အိမ်ရှေ့မှာ ဓာတ်ဆီဆိုင်ဖွင့်လိုက်ကြတာပေါ့
Vol. 2 Ch. 25
"ကျန်းမုန့်လောင်.. မင်း ရူးသွားပြီလား။ လုရှုချောင်က လေလုံးထွားတဲ့နေရာမှာ နာမည်ကြီးတယ်ဆိုတာ မင်းမသိဘူးလား"
"ငါသိတယ်"
ကျန်းမုန့်လောင်က ရယ်လိုက်ချေသည်။
"ဒါပေမဲ့ သူက တကယ်လည်းအရည်အချင်းရှိတယ်လေ။ သူက ပထမနှစ်ကတည်းက ကျောင်းရဲ့စကားရည်လုပွဲခေါင်းဆောင်ဖြစ်လာခဲ့တာ။ ပြီးတော့ ဂျူနီယာနှစ်ထဲမှာပဲ ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့အတွက် စတင်ပြင်ဆင်ခဲ့တယ်လေ။ သူက နည်းနည်းတော့စိတ်ရှုပ်ဖို့ကောင်းပေမဲ့ ဒီလိုလူစားမျိုးက လူ့အသိုင်းအဝိုင်းမှာ တော်တော်ဝင်ဆန့်တယ်လေ"
"ဒီနှစ်ထဲမှာ Unicornနည်းပညာက အကျိုးခံစားခွင့်တွေက နောက်တစ်ဆင့်အထိ တိုးတက်လာပြီလို့ကြားထားတယ်။ အောက်ခြေရာထူးလေးတွေကတောင် နှစ်စဉ်ဝင်ငွေ၂၅၀၀၀၀ကျော်တယ်။ သိရသလောက်ဆိုရင် လုရှုချောင်က ကံကောင်းတယ်လို့ပြောရမယ်။ အကြီးတန်းအလုပ်အမှုဆောင်တစ်ယောက်က သူ့ကိုသဘောကျသွားပြီး နှစ်စဉ်ဝင်ငွေ၈၀၀၀၀၀နဲ့ ချက်ချင်းကမ်းလှမ်းခဲ့တာတဲ့"
"အဲ့လောက်တောင် အထင်ကြီးဖို့ကောင်းတာလား"
ကျန်းမုန့်လောင်လည်း အံ့သြသွားရသည်။ ဘွဲ့ကြိုကျောင်းသားများအဖို့တော့ နှစ်စဉ်ဝင်ငွေ၈၀၀၀၀၀ဆိုသည်မှာ ကြောက်မက်ဖွယ်ရာကိန်းဂဏန်းကြီးပင်။ အချိန်ပိုင်းအလုပ်များကိုသာ မှီခိုနေရသည့် လူအများစုဆိုလျှင် တစ်သက်လုံးပိုက်ဆံရှာလျှင်ပင် ယခုလိုဝင်ငွေမျိုးရနိုင်မည်မဟုတ်။
"သူက ဒီညစာစားပွဲကို ကြွားချင်ရုံသက်သက် စီစဉ်တယ်ဆိုတာ အသိသာချည်းပဲ။ အခုအထိ အလုပ်တစ်ခုတောင်မရသေးတဲ့ ငါတို့အတွက်တော့ သက်သက်ဒုက္ခရှာနေတာနဲ့မတူဘူးလား"
"အဲ့ဒါက သက်သက်မနာလိုနေတာပဲ"
ကျန်းမုန့်လောင်က မှတ်ချက်ပေးလိုက်ချေသည်။
"မင်းရော မနာလိုမဖြစ်ဘူးလား"
ရှုလီက မရိုးသားသော စိတ်ဓာတ်ရှိသူတစ်ယောက် မဟုတ်ချေ။
"ရှောက်ပင်ပေါ်မှာ ရှောက်သီးတွေရှိတယ်။ မင်းနဲ့ငါက ရှောက်ပင်အောက်မှာ။ မမေ့နဲ့နော်။ မင်းတို့နှစ်ယောက်က "ထူးချွန်ကျောင်းသား"ဆုအတွက် ယှဉ်ပြိုင်ခဲ့ကြပြီး မင်းက သူ့ကို အနိုင်ပိုင်းပစ်ခဲ့တာလေ။ ဒီတစ်ခေါက်တော့ သူက မင်းကို ပြန်လက်စားချေဖို့ ကြိုးစားနေမှာပဲ"
