← Chapters

ငါ ခွက်မြှောက်ပေးတာနဲ့ သူက တန်လို့လား

Vol. 2 Ch. 26

ငါ ခွက်မြှောက်ပေးတာနဲ့ သူက တန်လို့လား

Vol. 2 Ch. 26

မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်အနည်းငယ်ကုန်လွန်သွားခဲ့ပြီး ကျန်းမုန့်လောင်လည်း အိမ်ရာထဲမှ ခုနစ်ရက်ဆက်တိုက် အပြင်မထွက်ခဲ့ဘဲ နေရာတစ်ခုလုံးကို လှည့်လည်သွားလာရင်း သုံးရက်တိတိအချိန်ဖြုန်းခဲ့သည်။

သူ့အဖေ ဤအိမ်ကို ဒီဇိုင်းဆွဲစဉ်က မည်သို့သောအတွေးမျိုးရှိခဲ့သလဲဆိုသည်ကို မည်သူကသိနိုင်မည်တဲ့လဲ။ ရေချိုးခန်းတိုင်းတွင်လည်း အမေရိကန်ဒေါ်လာဆယ်သန်းခန့်တန်ဖိုးရှိသော ကမ္ဘာကျော်ပန်းချီကားတစ်ချပ်စီ ချိတ်ဆွဲထားလေသည်။ ကျန်းမုန့်လောင် ရေချိုးချိန်တိုင်းမှာ တစ်စုံတစ်ယောက်က သူ့အား စောင့်ကြည့်နေသလို ခံစားရသည်။

ဤမျှတင်မကပေ။ အိမ်သာတိုင်း၏ရှေ့မှာလည်း ကြမ်းခင်းဈေးအမေရိကန်ဒေါ်လာတစ်သန်းမျှရှိသည့် ပန်းချီကားတစ်ချပ်ကို ချိတ်ဆွဲထားသေးသည်။ ယခုလိုလက်ရာမြောက်ပန်းချီကားများ ချိတ်ထားခြင်းဖြင့် အပေါ့အလေးသွားရခြင်းမှာ ပိုမိုချောမွေ့မှုရှိသွားလေသလားဟု သူ့အဖေကို သူ တကယ်မေးကြည့်ချင်မိသည်။

သို့သော် အံ့ဩဖို့အကောင်းဆုံးအရာမှာ သုံးထပ်မြင့်သော စာကြည့်ခန်းပင်ဖြစ်၏။ ထိုအရာကို စာကြည့်ခန်းဟုခေါ်ခြင်းမှာ လျှော့ပြောခြင်းဖြစ်၏။ ထိုနေရာမှာ ပြတိုက်တစ်ခုနှင့်ပင် ပိုတူသေးသည်။ ခင်းကျင်းပြသထားသည့် အရာအားလုံးနီးပါးမှာ တန်ဖိုးဖြတ်၍မရနိုင်ပေ။ ထိုပစ္စည်းများထဲမှ "ရွှေရောင်ပန်းအိုးထဲမှ မက်မန်းပင်"၏မူရင်းစာအုပ်ကိုပင် ကျန်းမုန့်လောင်မြင်လိုက်ရသေးသည်။

သူ့ဘိုးဘွားများက ဤအရာကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည်မှာ ဘာအကြောင်းကြောင့်လေလဲဟု သူတွေးမိသည်။ အနာဂတ်မျိုးဆက်ကို ဉာဏ်အလင်းရစေချင်လို့လား။

အစတုန်းကတော့ ဤအိမ်ရာ၏တန်ဖိုးကတင် ကြောက်မက်ဖွယ်ကောင်းလှပြီဟု ကျန်းမုန့်လောင်ထင်ခဲ့မိသော်လည်း စာကြည့်တိုက်ကိုမြင်ပြီးနောက်မှာတော့ အထဲမှာရှိသည့် စုစည်းမှုလက်ရာများနှင့်ယှဉ်လျှင် အိမ်ရာတန်ဖိုးက ဘာမှမပြောပလောက်ပေ။

