← Chapters

ဒီခင်မင်ရင်းနှီးမှုက အဆုံးသတ်သွားပြီ

Vol. 3 Ch. 31

ဒီခင်မင်ရင်းနှီးမှုက အဆုံးသတ်သွားပြီ

Vol. 3 Ch. 31

"တော်တော့ တော်တော့။ စကားမများကြေး"

ကျန်းမုန့်လောင်က အလျင်အမြန်ကြားဖြတ်ပြောလိုက်သည်။

"မင်း ဒီလောက်စိတ်လှုပ်ရှားမှုသေးသေးလေးကိုတောင် မထိန်းနိုင်ရင် ငါနဲ့ အချိန်အကြာကြီးများ သူငယ်ချင်းလုပ်ရမယ်ဆိုရင် ကိုယ့်ခေါင်းကိုယ်များတက်နင်းနေမလားမသိဘူး"

"မင်း ဒီလောက်ချမ်းသာလိမ့်မယ်လို့ ငါက ဘယ်လိုလုပ်ထင်ထားမှာလဲ။ ငါ့မှာ မင်း ပါးဖြတ်ရိုက်ဖို့ မျက်နှာအပ်ပေးထားရသလိုပဲ"

ဝမ်လင်က မျက်ရည်ကျတော့မတတ် ညည်းတွားပြလေသည်။

"ငါက ဟွာရှားရဲ့ထိပ်တန်းဒုတိယမျိုးဆက်သူဌေးတွေထဲကတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ်အမြဲထင်ခဲ့မိပေမဲ့ မင်းနဲ့ယှဉ်လိုက်ရင်တော့ ငါက ဆင်းရဲသားတစ်ယောက်သာသာပဲ"

ဟွေ့ထန်အုပ်စုက ဘယ်လောက်တောင်ကြီးကျယ်လိုက်သလဲ။ ကမ္ဘာ့အဆင့်မီထိပ်တန်းအဆင့်ငါးရာရှိ ကုမ္ပဏီတစ်ခုဖြစ်ပြီး စျေးကွက်တန်ဖိုးကလည်း အမေရိကန်ဒေါ်လာဘီလီယံ၃၀၀ကျော်ရှိကာ ယှဉ်ကြည့်မည်ဆိုပါက ဝမ်လင်တို့မိသားစု၏ ဝမ်တာ့ကုမ္ပဏီဟာ ဘီလီယံ၃၀၀တန်ဖိုးရှိသော်ငြား သူတို့ရဲ့ငွေကြေးကတော့ ဟွာရှားယွမ်ငွေဖြင့် တွက်ထားခြင်းပင်။

ဤသည်မှာ ခုနစ်ဆနီးပါးကွာဟချေသည်။

ကျန်းမုန့်လောင်တွင် Unicornအုပ်စုနှင့် ဟွေ့ထန်အုပ်စုအပြင် အခြားလုပ်ငန်းများ ထပ်ရှိနေသလားဆိုသည်ကိုပင် ဝမ်လင့်ခမျာ မေးဖို့တွန့်နေမိသည်။

"ဟေး..ဒီလိုလိုက်နှိုင်းမနေနဲ့။ ငါက သုံးဖို့ကလွဲရင် ငွေကိုစိတ်ဝင်စားတာမဟုတ်ဘူး"

"မင်း ပါးစပ်ပိတ်ထားပါလား"

ဝမ်လင်ခမျာ ကျန်းမုန့်လောင်နှင့် စကားပြောလေလေ စိတ်တိုရလေလေပင်။

"အထဲကိုသာဝင်လာခဲ့။ မင်းရဲ့ကားကို တစ်ယောက်ယောက်လာပြီး ပါကင်ထိုးပေးလိမ့်မယ်။ ဘဏ္ဌာထိန်းကြီးကို သော့တွေပေးထားလိုက်ရုံပဲ"

"ကျေးဇူးပဲ"

ကျန်းမုန့်လောင်က ကားသော့များကို ဘဏ္ဌာထိန်းကိုပေးခဲ့ပြီး ဝမ်လင်နှင့်အတူ ဇိမ်ခံဗီလာကြီးထဲသို့ ဝင်သွားလိုက်သည်။

ဤဗီလာ၏ ပထမထပ်တစ်ခုတည်းကတင် စတုရန်းမီတာ ၅၀၀ကျယ်ဝန်းပြီး ကျယ်ဝန်းလှသောဧည့်ခန်း၊ ကိုယ်ပိုင်ရုပ်ရှင်ရုံလေးတစ်ခု၊ ချွေးထုတ်ခန်း၊ စောင့်ကြည့်ခန်းစသဖြင့် လိုချင်သမျှအရာအားလုံးရှိသည်။

"ဘဝကို ဘယ်လိုပျော်မွေ့ရမယ်ဆိုတာ မင်း ကောင်းကောင်းသိသားပဲ"

