ဒီနေ့အတွက် ကုန်ကျစရိတ်တွေအားလုံးကို သခင်လေးကျန်းက ရှင်းပေးမှာပါ
Vol. 2 Ch. 27
"ဘာ"
ကျန်းမုန့်လောင်က ရဲရဲတင်းတင်းပြန်ချေပလိုက်သောကြောင့် လူတိုင်းလည်း သတိလက်လွတ်ဖြစ်သွားကြသည်။ သူ့သဘောထားက အလွန်ခိုင်မာနေလိမ့်မည်ဟု သူတို့ထင်မထားကြချေ။ အထူးသဖြင့် တွေ့ဆုံပွဲစတင်ခါစအချိန်လေးမှာပင် ထူပိန်းလှသော ယမ်းမှုန့်အနံ့တို့က လေထုထဲဝယ် ဝဲပျံနေလေတော့သည်။
"မိုက်တယ် ကျန်း"
ထိုအတန်းဖော်များမှာ အစောပိုင်းက အဆက်မပြတ်မျက်နှာချိုသွေးနေရစဉ်က စိတ်မသက်မသာဖြစ်နေရခဲ့သော်လည်း ယခုတော့ ရှုသိုးသိုးခံစားချက်နှင့် စိတ်သက်သာရာရသွားသည့် ခံစားချက်တို့ ရောထွေးနေတော့သည်။
"ငါတို့ သူ့ကိုခယနေစရာလိုလို့လား"
ကျန်းမုန့်လောင်က ရယ်မောလိုက်ချေသည်။
"ငါက သူတို့ကိုတွေ့ဖို့ ဒီကိုလာခဲ့တာမဟုတ်ဘူးလေ။ ငါတို့အချင်းချင်း ကောင်းကောင်းမွန်မွန်တွေ့ဆုံကြဖို့လာခဲ့တာ"
"ဟားဟားဟား မင်းပြောတာမှန်တယ်။ ငါတို့ နေရခက်မနေသရွေ့တော့ နေရခက်တာက သူတို့ပဲ"
စွန်းယွီလဲ့က ပြောလိုက်သည်။
"ကျန်းမုန့်လောင် မင်း အဲ့ဒါဘာသဘောလဲ"
"မင်းက ဒီကို အလကားစားဖို့သောက်ဖို့ ရောက်လာတာမလား။ ဒါဆို တစ်ယောက်ယောက်ကပဲ မင်းကို တစ်ခုခုအကြွေးတင်နေသလိုသဘောထားမျိုး ဘာလို့ထားနေတာလဲ"
"အမှန်ပဲ ဥက္ကဋ္ဌလုက ဒီညစာစားပွဲကိုဒကာခံပြီး ငါတို့အတန်းဖော်တွေရဲ့ခင်မင်ရင်းနှီးမှုကို အသိအမှတ်ပြုပေးနေတာလေ။ မင်းက အခုလိုတွေလုပ်ပြီး ငါတို့အတန်းရဲ့လိုက်လျောညီထွေဖြစ်မှုကို ဖျက်ဆီးနေတာပဲ"
"ဟေး.. ငါတို့တွေအကုန်လုံးက အတန်းဖော်တွေပဲလေ။ စကားများနေစရာမလိုပါဘူးကွ"
လုရှုချောင်လည်း အတော်အတန်စိတ်အနှောင့်အယှက်ဖြစ်ရသော်ငြား လူအများကြီးရှေ့မှာမူ ထုတ်ပြ၍မရနိုင်ပေ။ သူလည်း ပြီးပြည့်စုံသည့်ပုံရိပ်ကို ထိန်းသိမ်းရဦးမည်ဖြစ်ရာ ထိုအခိုက်အတန့်လေးမှာ သူ့ကိုယ်ကျင့်တရားမြင့်မြတ်စင်ကြယ်မှုကို ကြော်ငြာရပေမည်။
