အစတုန်းကတော့ ငါလည်း ခပ်လျှိုလျှိုပဲနေချင်ခဲ့တာပါ
Vol. 2 Ch. 29
"မစ္စတာကျန်း.. ဒီတစ်ခွက်က ခင်ဗျားအတွက်ပါ"
ရှုဖုန်းက သူ့ခွက်ထဲရှိဝိုင်ကို မော့ချလိုက်သည်။
"သာယာတဲ့နေ့လေးဖြစ်ပါစေ။ ကျွန်တော်သွားလိုက်ပါဦးမယ်"
ရှုဖုန်းက ကျန်းမုန့်လောင်ကို အသာအယာဦးညွှတ်ပြ၍ ဗီအိုင်ပီခန်းမထဲမှ ထွက်ခွာသွားလေသည်။
လုရှုချောင်အနေနှင့် ဤဟိုတယ်ကို ကျန်းမုန့်လောင်ပိုင်သည်ဟု သိလိုက်ရစဉ်က တုန်လှုပ်ရုံမျှတုန်လှုပ်ခဲ့သည်ဆိုပါလျှင် ယခုမူ ဝိညာဉ်လွင့်မတတ်ထိတ်လန့်သွားရသည်ဟု ဆိုရပေမည်။
ကျန်းမုန့်လောင်က တကယ်ပဲ Unicornနည်းပညာ၏ဥက္ကဋ္ဌတဲ့လား။
အစတုန်းကတော့ ကျန်းမုန့်လောင်ဘေးတွင် ရပ်နေရခြင်းက သူ့အား သာလွန်မြင့်မြတ်သောခံစားချက်တစ်မျိုးကို ခံစားရစေသော်ငြား ယခုတော့ နောက်တစ်ရက်တွင် သူ ကုမ္ပဏီထဲသို့ ဘယ်ခြေထောက်နှင့်ဝင်ပြီး ညာခြေထောက်ဆက်မဝင်နိုင်ခင်မှာပင် ကျန်းမုန့်လောင်က သူ့အား အလုပ်ထုတ်ပစ်လိုက်နိုင်သည်။
ကျန်းမုန့်လောင်သာ ဆန္ဒရှိပါက သူ့အား ကုမ္ပဏီတွင် မနေရအောင်လုပ်နိုင်သည့် နည်းလမ်းပေါင်းတစ်ထောင်လောက်ရှိသည်ဟု သူ ယုံကြည်ထားသည်။
"မစ္စတာကျန်း.. ကျွန်တော် ထင်မထား..."
ထိုအချိန်တွင် လုရှုချောင်၏နှလုံးသားထဲတွင် ကြောက်ရွံမှုနှင့် နောင်တများ ပြည့်နှက်နေတော့သည်။ တက္ကသိုလ်တက်ခဲ့သည့် နှစ်များတစ်လျှောက်တွင် သူ သင်္ဘောကြီးတစ်စင်းကို လက်လွှတ်လိုက်ရလေသည်။ မဟုတ်ပေ။ ထိုအရာမှာ သင်္ဘောတစ်စင်းမဟုတ်ပေ။ ဧရာမစစ်သင်္ဘောကြီးတစ်စင်းဖြစ်၏။
သို့သော် ကျန်းမုန့်လောင်က သာမန်အသေးအဖွဲကိစ္စလေးအတွက်နှင့် လုရှုချောင်ကိုဒုက္ခပေးဖို့ သူ့အဆက်အသွယ်များကို မသုံးတတ်ပေ။ အကြောင်းမှာ သူသည် လုရှုချောင်ကို အစကတည်းက အရေးမလုပ်ခဲ့သောကြောင့်ဖြစ်၏။ လုရှုချောင်က ကျန်းမုန့်လောင်နှင့် တစ်ချိန်လုံးတိတ်တိတ်လေးယှဉ်ပြိုင်နေခဲ့သော်လည်း ထိုယှဉ်ပြိုင်မှုမှာတစ်ဖက်သက်သာဖြစ်၏။