ကျန်းမုန့်လောင်ကြည့်လိုက်သည့် နေရာတိုင်းမှာ နိုင်ငံတကာနာမည်ကြီးတံဆိပ်ကုန်ပစ္စည်းများရှိသည်။ ဤဗီလာကို အလှဆင်သည့်ကုန်ကျစရိတ်နှင့် ပရိဘောဂဆင်သည့်ကုန်ကျစရိတ်က ဗီလာတန်ဖိုးထက်ပင် ပိုမြင့်နေနိုင်သည်ဟု သူခန့်မှန်းကြည့်လိုက်မိသည်။

"အဲဒါတွေက ငါ့အဘိုးကြီးရဲ့ဝါသနာတွေထဲကတစ်ခုပဲ"

ဝမ်လင်က ရယ်မောရင်းပြောလိုက်သည်။

"သူအငြိမ်းစားယူရင် ဒီနေရာမှာနေဖို့စီစဉ်ထားခဲ့တာလေ။ ဒါပေမဲ့ အခုတော့ငါ့အပိုင်ပေါ့"

"ကျစ် ကျစ် ကျစ်..လူချမ်းသာဒုတိယမျိုးဆက်ဖြစ်ရတာ အရမ်းကောင်းတာပဲ"

ကျန်းမုန့်လောင်က မှတ်ချက်ပြုလိုက်လေသည်။

"မင်းမှာ အဲ့လိုပြောပိုင်ခွင့်မျိုးရှိလို့လား"

ဝမ်လင်က ကျန်းမုန့်လောင်ကို မနှစ်မြို့ဟန်ဖြင့်ကြည့်လိုက်သည်။

"ငါက ငါ့အဖေနာမည်အောက်က ဗီလာတစ်လုံးလေးရလိုက်ရုံပဲရှိတာပါ။ မင်းကတော့ ဘီလီယံရာနဲ့ချီတဲ့လုပ်ငန်းစုတွေအများကြီးကို ရထားတာလေ။ မင်းက ငါ့အဖေထက်တောင် ပိုချမ်းသာသေးတယ်"

"ငါလည်းအဲ့လိုမဖြစ်ချင်ပါဘူး။ ဒါပေမဲ့မတတ်နိုင်ဘူးလေ။ ကံတရားပဲဟာကို"

ကျန်းမုန့်လောင်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်ချေသည်။

"ငါက အလုပ်အကိုင်ရှိတဲ့ သာမန်လူတစ်ယောက်ပဲဖြစ်ချင်ခဲ့တာ။ ဒါပေမဲ့ ဒီကိစ္စအတွက် NetEaseကိုပဲအပြစ်တင်ရမှာပဲ။ သူတို့တွေထဲကတစ်ယောက်က ငါ့အလုပ်နေရာကိုလုယူသွားခဲ့လို့လေ။ အဲ့လိုမှမဟုတ်ရင် ငါလည်း မိသားစုအမွေကိုဆက်ခံဖို့အတွက် အတင်းဖိအားပေးခံရမှာမဟုတ်ဘူး"

"မင်းအဲ့လိုပြောနေတာ အသိတရားရောရှိသေးရဲ့လား။ "အတင်းဖိအားပေးခံရတာ"ဆိုတာက ဘာသဘောလဲ။ မင်းအဖေမှာ မွေးစားသားတစ်ယောက်ယောက်များ လိုအပ်လာတော့မှာမို့လို့လား။ ငါလည်း သူ့ပိုင်ဆိုင်မှုတွေကို အမွေဆက်ခံရဖို့အတွက် အတင်းဖိအားပေးခံချင်တယ်လေ"

"ကောင်းပြီ။ အဲ့ဒီအကြောင်းတော်လိုက်တော့။ မင်း ငါ့ကို အိမ်ထဲလိုက်ပြမလို့မဟုတ်ဘူးလား။ ငါ လုံးဝအံ့ဩသွားစေမဲ့ပစ္စည်းတွေရှိတယ်ဆို"

ကျန်းမုန့်လောင်က ကျီစယ်နေတာကို ရပ်လိုက်ချေသည်။

"ဟီးဟီး.. ဒီလိုပစ္စည်းတွေက မင်းမှာ ပိုက်ဆံတွေရှိတယ်ဆိုရင် ရဖို့မဖြစ်နိုင်ဘူး"

ဝမ်လင်က ရုတ်တရက်ဆိုသလို သူ့ရင်ဘတ်ကိုပုတ်ပြလေသည်။

"နံရံပေါ်က ဒီပန်းချီကားတွေကိုကြည့်လိုက်"