"မုန့်လောင်က မကြာသေးခင်ကပဲ အလုပ်ရှာမရဘဲ ပယ်ချခံနေရတာတွေအများကြီးနဲ့ ကြုံခဲ့ရတော့ အခုလိုစိတ်ဆိုးဒေါသထွက်နေတာကို နားလည်ပေးလို့ရပါတယ်။ သူ့ကို အတင်းမသောက်ခိုင်းကြပါနဲ့"
"မုန့်လောင်"
လုရှုချောင်က ကျန်းမုန့်လောင်အနားသို့ လျှောက်သွားလိုက်ပြီး သူ့ပခုံးကိုပုတ်လိုက်သည်။
"ငါက မကြာသေးခင်ကမှ ကုမ္ပဏီထဲ အလုပ်ဝင်ခဲ့တာဆိုပေမဲ့ ငါ့မှာလည်း အဆက်အသွယ်တချို့တော့ရှိတယ်။ မင်း စိတ်ဝင်စားတယ်ဆိုရင် ငါ မင်းကို ထောက်ခံပေးနိုင်တယ်နော်။ မင်းရဲ့အရည်အချင်းနဲ့ဆိုရင် Unicornနည်းပညာကို အလုပ်ဝင်နိုင်တဲ့ အခွင့်အရေးတစ်ခုရှိမှာပါ"
"ဥက္ကဋ္ဌလုက အရမ်းသဘောထားကြီးတာပဲ"
"သဘောထားကြီးတယ်ဆိုတာ ဘာမှန်းမသိတဲ့တချို့လူတွေနဲ့တော့ ကွာပါ့"
ရုတ်ခြည်းပင် မနာလိုအားကျဟန်အကြည့်တို့က ကျန်းမုန့်လောင်ဆီသို့ ဆိုက်ရောက်လာသည်။ P5အဆင့်ဖြင့် Unicornနည်းပညာကို ဝင်ရောက်ရခြင်းမှာ သာမန်လခစားဝန်ထမ်းတစ်ယောက်အဖြစ် အလုပ်လုပ်ရခြင်းထက် အပုံကြီးသာလေသည်။
"ကျေးဇူးပဲ။ ဒါပေမဲ့ အခုလောလောဆယ်တော့ မလိုဘူး"
ကျန်းမုန့်လောင်က တစ်ဖက်လူ၏စိတ်ထဲ ဘာတွေးနေသလဲဆိုသည်ကို သိထားသဖြင့် လုရှုချောင်ကို ပြောင်ပြောင်တင်းတင်းငြင်းလိုက်လေသည်။
"ပြဿနာမရှိပါဘူး။ ဆောင်းဦးလူသစ်စုဆောင်းရေးရာသီက မကုန်သေးဘူးလေ။ အချိန်ယူလိုက်ပါဦး"
လုရှုချောင်၏မျက်နှာမှာ တစ်မျိုးတစ်မည်ရုပ်ဆိုးအကျည်းတန်သွားလေသည်။
တချို့သောအကြောင်းပြချက်များကြောင့် သူ့အနေနှင့် ယနေ့ ကျန်းမုန့်လောင်ကို လွှမ်းမိုးထားနိုင်လိမ့်မည်ဟု ယုံကြည်မှုရှိနေခဲ့သော်လည်း ကျန်းမုန့်လောင်ဆီမှ ထုတ်လွှတ်နေသာ ရှင်းပြ၍မရနိုင်သည့်ယုံကြည်မှုတစ်မျိုး ရှိနေချေသည်။
"ငါ စိတ်ထင်နေတာပဲဖြစ်ပါလိမ့်မယ်"
"စားပွဲထိုး.. စလိုက်ကြရအောင်"
ပါတီပွဲကား စတင်လေပြီ။ ယခုမူ လုရှုချောင်က လူထုအာရုံစိုက်မှု၏ဗဟို ဖြစ်နေပြီဖြစ်ရာ ကျန်းမုန့်လောင်ကို အရေးလုပ်မနေတော့ပေ။ မည်သို့ပင်ဖြစ်စေ သူတို့က တူညီသောကမ္ဘာများမှမဟုတ်ကြလေရာ သူ့ဘက်က ထိုအကြောင်းကို ဘာလို့်ဆက်တွေးနေရမည်လဲ။
