ဒါဆို Unicornနည်းပညာကလည်း ငါ့အပိုင်ပဲပေါ့
Vol. 2 Ch. 28
ကျယ်ဝန်းလှသော ဗီအိုင်ပီခန်းမကြီးမှာ အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။ သူတို့ နေ့နေ့ညညပြောဆိုဆက်ဆံခဲ့ဖူးသော ကျန်းမုန့်လောင်က သူ့လုပ်နိုင်စွမ်းကို ဤမျှအထိနက်နက်နဲနဲဖုံးကွယ်ထားခဲ့မည်ဖြစ်ကြောင်း လုံးဝထင်မထားချေ။
ဟခုလက်ရှိတွင် Lofitteဟိုတယ်၏ဈေးကွက်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ၄၀ဘီလီယံအကျော်ဘက်မှာ ရှိ၏။ ဤနေရာရှိ အထွေထွေမန်နေဂျာဆီမှ ဘော့စ်ဟုအခေါ်ခံရဖို့ဆိုပါက ကျန်းမုန့်လောင်အနေနှင့် ဤဟိုတယ်၏ အဓိကရှယ်ယာရှင်တစ်ယောက် ဖြစ်နေမှရမည်မဟုတ်လား။
တစ်နည်းဆိုရသော် ကျန်းမုန့်လောင်က ယခု ဘီလျံနာဖြစ်နေလေပြီလား။
နှိုင်းယှဉ်ကြည့်ရပါလျှင် နှစ်စဉ်ဝင်ငွေ၈၀၀၀၀၀ရပြီး မကြာသေးခင်ကမှ လူတိုင်း၏မျက်လုံးထဲ၌ ငယ်ရွယ်ကာ အလားအလာရှိသည်ဟု သတ်မှတ်ခံထားရသည့် လုရှုချောင်နှင့် သူတောင်းစားတစ်ယောက်က ဘာကွာခြားမှုများရှိသွားပါလေသလဲ။
ထိုမျှတင်မကဘဲ ကျန်းမုန့်လောင်က ယနေ့အတွက် ဟိုတယ်တစ်ခုလုံး၏ကုန်ကျစရိတ်ကို ရှင်းပေးခဲ့လေသည်။
ဟိုတယ်က တစ်ညကို ငွေအဝင်အထွက် မည်မျှရှိသလဲဆိုသည်ကို တိတိပပမသိရသော်ငြား သူတို့အခမ်းအနား၏ အသုံးစရိတ်ကိုထောက်ရှု၍ ချိန်ဆရပါလျှင် သန်းပေါင်းများစွာထက် လျော့လိမ့်မည်တော့မဟုတ်ချေ။ ဆယ်သန်းကပင် ပုံမှန်ကုန်ကျစရိတ်ဟု ဆိုနိုင်လေသည်။ ကျန်းမုန့်လောင်က "ငွေကို ရေလိုသုံးစွဲနိုင်သည်"ဟု ဖော်ပြရလောက်သည့်အနေအထားအထိ ရောက်ရှိနေပြီဟုဆိုလျှင်ပင် ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။
"ကျန်းမုန့်..မစ္စတာကျန်း"
ကျန်းမုန့်လောင်က အလကားလာစားသောက်သည်ဟု ဆိုထားကြသော ထိုအတန်းဖော်များမှာ ချက်ချင်ပင် အမူအရာပြောင်းလဲသွားကြသည်။
"မစ္စတာကျန်း..မင်းက ငါတို့ကို ဒီလောက်အကြာကြီးဖုံးကွယ်ထားခဲ့တာဆိုတော့ ငါတို့တွေအကုန်လုံး ဒီနေ့ အားရပါးရသောက်ကြမယ်နော်"
"တောင်းပန်ပါတယ်။ ငါက ဒီနေ့ကားမောင်းလာတာဆိုတော့ သောက်လို့မရဘူး"