"မင်း ဒီနေ့ ဘာဖြစ်နေတာလဲ။ ဂိမ်းကစားတာ တော်တော်လေးညံ့နေပါလား"

ပြီးခဲ့သည့်နေ့လယ်ခင်းတုန်းက ကျန်းမုန့်လောင်တစ်ယောက် "ဖရာပူချီနိုသကြားနှစ်ဆ"နှင့်အတူ ခါတိုင်းလို ဂိမ်းကစားနေခဲ့သည်။

"ပြောမနေပါနဲ့တော့ကွာ။ ငါ့အိမ်က ရေပိုက်စနစ်က ဒီနေ့ ဘာဖြစ်နေမှန်းကိုမသိဘူး။ အိမ်သာတော်တော်များများပိတ်နေတယ်။ သန့်စင်ခန်းသုံးဖို့အတွက်နဲ့ ၂၂ထပ်ကို ဓာတ်လှေကားနဲ့ တက်လိုက်ဆင်းလိုက်လုပ်နေရတဲ့ဒုက္ခကို မင်းနားလည်လား။ ပြီးတော့ မနေ့တုန်းက ငါ ပင်လယ်စာစားပြီး အစာအဆိပ်သင့်ခဲ့သေးတယ်။ အဲ့ဒါကြောင့် အိမ်သာကို ခဏခဏသွားခဲ့ရတာ"

ကျန်းမုန့်လောင်မှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ၏98kစနိုက်ပါရိုင်ဖယ်ကို ချိန်ရွယ်နေရသည်ကိုပင် မနည်းရုန်းကန်နေရသည်။

"ဟားဟားဟား.. ဆက်ကြွားနေလိုက်"

"ဖရာပူချီနိုသကြားနှစ်ဆ"က ကျန်းမုန့်လောင်၏ ချဲ့ကားလွန်းသည့်ဖော်ပြချက်ကြောင့် ရယ်လိုက်လေသည်။

"ထမင်းစားဖို့အတွက် မီးဖိုချောင်ကိုသွားတာကတင် ဆယ်မိနစ်လောက်ကြာတယ်လို့သာ ပြောလိုက်ပါတော့လား"

"မင်း ယုံချင်ယုံ မယုံချင်နေ။ တစ်ရက်ရက်ကျမှ ငါ မင်းကို အိမ်အလည်ခေါ်ဦးမယ်။ အဲ့ဒီကျမှ မင်းသိရလိမ့်မယ်"

"နင်က နင့်အိပ်ရာခင်းက ဘာအရောင်လဲဆိုတာကို ပြချင်ရုံသက်သက်ပဲဆိုတာ ငါလောင်းရဲတယ်"

"လုပ်စမ်းပါကွာ။ မင်း ဘာဖြစ်နေတာလဲ။ ငါက အိန္ဒြေရှိတဲ့လူတစ်ယောက်ပါကွ"

ကျန်းမုန့်လောင်က သူ့ဖုန်းကိုကြည့်ကာ ပြုံးဖြဲဖြဲလုပ်လိုက်သည်။ သူတို့က စကားပြောရင်း ညစ်ညမ်းဟာသများလုပ်ရခြင်းကို ရှက်မသွားခဲ့ကြပေ။

"ပါးစပ်ပိတ်ထား။ ငါကတော့ နင်အိမ်သာတက်ရင်း ငါနဲ့အတူဂိမ်းကစားနေတာလို့ သံသယဖြစ်မိတယ်"

"သေလိုက်ပါတော့..။ မင်း ငါ့အိမ်သာထဲမှာဆင်ထားတဲ့ကင်မရာကို အခုချက်ချင်းလာဖြုတ်နော်"

ကျန်းမုန့်လောင်က ခပ်ကြမ်းကြမ်းဆိုလိုက်သည်။

"ဟားဟားဟား နိုးပဲ လားလားလား…"

"ဘုန်း"

"ကျန်းမုန့်လောင်.. နင် ငါ့ကို တကယ်ကြီးဗုံးနဲ့ထုတယ်ပေါ။ ငါ့ကို အခုချက်ချင်းတောင်းပန်စမ်း"

"လုံးဝပဲ လားလားလား.."