"အားလုံးပဲ.. ဒီနေ့တော့ စိတ်လွတ်လွတ်လပ်လပ်ပျော်လိုက်ကြရအောင်။ ငါ ဒကာခံမယ်"
လုရှုချောင်က အော်လိုက်သည်။
ထိုအဆိုပြုချက်က တစ်မျိုးတစ်မည် ကိုးရိုးကားရားနိုင်နေသောလေထုကို ချက်ချင်းချေဖျက်လိုက်လေသည်။
သိပ်မကြာခင်မှာပင် လှပစွာထုပ်ပိုးပြင်ဆင်ထားသည့် ဝိုင်ပုလင်းများနှင့် တွန်းလှည်းများ ဝင်ရောက်လာလေသည်။
"ခဏနေပါဦး"
လုရှုချောင်၏အကြည့်က ဝိုင်ပုလင်းများဆီသို့ ရုတ်တရက်ကျရောက်သွားသည်။
"ဒါကဘာလဲ"
"ဆရာ.. ဒါက ၂၀၀၅ခုနစ်ထုတ်Romanée-Contiပါ"
စားပွဲထိုးလေးကလည်း ယဉ်ကျေးစွာပြန်ဖြေလာသည်။
"သောက်ကျိုးနည်း Romanée-Contiလား။ ငါကြားလိုက်တာ မှန်ရောမှန်ရဲ့လား"
"ဒီဝိုင်က ဈေးကြီးလို့လား"
"ဈေးကြီးရုံတင် ဘယ်ကမလဲ။ အဲ့ဒါက ဝိုင်လောကမှာ ဒဏ္ဌာရီလာဝိုင်တစ်ခုလေ။ ဘုရားရေ.. ဒီပုလင်းဆယ်လုံးနဲ့တင် တစ်သိန်းလောက်ပေးရမှာပဲ ဟုတ်တယ်မလား"
"ဟုတ်ပါတယ် ဆရာ။ ၂၀၀၅ခုနစ်ထုတ်Romanée-Contiက အကောင်းဆုံးဝိုင်ပါပဲ။ သူ့ရဲ့လက်လီဈေးက ဒီနေရာမှာ တစ်ပုလင်းကို ၁၂၀၀၀၀ကျသင့်ပါတယ်"
"ဥက္ကဋ္ဌလုက အရမ်းအံ့ဩဖို့ကောင်းတာပဲ။ ဒီလိုအထက်တန်းစာဝိုင်မျိုးကို ငါတို့ မသောက်ရဲပါဘူးကွာ"
"နေဦး.. မဖွင့်ကြသေးနဲ့ဦး။ ငါ့ဖုန်းလေးကို အရင်သောက်ခွင့်ပေးကြပါဦး"
"ငါလည်း ဓာတ်ပုံနှစ်ပုံလောက်သောက်ချင်တယ်။ အမလေး.. တစ်ပုလင်းကို တစ်သိန်းပေးရတဲ့ဝိုင်တဲ့။ ငါ့ဘဝမှာ ဒါမျိုး တစ်ခါမှမမြင်ဖူးခဲ့ဘူး"
ထိုအချိန်မှာပင် လုရှုချောင်၏စိတ်အစဉ်မှာ လုံးဝရှုပ်ထွေးနေချေတော့သည်။ သူမှာထားသည့်ဝိုင်များကလည်း သင့်တော်ကောင်းမွန်သော်ငြား ဤဝိုင်တော့မဟုတ်ပေ။ ၁.၂သန်းကျသင့်သည့် ဝိုင်ပုလင်းဆယ်လုံးတဲ့လေ။ ကားတစ်စီးဝယ်လိုက်ပြီးပြီဖြစ်ရာ သူ့မှာ ဤဝိုင်များ၏တန်ဖိုးကိုပင် ရှင်းပေးနိုင်ရန် ငွေမလုံလောက်ပေ။
"တစ်ခုခုများမှားနေလား"
လုရှုချောင်က မေးလိုက်သည်။
"မဖြစ်နိုင်ပါဘူး ဆရာ.. ဒါက A07ခန်းမ မဟုတ်လား"
"A07ပါပဲ ဒါပေမဲ့..."
