ကမ္ဘာကြီးကို ငွေနဲ့ဝယ်နေတာလား
Vol. 2 Ch. 24
"မစ္စတာကျန်း.. ကြည့်ကြည့်လိုက်ပါ။ ဒါက ဘရစ်ဇ်နိုင်ငံက ထုတ်ရောင်းချင်နေတဲ့ ပိုင်ဆိုင်မှုနဲ့နယ်မြေတွေပါ"
ကုအန်ရှန်းက ကျန်းမုန့်လောင်ရှေ့တွင် မြေပုံတစ်ချပ်ကို ချလိုက်သည်။
ဘရစ်ဇ်နိုင်ငံဟာ မြေဧရိယာစတုရန်းကီလိုမီတာ၁၀၀၀၀၀ရှိသော နိုင်ငံငယ်တစ်ခုဖြစ်ပြီး လူဦးရေလည်း နည်းပါးကာ စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးကလည်း ကောင်းစွာဖွံ့ဖြိုးတိုးတက်ခြင်းမရှိပေ။ သို့သော် ကောင်းမွန်သည့်ပထဝီအနေအထားကြောင့် ရှုခင်းလှပတင့်တယ်သောနေရာများစွာ ရှိသည်။
ရှုခင်းသာယာလှပသော ဤဒေသတစ်ခုချင်းစီဟာ ခရီးသွားလုပ်ငန်းမှတစ်ဆင့် နှစ်စဉ်နှစ်တိုင်း များပြားလှသောဝင်ငွေကို ယူဆောင်လာနိုင်ပြီး နိုင်ငံသားအများစုကလည်း ခရီးသွားလုပ်ငန်းတွင် လုပ်ကိုင်နေကြခြင်းပင်။ ယခင်က ဆင်းရဲခဲ့ဖူးသည့် နိုင်ငံတစ်ခုဟာ ကြွယ်ဝလှသော ဤခရီးသွားအရင်းအမြစ်များကြောင့် နှစ်အနည်းငယ်အတွင်း ကြွယ်ဝချမ်းသာလာခဲ့ခြင်းဖြစ်၏။
သို့သော် ဗိုင်းရပ်စ်၏နှောင့်ယှက်မှုကြောင့် ကမ္ဘာ့လေကြောင်းခရီးစဉ်အများစုဟာ တစ်နှစ်တာလုံးနီးပါး ရပ်ဆိုင်းထားခဲ့ကြရသည်။ ခရီးသွားဖို့ပင် မဆိုထားနှင့်။ လူအတော်များများဆိုလျှင် သူတို့မြို့ထဲကပင် မထွက်နိုင်ကြပေ။
ဤအဖြစ်မှာ ရုတ်ခြည်းဆိုသလိုပင် နိုင်ငံ့အပေါ် ပြည်လုံးကျွတ်အကျပ်အတည်းတစ်ခု ဖြစ်ပေါ်စေခဲ့သည်။
တစ်နှစ်ခွဲကျော်မျှ ဝင်ငွေမရှိတော့သည့်အတွက် လူထုတင်မကဘဲ နိုင်ငံ့စီးပွားရေးပင် အခြေမခိုင်တော့ပေ။ ယခုအချိန်တွင် နိုင်ငံတကာခရီးစဉ်များ ပြန်လည်စတင်လာပြီဖြစ်သော်ငြား ခရီးသွားအများစုက သတိထားနေဆဲဖြစ်ပြီးခရီးသွားဖို့ မစွန့်စားလိုကြပေ။
သူတို့အတွက်တော့ ဤဧည့်သည်ဝင်ထွက်မှုလေးဟာ ရေပုံးထဲက ရေစက်လေးတစ်စက်အလားပင်။
နိုင်ငံတကာအကူအညီရဖို့အတွက်ကတော့ နိုင်ငံအများအပြားက ယခင်ကထက် ပိုအခြအနေဆိုးဝါးသွားကုန်ပြီဖြစ်ရာ အကူအညီရဖို့မှာ ဝေးသည်ထက်ဝေးသွားလေပြီ။