...

"မစ္စတာကျန်း.. ရှင့်ရဲ့အတန်းတွေ့ဆုံပွဲက ညနေခြောက်နာရီမှာစမှာပါ။ ရှင် အခု အိမ်ကထွက်ဖို့အချိန်တန်ပါပြီ"

"အိုကေ ငါသိပြီ"

ကျန်းမုန့်လောင်က ယခုလေးတင်မှ ဂိမ်းကစား၍ပြီးစီးသွားတာဖြစ်ပြီး "ဖရာပူချီနိုသကြားနှစ်ဆ"၏အဗာတာရုပ်ပုံလေးကို ပြုံးပြုံးကြီးကြည့်လျက် ပြောလိုက်သည်။

"သူက တကယ်ပဲဘယ်လိုလူစားမျိုးပါလိမ့်"

"မစ္စတာကျန်း… ရှင့်ကောင်မလေးလား"

ဟုန်းရီက ကျန်းမုန့်လောင်၏မျက်နှာထက်ရှိ ချိုသာလှသည့်အမူအရာကို သတိထားမိလိုက်သည်။

"မဟုတ်ပါဘူး။ ဒီအတိုင်း သူငယ်ချင်းကောင်းတစ်ယောက်ပါ"

ကျန်းမုန့်လောင်က ထိုသို့ပြန်ဖြေလိုက်သည်။

"မစ္စတာကျန်း.. ရှင် သူ့ကိုသဘောကျတယ်ဆိုရင် သူ့ကို ဘာလို့မလိုက်တာလဲ။ ရှင့်အဆင့်အတန်းနဲ့ဆိုရင် ဥရောပမင်းသမီးတွေတောင် ရှင့်ကိုလက်ထပ်ဖို့ တန်းစီနေမှာ"

ဟုန်းရီက စနောက်နေလေသည်။

"အဲ့လောက်ကြီးအထိ ချဲ့ကားစရာလိုလို့လား"

ကျန်းမုန့်လောင်က မျက်ဆန်လည်ပြလိုက်သည်။

"ကျွန်မအဖေဆီက ကျွန်မကြားထားတာကတော့ ရှင့်ကိုမွေးတဲ့နှစ်မှာပဲ ဥရောပတော်ဝင်မိသားစုတွေက ရှင်က ယောကျ်ားလေးမှန်းသိသိချင်း မင်္ဂလာဆောင်ကမ်းလှမ်းစာတွေ ရာနဲ့ချီပြီးပို့ကြတာတဲ့"

သူ(မ)က ဆက်ပြောလာသည်။

"အဲ့ဒါတင်မကဘူး။ မင်းသမီးမရှိဘဲ မင်းသားပဲရှိတဲ့တော်ဝင်မိသားစုတွေဆိုရင် 'ကလေးမွေးဖွားရေးလှုံ့ဆော်ပွဲ'တစ်ခုကို အသည်းအသန်လုပ်ခဲ့ကြတာတဲ့။ ရှင့်ကိုမွေးပြီးတဲ့နောက် နှစ်အနည်းငယ်အတွင်းမှာပဲ ဥရောပမှာ ၅ယောက်အောက်ပဲရှိခဲ့တဲ့ မင်းသမီးအရေအတွက်က သုံးဆလောက်ထိုးတက်သွားခဲ့တာ"

"သေလိုက်ပါတော့။ သူတို့က ငါ့ကိုဘာများထင်နေကြတာလဲ"

ထိုဖြစ်ရပ်ကို တွေးကြည့်မိရုံမျှဖြင့် ကျန်းမုန့်လောင်ခမျာ မယုံနိုင်စရာကောင်းလောက်အောင် စိတ်မသက်မသာဖြစ်သွားရသည်။ သူက ဥရောပတော်ဝင်မိသားစုတွင်းက ကလေးမွေးဖွားနှုန်းကိုတောင် မြင့်တက်သွားစေခဲ့တာလား။ ဒါကြီးက အရမ်းကိုးရိုးကားရားမနိုင်ဘူးလား။