လုရှုချောင်က ကလပ်တွေမှာ အချိန်အများကြီးကုန်ဆုံးပြီး ကိုယ်ပိုင်စီးပွားရေးစတင်ခဲ့သော်ငြား ပညာရေးကိုမူ လျစ်လျူရှုထားခဲ့သည်။ ကျန်းမုန့်လောင်က စာမေးပွဲနီးမှ အသည်းအသန်လေ့လာနိုင်သည့်အစွမ်းကိုမှီခို၍ "ထူးချွန်ကျောင်းသား"ဆုကို လုရှုချောင်ဆီမှ လုယူခဲ့သည်။ ထို့ကြောင့် လုရှုချောင်ထံမှ အထင်သေးစက်ဆုပ်လေဟန်အကြည့်များကို လက်ခံရရှိခဲ့သည်။
"အဲ့ဒီဆုလက်မှတ်က အလကားပါကွာ။ ဘာအသုံးဝင်လို့လဲ"
ကျန်းမုန့်လောင်က ဤအရာအားလုံးကို နားလည်သဘောပေါက်ထားသည်။ လူ့အဖွဲ့အစည်းထဲတွင် ကျောင်းမှရထားသည့် ဤဂုဏ်ထူးဂုဏ်ပုဒ်များဟာ အရေးမပါလှချေ။ ထိုစီးပွားရေးဆိုင်ရာHRများ၏အမြင်မှာ ထူးချွန်ဆုရကျောင်းသားတစ်ယောက်က အလုပ်သင်အတွေ့အကြုံရှိသည့် ကျောင်းသားတစ်ယောက်ထက် လူကြိုက်နည်းလေသည်။ ဤသည်မှာ လူ့အဖွဲ့အစည်း၏လက်တွေ့အမှန်တရားပင်။
"မင်းပြောတာထိတယ်ကွာ"
"ငါ့ကောင်ရ.. ငါက ဒေါ်လာဘီလီယံနဲ့ချီတဲ့စည်းစိမ်တွေကို အမွေဆက်ခံထားရမှတော့ အဲ့ဒီလိုအရာတွေကို ဂရုစိုက်နေဦးမှာတဲ့လား"
ကျန်းမုန့်လောင်က အမှုမထားဟန်ဖြင့် ပြောလိုက်လေသည်။
"မင်း ဒီအိပ်မက်ကနေ မနိုးထနိုင်သေးဘူးလား"
ရှုလီက ရယ်သည်။
"ကောင်းပြီလေ။ မင်းက ဒေါ်လာဘီလီယံနဲ့ချီတဲ့စည်းစိမ်တွေကို ဆက်ခံထားတာမလား။ မင်းမှာ အစွမ်းရှိရင် ငါတို့ကို တစ်ခုခုထုတ်ပြလေ"
"ရတာပေါ့။ ဒါပေမဲ့ မင်း ကြိုတင်ပြီး ဆရာဝန်တစ်ယောက်ရှာထားတာ ပိုကောင်းမယ်။ ဘာလို့လဲဆိုတော့ မင်းရဲ့နှလုံးသားလေးက ထိတ်လန့်မှုကိုဒဏ်မခံနိုင်ဘဲ ကယ်ဆယ်ကုသမှုကို လိုအပ်နေမှာစိုးမိတယ်ကွာ"
"ဟားဟားဟား မင်းကတော့ ရူးအောင်လာလုပ်နေတာပဲ"
ရှုလီက ကျန်းမုန့်လောင်၏စကားကို အလေးအနက်မထားသည်မှာ သိသာလှ၏။
"မင်းလည်းသွားမှာဆိုတော့ အကုန်သွားကြတာပေါ့။ သူပြောတာတော့ တကယ်မှန်တယ်။ ငါတို့တွေအတူတွေ့ရမဲ့အခွင့်အရေးက နည်းသွားတော့မှာ။ ငါတို့မှာ အချိန်ရှိတုန်းလေး တန်ဖိုးထားလိုက်ကြရအောင်"
"စကားမစပ် တခြားအတန်းဖော်တွေကရော"
ကျန်းမုန့်လောင်က မေးလိုက်လေသည်။