"ဒါဆို မှားစရာမရှိပါဘူး"
"ဒါပေမဲ့ ကျွန်တော်တို့မှာထားတဲ့ဝိုင်က ဒါတော့မဟုတ်တာ သေချာတယ်"
"ဆရာ.. ခင်ဗျားအထင်လွဲနေပြီဗျ။ ဒီဝိုင်က မစ္စတာကျန်းအတွက် ကျွန်တော်တို့ပေးတဲ့လက်ဆောင်ပါ။ ခင်ဗျားတို့ ဘာအပိုကုန်ကျစရိတ်မှ ရှင်းစရာမလိုပါဘူး။ စိတ်ချပါဗျ"
"မစ္စတာကျန်းလား။ ဘယ်မစ္စတာကျန်းလဲ"
"သေချာပေါက် မစ္စတာကျန်းမုန့်လောင်ပေါ့"
စားပွဲထိုးလေးခမျာ ရုတ်ခြည်းပင် ခေါင်းရှုပ်သွားရလေသည်။ သူတို့၏အထွေထွေမန်နေဂျာကိုယ်တိုင်က ဤကိစ္စကို စီစဉ်လိုက်ခြင်းဖြစ်လေရာ မစ္စတာကျန်းက အရေးပါအရာရောက်သောပုဂ္ဂိုလ်တစ်ယောက်ဆိုသည်မှာ ရှင်းလင်းနေပေသည်။ သို့သော် ဤလူတစ်စုကတော့ ဘယ်လိုလုပ်ပြီးသတိမမူမိရလေသလဲ။
"တစ်ခုခုများမှားနေတာလား"
"ဒါက ကျွန်တော်တို့ရဲ့အထွေထွေမန်နေဂျာကိုယ်တိုင် ခိုင်းထားတာပါ"
ဝှစ်ချ်...
အကြည့်များအားလုံးက ကျန်းမုန့်လောင်ဆီသို့ ရုတ်ခြည်းကျရောက်လာသည်။
"မုန့်လောင်.. ဘာတွေဖြစ်နေတာလဲ"
ကျန်းမုန့်လောင်၏အခန်းဖော်များအားလုံးမှာ တုန်လှုပ်သွားကြလေသည်။ ဤသည်မှာ ၁.၂သန်းတန်ဝိုင်ပုလင်းများပင်။ ထိုဝိုင်ပုလင်းများကို ယခုလိုအလကားပေးပစ်သည့်အပြင် ကြယ်ငါးပွင့်အဆင့်ရှိဟိုတယ်၏ အထွေထွေမန်နေဂျာကိုယ်တိုင် စီစဉ်ပေးလိုက်သည်တဲ့လေ။
"ဒီးဒီး"
ကျန်းမုန့်လောင်၏ဖုန်းက ရုတ်တရက်တုန်ခါလာသည်။ ဟုန်းရီဆီက မက်ဆေ့်ချ်တစ်စောင်ဝင်လာခြင်းပင်။
"မစ္စတာကျန်း.. ကျွန်မ ရှင့်ကိုပြောဖို့မေ့သွားလို့။ ရှင်တို့ ဒီနေ့တွေ့ဆုံပွဲကျင်းပတဲ့ Lofitteဟိုတယ်က ရှင့်ပိုင်ဆိုင်မှုတွေထဲက တစ်ခုပါ။ ကျွန်မ ရှင့်အတွက် အကုန်စီစဉ်ပေးပြီးပါပြီ"
"ဒါကလည်း ငါ့ပိုင်ဆိုင်မှုပဲလား"
ကျန်းမုန့်လောင်ခမျာ လုံးလုံးလျားလျားခေါင်းခြောက်သွားရသည်။ သူက ပိုင်ဆိုင်မှုဘယ်နှခုလောက်ရှိနေတာလဲ။
ထိုအချိန်မှာပင် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က အလောတကြီးဝင်ချလာသည်။ ယခုလေးတင် ပင်မရုံးချုပ်၏ခေါင်းဆောင်ကိုယ်တိုင် သူ့ဆီဖုန်းလှမ်းဆက်၍ ဟိုတယ်၏ရှယ်ယာအများဆုံးပုဂ္ဂိုလ်က ယနေ့ည ဤဟိုတယ်တွင် တွေ့ဆုံပွဲတစ်ခုကျင်းပနေကြောင်း၊ သူ့ကို ကောင်းကောင်းမွန်မွန်ဧည့်ခံရမည်ဖြစ်ကြောင်းနှင့် ထိုသို့မဟုတ်ပါက သူ အလုပ်ထွက်ဖို့သာအသင့်ပြင်ထားသင့်ကြောင်း ပြောလာလေသည်။