ကျန်းမုန့်လောင်ကလည်း ပေါ်တင်ငြင်းလိုက်ချေသည်။ သူ့အနေနှင့် အငှားယာဉ်မောင်းတစ်ယောက်ကို ခေါ်လိုက်၍ရသော်ငြား သူနှင့် ဘာပတ်သက်မှုမှမရှိသည့် ဤလူတစ်စုနှင့် အတူသောက်ရမည့်အရေးကို တစ်စက်လေးမှမပျော်ရွှင်ပေ။
"ဟားဟားဟား အဲ့ဒါဟုတ်တယ်။ မင်းက ခွက်ပဲမြှောက်လိုက်။ ငါတို့ပဲသောက်လိုက်မယ်"
အတန်းထဲမှ လူအနည်းငယ်က သူတို့၏ဝိုင်ခွက်များကို တစ်ကျိုက်တည်းမော့လိုက်ကြသည်။ တစ်သိန်းတန်ဝိုင်ကို သူတို့ ယခင်က တစ်ခါမှမသောက်ခဲ့ဖူးပေ။ ကျန်းမုန့်လောင်က သူတို့အား လောကဝတ်မပြုသော်လည်း ယနေ့လာခဲ့ရသည့်ခရီးကတော့ အချည်းနှီးမဖြစ်တော့ပေ။
"ကျန်းမုန့်လောင်.. မင်း ဘာတွေဖြစ်နေတာလဲ။ အခုချက်ချင်းထုတ်ပြောစမ်း"
အခန်းဖော်အမြောက်အများက ကျန်းမုန့်လောင်နားကို ဝိုင်းလာကြသည်။
"နောက်ဆုံးတစ်ခေါက် မင်းရဲ့အိမ်ကို လိုက်လည်တုန်းကတောင် မင်းမှာရှိတာဆိုလို့ ၈၉စတုရန်းမီတာတိုက်ခန်းတစ်လုံးနဲ့ ဟွန်ဒါတစ်စီးပဲရှိတာလေ။ ဒီလိုဆိုရင် မင်းက ဘာလို့များကပ်စေးနည်းနေခဲ့ရတာလဲ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ငါတို့တွေကိုတောင် တစ်ထောင်ကျော်ပေးရတဲ့ပင်လယ်စာပို့လိုက်သေးတယ်မလား"
"ဟုတ်ပါ့။ မင်းရဲ့အဖေက တံငါသည်ဆိုပြီးတော့တောင် မင်းပြောခဲ့သေးတယ်။ မဟုတ်မှလွဲရော သူက သမုဒ္ဒရာကြီးတစ်ခုလုံးကို ပိုင်တာများလား"
"မင်းရဲ့မိသားစုက တကယ်ပဲ ကျွန်းပေါင်းတစ်ရာလောက်ပိုင်တာများလား"
"ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ မင်းတို့ ငါ့ကို ရှင်းပြဖို့ အခွင့်အရေးလေးတော့ ပေးပါဦးလား"
ကျန်းမုန့်လောင်က အလောတကြီးကြားဖြတ်ပြောလိုက်သည်။
"ဟုတ်ပြီလေ။ နားထောင်ကြည့်ကြတာပေါ့။ မင်း ဒါကို ဘယ်လိုရှင်းပြမလဲဆိုတာကြည့်ကြမယ်လေ"
"ငါကိုယ်တိုင်လည်း ငါ့မိသားစုက တကယ်တမ်းမှာ ဘယ်လောက်ချမ်းသာလဲဆိုတာကို မကြာသေးခင်ကမှသိတာလို့ပြောရင် မင်းတို့ယုံမှာလား"
ကျန်းမုန့်လောင်က မကျေနပ်ဟန်အကြည့်ဖြင့် ပြောလာလေသည်။
"ဒါက..."