"မစ္စတာကျန်း… ရှင့်ကိုလိုက်ပို့ဖို့ တစ်ယောက်ယောက်စီစဉ်ပေးရဦးမလား"

ဟုန်းရီက ရယ်ချင်နေတာကိုဖိနှိပ်လျက် မေးလာလေသည်။

"မလိုပါဘူး။ ငါ့ဘာသာပဲသွားလိုက်မယ်။ အဲ့ဒါက ဒီအတိုင်းအတန်းဖော်တွေ့ဆုံပွဲတစ်ခုပါပဲ။ စီးပွားရေးညှိနှိုင်းမှုတစ်ခုလိုပုံစံပေါက်အောင် လုပ်စရာမလိုဘူး"

ကျန်းမုန့်လောင်က သူ့အဝတ်ဗီရိုထဲမှ သာမန်ဝတ်စုံတစ်စုံကိုထုတ်ဝတ်ကာ ထွက်လာခဲ့လိုက်သည်။

တွေ့ဆုံပွဲက ကျန်းနန်မြို့ထဲရှိ စိမ့်မြေပန်းခြံ၏ ကြယ်ငါးပွင့်အဆင့်ရှိ Lofitteဟိုတယ်တွင်း ကျင်းပရန်စီစဉ်ထားသည်။ ထိုနေရာမှာ ကမ်းခြေများ၊ သစ်တောများ၊ ရေခဲပြင်များနှင့် အကျဉ်းထောင်များထဲအထိ အစီအစဉ်ပြင်ဆင်ပေးသော နေရာမျိုးပင်။ မတူညီသောဟိုတယ်အပြင်အဆင်မျိုးကို တွေ့ကြုံခံစားလိုပါက ထိုနေရာက အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်သည်။

သို့သော် စိမ့်မြေပန်းခြံထဲရှိ Lofitteဟိုတယ်မှာ အလွန်အဆင့်အတန်းမြင့်လှပြီး ဤတွေ့ဆုံပွဲကို လုရှုချောင်က ခရေစေ့တွင်းကျစီစဉ်ထားခဲ့ခြင်းပင်။

ကျောင်းတက်နေစဉ်တုန်းက သူဟာ စွန့်ဦးတီထွင်မှုဖြင့် ဟွာရှားငွေကြေးနှစ်သန်းခန့်ကို ရရှိခဲ့သည်။ ဤသည်မှာ စွန့်ဦးတီထွင်သူတချို့အတွက် သိပ်မများလှသော်လည်း ကျောင်းပြီးတာမကြာသေးသည့် ကျောင်းသားတစ်ယောက်အဖို့တော့ အလွန်အထင်ကြီးဖို့ကောင်းလှသည်သာ။

ထို့ပြင် Unicornနည်းပညာမှ ကမ်းလှမ်းချက်ကိုပါ ရရှိထားသည်ဖြစ်ရာ လုရှုချောင်ဟာ သူ့ဘဝ၏အထွတ်အထိပ်ကို စင်စစ်ရောက်ရှိခဲ့ပြီဖြစ်၏။

Unicornနည်းပညာမှာ လွန်ခဲ့သည့်နှစ်နှစ်ခန့်က ကျန်းနန်မြို့ထဲတွင် ရုတ်တရက်တိုးတက်လာခဲ့သော ကုမ္ပဏီတစ်ခုဖြစ်၏။ နှစ်နှစ်အတွင်းမှာပင်။ သူတို့က ဘဏ္ဌာရေးတိုးချဲ့မှုကို လုပ်ဆောင်ပြီးစီးခဲ့ပြီး လူထုရှေ့ချပြခဲ့ကာ ထန်ရွှင်းနှင့် အလီဘာဘာတို့လို ဒိတ်ဒိတ်ကြဲကုမ္ပဏီများနှင့်ပင် ပခုံးချင်းယှဉ်နိုင်ခဲ့သည်။ နိုင်ငံတကာအနေအထားမှာဆိုလျှင်ပင် သူတို့၏ထုတ်ကုန်များက ဈေးကွက်ရှယ်ယာအများအပြားကို သိမ်းပိုက်ထားခဲ့သည်။