ထိုသတင်းကြောင့် သူ့မှာ အလွန်တရာကြောက်လန့်သွားပြီး ဇောချွေးများပင်ပြန်လာသည်။ သူ့အနေနှင့် ဗီအိုင်ပီတချို့၏ညစာစားပွဲကို တက်နေရန်ပင် အချိန်မရတော့ဘဲ ဤနေရာသို့ သုတ်သုတ်ပျာပျာရောက်ချလာခဲ့ခြင်းပင်။
"ခင်ဗျားတို့ထဲက မစ္စတာကျန်းဆိုတာ ဘယ်သူများလဲမသိဘူး"
သက်လတ်ပိုင်းအရွယ် ဝဖိုင့်ဖိုင့်အမျိုးသားက အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်ဆင်ပြီး သတိကြီးကြီးထား၍ မေးလာလေသည်။
"အိုး..ကျွန်တော်ပဲ"
ကျန်းမုန့်လောင်က မတ်တတ်ရပ်ပြလိုက်သည်။
"မစ္စတာကျန်း တောင်းပန်ပါတယ်။ ခင်ဗျားရောက်နေတယ်ဆိုတာကို ကျွန်တော်အခုမှသိလို့ ကျွန်တော်.."
"ရပါတယ်။ ကျွန်တော်က အတန်းဖော်တွေနဲ့ ညစာစားနေရုံလေးပါ။ အစားအသောက်နဲ့ သောက်စရာတွေကိုသာ အဆင်ပြေအောင်လုပ်ပေးပါ"
"မစ္စတာကျန်း.. ဒီနေရာက နည်းနည်းတော့ကျဉ်းသလိုပဲ။ ကျွန်တော် ခင်ဗျားအတွက် ခန်းမလဲပေးရမလား။ ကျွန်တော်တို့ဆီမှာ ခင်ဗျားအတွက် အမြဲတမ်းသက်သက်ဖယ်ထားတဲ့ ဗီအိုင်ပီခန်းမတစ်ခုရှိပါတယ်"
"အိုး..အဲ့လိုလည်းရှိတာလား"
ကျန်းမုန့်လောင်က ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ ဤနေရာက တကယ်တမ်းမှာ သိပ်မသေးလှသော်ငြား အယောက်သုံးဆယ်ကျော်ကို ဝင်ဆန့်နိုင်ဖို့အတွက်မှာတော့ တကယ်တမ်းတွင် ကျဉ်းလှသည်သာ။
"အဲ့လိုဆိုရင်တော့ကောင်းတာပေါ့။ ကျေးဇူးပါပဲ"
"ပြဿနာမရှိပါဘူးဗျာ။ လုံးဝပြဿနာမရှိပါဘူး"
ဝဖိုင့်ဖိုင့်အမျိုးသားက အားရပါးရပြုံးလိုက်ပြီး ဗီအိုင်ပီခန်းမဟုဆိုသော နေရာဆီသို့ သူတို့အား ကိုယ်တိုင်ကိုယ်ကျလိုက်လံပို့ဆောင်ပေးသည်။
ဤဗီအိုင်ပီခန်းမမှာ ဟိုတယ်၏ထိပ်ဆုံးအလွှာပေါ်၌ တည်ရှိပြီး ထိုနေရာ၏ ခေါင်မိုးထပ်ဒီဇိုင်းအပြင်အဆင်မှာ စိမ့်မြေဧရိယာတစ်ခုလုံး၏ မြင်ကွင်းကျယ်ကို ကောင်းစွာမြင်ရလေသည်။ ထိုမျှတင်မကဘဲ ရေကူးကန်တစ်ကန်၊ အကကြမ်းပြင်တစ်ခုနှင့် ဂီတတူရိယာအမျိုးအစားအစုံအလင်လည်း ရှိသေးသည်။ ဤသည်မှာ လုံးဝပွဲခံလောက်သည့်ရှုခင်းတစ်ခုသာ။