"အဲ့ဒီကောင်တွေလား။ မေးမနေပါနဲ့ကွာ။ သူတို့က ကုန်းဆင်းရမဲ့ ဒီလိုအခွင့်အရေးမျိုးကို လက်လွတ်ခံမှာတဲ့လား။ မင်းလည်း ကောင်းကောင်းသိသားပဲ။ ငါတို့အတန်းဖော်တွေက.. စကားနဲ့ဖော်ပြဖို့တောင်ခက်တယ်လေ။ မင်း စောင့်ကြည့်နေလိုက်။ ကပ်ဖားလျက်ဖားမြင်ကွင်းကြီးတစ်ခုကို တွေ့ရတော့မှာ"
ရှုလီက သူတို့၏အတန်းဖော်များအကြောင်း တွေးမိပြီး အထင်သေးစက်ဆုပ်ဟန်ဖြင့် သရော်လိုက်သည်။
"ကဲပါလေ လက်တွေ့ဆန်ကြရအောင်ပါ။ လူ့အဖွဲ့အစည်းကြီးက ဘွဲ့ရပြီးသွားတဲ့နောက်မှာ တော်တော်လေးလက်တွေ့ဆန်တဲ့အမျိုးလေကွာ။ လုရှုချောင်က သူတို့ကိုကူညီပေးနိုင်ချင်လည်း ကူညီပေးနိုင်မှာပေါ့"
"ထားလိုက်ပါတော့။ ကြွားဖို့ဝါဖို့မှမဟုတ်ရင် သူက ငါတို့ကို ဘယ်တုန်းကများအရေးလုပ်ဖူးလို့လဲ။ စကားပြောနေတာတွေတော်သင့်ပြီ။ ငါ ငါ့ရဲ့ကွန်းကို အဆင့်မြှင့်လိုက်ဦးမယ်။ ငါ ဒီနေ့ level 100ကိုရောက်မှဖြစ်မှာ။ သွားပြီဟေ့"
"ဒီကောင်ကတော့"
ကျန်းမုန့်လောင်က ရယ်ကာမောကာဖြင့် သက်ပြင်းချလျက် ဖုန်းချလိုက်လေသည်။
"မစ္စတာကျန်း.. မစ္စတာစုပို့လိုက်တဲ့ ရှင့်ကားက ရောက်နေပါပြီ။ ရှင် တစ်ချက်လောက်ကြည့်ကြည့်ချင်လား"
ထိုအခိုက်အတန့်မှာပင် ဟုန်းရီက ကျန်းမုန့်လောင်ဆီရောက်လာပြီး တင်ပြလေသည်။
"အိုး.. အချိန်ကိုက်ပဲ"
ကျန်းမုန့်လောင်က ခပ်ဖွဖွပြုံးလိုက်သည်။
"သွားရအောင်။ ငါ့ကိုလိုက်ပြဦး"
အောက်ထပ်ကိုလျှောက်လာလိုက်ချိန်မှာ ထရပ်ကားအတန်းလိုက်ကြီးက သူ့အဆောက်အဦးအောက်တွင် တန်းစီနေချေသည်။ ချင်းဖုန်းနှင့် ဝမ်လင်တို့အတွက် ပို့လိုက်သောကားနှစ်စီးကို ဖယ်လိုက်ပါက စုစုပေါင်းကား၁၃စီးရှိပြီး Koenigsegg CCVRကားလည်း အပါအဝင်ပင်။
"ငါ့ရဲ့မြေအောက်ကားဂိုဒေါင်က ဒါတွေအကုန်လုံးဆန့်ပါ့မလား"
ကျန်းမုန့်လောင်က တိတ်တဆိတ်မေးလိုက်သည်။
"ဆရာ. ရှင့်ရဲ့မြေအောက်ကားပါကင်မှာ အထပ်သုံးထပ်ရှိပြီး တစ်ထပ်ချင်းစီက စုစုပေါင်းကားအစီး၁၀၀ဆန့်တာမို့လို့ လုံးဝပြဿနာမရှိပါဘူး"
"သေစမ်းကွာ။ ဒါကြီးကတော့ ရူးချင်စရာကြီး။ ငါက ကားအစီး၃၀၀ဝယ်ရလောက်အောင်အထိ ပျင်းနေပုံပေါက်လို့လား။ တစ်နှစ်မှာ တစ်စီးလဲစီးရင်တောင် တော်လှပြီ။ အဲ့ဒီလိုသာဆိုရင် အကုန်လုံး ဖုန်တက်တာတို့ သံချေးတက်တာတို့ ဖြစ်တော့မှာပဲ။ ဟုတ်တယ်မလား"