အခန်းဖော်သုံးယောက်မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြသည်။ လွန်ခဲ့သည့်သုံးနှစ်တုန်းက ကျန်းမုန့်လောင်၏အပြုအမူအနေအထိုင်များမှာ သာမန်လူများနှင့် မကွာလှချေ။ ကန်တင်းမှာသာ နေ့တိုင်းထမင်းစားပြီး အလွန်ဆုံးရှိလှ ပိတ်ရက်ရောက်မှသာ ကုန်တိုက်မှာ ဝယ်ကျွေးတတ်သည်။
သူ့ခြေထောက်ရှိ ဖိနပ်ကလည်း ယွမ်တစ်ရာနှစ်ရာခန့်မျှရှိသော သာမန်အသုံးအဆောင်ပစ္စည်းများဖြစ်ပြီး ထိုAJရှူးဖိနပ်များကလည်း အတုများပင်။ သူ၏နေ့စဉ်အပြုအမူများကလည်း သန်းတစ်ရာပိုင်ဆိုင်မှုရှိသော မိသားစုတစ်စုမှ ဆင်းသက်လာသည့် သားသမီးတစ်ယောက်နှင့် မတူညီပေ။
တစ်လျှောက်လုံး သူ ဟန်ဆောင်လာခဲ့တာတော့ မဟုတ်လောက်ဘူးမလား။ ဒါပေမဲ့ သူ တကယ်ပဲဟန်ဆောင်ခဲ့တာဆိုရင် တော်တော်လေးယုံချင်စရာကောင်းအောင် ဟန်ဆောင်ပြခဲ့တာပဲ။
ယခုလက်ရှိ ကျန်းမုန့်လောင်ကိုကြည့်ပါက သူဝတ်ထားသည့် အဝတ်အစားများ၏ဘရန်းကို သူတို့မသိသော်ငြား လက်ရှိစီးထားသည့်ဖိနပ်ကတော့ Diorနှင့် AJsတို့၏ ပေါင်းစပ်ဘရန်းတစ်ခုဖြစ်ပြီး လက်ရှိပေါက်ဈေးမှာ ၁၀၀၀၀၀ကျော်ဖြစ်ပြီး ငွေသားအနေနှင့်ဆိုလျှင်ပင် သူတို့မှာ ဤမျှများပြားလှသည့်ပမာဏမျိုး လက်ဝယ်မရှိချေ။
အစောပိုင်းက ကျန်းမုန့်လောင်ဝင်လာစဉ်တုန်းက Putianအတုများကို ဝတ်ဆင်ထားသည်ဟု သူတို့ထင်ထားခဲ့မိသော်လည်း ယခုတော့ဖြင့် သူစီးထားသောဖိနပ်မှာ စင်စစ်Putianထုတ်ကုန်ဖြစ်နေလျှင်ပင် သူ့ခြေထောက်ပေါ်မှာရှိနေသရွေ့ ဘရန်းအစစ်ဖြစ်နေလိမ့်မည်သာ။
"မင်းက ကောက်ကာငင်ကာကြီး တကယ်ပဲပွပေါက်တိုးခဲ့တာလား"
ရှုလီက အတည်ပြုလိုဟန်ဖြင့် မေးလာလေသည်။
"လုံးဝဟုတ်တာပေါ့။ ငါ မင်းတို့တွေကိုလိမ်ခဲ့တယ်ဆိုရင် နောက်လအတွက် အသုံးစရိတ်ကို ငါ့ဘာသာပဲကန့်သတ်ပစ်မယ်"
"တစ်ဘီလီယံလား"
"မင်း လူအမြင်ကပ်အောင်လာလုပ်နေတာလား"