"မဆိုးပါဘူး"
ကျန်းမုန့်လောင်က စိတ်ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်သည်။
"မစ္စတာကျန်း.. ခင်ဗျားမှာ တခြားတောင်းဆိုစရာတွေရှိတယ်ဆိုရင် ပြောသာပြောပါ။ ကျွန်တော် အားလုံးဖြစ်အောင်လုပ်ပေးပါ့မယ်"
"ဟားဟားဟား မလိုပါဘူးဗျာ။ အတန်းဖော်တွေနဲ့ တွေ့ဆုံရတာက ခပ်ရှားရှားရယ်။ ဒီညအတွက် ကုန်ကျစရိတ်တွေအားလုံးကို ကျွန်တော်ရှင်းမယ်"
ကျန်းမုန့်လောင်က တခစ်ခစ်ရယ်မောလိုက်သည်။
"ဘာရယ်"
မန်နေဂျာမှာ ခဏတာမျှ အံ့ဩမှင်တက်သွားချေသည်။ ဟိုတယ်က ခင်ဗျားအပိုင်လေ။ ငွေရှင်းရှင်းမရှင်း ဘာများကွာသွားမှာလဲ။
"မစ္စတာကျန်း.. ခင်ဗျားပိုင်တဲ့ဟိုတယ်ပဲဟာကို ပိုက်ဆံရှင်းနေစရာလိုလို့လား"
"အိုး ဟုတ်သားပဲ"
ကျန်းမုန့်လောင်လည်း အနည်းငယ်ကိုးရိုးကားရားနိုင်သလို ခံစားလိုက်ရသည်။
"ဒီ..ဒီဟိုတယ်က မင်းပိုင်တာလား"
ကျန်းမုန့်လောင်၏အခန်းဖော်များမှာ ပါးစပ်အဟောင်းသားဖြစ်သွားကြရှာသည်။ ဤသည်မှာ နိုင်ငံတကာအဆင့်မီ ကြယ်ငါးပွင့်ဟိုတယ်တစ်ခုပင်။ သာမန်လမ်းဘေးဆိုင်တစ်ဆိုင်မဟုတ်ချေ။
"ငါ အမွေဆက်ခံထားရပါတယ်လို့ မင်းတို့ကိုပြောသားပဲ။ အခု ငါ့ကိုယုံပြီလား"
ကျန်းမုန့်လောင်က ပခုံးတွန့်ပြလိုက်သည်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
လုရှုချောင်၏မျက်နှာကား အစိမ်းရောင်မှ ခရမ်းရောင်သမ်းသွားလေတော့သည်။ ဤဟိုတယ်က ကျန်းမုန့်လောင်၏ပိုင်ဆိုင်မှုဖြစ်ပြီး အမွေတွေလည်းရထားတာတောင် သူက အလုပ်ရှာပြီး လုပ်ချင်နေတုန်းပဲတဲ့လား"
အခြားအတန်းဖော်များ၏အမူအရာမှာ ပို၍ပင်ဝင်းလက်တောက်ပသွားသည်။ သူတို့ အတန်းဖော်ဖြစ်လာခဲ့သည်မှာ သုံးနှစ်ကျော်ရှိခဲ့လေပြီ။ ယခုမှပင် ကျန်းမုန့်လောင်က အပြတ်အသပ်ချမ်းသာသည့် လူချမ်းသာတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည်။ အစောပိုင်းကပင် သူတို့ လုရှုချောင်ကိုမျက်နှာချိုသွေးဖို့အတွက် ကျန်းမုန့်လောင်ကို ပြဿနာရှာခဲ့ကြသေးသည်။
