုတ်နိုင်သူဟူ၍ ရှိလိမ့်မည်မဟုတ်ပေ။
"ကျွန်တော်ဆိုလိုချင်တာက.. ခင်ဗျား အတိုးနှုန်းကို နည်းနည်းလောက်လျှော့ပေးနိုင်မလား"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"ဒီအနီးအနားက ကျန်းနန်ဘဏ်က ခင်ဗျားတို့ထက် အတိုးနှုန်းပိုနိမ့်တယ်ဆိုတာ အခုမှသတိရတယ်။ ကျွန်တော် အဲဒီမှာပဲ ငွေသွားအပ်ရင်ပိုကောင်းလိမ့်မယ်"
ကျန်းမုန့်လောင်မှာ တစ်နေ့ကို တစ်ဘီလီယံခန့် ကုန်အောင်သုံးဖို့ပင် အခက်တွေ့နေရှာပြီး နောက်တစ်ရက်မနက် အိပ်ရာနိုးလာချိန်မှာ ဤငွေများကို ထိထိရောက်ရောက်သုံးစွဲလိုက်ပြီဖြစ်ကြောင်း တွေ့မြင်ချင်မိသည်။ ဤပိုက်ဆံအားလုံးကို ဘယ်တော့များမှ သူ ကုန်အောင်သုံးနိုင်မလဲ။ သူ ခဏအနားယူဖို့ဆုံးဖြတ်လိုက်တိုင်း သူ့ဘဏ်စာရင်းထဲရှိ ပမာဏက ရက်အနည်းငယ်အတွင်း ပြန်တိုးပွားလာသည်သာ။ ယခုလိုပုံစံမျိုးဖြင့် သူ ဘယ်လိုနေနိုင်လေမလဲ။ သူ့မိဘများကိုယ်တိုင်က မှော်ဆန်လှပါသည်ဟုပြောခဲ့သောကောလိပ်ကို သူ ဘယ်တော့စတင်ဖွင့်လှစ်နိုင်လေမလဲ။
ကုအန်ရှန်းလည်း ချက်ချင်းပင် ရွဲ့တဲ့တဲ့ပြုံးလိုက်မိသည်။ ဘဏ်များဟာ ဖောက်သည်များကိုဆွဲဆောင်ဖို့အတွက် ပိုမိုမြင့်မားသည့်အတိုးနှုန်းကိို ကမ်းလှမ်းပြီး မကြာခဏယှဉ်ပြိုင်တတ်ကြသည်။ အတိုးနှုန်းနည်းပါးခြင်းက ဘယ်အချိန်ကစပြီး ဖောက်သည်များကို ဆွဲဆောင်နိုင်ခဲ့လေသလဲ။ ဤသည်မှာ ဒဏ္ဍာရီလာပြောင်းပြန်လုပ်ဆောင်မှုတစ်ခုလေလား။
"မဟုတ်ဘူးလေ။ မဟုတ်ဘူး။ မစ္စတာကျန်း ကျေးဇူးပြုပြီး နေပါဦး"
ယခုအချိန်မှာ ကုရှန်အန်းအဖို့တော့ ကျန်းမုန့်လောင်က ရူးနေလား၊ မရူးဘူးလားဆိုသည်ကို ဂရုမစိုက်အားပေ။
ဘဏ်က အတိုးနှုန်းလျှော့ပေးရတာကို ပျော်နေရမှာလေ။
"နှစ်စဉ်အတိုးနှုန်း ၄.၂၅%ဆိုရင်ရော။ ဒီလောက်ဆိုရင်တော့ ခင်ဗျားကျေနပ်တယ်မလား"
"ဘာ.. ၄.၂၅%တောင်လား။ ဒါက တစ်နှစ်ကို အတိုးနှုန်း အမေရိကန်ဒေါ်လာ၄ဘီလီယံကျော် ရှိတယ်မဟုတ်လား။ မရဘူး။ ကျွန်တော်အပ်မှာမဟုတ်ဘူး"
"ဒါဆိုရင် ကျွန်တော်တို့ဘက်က အနိမ့်ဆုံးနှစ်စဉ်အတိုးနှုန်း ၀.၂၄%ကို ပေးပါ့မယ်"
ကုရှန်အန်းက အလျင်အမြန်ပြောလိုက်ချေသည်။