သူတို့လည်း ကြံရာမရဖြစ်ကာ သူတို့၏ရှုမျှော်ခင်းဧရိယာများထဲမှ နှစ်ခုဖြစ်သည့် အော်ရိုရာကမ်းခြေနှင့် ဘာမန်ဇီတောင်တန်းတို့ကို ရောင်းထုတ်ဖို့အတွက် နာနာကျင်ကျင်ဖြင့်သာ ဆုံးဖြတ်ချက်ချခဲ့သည်။
"ကျစ် ကျစ် ကျစ်.. ဒီလောက်လှတဲ့နေရာလေးကို"
ဘရစ်ဇ်နိုင်ငံဟာ အာတိတ်စက်ဝိုင်းအတွင်းမှာ တည်ရှိပြီး နှစ်စဉ်နှစ်တိုင်း ဥတ္တရအလင်းတန်းများကို မြင်တွေ့ခံစားနိုင်လေသည်။ အဆုံးမဲ့သဲသောင်ဖြူကမ်းခြေများနှင့် လှပလွန်းသော ဥတ္တရအလင်းတန်းများကို ပေါင်းစပ်လိုက်ပါက ကျန်းမုန့်လောင်အား ဓာတ်ပုံတချို့ကိုကြည့်ရုံနှင့် တောင့်တမက်မောစေနိုင်သည့် ကမ္ဘာ့အဆင့်ရှုခင်းများဖြစ်ကြောင်း သံသယဝင်နေရန်ပင် မလိုအပ်ချေ။
"သူတို့က ဒီနေရာကို တကယ်ရောင်းမှာလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"ဟုတ်ပါတယ်။ ခရီးသွားတွေမရှိတော့လို့ သူတို့ရဲ့စီးပွားရေးကလည်း ရပ်တန့်သွားခဲ့ပြီး ဗိုင်းရပ်စ်က လူအင်အားနဲ့ စွမ်းအင်အရင်းအမြစ်တွေအများကြီးကို ကုန်ခန်းစေခဲ့တယ်လေ။ သူတို့မှာသာ တခြားရွေးချယ်စရာရှိမယ်ဆိုရင် ဘာလို့ ကိုယ်ပိုင်နယ်မြေကိုရောင်းထုတ်ဖို့ စဉ်းစားမှာတဲ့လဲ"
"ဘယ်လောက်လဲ"
"ဘယ်လောက်လဲ"
ဤမေးခွန်းက ကုအန်ရှန်းအား တုံ့ဆိုင်းသွားစေသည်။
ကျန်းမုန့်လောင်က စျေးထဲမှာ ဟင်းသီးဟင်းရွက်စျေးကိုမေးမြန်းနေသလိုမျိုး လာမေးနေတယ်လို့ သူ ဘာလို့ခံစားမိနေတာလဲ။ ဒါက နိုင်ငံတစ်နိုင်ငံရဲ့နယ်မြေတစ်ခုလေ။ သူ ဒီထက်ပိုပြီး လေးလေးနက်နက်နေပေးသင့်တယ်မဟုတ်ဘူးလား။
"မစ္စတာကျန်းက ဒီနေရာကို သတ်မှတ်ကာလတစ်ခုအတွက် အသုံးပြုခွင့်လိုချင်တာလား။ ဒါမှမဟုတ် လုံးဝဝယ်ယူခွင့်ကိုရချင်တာလား"
"တောင်းပန်ပါတယ်။ ကျွန်တော် မြေဝယ်ဖူးတာ ဒါက ပထမဆုံးအကြိမ်ပဲဗျ။ အဲ့ဒါကြောင့် ကျွန်တော့်မှာ ဘာအတွေ့အကြုံမှမရှိဘူး"
ကျန်းမုန့်လောင် နည်းနည်းရှက်သွားရသည်။ သူ့ဘိုးဘေးများဟာ နယ်မြေဝယ်ယူရေးကိစ္စမှာ ကျွမ်းကျင်သူများဖြစ်ဟန်တူပြီး သူကတော့ဖြင့် ဘာတစ်ခုမှမသိသည်မှာ အလွန်ကသိကအောက်ဖြစ်ဖွယ်ကောင်းလှသည်။