"သေလိုက်ပါတော့ကွာ။ လူယုတ်မာ... ငါတို့ရှေ့မှာ မင်းရဲ့ချမ်းသာကြွယ်ဝမှုတွေကို လာကြွားနေတာပဲ။ သူ့ကို ဆုံးမလိုက်ကြစို့"
"ငါတောင်းပန်ပါတယ်။ ငါမှားတာပါ"
စနောက်ကျီစယ်လေဟန် လုံးထွေးသတ်ပုတ်မှုများအကြားမှာ ကျန်းမုန့်လောင်၏မျက်နှာထက်၌ အပြုံးတစ်ပွင့်ပေါ်ပေါက်လာသည်။
သူ့သရုပ်မှန်ကို သိပြီးသည့်နောက်ပိုင်းမှ လေးစားဟန်ပြလာကြသော သဘောထားပြောင်းလွယ်သူများနှင့်ယှဉ်ကြည့်ပါက သူ့အခန်းဖော်များကသာ သူ့အတွက် စိတ်သက်သောင့်သက်သာဖြစ်စေလေသည်။ သူတို့ကမှ သူငယ်ချင်းအစစ်အမှန်များပင်။
"တစ်ဆိတ်လောက်ပါ.. မစ္စတာကျန်းက ဘယ်သူလဲမသိဘူး"
ထိုအချိန်ဝယ် အသက်သုံးဆယ့်ငါးနှစ်၊ သုံးဆယ့်ခြောက်နှစ်အရွယ်မျှရှိသော အမျိုးသားတစ်ယောက်က ဝိုင်နီတစ်ခွက်ကိုင်လျက် ဝင်ရောက်လာသည်။ သူသည် ဈေးကြီးလှသောArmaniဝတ်စုံကို ဝတ်ဆင်ထားပြီး အောင်မြင်သောလုပ်ငန်းရှင်တစ်ယောက်၏ပုံရိပ်မျိုးကို ဖော်ဆောင်ထားချေသည်။
"ဒါရိုက်တာလား"
ဘေးပို့ခံလိုက်ရသော လုရှုချောင်မှာ ယခုမှသာ တစ်ဖန်ပြန်အသက်ဝင်လာဟန်တူ၏။
"ဟင် ရှုချောင်.. မင်းက ဒီမှာဘာလုပ်နေတာလဲ"
ထိုအမျိုးသားက အံ့ဩသွားဟန်တူသည်။
"ကျွန်တော်က ကျွန်တော့်ကောလိပ်တုန်းက သူငယ်ချင်းတွေနဲ့ တွေ့ဆုံပွဲလုပ်ဖို့ရောက်လာတာ"
လုရှုချောင်က ထိုသို့ပြောရင်း သူ့မျက်နှာက ဝင်းပနေလေသည်။ သူတို့၏ဒါရိုက်တာက အသက်ငယ်သေးသည်ဆိုသော်ငြား Unicornနည်းပညာကို တည်ထောင်သူအဖွဲ့ဝင်များထဲမှ တစ်ယောက်ဖြစ်သည်။ Unicornနည်းပညာ၏ လက်ရှိဈေးကွက်တန်ဖိုးမှာ အမေရိကန်ဒေါ်လာတစ်ရာဘီလီယံကျော်ရှိပြီး ဤဒါရိုက်တာက ကုမ္ပဏီထဲတွင်လည်း ရှယ်ယာများကိုကိုင်ထားသူဖြစ်၏။
ရာခိုင်နှုန်းအများကြီးမဟုတ်သော်ငြား သူဟာ ဘီလျံနာအဆင့်ကို ဝင်ရောက်ထားနိုင်ပြီးဖြစ်၏။ သူ့မျက်လုံးထဲမှာတော့ ကျန်းမုန့်လောင်က မိသားစုနောက်ခံကို အားကိုးနေရသူသက်သက်သာ။ ဤဟိုတယ်က သူ့မိသားစုပိုင်ဆိုင်မှု၏ တစ်စိတ်တစ်ပိုင်းပင်။ သူ့ဒါရိုက်တာနှင့်ယှဉ်ကြည့်လိုက်ပါက သူတို့ဟာ အဆင့်ချင်းတူကြသူများမဟုတ်ချေ။