သူ ရုံးချုပ်အကြီးအကဲနှင့်ဆွေးနွေးစဉ်က ကမ်းလှမ်းထားသည့်နှုန်းက ၄.၂၅%နဲ့ ၁၀.၇၅%ကြားတွင် ရှိ၏။ ယခု သူ့ဘက်က အနိမ့်ဆုံးနှုန်းထားနှင့် ကမ်းလှမ်းထားပြီးဖြစ်လေရာ ယခုထက်သာ ပိုနိမ့်သွားလျှင် သာမန်ဖောက်သည်များအတွက် သတ်မှတ်ထားသော ပုံမှန်အစုငွေနှုန်းထားသာ ဖြစ်ချေတော့မည်။
သို့သော် ကျန်းမုန့်လောင်၏စိတ်ထဲ ဘာတွေတွေးနေသလဲဆိုသည်ကို သူ နားမလည်နိုင်ပေ။ တစ်နှစ်ကို ၁၀ရာခိုင်နှုန်းအတိုးနှုန်းဆိုသည်မှာ ဘာမှမလုပ်ပါဘဲ ဒေါ်လာဘီလီယံပေါင်းဆယ်နှင့်ချီ၍ ဝင်နေမည်ဖြစ်၏။ ဤသည်မှာ ဆွဲဆောင်မှုမရှိလေဘူးလား။
"၀.၂၄ရာခိုင်နှုန်းလား"
ဤကိန်းဂဏန်းကိုကြားသောအခါ ကျန်းမုန့်လောင်၏အမူအရာက အနည်းငယ်စိတ်အေးသွားပုံရသော်ငြား ဤပမာဏက နေ့စဉ်အတိုးနှုန်းကို ဟွာရှားငွေကြေးလေးသန်းကျော်အထိ ရနေဆဲပင်။
"ဒီထက်ပိုနည်းလို့ရသေးလား"
"ခင်ဗျားက အဲ့ဒါကို များတယ်လို့ထင်နေတုန်းပဲလား"
ကုအန်ရှန်းခမျာ ရူးသွပ်လုနီးနီးဖြစ်နေချေသည်။
"ကျွန်တော်တို့ ဘာအတိုးမှမထားလို့မရဘူးလား။ ဒါမှမဟုတ်ရင်လည်း ကျွန်တော့်ဘက်က အတိုးပြန်ပေးနိုင်ပါတယ်"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"ခင်ဗျားသိလား။ ကျွန်တော့်အတွက် ဒီငွေပမာဏကိုစီမံခန့်ခွဲဖို့ဆိုတာက မလွယ်ကူဘူးလေ။ နေ့တိုင်းကုန်ကျမဲ့ လူအင်အားကုန်ကျစရိတ်ကို ထည့်တွက်ကြည့်လိုက်ပေါ့။ ခင်ဗျားဘက်က ဝန်ဆောင်ခကောက်ခံမယ်ဆိုရင်တောင် ကျွန်တော်လုံးဝကန့်ကွက်မှာမဟုတ်ဘူး။ ကျွန်တော် ခင်ဗျားကို နှစ်ကုန်ဘောနပ်စ်တောင် ပေးနိုင်သေးတယ်"
ထိုစကားကိုကြားသောအခါ ကုအန်ရှန်း အံ့သြသွားရလေသည်။ သူသည် ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်လာခဲ့သော်ငြား ဘဏ်မှာ ငွေအပ်နှံဖို့အတွက် ဝန်ဆောင်ခပေးချင်သူတစ်ဦးရှိကြောင်းကိုတော့ ပထမဆုံးအကြိမ်ကြားဖူးခြင်းပင်။
ဒါက ဘယ်လိုတောင်လက်ဖွာတာလဲ။
"မစ္စတာကျန်း. ကျွန်တော်တို့ တကယ်ပဲ ဒီထက်ထပ်နှိမ့်ပေးလို့မရတော့ပါဘူး။ ၀.၂၄ရာခိုင်နှုန်းက ကျွန်တော်တို့ရဲ့အနိမ့်ဆုံးအတိုးနှုန်းပဲဗျ။ အဲ့ဒါက ဘဏ်ရဲ့ပေါ်လစီလေ။ ကျွန်တော်သာ ကိုယ့်သဘောနဲ့ကိုယ်လျှော့ချလိုက်ရင် အပြစ်ပေးခံရလိမ့်မယ်"
"ဒါဆို ကျွန်တော် သွားရလိမ့်..."