ဤပစ္စည်းဥစ္စာများအပေါ်ထားသည့် သူ့နားလည်မှုက အလွန်အပေါ်ယံဆန်ကြောင်း ကျန်းမုန့်လောင် သဘောပေါက်လိုက်လေသည်။
"ဆရာ ရှင့်ဘက်ကလိုအပ်မယ်ဆိုရင် ကျွန်မ ရှင့်အတွက် ပြိုင်ကားထိန်းသိမ်းစောင့်ရှောက်ရေးအသင်းတစ်သင်း ခန့်ပေးလို့ရပါတယ်"
"အာ... နောက်ဆုံးတစ်ခေါက်တုန်းက ငါ ဒီအတိုင်းစကားအဖြစ်ပြောလိုက်တာပါ။ မင်းက ဘာလို့ အတည်ယူနေတာလဲ"
ကျန်းမုန့်လောင်က ရုတ်တရက်ကြီးမချင့်မရဲဖြစ်သွားရလေသည်။
limited editionပြိုင်ကားဆယ့်သုံးစီးကို ဂရုတစိုက်နေရာချလိုက်လေသည်။ အစတုန်းကတော့ ကျန်းမုန့်လောင်လည်း Paganiကားကို ၎င်း၏အားမာန်ကြောင့် တကယ်သဘောကျခဲ့သော်လည်း Koenigsegg CCVRကားကို မြင်လိုက်သည့်အခိုက်အတန့်မှစ၍ Paganiကို ရုတ်ခြည်းစိတ်ဝင်စားမှုလျော့နည်းသွားခဲ့သည်။
"တခြားကားတွေကိုလည်း ဂိုဒေါင်ထဲသွင်းပေးပါဦး။ ငါ တစ်ပတ်လောက်ပတ်မောင်းလိုက်ဦးမယ်"
ကျန်းမုန့်လောင်တစ်ယောက် ယာဉ်မောင်းလိုင်စင်ကို အထက်တန်းကျောင်းပြီးကတည်းက ရထားခဲ့သော်လည်း သူ့အဖေ၏beaterအဟောင်းကြီးကလွဲ၍ သင့်တင့်လျောက်ပတ်သော ဘယ်ကားကိုမှ မစီးခဲ့ဖူးပေ။ ပြိုင်ကားဆိုလျှင်မူ ဝေလာဝေးပင်။
ကျန်းမုန့်လောင်လည်း ကား၏ကာဗွန်ဖိုက်ဘာကိုယ်ထည်ကို လက်ဖြင့် ပွတ်သပ်ကြည့်၍ ထိတွေ့နေသည်မှာ မိန်းမလှလေးတစ်ယောက်၏ ညင်သာလှသည့်ခန္ဓာကိုယ်ကို ထိတွေ့နေသည့်အလားပင်။ ပြေပြစ်သွက်လက်သည့်ကိုယ်ထည်နှင့် မိမိုက်လှသောဒီဇိုင်းတို့က ယောက်ျားတိုင်း၏အိပ်မက်ပင်။
ကျန်းမုန့်လောင် သော့ပေါ်ကခလုတ်ကို ဖိိနှိပ်လိုက်လေရာ စင်ရော်တောင်ပံသဏ္ဌာန်တံခါးတို့က ဖြည်းညင်းစွာပွင့်သွားလေသည်။ ပြိုင်ကားများ၏အတွင်းပိုင်းအပြင်အဆင်က သူများထက် ပိုကျစ်လျစ်သပ်ရပ်သော်လည်း သက်သောင့်သက်သာမဖြစ်သလိုတော့ လုံးဝမခံစားရပေ။
"ဘွန်း"
လီဗာကို တစ်ချက်ဖိနင်းလိုက်သောအခါ စွမ်းအားကောင်းလှသော V12အင်ဂျင်က သားရိုင်းကောင်တစ်ကောင်၏ ဟိန်းဟောက်သံအလား ရုတ်ခြည်းထွက်ပေါ်လာသည်။
"မစ္စတာကျန်း.. ကျေးဇူးပြုပြီး သတိထားမောင်းပါ"
"စိတ်မပူပါနဲ့ မြို့ထဲမှာ တကယ်လည်းအရှိန်တင်လို့ရတာမှမဟုတ်တာ။ ဘာမှဖြစ်မှာမဟုတ်ပါဘူး"