"ကျစ် ကျစ်... တခြားဘယ်မစ္စတာကျန်းဖြစ်နိုင်မှာတဲ့လဲ။ သေချာပေါက်ဒိတ်ဒိတ်ကြဲစီးပွားရေးလုပ်ငန်းရှင်ကြီး မင်းပဲပေါ့"
စိတ်လက်ပေါ့ပါးစွာ ရယ်မောနေသည့် အသံတစ်ခုကြားတွင် လူတစ်စုက ဗီအိုင်ပီခန်းမထဲသို့ ဝင်ရောက်လာသည်။
"ဥက္ကဋ္ဌဝမ်"
ထိုနေရာရှိလူတိုင်းက ယခုလေးတင်ဝင်လာသော လူငယ်လေးကို သတိထားမိလိုက်သည်။ သူလည်း ဤဟိုတယ်သို့ရောက်နေခြင်းပင်။ ထို့ပြင် သူ့ပုံစံကြည့်ရသလောက်ဆိုလျှင် ကျန်းမုန့်လောင်ကို သိထားဟန်ပင်။
"အား.. လင်ကော"
မိန်းကလေးပရိသတ်အုပ်စုတစ်စုမှာ အော်ဟစ်ကြလေတော့သည်။
ထိပ်တန်းစတားများလောက် နာမည်မကြီးသော်လည်း လင်ကောသည် အငယ်တန်းမျိုးဆက်သရုပ်ဆောင်များကြားမှာတော့ ငြင်းဆန်၍မရနိုင်လောက်အောင် ကျော်ကြားသည့် ထိပ်တန်းစတားတစ်ယောက်ဖြစ်ပြီး မိန်းကလေးများကြားတွင် ရေပန်းစားနေဆဲဖြစ်၏။
ဝမ်လင်က အခြားလူများကိုအရေးမလုပ်ပေ။ သူ့မျက်လုံးထဲတွင် ငွေကြေးချမ်းသာကြွယ်ဝပြီး နောက်ခံအင်အားတောင့်တင်းသူများကသာ သူ့မိတ်ဆွေအစစ်ဖြစ်ထိုက်သည်ဟု ခံယူထားသည်။ လင်းကောကတော့ ဝမ်လင်၏အနောက်က တိတ်တိတ်လေးလိုက်လာရုံမျှသာဖြစ်သည်။
"ဥက္ကဋ္ဌကြီး ဒီကိုဘယ်လိုဖြစ်လို့ရောက်နေတာလဲ"
ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့က လက်သီးချင်းတိုက်လိုက်သည်။
"ဘယ်ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးကများ ဒီည Lofitteဟိုတယ်တစ်ခုလုံးအတွက် ငွေရှင်းပေးရတာလဲလို့ ကြည့်ချင်လို့လာခဲ့ရုံသက်သက်ပါပဲ။ မင်းမှန်းသိလိုက်ရတော့ လုံးဝမအံ့သြတော့ပါဘူး"
ဝမ်လင်ဟာ ကျန်းမုန့်လောင်က သူ့အား သူ၏ဆယ်သန်းတန်ကားဖြင့် အနိုင်ပိုင်းသွားခဲ့သည့်နေ့မှစ၍ ကျန်းမုန့်လောင်ကို အငြှိုးထားနေခဲ့ပုံပေါ်သည်။
"ဒီနေ့ ကောလိပ်တုန်းကသူငယ်ချင်းတွေနဲ့ လျှောက်လည်ပြီး ရှားရှားပါးပါးပျော်နေကြတာပါ"
"ဟုတ်ပါ့။ မင်းရဲ့မျက်နှာပေါ်မှာ ပျော်တယ်ဆိုပြီး စာတောင်ရေးထားသေးတယ်"