"မစ္စတာကျန်း.. ခင်ဗျား တခြားဘဏ်ကိုသွားရင်တောင် ဒီလိုပဲဖြစ်နေဦးမှာ"
ကုအန်ရှန်းက မဲ့တဲ့တဲ့အပြုံးဖြင့်ပြောလိုက်လေသည်။
"အဲ့လိုလား။ ကဲ.. ဒါဆိုလည်း ခင်ဗျားကိုခက်ခဲအောင် မလုပ်တော့ပါဘူး"
ကျန်းမုန့်လောင်က စိတ်ပျက်စွာပြောလာလေသည်။ ဤအတိုးနှုန်းကိုပါ လျော့နည်းစေဖို့အတွက် သူ၏နေ့စဉ်သုံးစွဲမှုအစီအစဉ်ကို ဟွာရှားငွေကြေး၄သန်းအထိ တိုးမြှင့်ရဟန်တူ၏။
"ဟူး"
အဆုံးမှာတော့ ကုအန်ရှန်းလည်း စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်လေသည်။ သူ့အနေနှင့် ကျန်းမုန့်လောင်နှင့် စကားအများကြီးမပြောခဲ့ရသော်ငြား သူ့ကျောပြင်ကတော့ ချွေးများစိုစိုရွှဲနေလေပြီ။ အစဉ်အလာများကိုမလိုက်နာသူတစ်ယောက်နှင့် ဆက်ဆံရသည်မှာ အလှည့်တိုင်းမှာ သေစေနိုင်လောက်သည့် ထိုးနှက်ချက်ကြီးတစ်ခုပင်။
"ထားလိုက်ပါတော့။ အဲ့ဒါ ငါ့ပိုက်ဆံမှမဟုတ်တာ။ ဘာလို့စိတ်အနှောင့်အယှက်အဖြစ်ခံနေမှာလဲ"
ကုအန်ရှန်းက စိတ်ထဲမှ သူ့ကိုယ်သူနှစ်သိမ့်လိုက်သည်။ သူ့တာဝန်က ဤရန်ပုံငွေများထဲမှ ဘဏ်အတွက်အကျိုးရှိအောင် ဘယ်လိုသုံးစွဲရမလဲဆိုသည်ပင် ဖြစ်၏။ ကျန်တာအားလုံး သူနှင့်မဆိုင်ပေ။
"ဟုတ်သားပဲ။ ခင်ဗျားတို့ဘဏ်မှာ ရင်းနှီးမြှပ်နှံမှုပရောဂျက်တွေအများကြီးရှိမှာပေါ့။ ဟုတ်တယ်မလား"
ကျန်းမုန့်လောင်က ရုတ်ခြည်းအကြံရလိုက်လေသည်။
"ဟုတ်ပါတယ် မစ္စတာကျန်း.. ခင်ဗျားစိတ်ဝင်စားလို့လား"
ကုအန်ရှန်း၏မျက်ဝန်းတို့ တောက်ပသွားရသည်။ ဖောက်သည်ကသာ ထိုပရောဂျက်များတွင် ရင်းနှီးမြှုပ်နှံပါက ဘဏ်၏အမြတ်အစွန်းကလည်း မြင့်မားလိမ့်မည်သာ။ ပုံမှန်အားဖြင့်ဆိုလျှင် ဝန်ထမ်းများက ဖောက်သည်များအား ထိုပရောဂျက်များကို စိတ်ဝင်စားလာအောင် ဖိအားပေးရသော်လည်း ယနေ့မှာမူ စည်းစိမ်နတ်ဘုရားက သူကိုယ်တိုင်စကားလမ်းကြောင်းပေးလာသည်။ သူ မပျော်ဘဲနေပါ့မလား။