"ဘရစ်ဇ်နိုင်ငံက ဈေးနှစ်မျိုးသတ်မှတ်ထားပါတယ်။ အော်ရိုရာကမ်းခြေအတွက်ဆိုရင် ခင်ဗျားအနေနဲ့ နှစ်၁၀၀ကြာအသုံးပြုခွင့်ဝယ်ယူဖို့ ရွေးချယ်နိုင်ပါတယ်။ အဲဒီနှစ်၁၀၀အတွင်းမှာ ကမ်းခြေက ခင်ဗျားရဲ့ကိုယ်ပိုင်နယ်မြေပါပဲ။ အဲ့ဒီကမ်းခြေကို ခင်ဗျားလုပ်ချင်တာမှန်သမျှလုပ်နိုင်ပြီး ခရီးသွားလုပ်ငန်းစီမံကိန်းတစ်ခု ဖန်တီးချင်တယ်ဆိုရင်လည်း စည်းမျဉ်းတွေအရ အခွန်ပေးဆောင်နေသရွေ့ လုပ်ဆောင်နိုင်ပါတယ်။ စျေးနှုန်းကတော့ သန်း၁၅၀ပါ"
"ယူရိုနဲ့လား"
"ဟွာရှားငွေကြေးနဲ့ပါ"
ကုအန်ရှန်းက ပြောလိုက်သည်။
"အိုး.. ဒီလောက်တောင်စျေးပေါတာလား"
အစတုန်းကတော့ ကျန်းမုန့်လောင်ဟာ အနည်းငယ်မျှ စိတ်လှုပ်ရှားနေခဲ့သည်။ ဤပမာဏကိုကြားချိန်မှာတော့ သူဟာ သူ့မျက်နှာအမူအရာကို စာအုပ်တစ်အုပ်လှန်ပစ်တာထက် ပိုမြန်သောအရှိန်ဖြင့် ပြောင်းလဲလိုက်သည်။
"အမြဲတမ်းသုံးစွဲခွင့်ကရော"
"အဲဒါက ပိုပြီးတော့တောင်စျေးကြီးမှာပါ"
"ဒါဆို ကျွန်တော် အော်ရိုရာကမ်းခြေအမြဲတမ်းသုံးစွဲခွင့်ကိုပဲ ယူလိုက်မယ်"
ကျန်းမုန့်လောင်က နှစ်ခါပြန်မစဉ်းစားဘဲ ပြောလိုက်သည်။
"ဟင်.. စျေးနှုန်းကိုမပြောပြရသေးဘူးလေ"
ကုအန်ရှန်းမှာ ယနေ့အဖို့ ကျန်းမုန့်လောင်ပေးသောထိတ်လန့်မှုများကြောင့် လုံးဝအားကုန်နေလေပြီ။။ ဤထိပ်တန်းလုပ်ငန်းရှင်များ၏လုပ်ဆောင်မှုများဟာ သူနားမလည်နိုင်သည့်အတိုင်းအတာမှာ ရှိနေလေ၏။
"အမြဲတမ်းသုံးစွဲပိုင်ခွင့်အတွက် ဈေးနှုန်းကတော့ ၂.၀၂၇ ဘီလီယံပါ"
"ယူရိုနဲ့လား"
"ဟွာရှားငွေကြေးနဲ့ပါပဲ"
"သေစမ်းကွာ...ကျွန်တော်က ဒါကို ပိုစျေးကြီးမယ်လို့ထင်ခဲ့မိတာ"
ထိုမျှသုံးပြီးတာတောင် အမေရိကန်ဒေါ်လာသန်းသုံးရာမျှသာ ရှိသေးသည်။ သူ့နှစ်စဉ်အတိုးကိုပင် မကာမိချေ။
"မစ္စတာကျန်း..ဒီကမ်းခြေက တကယ်လှတယ်ဆိုပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် စျေးက နည်းနည်းတော့ကြီးတယ်။ ခင်ဗျား ပြန်စဉ်းစားချင်သေးလား"
"စဉ်းစားနေစရာမလိုဘူး။ သူတို့စီးပွားရေးကို ကူညီတယ်လို့ပဲ သဘောထားလိုက်ပေါ့"
ကျန်းမုန့်လောင် ဆက်ပြောလိုက်သည်။