ဝမ်လင်က အလွန်လိမ္မာပါးနပ်သူတစ်ယောက်ဖြစ်လေရာ ကျန်းမုန့်လောင်၏စိတ်အခြေအနေက သိပ်လည်းကောင်းမွန်မနေကြောင်း အတပ်ပြောနိုင်လေသည်။
"ဟားဟားဟား... ဒီမှာလူတွေအများကြီးရှိနေတာကို ငါ့ကိုမျက်နှာသာလေးတော့ပေးပါဦး"
"သေလိုက်ပါတော့.. မစ္စတာကျန်းရေ ဒီကမ္ဘာပေါ်မှာဘယ်သူကများ မင်းကိုမျက်နှာသာမပေးဘဲနေရဲမှာလဲ"
ဝမ်လင်က သူ့နံဘေးရှိ လင်ကောကို ပြောလိုက်သည်။
"လင်ကော.. ဒါက မစ္စတာကျန်းမုန့်လောင်တဲ့။ ဒီကောင်က အရမ်းချမ်းသာတာ။ ငါ့သူငယ်ချင်းတွေက ချမ်းသာလား မချမ်းသာဘူးလားဆိုတာကို ငါ ဘယ်တုန်းကမှဂရုမစိုက်ခဲ့ဖူးဘူး။ ဒါပေမဲ့ အခုတော့ ငါ ဂရုစိုက်တယ်။ ဘာလို့လဲဆိုတော့ ငါ့သူငယ်ချင်းတွေက ငါ့လောက်မချမ်းသာနိုင်လောက်တာမို့လို့လေ"
"မင်းမျက်နှာကို ငွေနဲ့ပစ်ပေါက်ခဲ့တယ်ဆိုတဲ့သူငယ်ချင်းက သူလား"
လင်းကောကလည်း ဝမ်လင်ထံမှ ကျန်းမုန့်လောင်အကြောင်းကို ကြားသိထားပြီးဖြစ်၏။
"သူကလွဲပြီး ဘယ်သူရှိဦးမှာလဲ"
ဝမ်လင်က ရယ်လိုက်လေသည်။
"တွေ့ရတာဝမ်းသာပါတယ် မစ္စတာကျန်း.. ကျွန်တော်က လင်းကောပါ။ ခင်ဗျား ရုပ်ရှင်တွေကြည့်တယ်ဆိုရင် ကျွန်တော့်ကိုသိလောက်မှာပါ"
"သိတာပေါ့"
ကျန်းမုန့်လောင်က လင်ကောနှင့် လက်ချင်းဆွဲ၍နှုတ်ဆက်လိုက်သည်။ တစ်ချိန်တစ်ခါတုန်းက တသီးတခြားနေခဲ့ဖူးပြီး စတားဖြစ်ခဲ့ဖူးသောသူတစ်ယောက်က ယခုတော့ ပရိသတ်များစွာရှိထားသည့် သာမန်လူတစ်ယောက်မျှသာ ဖြစ်နေတော့သည်။
"သူ့နယ်ပယ်မှာ သူ့ကိုကျောနိုင်တယ်လူရယ်လို့ မရှိခဲ့ဘူး။ ကျွန်တော် သူနဲ့သိလာတာကြာပြီ။ ခင်ဗျားက ပထမဆုံးပဲ"
"တော်စမ်းပါကွာ"
ဝမ်လင်က ပြောလိုက်သည်။
"သူသာ တစ်ယောက်ယောက်ကို ငတုံးငအလိုဖြစ်သွားစေချင်တယ်ဆိုရင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တောင်မှ တောင့်ခံနိုင်ပါ့မလားပဲ"
ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့၏စကားများက သူတို့ပတ်ပတ်လည်ရှိလူတိုင်းကို ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်သွားစေသည်။