ထိုစီမံကိန်းများက ဤမျှများပြားလှသည့် အရင်းအနှီးငွေကို ကိုင်တွယ်နိုင်ပါ့မလားဟုပင် သူတွေးမိသည်။ ပုံမှန်အားဖြင့်ဆိုလျှင် ဤစီမံကိန်းများက သန်းနှင့်ချီသော ဟွာရှားငွေကြေးဖြစ်ပြီး သန်းဆယ်ချီသောစီမံကိန်းများဟာ စီမံကိန်းကြီးများအဖြစ် မှတ်ယူထားပြီးဖြစ်၏။ ကျန်းမုန့်လောင်ကတော့ မရေမတွက်နိုင်အောင်များပြားသည့် ပရောဂျက်များကို သူ့ဘာသာငွေကြေးထောက်ပံ့ထားနိုင်လေသည်။
ဤပရောဂျက်များအားလုံးသာ နေရာတကျဖြစ်သွားလျှင် ယခုနှစ်အတွက် ဘဏ်ဥက္ကဋ္ဌဖြစ်သည့် သူ့ဘောနပ်စ်ကလည်း အလွန်တရာမြင့်မားနေပေတော့မည်ဖြစ်၏။
ထိုအကြောင်းကိုတွေးမိသောအခါ ကုအန်ရှန်းတစ်ယောက် သူ့ပတ်ဝန်းကျင်ရှိလေထုတွင် ငွေရနံ့များ ယှက်သန်းနေသည်ဟု ခံစားလိုက်မိသည်။
ထို့နောက် သူက ထူထပ်လှသော ပရောဂျက်လက်ကမ်းစာစောင်အထပ်လိုက်ကို ဆွဲထုတ်လိုက်သည်။
"ဒါက မကြာခင်ကမှ ကျွန်တော်တို့ဘဏ်ကထုတ်ထားတဲ့ ဘဏ္ဌာရေးထုတ်ကုန်ပါ။ ရင်းနှီးငွေကာကွယ်မှုအတွက် ရာနှုန်းပြည့်အာမခံထားပါတယ်။ နှစ်စဉ်အမြတ်အစွန်းကတော့ ၃.၈%လောက်ပါ"
ကုအန်ရှန်းက ရှင်းပြနေသော်လည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အမြတ်အစွန်းအကြောင်း စကားစရောက်လာသောအခါ သူက ရုတ်တရက်ရပ်တန့်သွားသည်။
ကျန်းမုန့်လောင်က ရှစ်ရာခိုင်နှုန်းစုငွေအတိုးနှုန်းကို ငြင်းပယ်ခဲ့သည်။ ဤ၃.၈%က သူ့အာရုံကို ဆွဲဆောင်လိုက်နိုင်လေသလား။ ပြဿနာကတော့ အမြတ်ငွေက နည်းနေခြင်းမျိုးမဟုတ်ပါဘဲ ဤလူကိုယ်တိုင်က အတိုးကိုလည်း မလိုချင်သလို အမြတ်ငွေကိုလည်း မလိုချင်ရုံသက်သက်သာ။
"ဒီလိုမျိုးအရာတစ်ခုခုကို မေးနေတာဖြစ်နိုင်.."