ကျန်းမုန့်လောင်က ထိုသို့ပြောလိုက်ချိန်မှာ သူ့အသံထဲတွင် စိတ်လှုပ်ရှားမှုတို့ပြည့်နှက်နေသည်။ ထို့နောက် လူနေအိမ်ရာထဲမှ ကားမောင်းထွက်လာလိုက်သည်။
"သေစမ်းကွာ။ ဘာတွေဖြစ်နေတာလဲ"
ကျန်းမုန့်လောင်တစ်ယောက် လူနေအိမ်ရာထဲမှ မောင်းထွက်လာချိန်မှာပင် နှစ်ဖက်စလုံးရှိလမ်းမများထက်တွင် အံ့ဩဖို့ကောင်းလောက်အောင် လူအပြည့်ဖြစ်နေလေကြောင်း မြင်လိုက်ရသည်။
တကယ်တမ်းတွင် ပြိုင်ကားများကိုသယ်လာသည့် ထရပ်ကားများက ဖောက်ထွင်းမြင်ရသည့်အဖုံးအကာများဖြင့် ဖုံးထားခဲ့ခြင်းဖြစ်၏။ ပြိုင်ကားများကိုတင်ဆောင်လာသည့် ထရပ်ကား၁၃စီးက လူထုကို မဆွဲဆောင်မိဘဲနေမလား။ မည်သည့်လူချမ်းသာကများ ဤမျှများပြားသည့် ပြိုင်ကားများကို ဝယ်ယူလိုက်သလဲဆိုသည်ကို လူတိုင်းက တွေ့မြင်ချင်လှပေသည်။
"လာပြီ"
"သောက်ကျိုးနည်း.. အဲ့ဒါ ခုနတုန်းက Koenigsegg XXVRကားပဲ။ ငါသာ လီဗာလေးတစ်ချက်လောက် ဆွဲလိုက်ရရင် သေပျော်ပါပြီကွာ"
"ကိုယ့်လူ.. လီဗာတစ်ချက်ဆွဲရုံနဲ့ မင်းရဲ့လစာလည်းပြောင်မှာပဲ"
"ဒီလိုကားမျိုးဝယ်တဲ့လူက လူငယ်တစ်ယောက်ပဲဖြစ်ရမယ်။ အဲ့ဒီသခင်လေးက ဘယ်သူများပါလိမ့်"
"ထူးဆန်းလိုက်တာ။ ဒီလိုကားမျိုးမောင်းတဲ့လူက ဒီလိုသာမန်ဆန်တဲ့လူနေအိမ်ရာတစ်ခုမှာနေတယ်ပေါ့"
"မင်း ဘာမှမသိဘဲနဲ့။ ဒီအိမ်ရာထဲမှာ အနိမ့်ဆုံးဈေးကတင် တစ်စတုရန်းမီတာကို ၈၀၀၀၀ပေးရတယ်။ အဲ့ဒီအိမ်တွေရဲ့အရွယ်အစားကိုလည်း ကြည့်လိုက်ဦး။ တစ်လုံးလောက်နဲ့တင် ဆယ်သန်းလောက်ပေးရမှာ။ မင်း ဝယ်နိုင်လို့လား"
ကျန်းမုန့်လောင်က ထိုမှတ်ချက်များကို အာရုံထားမနေဘဲ လမ်းမပေါ်သို့သာတက်လာလိုက်သည်။
"ဘုရားရေ.. ကြည့်ကောင်းလိုက်တဲ့ကားကွာ"
"အဲ့ဒီအမှတ်တံဆိပ်ကြီးက.. အမလေး Koenigseggပဲ.. ဖြည်းဖြည်းမောင်း။ ဖြည်းဖြည်းမောင်းစမ်းပါကွ"
"ယောကျ်ားရေ အဲ့ဒီကားက တော်တော်ကြည့်ကောင်းတာပဲနော်။ ဈေးကတော့တကယ်ကြီးလောက်မှာ ဟုတ်တယ်မလား"
"အနည်းဆုံးတော့ ဆယ်သန်းပဲ။ မင်း ဘယ်လိုထင်လဲ"
"အဲ့ဒီလောက်တောင်ဈေးကြီးတာလား။ ကျွန်မတို့သာ အဲ့ဒါကိုခြစ်မိသွားရင် ကျွန်မတို့အိမ်ကိုရောင်းတာတောင် ကုန်ကျစရိတ်ကိုကာမိမှာမဟုတ်ဘူးနော်"