"အားလုံးနဲ့မိတ်ဆက်ပေးပါရစေ။ ဒါက ငါတို့Unicornနည်းပညာရဲ့ မားကတ်တင်းဒါရိုက်တာလေ။ ဟွာရှားတစ်ပြည်လုံးရဲ့ မဟာဗျူဟာမြောက်အပြင်အဆင်တွေကို သူ အကုန်တာဝန်ယူထားတာ"
လုရှုချောင်က သူ့ကိုယ်သူမိတ်ဆက်ပေးနေရသည့်အလား ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလာလေသည်။ ဤဒါရိုက်တာက သူ့အပေါ် အများကြီးမျှော်လင့်ထားပြီး သူ့ညာလက်ရုံးတစ်ယောက်ဖြစ်လာစေရန်အတွက်လည်း လက်သပ်မွေးထားသည်။
"ဒီနေ့အတွက် လူတိုင်းရဲ့ကုန်ကျစရိတ်ကို မစ္စတာကျန်းကရှင်းပေးထားတယ်ဆိုတဲ့ ကြေညာချက်ကို ကြားလိုက်ရလို့လေ။ ငါတို့တွေက အကျိုးအမြတ်ရလိုက်တဲ့လူတွေဆိုတော့ ငါ့ရဲ့ကျေးဇူးတင်မှုကို ပြသတဲ့အနေနဲ့ အထူးတလည်ရောက်လာခဲ့တာ။ ရှုချောင်.. မစ္စတာကျန်းက မင်းရဲ့အတန်းဖော်လား"
Unicornနည်းပညာ၏ မားကတ်တင်းဒါရိုက်တာရာထူးကို ရထားသောရှုဖုန်းမှာ သူမတူသောလူမှုအတွေ့အကြုံမျိုးရှိထားသည်မှာ သဘာဝကျလှပေသည်။ ဤမစ္စတာကျန်းမှာ ရက်ရောလှသည်။ သူ့မှာ ကိုယ်ပိုင်စွမ်းအားလည်းရှိသလို သူ့မိသားစုနောက်ခံကလည်း ထူးခြားဆန်းကြယ်လှပေသည်။
ထိုကဲ့သို့သော လူတန်းစားများနှင့် မိတ်ဆွေဖွဲ့ခြင်းမှာ ရင်းနှီးသောလုပ်ငန်းပူးပေါင်းမှုဆီသို့ ဦးတည်သွားစေနိုင်သည်။ ယခုလောလောဆယ်မှာ အခွင့်အရေးမရှိသေးသော်ငြား သူ့ကွန်ရက်၏ အရေးကြီးအစိတ်အပိုင်းတစ်ခုဖြစ်လာနိုင်သည်။ ထို့ကြောင့် သူ့အနေနှင့် မစ္စတာကျန်းကို ကိုယ်တိုင်ကိုယ်ကျလာရောက်တွေ့ဆုံခြင်းဖြစ်၏။
"မင်္ဂလာပါ။ ကျွန်တော့်နာမည်က ကျန်းမု့န်လောင်ပါ"
ကျန်းမုန့်လောင်က လူအုပ်ထဲမှထွက်လာရင်း ပြောလိုက်လေသည်။
"ကျွန်တော့်ကို နာမည်နဲ့သာခေါ်ပါ။ မစ္စတာကျန်းလို့ခေါ်တာကြီးက ကျွန်တော် ဇာတ်လမ်းတွဲတွေထဲရောက်သွားသလို ခံစားရတယ်"
"ခင်ဗျား..ခင်ဗျား..ခင်ဗျား.."