"မဟုတ်ဘူး။ ကျွန်တော်မေးချင်တာက ဒီလိုရင်းနှီးမြှုပ်နှံမှုထုတ်ကုန်မျိုးမဟုတ်ဘူး"
ကျန်းမုန့်လောင်က ထပ်ဖြည့်ပြောလိုက်သည်။
"ခင်ဗျားတို့ဘဏ်မှာ အမြတ်ငွေရဖို့အတွက် နှစ်ရှည်လများစောင့်ရတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး ဒါမှမဟုတ် ငွေဆုံးရှုံးဖို့အလားအလာပိုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးတွေများ ရှိမလားလို့။ စွန့်စားရလေ ပိုကောင်းလေပဲ"
ဒီလူက အရူးလား။ ကျန်းမုန့်လောင်သာ သာမန်လူတစ်ယောက်ဆိုလျှင် ကုရှန်အန်း ယခုလောက်ဆိုလျှင် ကျိန်ဆဲနေမိလောက်လေပြီ။
ရင်းနှီးမြှုပ်နှံမှု၊ စည်းစိမ်စီမံခန့်ခွဲမှု။ အရာအားလုံးက အမြတ်ငွေပြန်ရဖို့အတွက် အာမခံထားသည့် ကိစ္စရပ်များသာ။ ဘဏ်၏ဘဏ္ဍာရေးထုတ်ကုန်များဟာ ယခုဆိုလျှင် အလွန်တည်ငြိမ်နေပြီဖြစ်၏။ အမြတ်အစွန်းကလည်း အများကြီးမရနိုင်လောက်သော်ငြား အားလုံးနီးပါးက အရင်းငွေကို ရာနှုန်းပြည့်ကာကွယ်မှုပေးနိုင်ရန် အာမခံထားခြင်းပင်။ စွန့်စားမှုကသာ ကြီးလွန်းနေလျှင် သာမန်ဖောက်သည်များက ဤအရာများကို ဘယ်လိုလုပ်ပြီး ဝယ်မှာတဲ့လဲ။ ထိုအစား ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် စတော့ရှယ်ယာများသာ ဝယ်ကြလိမ့်မည်။ စည်းစိမ်စီမံခန့်ခွဲမှုထုတ်ကုန်များကို ဘာလို့ဝယ်တော့မှာလဲ။
ငွေကြေးပိုင်းဆိုင်ရာ ထုတ်ကုန်များအားလုံးဟာ တည်ငြိမ်မှုရှိပြီး ငွေဆုံးရှုံးမှုကလည်း မဖြစ်နိုင်သလောက်ပင်။
"မစ္စတာကျန်း... ကျွန်တော်တို့မှာ ဒီလိုပရောဂျက်မျိုးမရှိပါဘူး"
"ဒီလိုပရောဂျက်တွေ ရှိနိုင်လောက်ပါတယ်"
"ကျွန်တော်တို့မှာ တကယ်မရှိပါဘူး"
"တကယ်လား"
ကျန်းမုန့်လောင်က ထပ်မံအတည်ပြုလိုက်သည်။
"တကယ်ပါ"
"ဒီနေ့ခေတ်မှာ ငွေသုံးဖို့အတွက် ဘာလို့ဒီလောက်တောင်ခက်ခဲရတာလဲ"
ကျန်းမုန့်လောင်က တစ်ကိုယ်တည်းတီးတိုးရေရွတ်လိုက်သည်။
ဘဏ်ဥက္ကဋ္ဌဖြစ်သည့် ကုအန်ရှန်းမှာ ဖောက်သည်များ၏ လိုအပ်ချက်များနှင့် ပတ်သက်လာလျှင် အလွန်တရာအာရုံစိုက်မှုရှိသည်။ ကျန်းမုန့်လောင်က စိတ်ဖောက်ပြားနေခြင်းမဟုတ်ဘဲ ပိုက်ဆံသုံးချင်ရုံသက်သက်ဖြစ်ကြောင်း သူသဘောပေါက်လိုက်သည်။
အခြားသူဌေးလက်သစ်များနည်းတူ သူသည်လည်း ပိုက်ဆံသုံးဖို့သာ စိတ်ကူးရှိဟန်တူသည်။