Unicornနည်းပညာတွင်း လုရှုချောင်ရထားသည့်ရာထူးမှာ သာမန်ဘွဲ့ရများဆိုလျှင် လုပ်သက်ငါးနှစ်နှင့်ငါးနှစ်ကျော်ရောက်သည်အထိ လက်လှမ်းမီနိုင်မည့်အရာမျိုးမဟုတ်ချေ။ သို့ဖြစ်လေရာ သူ့အနာဂတ်က အံ့ဩဖို့ကောင်းလောက်အောင် တောက်ပနေလေတော့သည်။

ဤတွေ့ဆုံပွဲကလည်း အစအဆုံး သူ့လက်ချက်သာဖြစ်ပြီး ကြိုတင်စီစဉ်မှုနှင့် ညစာဘူဖေးတန်ဖိုးကပင် စုစုပေါင်းတစ်သောင်းရှစ်ထောင်ကျသင့်သည်။ မကြာသေးခင်ကမှ သူဟာ Maseratiတစ်စီးဝယ်ဖို့အတွက် ငွေတစ်သန်းခန့်သုံးစွဲခဲ့လေရာ အောင်မြင်မှု၏ပြယုဂ်ဟုပင် တင်စားထိုက်သည်။

လုရှုချောင်ရောက်လာသောအခါ သူ့အတန်းဖော်တော်တော်များများကလည်း ရောက်နှင့်နေပြီးဖြစ်သည်။ သူတို့က အထက်တန်းဆန်လှသည့် စိမ့်မြေစတိုင်လ်ပါတီအခမ်းအနားကို မနာလိုအားကျလေဟန်အမူအရာများဖြင့် ကြည့်နေကြသည်။ ထိုအကြည့်များကိုပင် လုရှုချောင်က သဘောကျနှစ်သက်နေခြင်းပင်။

"ဥက္ကဋ္ဌလုရောက်လာပြီ"

"လုရှုချောင်.. မင်းက တကယ်အံ့ဩဖို့ကောင်းတာပဲ။ ဘွဲ့ရပြီးတာနဲ့ တစ်နှစ်ဝင်ငွေတစ်သန်းလောက်ရှာနိုင်နေပြီကိုး။ မင်း ချမ်းသာသွားရင် အတန်းဖော်ဟောင်းတွေကို မမေ့နဲ့နော်"

"ဘာ… တစ်နှစ်ဝင်ငွေတစ်သန်းဟုတ်လား"

"ဟားဟားဟား.. အဲ့ဒီလောက်လည်းမဟုတ်ပါဘူးကွာ။ ရှစ်သိန်းကျော်ကျော်လောက်ပါပဲ"

လုရှုချောင်က ရိုးရိုးကုပ်ကုပ်ဟန်ဆောင်ကာ ပြောလိုက်ချေသည်။

"ငါ ဒီအကြောင်း သိတောင်မသိဘူး။ ငါလည်း အတန်းအတူတူပဲလေ"

"ဟားဟား.. ငါ့အမှားပါ။ ငါ့အမှားပါ။ ငါဥက္ကဋ္ဌလုအတွက် အရင်ဆုံးသောက်လိုက်ပါ့မယ်"

"ဟူး. ငါကတော့ တစ်လကို ငါးထောင်ပဲရတယ်။ အဲ့ဒီလစာနဲ့ဆိုရင် ကျန်းနန်မြို့မှာ ရှင်သန်နိုင်တယ်ဆိုရုံလေးပဲရှိတာ"

"မင်းကမှတော်ပါသေးတယ်။ ငါဆိုရင် လေးထောင်တည်းရယ်"

...