"ဒါဆို မင်း ဘာလို့ဖြည်းဖြည်းမမောင်းတာလဲ။ မင်းက ဝင်တိုက်ပစ်ဖို့ကြံစည်နေတာလား"
ဤကား ဘယ်ကိုသွားသွား မနာလိုအားကျသည့်အကြည့်များကို ရရှိသည်သာ။ ကားမောင်းသူများကတော့ ထိုကားနှင့် ဆယ်မီတာကျော်လောက်အထိ ခွာပြီးမှ သွားကြလေသည်။ အမျိုးသားနေ့ညနေခင်း၏ လူကြပ်ချိန်မျိုးမှာပင် ကျန်းမုန့်လောင်ကတော့ မိုးပျံလမ်းများထက် ချောချောမွေ့မွေ့ကားမောင်းနိုင်ခဲ့သည်။
"မိုက်လိုက်တာ"
အမြန်နှုန်းကို အမြင့်ဆုံးအထိ မတင်ခဲ့သော်လည်း တစ်ပတ်လောက်မောင်းလိုက်ရုံမျှဖြင့် ပြင်းထန်လှသောတွန်းကန်မှုနှင့် ပြီးပြည့်စုံသည့်မောင်းနှင်မှုခံစားချက်တို့ဟာ ထိပ်တန်းအဆင့်ပြိုင်ကားတစ်စီးက ဘယ်လိုခံစားချက်မျိုးလဲဆိုသည်ကို ကျန်းမုန့်လောင်အား ပြသခဲ့၏။
"သေလိုက်ပါတော့။ တစ်ပတ်လောက်ပဲမောင်းရသေးတာကို ဓာတ်ဆီက ဘာလို့တအားကုန်သွားတာလဲ"
ကျန်းမုန့်လောင်က ဒိုင်ခွက်ဘောင်ကို လှမ်းကြည့်လိုက်ပြီး ချက်ချင်းပင်စိတ်မကျေမနပ်ဖြစ်သွားရသည်။
"ဘာဖြစ်လို့လဲ မစ္စတာကျန်း.. ကားအသစ်ကို စိတ်တိုင်းမကျလို့လား"
ဟုန်းရီက ကျန်းမုန့်လောင်၏အမူအရာကို သတိပြုမိလိုက်သည်။
"မဟုတ်ဘူး။ အဲ့လိုတော့မဟုတ်ပါဘူး။ မကြာမကြာဆီဖြည့်ရမှာ ဒုက္ခများလို့လေ"
"ဘာများကြီးကြီးကျယ်ကျယ်မို့လို့လဲ"
ဟုန်းရီက အပြုံးလေးတစ်ပွင့်ဆင်မြန်းရင်း ပြောလာလေသည်။
"ဒီလိုဆိုရင်ရော.. ကျွန်မ အိမ်ရှေ့မှာတင် ဓာတ်ဆီဆိုင်တစ်ဆိုင်ဖွင့်ဖို့ စီစဉ်လိုက်မယ်လေ"
"ဓာတ်ဆီဆိုင်တစ်ဆိုင်ကို တကယ်ကြီး အဲ့လိုဖွင့်လိုက်လို့ရတယ်ပေါ့"
ကျန်းမုန့်လောင်က ထိုအရာကို အင်တာနက်ပေါ်က ဟာသတစ်ခုသက်သက်ဟုသာ အမြဲတွေးထင်ခဲ့မိသည်။
"သာမန်လူတွေအတွက်ဆိုရင် မဖြစ်နိုင်ပေမဲ့ ရှင့်အတွက်ဆိုရင်တော့ ပြဿနာမရှိပါဘူး"
ဟုန်းရီက ခွန်းတုံ့ပြန်လိုက်သည်။
"ကျွန်မတို့နိုင်ငံထဲကို တင်ပို့နေတဲ့ဓာတ်ဆီတွေရဲ့၈၀ရာခိုင်နှုန်းက ရှင့်လုပ်ငန်းတွေချည်းပါပဲ။ ကျွန်မ ရှင့်အတွက် ဓာတ်ဆီဆိုင်တစ်ဆိုင်ဖွင်ပေးဖို့ တစ်ယောက်ယောက်ကိုခိုင်းလိုက်ပါ့မယ်"
ကျန်းမုန့်လောင်က ဟုန်းရီကြည့်လျက် နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ်တွန့်လိမ်သွားလေသည်။
"ငါ အရှုံးကိုဝန်ခံပါတယ်ကွာ"
…….