ထိပ်တန်းအဆင့်အင်တာနက်ဆယ်လီများနှင့် နှိုင်းယှဉ်နိုင်သော ထိပ်တန်းအဆင့်influencerတစ်ယောက်အနေနှင့် ဝမ်လင်၏ပရိသတ်အုပ်စုမှာ အလွန်အင်အားတောင့်တင်းသည်။ မုန်းတီးသူများနှင့် ပွဲကြည့်ပရိသတ်များလည်း သေချာပေါက်ရှိသည်။
ကျန်းမုန့်လောင်၏အတန်းထဲက လူတိုင်းလိုလိုမှာ ဝေးပေါ်တွင် ဝမ်လင်ကို ဖောလိုးလုပ်ထားကြသည်ဖြစ်ရာ လွန်ခဲ့သည့်ရက်အနည်းငယ်ကမှ သူတင်ထားသောပို့စ်တစ်ခုကိုလည်း လူတိုင်းမြင်ထားကြသည်။
အမည်မသိလူချမ်းသာတစ်ယောက်က ပြိုင်ကားတစ်ဒါဇင်ခန့်ဝယ်ယူပြီး ဟွာရှားငွေကြေး၇၂သန်းတန်သော Lamborghini Poisonကားကို ဝမ်လင်အား လက်ဆောင်ပေးခဲ့သေးသည်။ ဝမ်လင်ကိုယ်တိုင်ပင် သူတော့ ပိုက်ဆံနှင့်ပစ်ပေါက်ခံလိုက်ရသည်ဟု တအံ့တဩပြောဆိုထားသည်။
ထိုမျှတင်မကဘဲ လွန်ခဲ့သည့်ရက်အနည်းငယ်တုန်းက မြစ်ကူးတံတားပေါ်၌ ဟယ်လီကော်ပတာနှင့် ကားတစ်စီးကိုသယ်သွားခဲ့သူမှာလည်း ထိုလူပင်ဖြစ်ကြောင်း ပြောထားသည်။ ယခုမူ ဝမ်လင်ပြောထားသည့် ထိုပုဂ္ဂိုလ်မှာ တခြားလူမဟုတ်ဘဲ ကျန်းမုန့်လောင်ဖြစ်နေကြောင်း သူတို့ သဘောပေါက်လိုက်ချေပြီ။
သူက ထူးခြားဆန်းကြယ်လှသော ထိုလူချမ်းသာဖြစ်နေခဲ့သည်သာ။
ထိုအချိန်တုန်းက ဝေးပေါ်ရှိ ကားကျွမ်းကျင်သူများပြောပြသည့် စကားများအရဆိုလျှင် ထိုကားများ၏တန်ဖိုးမှာ ဟွာရှာငွေကြေး၂၀ဘီလီယံကျော်ရှိသည်မှာ သေချာပေါက်ပင်။
လူတစ်ယောက်ဟာ ကားဝယ်ဖို့အတွက်နှင့် ၂၀ဘီလီယံသုံးစွဲခဲ့ပါက သူ၏စုစုပေါင်းပိုင်ဆိုင်မှုမှာ ၂၀ဘီလီယံထက် ဆယ်ဆကျော် သို့မဟုတ် ထို့ထက်ပိုများပြားနေခြင်းမျိုးဖြစ်နိုင်လေသည်။ ထို့ပြင် ထိုပိုင်ဆိုင်မှုများအားလုံးက ငွေသားချည်းသက်သက်ဖြစ်လေသည်။
ဟွာရှားငွေကြေးကို ငွေသားချည်းသက်သက် ဘီလီယံရာနဲ့ချီပြီးရှိသတဲ့လား။ ကျန်းမုန့်လောင်က ငယ်ငယ်လေးကတည်းက ငွေသမုဒ္ဒရာကြီးထဲမှာ လက်ပစ်ကူးလာခဲ့လေသလား။
"စကားမစပ် ချင်းဖုန်းကရော ဘယ်မှာလဲ"
ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့က စိတ်အားထက်သန်စွာစကားစမြည်ပြောနေကြရင်း ကျန်းမုန့်လောင်က ချင်းဖုန်းကို ရုတ်ခြည်းသတိရလိုက်မိခြင်းပင်။