လူတော်တော်များများက သူတို့ဝင်ငွေကိုထုတ်ပြောလာကြပြီး ထိုကဲ့သို့ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်နေခြင်းမှာ လုရှုချောင်ကို ချက်ချင်းပင် အာရုံစိုက်မှုဗဟိုချက်ဖြစ်သွားစေခဲ့သည်။

"ဟေး မင်းကိုယ်မင်း တအားတွေနှိမ့်ချမနေနဲ့လေ။ ငါတို့က အခုမှဘွဲ့ရပြီးခါစရှိသေးတာ။ အနာဂတ်မှာ အခွင့်အရေးတွေအများကြီးရှိလာဦးမှာ။ ငါသာ အခွင့်အရေးရရင် မင်းတို့ကို သေချာပေါက်မမေ့ပါဘူးကွ"

"ဥက္ကဋ္ဌလုက ရက်ရောလိုက်တာ"

"လုပ်စမ်းပါ။ အားလုံးပဲ..ဥက္ကဋ္ဌလုအတွက် သောက်လိုက်ရအောင်"

ရုတ်ခြည်းပင် လူတစ်ယောက်က ထမေးလာသည်။

"စကားမစပ် ဒီနေ့ အတန်းထဲက ဘယ်နှယောက်လာကြလဲ။ အကုန်လာရဲ့လား"

"စုစုပေါင်းဆိုရင် ၁၂ယောက်ကတော့ ဒီနေ့ အကြောင်းပြချက်အမျိုးမျိုးကြောင့် မလာနိုင်ခဲ့ဘူး။ ကျန်တဲ့၃၂နှစ်ယောက်ထဲကမှ ၃၁ယောက်ပဲရောက်လာတယ်"

"ကြည့်ရတာတော့ ကျန်းမုန့်လောင် အခုထိပေါ်မလာသေးဘူးထင်တယ်။ ဟုတ်တယ်မလား"

"အိုး ဟုတ်သားပဲ။ ငါ မက်ဆေ့ချ်ပို့တုန်းက ပြန်စာမပို့တာ သူတစ်ယောက်တည်းပဲရှိတယ်။ သူဘာဖြစ်နေလဲဆိုတာတော့ ငါမသိဘူး"

"သူက ဂုဏ်ထူးဆောင်ကျောင်းသားလေ။ အဆင့်နိမ့်ခံပြီး ငါတို့နဲ့အတူလျှောက်လည်ပါ့မလား"

"ဂုဏ်ထူးဆောင်ကျောင်းသားဆိုတာကလည်း အလကားပါ။ အလုပ်ခွင်ထဲကိုရောက်သွားရင် အဲ့ဒါတွေက အသုံးမဝင်ဘူး။ ငါကြားထားတာကတော့ သိပ်မကြာခင်ကပဲ ကျန်းမုန့်လောင်တစ်ယောက် ဝမ်ယိအုပ်စုရဲ့အင်တာဗျူးနောက်ဆုံးအဆင့်မှာ ပယ်ချခံခဲ့ရတယ်တဲ့"

"သနားဖို့ကောင်းလိုက်တာ။ ဝက်မွေးမြူရေးစက်ရုံက ထိပ်တန်းစက်ရုံသုံးခုထက်တော့ ပိုမဆိုးနိုင်ပါဘူး"

"ဘာသနားစရာရှိလဲ။ သူ ပယ်ချခံခဲ့ရတယ်ဆိုရင် အဲ့ဒါက သူ့အရည်အချင်းက အဆင့်အတန်းမမီဘူးဆိုတဲ့သဘောပဲပေါ့။ ငါတို့ရဲ့ဥက္ကဋ္ဌလုကိုပဲ ကြည့်လိုက်လေ။ Unicornကနေ ကမ်းလှမ်းခံရရုံတင်မကဘူး။ သူ့ကိုကျော်တက်ပြီး P7အဆင့်ကနေ စတင်ခဲ့တာလေ"

"ပြောရင်းနဲ့အသက်ရှည်ဦးမယ်။ သူပေါ်လာပါပြီ။ ဟိုမှာကြည့်လိုက်"