"အဲ့ဒီတောင်ကရော"
"ဘာမန်ဇီတောင်အတွက် စျေးနှုန်းကတော့ ဟွာရှားငွေကြေးနဲ့ ၁.၅၇ဘီလီယံဖြစ်ပါတယ်။"
ထိုအချိန်မှာပင် ကုအန်ရှန်းသဘောပေါက်လိုက်လေသည်။ ဤသည်မှာ ချမ်းသာကြွယ်ဝခြင်းနတ်ဘုရားသက်သက်မဟုတ်ပေ။ ငွေကိုရေလိုသုံးစွဲနိုင်ခြင်းသာ။ ဘီလီယံငွေကြေးပမာဏလောက်က ပြောပလောက်စရာပင် မဟုတ်တော့ပေ။ ထိုစကားကို ထုတ်ပြောရန်ပင် သူ ရှက်မိသည်။
"ဒါဆို ကျွန်တော် အဲ့ဒါလည်းယူလိုက်မယ်။ တခြားဘာရှိသေးလဲ"
"မစ္စတာကျန်း ဘရစ်ဇ်နိုင်ငံကရောင်းမဲ့မြေကတော့ ဒီလောက်ပါပဲ။ အဲ့ဒါတွေအပြင် သူတို့မှာ စိန်မိုင်းတွင်းအသေးလေးတစ်ခုလည်း ရောင်းဖို့ရှိပါသေးတယ်"
"စိန်မိုင်းတွင်းလား။ ကျွန်တော်သဘောကျတယ်။ ဘယ်လောက်လဲ"
"ဟွာရှားငွေကြေးနဲ့သန်း၅၂၀ပါ"
"ချရေးထားလိုက်။ ချရေးထားလိုက်။ ကျွန်တော် အဲ့ဒါကိုလည်း လိုချင်တယ်။ တခြားဘာရှိသေးလဲ"
"အဲ.. ဘရစ်ဇ်နိုင်ငံက အခုလောလောဆယ်တော့ ဒီလောက်ပါပဲ"
ကုအန်ရှန်း တွေးလိုက်မိသည်။ နိုင်ငံဟာ ကြီးမားလွန်းလှသဖြင့် ကြံရာမရဖြစ်ကာ ဤပိုင်ဆိုင်မှုများကို ထုတ်ရောင်းခဲ့ရခြင်းပင်။ သူတို့သာ ထပ်ရောင်းနေပါက နိုင်ငံနှင့်ရင်းပြီး စွန့်စားရပေလိမ့်မည်။
ဘရစ်ဇ်နိုင်ငံဘက်က ရောင်းချဖို့အတွက် ဆန္ဒရှိနေသရွေ့ ကျန်းမုန့်လောင်ကလည်း ဝယ်ချင်နေလိမ့်မည်ဖြစ်ကြောင်း သူ အခိုင်အမာယုံကြည်ထားသည်။ ထိုစဉ်တုန်းက ဂျန်ဂစ်ခန်းရ်သာ ဤမျှများပြားသောငွေပမာဏမျိုးရှိခဲ့ပါက ကမ္ဘာကြီးကိုသိမ်းပိုက်ဖို့အတွက် မွန်ဂိုလီးယားသံချပ်ကာယန္တရားတပ်ကို စေလွှတ်ဖို့လိုအပ်လိမ့်မည်မဟုတ်ပေ။ ကျန်းမုန့်လောင်၏ဦးဆောင်မှုနောက်ကလိုက်ပါပြီး ငွေနှင့်အနိုင်ပိုင်းလိုက်လျှင် ကိစ္စပြတ်နေလေပြီ။
"ဒါပဲလား"
"အဲ.. တခြားနိုင်ငံတွေကဟာတွေလည်း ရှိပါသေးတယ်။ ကြည့်ကြည့်မလား"
"စုစုပေါင်းဘယ်လောက်ရှိသလဲဆိုတာသာ ပြောလိုက်ပါ။ ကျွန်တော် အကုန်ယူမယ်"
"အဟွတ် အဟွတ် အဟွတ်"
ကုအန်ရှန်းခမျာ သွေးတစ်ပွက်စာမျှ အန်ထုတ်မိတော့မတတ်ပင်။