ရှုဖုန်း၏အမူအရာမှာ ရုတ်ခြည်းတောင့်ခဲသွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကလည်း မလှုပ်မယှက်ဖြစ်သွားချေသည်။
သိပ်မကြာသေးခင်က သူတို့ကုမ္ပဏီက ရှယ်ယာရှင်များ၏ သိသာထင်ရှားလှသော ရှယ်ယာလွှဲပြောင်းမှုတစ်ခုအကြောင်း ရုတ်တရက်ကြေညာခဲ့သည်။ ကုမ္ပဏီ၏ရှယ်ယာတန်ဖိုးအများစုကို ပိုင်ရှင်အသစ်ဆီသို့ လွှဲပြောင်းခဲ့ခြင်းပင်။ ခေါင်းဆောင်မှုအပိုင်းတစ်ခုအနေနှင့် စုံစမ်းမေးမြန်းမှုများပြုလုပ်ပြီးနောက် ရှယ်ယာပမာဏအများအပြားကို ကိုင်ဆောင်ထားကြသည့် ရှယ်ယာရှင်များမှာ နောက်ကွယ်တွင် ကြိုးကိုင်ခြယ်လှယ်နေသောဘော့စ်၏ ကိုယ်စားလှယ်များသာဖြစ်ကြောင်း ရှုဖုန်း သိလိုက်ရသည်။
ယခုမူ ထိုဘော့စ်က သူ့မျိုးဆက်သစ်အား ပိုင်ဆိုင်မှုအားလုံးလွှဲပြောင်းပေးလိုက်ပြီဟု ကောလာဟလထွက်ထားလေသည်။ ထို့ကြောင့်လည်း သူက သူ့ပိုင်ဆိုင်မှုအားလုံးကို ပြန်လည်စီမံနေခြင်းဖြစ်၏။ ထိုဘော့စ်က အပြင်ပန်းမှာတော့ ရှယ်ယာ၃၇ရာခိုင်နှုန်းမျှသာ ကိုင်ထားပုံပေါ်သော်လည်း တကယ်တမ်းမှာမူ ကုမ္ပဏီ၏ရှယ်ယာ၉၅ရာခိုင်နှုန်းကို သူက ထိန်းချုပ်ထားခြင်းဖြစ်၏။
ထိပ်တန်းလျှို့ဝှက်ချက်သတင်းတစ်ခုက ကုမ္ပဏီ၏ခေါင်းဆောင်ပိုင်းထဲမှာသာ သိထားကြသည်။ ထိုလျှို့ဝှက်ချက်ကား သူတို့ဥက္ကဋ္ဌ၏ ဓာတ်ပုံနှင့် နာမည်ပင်။ ဥက္ကဋ္ဌက စီးပွားရေးလုပ်ငန်းတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ကိစ္စတော်တော်များများကို ဒါရိုက်တာများထံတွင်သာ အပ်နှံထားသော်ငြား ရှုဖုန်းကတော့ ဥက္ကဋ္ဌ၏သတင်းအချက်အလက်များကို တိတ်တဆိတ်မှတ်သားထားဆဲသာ။
ဤဥက္ကဋ္ဌမှာ အသက်နှစ်ဆယ်စွန်းစွန်းမျှသာရှိသည့် လူငယ်အမျိုးသားတစ်ယောက်ဖြစ်သည်တဲ့လေ။ ထိုအချိန်တုန်းကဆိုလျှင် ရှုဖုန်းမှာ မယုံကြည်နိုင်လောက်အောင်ဖြစ်ခဲ့ရသည်။ ယခုလိုလူငယ်တစ်ယောက်က ဤမျှကြီးမားလှသောကုမ္ပဏီကြီးတစ်ခုကို မည်သို့နှယ်တည်ထောင်နိုင်ခဲ့လေသလဲ။
ယခုမူ သူ့ရှေ့ရှိပုဂ္ဂိုလ်မှာ လူရှေ့ကို ဘယ်သောအခါကမှ ထွက်မလာဖူးသည့်ဥက္ကဋ္ဌနှင့် ကိုက်ညီမှုရှိနေချေသည်။