ရှင်းလင်းနေသည့်အချက်မှာ သာမန်သုံးစွဲမှုပုံစံက ကျန်းမုန့်လောင်ကို စိတ်ကျေနပ်မှုပေးနိုင်တော့ဟန်မတူပေ။ ရွှေဆွဲကြိုးကြီးများ၊ ဇိမ်ခံပစ္စည်းများက သူ့အတွက်တော့ တစ်ရက်တာအတိုးနှုန်း၏ မပြောပလောက်သောငွေနည်းနည်းမျှသာ။ သူလိုချင်နေသည်မှာ သာမန်လူများ အိပ်မက်ပင်မမက်ရဲသည့် ငွေသုံးစွဲမှုမျိုးပင် ဖြစ်၏။ ဤသည်မှာ ချမ်းသာကြွယ်ဝခြင်း၏ပျော်ရွှင်မှု ဖြစ်ဟန်တူ၏။
"မစ္စတာကျန်း... ကျွန်တော်တို့ဆီမှာ ပိုက်ဆံဆုံးရှုံးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုပရောဂျက်တွေမရှိပေမဲ့ ခင်ဗျား ပိုက်ဆံသုံးဖို့နေရာလိုက်ရှာနေတာဆိုရင် ခင်ဗျားကိုစိတ်ကျေနပ်စေနိုင်မဲ့ ပရောဂျက်တချို့ရှိပါတယ်"
"အိုး.. နားထောင်ကြည့်ရအောင်"
ကျန်းမုန့်လောင်လည်း တစ်ဖန်လန်းဆန်းတက်ကြွလာသည်။ ဤသည်မှာ သူရှာနေသောအဖြေဖြစ်နိုင်လေသည်။
"ကမ္ဘာလုံးဆိုင်ရာဗိုင်းရပ်စ်ကြောင့် နိုင်ငံတော်တော်များများက စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်နေရပါတယ်။အထူးသဖြင့် စီးပွားရေးအတွက် ခရီးသွားလုပ်ငန်းကို မှီခိုအားကိုးနေရတဲ့ နိုင်ငံတွေပေါ့။ သူတို့က ပြိုလဲလုနီးပါးအခြေအနေကိုရောက်နေပါတယ်။ အဲ့ဒါကြောင့် နိုင်ငံတချို့ဆိုရင် သူတို့ရဲ့စက်မှုလုပ်ငန်းတချို့ ဒါမှမဟုတ် မြေတွေကိုတောင် စတင်ရောင်းချနေကြပါပြီ။ ခင်ဗျား စိတ်ဝင်စားလား"
"အဲ့ဒါတွေက ဈေးကြီးလား"
ကျန်းမုန့်လောင်က အစမ်းသဘောဖြင့် မေးလိုက်သည်။
"အရမ်းဈေးကြီးပါတယ်"
ကုအန်ရှန်းက ခေါင်းညိတ်ပြလေသည်။
"တကယ်တော့ အဲ့ဒါတွေအားလုံးက ကျွန်တော်တို့ဘဏ်ရဲ့ပရောဂျက်တွေပါပဲ။ ဒါပေမဲ့ စွန့်စားမှုက အရမ်းမြင့်ပါတယ်။ ကျွန်တော်တို့တောင် အဲ့ဒါတွေကို ပေါ့ပေါ့တန်တန်သဘောမထားရဲဘူး။ ဒီရင်းနှီးမြှုပ်နှံမှုကနေ အမြတ်ငွေပြန်ရဖို့ကလည်း တော်တော်ကြာဦးမှာပါ။ ခင်ဗျားစိတ်ဝင်စားတယ်ဆိုရင်...."
"ဟုတ်ပြီ။ ဟုတ်ပြီ။ ဟုတ်ပြီ။ ကျွန်တော်လိုချင်တာ အဲ့ဒါပဲ"
ကျန်းမုန့်လောင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
"မြန်မြန်လေးကြည့်ပါရစေ။ ကျွန်တော့်ခန္ဓာကိုယ်ထဲကစွမ်းအင်တွေကို ဆက်မထိန်းထားနိုင်တော့ဘူး"
……..