"ဪ.. သူက မင်ကျူးမြို့ကို ပြန်သွားပြီလေ"
"ဒါဆို မင်းကရော ဘာလို့မပြန်သေးတာလဲ"
"ဟီးဟီး.. ငါက ပြန်ဖို့အစီအစဉ်မရှိဘူး"
ဝမ်လင်က ခပ်ပြုံးပြုံးလုပ်လျက် ပြောလာလေသည်။
"ငါက ငါ့လုပ်ငန်းတွေကို ကျန်းနန်မြို့ကိုရွှေ့ပြောင်းဖို့ စီစဉ်နေတာ။ မင်းသိတဲ့အတိုင်းပဲ ဒီနေရာရဲ့ဖွံ့ဖြိုးတိုးတက်မှုက ကောင်းသထက်ကောင်းလာတာလေ။ အထူးသဖြင့် ကုန်သွယ်မှုလုပ်ငန်းနဲ့ အင်တာနက်ပိုင်းဆိုင်ရာပေါ့။ ငါ့ကိုယ်ပိုင်အရည်အချင်းနဲ့ အောင်မြင်မှုတစ်ခုခုရအောင်လုပ်ချင်သေးတယ်။ အဲ့ဒါမှ ငါ့ကို အလိုလိုက်ခံထားရတဲ့ ဒုတိယမျိုးဆက်သခင်လေးလို့ နာမည်အတပ်မခံရမှာပေါ့"
"ဟားဟားဟား.. အင်တာနက်ဆယ်လီတွေနဲ့ လျှောက်ပျော်ပါးမနေရင်ဘဲ တော်လှပါပြီကွာ"
"မဖြစ်နိုင်ဘူး"
ဝမ်လင်က ရယ်လိုက်လေသည်။
"ဒါက ငါ့ဘဝမှာ တစ်ခုတည်းသောဝါသနာလေးလေ။ စကားမစပ်.. ငါ အထက်တန်းလွှာတချို့နဲ့ခင်တယ်ကွ။ မင်းကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးရမလား"
"ထားလိုက်စမ်းပါကွာ။ အထက်တန်းလွှာတဲ့လား။ သူတို့က ဒီအတိုင်း ဈေးဝယ်ထွက်ဖို့လောက်ပဲ စိတ်ကူးရှိတဲ့မိန်းမတစ်သိုက်ပါပဲ။ ဘယ်လိုလုပ်ပြီးတော့များ ငါ့ကိုဆွဲဆောင်နိုင်မှာတဲ့လဲ"
"ဟားဟားဟား..မင်းကတော့ အရမ်းအံ့ဩဖို့ကောင်းတာပဲ မစ္စတာကျန်းရေ"
ဝမ်လင်က နောက်ဆုံးပေါ်ရေပန်းစားနေသည့် အတင်းအဖျင်းအကြောင်းကိုလည်း ကြားထားသေးသည်။
"ကောင်းပြီလေ။ ငါ အခုပြန်တော့မယ်။ မင်း မနက်ဖြန်အားတယ်ဆိုရင် ငါ့ဆီလာခဲ့ပါ့လား"
"ရတာပေါ့"
ယခုမူ ကျန်းမုန့်လောင်က စီနီယာနှစ်သို့ရောက်ရှိနေပြီဖြစ်သည့်အတွက် အတန်းချိန်များလည်း သိပ်မရှိချေ။ ထို့ပြင် သူက အလုပ်ရှာဖို့လည်း မလိုအပ်ဘူးမလား။
"အိုကေ.. ဒါဆို အဲ့လိုပဲသတ်မှတ်လိုက်ပြီနော်။ ငါ မနက်ဖြန်ကျရင် မင်းကို တည်နေရာလှမ်းပို့လိုက်မယ်။ မင်း လုံးဝအံ့ဩသွားလောက်မဲ့ ပစ္စည်းတချို့ကိုပြမယ်"