"မစ္စတာကျန်း.. တွေ့ရတာဝမ်းသာပါတယ်။ ခင်ဗျားနဲ့ ဒီမှာတွေ့ရလိမ့်မယ်လို့ ထင်မထားဘူး"
"ဟင်"
ကျန်းမုန့်လောင်က တုံ့ခနဲဖြစ်သွားရသည်။
"ကျွန်တော့်ကိုသိလို့လား"
"မစ္စတာကျန်း.. သာမန်ဝန်ထမ်းတွေနဲ့ ကုမ္ပဏီရဲ့စီမံခန့်ခွဲရေးကတော့ ခင်ဗျားရဲ့သရုပ်မှန်ကိုမသိပေမဲ့ ဒါရိုက်တာပိုင်ကတော့ ကျွန်တော်တို့ကို ခင်ဗျားနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကို ပြဖူးပါတယ်"
"နေပါဦး။ ကျွန်တော်နဲ့ပတ်သက်တဲ့ ဘာသတင်းလဲ"
ကျန်းမုန့်လောင်ခမျာ နားထောင်လေလေ ပိုနားရှုပ်လေလေဖြစ်လာရသည်။
"မစ္စတာကျန်း.. ခင်ဗျားမသိဘူးလား။ ဒါရိုက်တာတွေက ရှယ်ယာတော်တော်များများကို ခင်ဗျားနာမည်နဲ့ ပြန်လွှဲပြောင်းပေးထားပြီးပြီလေ။ ခင်ဗျားက ကုမ္ပဏီကို စီမံခန့်ခွဲမနေရဘူးဆိုပေမဲ့ တကယ်တမ်းမှာတော့ ခင်ဗျားက ကျွန်တော်တို့ကုမ္ပဏီရဲ့ဥက္ကဋ္ဌပါပဲ"
"ဘာ.. ဒါဆို Unicornနည်းပညာကလည်း ငါ့အပိုင်ပဲလား"
နောက်ဆုံးမှာမူ သူပြောနေသည့်အကြောင်းအရာကို ကျန်းမုန့်လောင် နားလည်လိုက်လေပြီ။
"သေစမ်း. ငါ့အဖေက ငါ့အတွက် ဘယ်နှခုလောက်တောင် စီစဉ်ပေးသွားတာလဲ"
"ဘယ်လို.. မစ္စတာကျန်း.. ခင်ဗျား ဒီအကြောင်းမသိဘူးလား"
"အာ. ကျွန်တော်ကိုယ်တိုင်လည်း မိသားစုရဲ့ပိုင်ဆိုင်မှုကို အမွေဆက်ခံထားတာ သိပ်မကြာသေးတော့ ဘယ်နှခုလောက်ရှိနေမှန်းမသိဘူးလေ။ အဲ့ဒါကြောင့်..."
ထိုအကြောင်းကိုကြားသော် ယခုလေးတင်မှ ထိတ်လန့်မှုက ရုန်းထွက်လာနိုင်ပြီဖြစ်သော အတန်းဖော်များအားလုံးမှာ အံံ့အားသင့်မှုကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားကြပြန်သည်။
သို့ဖြစ်လေရာ ကျန်းမုန့်လောင်က Unicornနည်းပညာ၏ဥက္ကဋ္ဌဖြစ်နေခဲ့သည်လား။ အစောပိုင်းတုန်းကဆိုလျှင် သူတို့က ကျန်းမုန့်လောင်ကို Unicornနည်းပညာမှာ အလုပ်ဝင်ဖို့တောင် တိုက်တွန်းခဲ့ကြသေးသည်။ ဥက္ကဋ္ဌတစ်ယောက်ကို သာမန်လခစားဝန်ထမ်းတစ်ယောက်လုပ်ခိုင်းခဲ့ခြင်းမှာ သူတို့တော့ အမှားကြီးမှားလေပြီ။
သူတို့မှားသွားပြီ။ အမှားကြီးမှားခဲ့ပြီ။ ကျန်းမုန့်လောင်က သာမန်ဘီလျံနာတစ်ယောက်တောင်မဟုတ်ဘဲ သုံးထပ်ကွမ်းဘီလျံနာတစ်ယောက်ဖြစ်နေလေသည်။
……..