ထိုအခိုက်အတန့်မှာပင် ကျန်းမုန့်လောင်က အလောတကြီးရောက်ချလာသည်။ ယနေ့မှာ အမျိုးသားနေ့ပိတ်ရက်နောက်ဆုံးရက်ဖြစ်သည့်အတွက် လမ်းများက ဖြတ်သန်း၍မရနိုင်လောက်အောင် ကျပ်နေခဲ့သည်။ သူ့မှာ ဟယ်လီကော်ပတာလှမ်းခေါ်ရလုနီးပါးပင်။

"ဆောရီး ဆောရီး.. ယာဉ်ကြောတအားပိတ်နေလို့ နည်းနည်းနောက်ကျသွားတယ်"

ကျန်းမုန့်လောင်က ပြုံးပြုံးလေးတောင်းပန်လိုက်သည်။

"မုန့်လောင်.. ငါတို့ မင်းကိုစောင့်နေတာကြာလှပြီ။ မင်း ဘာလို့ဒီလောက်တောင်ကြာနေတာလဲ"

အချို့အတန်းဖော်များက သူ့အား နွေးနွေးထွေးထွေးကြိုဆိုကြပြီး စကာနောက်ကာဖြင့် ထိုးနှက်နေကြသည်။

"ကျန်းမုန့်လောင်… မင်းနောက်ကျတယ်နော်"

လုရှုချောင်က သူ့ဝိုင်ခွက်ကိုလှုပ်ခါရင်း ပြောလိုက်ချိန်မှာ သူ့အပြုံးက မမြင်ရသည့်သရော်လှောင်ပြောင်မှုတစ်ခုကို ဖုံးကွယ်ထားချေသည်။

"ကျန်းမုန့်လောင်… ဒီနေ့ ဥက္ကဋ္ဌလုက ပြုစုတာဆိုတော့ မင်း နောက်ကျနေတဲ့အတွက် ဥက္ကဋ္ဌလုအတွက် အရက်လေးသောက်ပေးသင့်တာပေါ့ကွ။ မဟုတ်ဘူးလား"

"အမှန်ပဲ။ ဥက္ကဋ္ဌလုအတွက်သောက်ပေးလိုက်။ မင်းနောက်ကျတာကို တောင်းပန်တဲ့အနေနဲ့ပေါ့"

ကျန်းမုန့်လောင်က မျက်မှောင်ကြုတ်လျက် သူ့ပတ်ပတ်လည်ရှိ အတန်းဖော်များထံမှ စိမ်းသက်မှုကို ရုတ်ခြည်းခံစားလိုက်ရသည်။

"မုန့်လောင်.. ကျန်းရှုကောင်းပြောတဲ့စကားက မင်းကို သက်သက်ပစ်မှတ်ထားနေတာ အသိသာချည်းပဲ"

ရှုလီက တီးတိုးပြောလာလေသည်။

"ငါသိတယ်"

ကျန်းမုန့်လောင်ကလည်း ခပ်ဖွဖွပြုံး၍ ပြန်ပြောလိုက်သည်။ လုရှုချောင်က အတန်းဖော်များ၏ကပ်ဖားလျက်ဖားစိတ်နေစိတ်ထားမျိုးကို မည်သို့နှယ်လှုံ့ဆော်ပေးရမလဲဆိုသည်ကို ကောင်းကောင်းသိလေသည်။

သို့သော် ကျန်းမုန့်လောင်ကတော့ ထိုအကွက်ထဲမှာ မျောသွားမည့်လူစားမျိုးမဟုတ်ပေ။

"ကျန်းမုန့်လောင်.. မင်း ဘာလို့ဒီအတိုင်းမတ်တတ်ရပ်နေသေးတာလဲ။ မြန်မြန်လုပ်လေ"

"ဟုတ်တယ်။ မင်း အခုထိအလုပ်ရှာမရသေးဘူးလား။ ရှုကောင်းပြောတဲ့တစ်ယောက်က မင်းဖြစ်နိုင်လောက်တယ်ထင်တယ်"

"ဒီတော့ ငါက သူ့အတွက်သောက်ပေးရမှာလား"

ကျန်းမုန့်လောင်က လက်နှစ်ဖက်ကိုဆန့်ကားလိုက်သည်။

"ဘာလို့သောက်ပေးရမှာလဲ"

…..

All Chapters