အားလုံးမှာ ရုတ်ခြည်းပင် အက်ကြောင်းရာတစ်ခုရှာ၍ လျှောဝင်ပြီးပုန်းချင်စိတ်ပေါက်သွားရသည်။
"ဒါဆိုလည်း ဒီလိုလုပ်ကြရအောင်။ ဒီနေ့ ဟိုတယ်တစ်ခုလုံးမှာရှိတဲ့ ကုန်ကျစရိတ်တွေအားလုံးကို ငါရှင်းပေးလိုက်မယ်"
ကျန်းမုန့်လောင်က မန်နေဂျာ့ကို ကတ်တစ်ကတ်ပေးချလိုက်သည်။
"ဟိုတယ်ကလည်း လည်ပတ်ရဦးမှာဆိုတော့ ယူစရာရှိတဲ့ငွေကိုတော့ ယူရမှာပဲလေ"
"ဟုတ်ကဲ့ပါ မစ္စတာကျန်း..ကျွန်တော်နားလည်ပါတယ်"
ဟိုတယ်၏နေ့စဉ်ငွေအဝင်အထွက်က ကြောက်မက်ဖွယ်ကောင်းလှသော်ငြား ဤဟိုတယ်ပိုင်ရှင်ဖြစ်သည့် ကျန်းမုန့်လောင်၏ချမ်းသာကြွယ်ဝမှုမှာ ရှိန်ချင်စရာကောင်းကြောင်း သူသိထားသည်။ သို့ဖြစ်လေရာ သူ့အဖို့ စိုးရိမ်စရာမလိုပေ။
ခဏအကြာတွင် ဟိုတယ်တစ်ခုလုံးရှိ သီးသန့်ခန်းများနှင့် ခန်းမများအားလုံးရှိ နောက်ခံတေးဂီတအသံမှာ တိတ်ကျသွားပြီး စိတ်လှုပ်ရှားနေလေဟန်အသံတစ်သံက Lofitteဟိုတယ်တစ်ခုလုံးအနှံ့ ရုတ်ခြည်းပဲ့တင်ထပ်လာလေတော့သည်။
"ဧည့်သည်တော်များခင်ဗျာ.. ဟိုတယ်တစ်ခုလုံးအတွက် ဒီညရဲ့ကုန်ကျစရိတ်အားလုံးကို ဗီအိုင်ပီခန်းမထဲက မစ္စတာကျန်းက ရှင်းပေးမှာဖြစ်ပါတယ်။ အားလုံးပဲ သူ့အတွက် ခွက်မြှောက်လိုက်ကြရအောင်"
ဟိုတယ်တစ်ခုလုံး ရုတ်တရက်တိတ်ဆိတ်သွားလေသည်။ ထမင်းစားတူများကိုင်ထားကြသော ဧည့်သည်များမှာ အကြောင်သားဖြစ်သွားကြပြီး ဘယ်ကိုကြည့်ရမှန်းမသိဖြစ်သွားလေသည်။
သို့သော် ခဏတာမှတိတ်ဆိတ်သွားပြီးနောက်မှာမူ ဆူညံသံလှိုင်းလုံးကြီးတစ်ခုက ရုတ်တရက်ထွက်ပေါ်လာသည်။
"ဘုရားရေ.. ဘာတွေဖြစ်နေတာလဲ"
"လာနောက်နေတာလား။ Lofitteဟိုတယ်မှာ သိီးသန့်ခန်းတစ်ခန်းစာကတင် တစ်သောင်းကျော်တယ်။ ပြီးတော့ အထူးအခမ်းအနားကျင်းပတဲ့ ခန်းမတွေဆိုရင် သန်းနဲ့ချီပြီးမရှင်းရဘဲမနေဘူး။ အဲ့ဒါတွေကို ဘယ်သူက ရှင်းပေးနိုင်တာလဲဟ"
"မိုက်ချက်ပဲ။ ခမ်းနားချက်ကွာ.. အဲ့ဒီဗီအိုင်ပီခန်းမက ဘယ်မှာလဲ။ ငါ သူ့ကို အရိုအသေသွားပေးချင်လို့ပါ"
"ချမ်းသာတာ မချမ်းသာတာ အသာထား။ အဓိကကတော့ မိတ်ဆွေဖွဲ့ချင်ရုံလေးပါ။ ငါ မစ္စတာကျန်းကို သွားတွေ့ချင်တယ်"
"မစ္စတာကျန်းလား။ ကျန်းဝူကျယ်ကိုပြောတာလား"
.....