"အာ.. အဲ့ဒါတွေက အရှုပ်ထုပ်တွေမဖြစ်ဖို့တော့ မျှော်လင့်ပါတယ်။ ငါက သိက္ခာရှိတဲ့လူတစ်ယောက်နော်"
"လစ်စမ်းပါကွာ"
ဝမ်လင်က ရယ်မောလျက်သားဖြင့် ကျိန်ဆဲကာ ခန်းမထဲမှထွက်ခွာသွားလေသည်။
ဝမ်လင်ထွက်ခွာသွားပြီးနောက်မှာ နောက်ထပ်လူအမြောက်အများလည်း ရောက်ရှိလာကြသည်။ သူတို့ဟာ ကုမ္ပဏီတစ်ခု၏စီအီးအိုဖြစ်လျှင်ဖြစ် မဟုတ်လျှင် အင်တာနက်ပေါ်ရှိ နာမည်ကြီးစတားများဖြစ်လေရာ ထိုနေရာမှာ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များ စုဝေးရာနေရာကြီးတစ်ခု ဖြစ်လုမတတ်ပင်။ အစားအသောက်များ အလျှံပယ်ရှိနေသည့်တိုင်း မည်သူကမှ ဆက်စားချင်စိတ်မရှိကြတော့ပေ။
နောက်ဆုံးဧည့်သည်အုပ်စု ထွက်ခွာသွားပြီးနောက်မှာ ကျန်းမုန့်လောင်ခမျာ ပင်ပန်းနေပြီဖြစ်၏။ ဤမျှဒုက္ခများမည်ဟုသာ ကြိုသိခဲ့ပါက ဘာကြောင့်များစိတ်အနှောင့်အယှက်အဖြစ်ခံပြီး ပိုက်ဆံရှင်းခဲ့မည်တဲ့လဲ။ အဆုံးတော့လည်း ပိုက်ဆံက သူ့အိတ်ကပ်ထဲကို တစ်ဖန်ပြန်ရောက်လာမည်သာ။ ပြားတစ်ပြားစာမျှပင် မသုံးလိုက်နိုင်ပါဘဲ သူကတော့ ဤနေရာမှာ လောကွတ်ပြုနေရသည်။ လုံးဝမတန်ပါချေ။
"ကျန်းမုန့်လောင်...မင်းက တော်တော်လေးလျှိုထားတာပဲကွ"
"ငါတို့ မင်းကို လျှော့တွက်ခဲ့မိတယ်"
သူ့အခန်းဖော်တစ်သိုက်က သူ့အား ခြိမ်းခြောက်လေဟန်အကြည့်များဖြင့် ကြည့်လာကြသည်။
ကျန်းမုန့်လောင်က လက်နှစ်ဖက်ကိုဆန့်ကားလိုက်သည်။
"အစတုန်းကတော့ ငါလည်း ခပ်လျှိုလျှိုလေးနေချင်ခဲ့တာပါပဲ။ ဒါပေမဲ့ ငါ့ခွန်အားက အဲ့လိုလုပ်ခွင့်မပြုဘူးလေ"
"မင်း အဲ့လိုပြောနေတာ လူရောဟုတ်သေးရဲ့လားကွ။ ခပ်လျှိုလျှိုလေးနေမှာတဲ့လား။ ဒီမှာရှိတဲ့လူတိုင်းအတွက် ငွေရှင်းပေးတဲ့အချိန်တုန်းက မင်းရဲ့ခပ်လျှိုလျှိုနေချင်တဲ့စိတ်က ဘယ်ရောက်နေတာလဲ"
"အား"
စွန်းယွီလဲ့က သက်ပြင်းချလိုက်လေသည်။
"ဖြစ်နိုင်တာကတော့ လူချမ်းသာတွေရဲ့မျက်လုံးထဲမှာ ခပ်လျှိုလျှိုနေတယ်ဆိုတဲ့သဘောက ဒီအတိုင်းအတာလောက်ပဲရှိတာကိုး.."
……..