သူက သူ့လက်ထဲရှိစာရွက်စာတမ်းများကို စုစည်းလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်သည်။
"မစ္စတာကျန်း... အခုလောလောဆယ်မှာ ကျွန်တော်တို့ဘဏ်က ကျွန်း၁၂ကျွန်း၊ သဘာဝရှုခင်းဧရိယာ၇ခုနဲ့ စွမ်းအင်စက်ရုံ၄ခုကို ကိုင်တွယ်စီမံနေရတာပါ။ စုစုပေါင်းဆိုရင် ဟွာရှားငွေကြေး၁၀.၇၂ဘီလီယံရှိပါတယ်'
"မရှိတာထက်စာရင်တော့ ကောင်းပါတယ်လေ။ ကျွန်တော် အကုန်ယူမယ်"
"အကုန်လား"
ကုအန်ရှန်းလည်း အစောပိုင်းတုန်းက ဤဖြစ်နိုင်ခြေကို တွေးထားခဲ့သော်ငြား ကျန်းမုန့်လောင်၏နောက်ဆုံးအဆုံးအဖြတ်ကို ကြားလိုက်ရသည့်အခါမှာ မထိတ်လန့်ဘဲမနေနိုင်ချေ။
သို့သော် ကျန်းမုန့်လောင်အပ်ထားသည့် အမေရိကန်ဒေါ်လာ၁၀၀ဘီလီယံနှင့်ယှဉ်ကြည့်လိုက်ပါက ထိုလုပ်ငန်းအားလုံးကိုပေါင်းလိုက်လျှင်ပင် အမေရိကန်ဒေါ်လာ၂၀ဘီလီယံမျှပင် မရှိချေ။ ဤပမာဏမှာ သူ ကျန်းမုန့်လောင်ကို အစောပိုင်းက ကမ်းလှမ်းထားသည့် တစ်နှစ်စာအတိုးနှုန်းကိုပင် မမီပေ။ သူက ထိုပမာဏကို မျက်တောင်ပင်မခတ်ဘဲ သုံးလိုက်ခြင်းပင်။
"ဟုန်းရီ.. ဒီကိစ္စကို မင်းနဲ့အပ်ထားခဲ့လိုက်မယ်နော်"
ကျန်းမုန့်လောင်က သူ့နံဘေးရှိ ဟုန်းရီကိုပြောလိုက်သည်။
"နောက်ပိုင်း ဘာအငြင်းပွားစရာမှမရှိအောင် လက်မှတ်မထိုးခင်မှာ စာချုပ်တွေကို အရင်စစ်ဆေးကြည့်လိုက်"
"စိတ်ချပါ မစ္စတာကျန်း..ထန်ရွှင်းက တစ်ခါမှအရှုံးမရှိခဲ့ဖူးတဲ့ နန်ရှန်းPizza Hutက ရှင့်ရဲ့ရှေ့နေဟောင်းဦးစီးနေတဲ့ အငြိမ်းစားပရောဂျက်တွေထဲကတစ်ခုပါ။ ဒီလောက်ကတော့ အသေးအဖွဲပါပဲ"
"သောက်ကျိုးနည်း.. ငါက အဲ့လောက်တောင်အံ့သြဖို့ကောင်းတာပဲလား"
ကျန်းမုန့်လောင်က "နန်ရှန်းPizza Hut"၏ နာမည်ကျော်ကြားမှုနှင့် ရင်းနှီးထားပြီးဖြစ်လေရာ ၎င်း၏တည်ထောင်သူက သူ့အတွက် အလုပ်လုပ်ပေးခဲ့ဖူးကြောင်း သိလိုက်ရသောအခါ အံ့အားသင့်သွားရသည်။
"စကားမစပ် မကြာခင်ပြုလုပ်မဲ့ နိုင်ငံတော်ဆောက်လုပ်ရေးစီမံကိန်းတွေရှိလား။ ခေတ်မီလူငယ်တစ်ယောက်အနေနဲ့ ဒါက ငါ့တာဝန်လို့မြင်တယ်။ ငွေကုန်တာဖြစ်ဖြစ် မကုန်တာပဲဖြစ်ဖြစ် အရေးမကြီးဘူး။ အရေးကြီးတာက မျိုးချစ်စိတ်ပဲ.."
"မစ္စတာကျန်း.. ကျွန်တော်တို့ဘဏ်မှာတော့ ဒီစီမံကိန်းတွေအားလုံးက အမြတ်ရပါတယ်။ ဒီတော့ ခင်ဗျားအနေနဲ့ ဆောက်လုပ်ရေးစီမံကိန်းတွေ လုပ်ချင်တယ်ဆိုရင် လေလံဆွဲရမှာပါ။ အဲ့ဒါမျိုးကိုတော့ ကျွန်တော်တို့ လုပ်ပေးလို့မရဘူးဗျ"
ကုအန်ရှန်းခမျာ ကျန်းမုန့်လောင်က သူ့ပိုက်ဆံကို နိုင်ငံတော်စီမံကိန်းများတွင် သုံးစွဲဖို့ စဉ်းစားထားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
"အင်း။ ဒီနေ့အတွက်တော့ ဒီလောက်ပဲ။ ကျွန်တော် သွားတော့မယ်"
ငွေသုံးဖို့ အခွင့်အလမ်းမရှိတော့သည့်အတွက် ကျန်းမုန့်လောင်လည်း ဆက်နေဖို့စိတ်မဝင်စားတော့ပေ။ သူ တစ်ချီတည်းနှင့် ဒေါ်လာဘီလီယံနှင့်ချီပြီး သုံးခဲ့သည်။ ဤသည်မှာ အပြင်ထွက်ရကျိုးနပ်သည်ဟု သတ်မှတ်နိုင်သည်မဟုတ်လား။
"ဟုန်းရီ.. ငါ့အတွက်စောင့်ကြည့်ပေးထားဦ။ အာတိတ် ဒါမှမဟုတ် အန္တာတိကတိုက်က ရေခဲစိုင်တွေရွှေ့ပြောင်းတာမျိုး ဒါမှမဟုတ် ကုန်းပေါ်ရေကူးကိရိယာလိုမျိုးတစ်ခုခုရှိလာခဲ့ရင် ငါ ကျန်းမုန့်လောင်က ငွေကြေးထောက်ပံ့ပေးမယ်"
"ခွီး"
ဟုန်းရီမှာ မရယ်ဘဲမနေနိုင်တော့ပေ။
"ဆရာ.. ရှင်က ဝမ်တာ့ယွီရဲ့လမ်းစဉ်တွေလိုက်နေတာလား"
"တကယ့်လက်တွေ့ဘဝမှာ ဒီလိုကိစ္စတွေက ငါ့အတွက် ငွေဝင်အောင်လုပ်ပေးလိမ့်မယ်ဆိုတာ ငါမယုံဘူးလေ"
ကျန်းမုန့်လောင်က ထိုကဲ့သို့သောပေါက်ကရများကို မယုံကြည်ပေ။
"မစ္စတာကျန်း ဖုန်းဝင်နေပါတယ်။ ရှင် ဖုန်းပြန်ဖြေချင်ပါသလား"
ဟုန်းရီက တုန်ခါနေသော ကျန်းမုန့်လောင်၏အိတ်ကပ်ကို လက်ညှိုးထိုးပြလိုက်သည်။
"ဟယ်လို မုန့်လောင်.. မင်း မက်ဆေ့ချ်ကိုဖတ်ပြီးပြီလား"
အခန်းဖော်ရှုလီ၏အသံက ဖုန်းထဲမှထွက်ပေါ်လာသည်။
"ဟမ် မက်ဆေ့ချ်လား။ ဘာမက်ဆေ့ချ်လဲ"
ကျန်းမုန့်လောင် ဘာမှမသိပေ။
"ငါတို့အတန်းဂရုချက်ကို ကြည့်လိုက်။ လုရှုချောင်ကပြောတယ်။ မကြာခင် အကုန်လုံး အလုပ်သင်ဆင်းကြတော့မှာဆိုတော့ နောက်ပိုင်းကျရင် တွေ့ဖို့ခက်သွားပြီတဲ့။ အဲ့ဒါကြောင့် သူက အမျိုးသားနေ့ပိတ်ရက်ပြီးရင် တစ်ခါလောက်လူစုကြစို့တဲ့လေ။ သူ မကြာသေးခင်ကပဲ Unicornနည်းပညာကနေ အလုပ်ရထားတယ်ဆိုတာ မသိတဲ့လူရှိလို့လား။ တွေ့ဆုံပွဲကိုအကြောင်းပြပြီး သက်သက်ကြွားမလို့ဆိုတာ အသိသာကြီးပဲ"
"ဒါဆိုလည်းသွားကြတာပေါ့။ ဘာကြောက်နေစရာရှိလဲ"
ကျန်းမုန့်လောင် တခစ်ခစ်ရယ်လိုက်သည်။
စည်းစိမ်ချမ်းသာကို ကြွားဝါသည့်ကိစ္စနှင့် ပတ်သက်လာပါက အူချီချာမာဒရာပင်လျှင် သူ့အား အသန်မာဆုံးဟု သတ်မှတ်ရပေလိမ့်မည်။
…….