ကျန်းမုန့်လောင်၏အကြည့်က ဧည့်ခန်း၏အလယ်ရှိ ကြီးမားလှသောပန်းချီကားကြီးဆီသို့ ဆိုက်ရောက်သွားသည်။ ထိုပန်းချီကားမှာ အလျားအားဖြင့် ငါးမီတာနီးနီးရှိပြီး အနံအားဖြင့် ၃၀စင်တီမီတာကျော်ရှိကာ ဆရာကျန်းဇယ်ထျန်၏ "ချင်းမင်ပွဲတော်အတွင်း မြစ်ကမ်းတစ်လျှောက်"ဟူသည့် ပန်းချီကားနှင့်ပင် ယှဉ်နိုင်လေသည်။

"ဒါက တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတာပဲ"

ကျန်းမုန့်လောင်က ပန်းချီကားကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးရင်း ဆိုလိုက်သည်။

"မြောက်ပိုင်းဆုန်းမင်းဆက်တုန်းကဆွဲဟန်မျိုးနဲ့ ဒီလက်ရာက ကွဲပြားတဲ့ရှုထောင့်နည်းပညာကိုသုံးထားပြီး ဆရာကျန်းဇယ်ထျန်နဲ့တော်တော်လေးဆင်တူတာပဲ။ ဒါက မဟာတံတိုင်းကြီးနားက ရှုမျှော်ခင်းကိုဆွဲထားတာပဲဖြစ်ရမယ်"

"ဝိုး..မင်းကတော်တော်လေးသိတာပဲ"

"ဒုတိယတန်းမှာတုန်းက အနုပညာအတန်းမှာ နည်းနည်းလောက်လေ့လာခဲ့ရတယ်လေ"

ကျန်းမုန့်လောင်က ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်သည်။

"ဘုရားရေ ဒုတိယတန်းတဲ့.. မင်းက ဝက်ဘ်ဆိုက်သေးသေးလေးတွေမှာ ဗီဒီယိုကြည့်နေခဲ့တာပေါ့"

ဝမ်လင်က ငေါ့တော့တော့ပြန်ပြောလိုက်သည်။

"ဒါပေမဲ့ မင်းပြောတာတော့မှန်တယ်။ ဆရာကျန်းဇယ်ထျန်ရဲ့လက်ရာကို ဒီပန်းချီကားကနေ ခံစားရတယ်။ နောက်ကျောဘက်မှာ ပန်းချီဆရာရဲ့မှတ်ချက်နဲ့ လက်မှတ်တစ်ခုလည်းပါတယ်။ သူက ဒီပန်းချီကားကို သူ့ဆရာလို့သတ်မှတ်ထားတယ်တဲ့။ အဲ့ဒါကပဲ ဒီလက်ရာရဲ့အနုပညာတန်ဖိုးကိုမြင့်တက်စေခဲ့တာပေါ့"

"ဒီပန်းချီကားက ဈေးတော့မပေါလောက်ဘူးနော်"

"ဈေးမပေါတာတော့ ပြောနေစရာတောင်မလိုဘူး။ ဒါကို နိုင်ငံ့ရတနာလို့ပြောရင်တောင် အပိုပြောတာမဟုတ်ဘူးနော်။ ပြီးတော့ အဲ့ဒီဆရာက သူ့ဘဝမှာ ဒီပန်းချီကားတစ်ခုတည်းကိုပဲ ဆွဲခဲ့တာတဲ့။ ကမ္ဘာပေါ်မှာ ဒုတိယမြောက်လက်ရာရယ်လို့ မရှိဘူး။ ငါ့အဖေဆိုရင် ၂၀၁၃ခုနစ်တုန်းက ဒီပန်းချီကားကို ရှေးဟောင်းပစ္စည်းလေလံပွဲမှာ အကြိမ်ငါးဆယ်ကျော်လောက် ဈေးပြိုင်ပေးပြီးမှ ၁.၂ဘီလီယံနဲ့ဝယ်ခဲ့တာ

"မိုက်လိုက်တာ.. ဒါက ဘယ်ပန်းချီဆရာရဲ့ဘိုးဘွားပိုင်ဖန်တီးမှုပါလိမ့်။ ငါ ကြည့်ကြည့်လို့ရမလား"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"မင်း ကြည့်လို့တော့ရပါတယ်။ ဒါပေမဲ့သတိထားနော်။ ပန်းချီကားကို အပေါ်ယံထိန်းသိမ်းစောင့်ရှောက်မှုတွေလုပ်ထားပေမဲ့ မင်း လက်အိတ်တော့ဝတ်ဖို့လိုသေးတယ်"

ဝမ်လင်က လက်အိတ်တစ်စုံကို ဂရုတစိုက်ဆွဲထုတ်လိုက်ပြီး နံရံပေါ်က ပန်းချီကားကိုဆွဲမချခင်မှာပင် သူ့လက်ထဲ ထည့်ပေးလာသည်။

"ဒီပန်းချီကားဟာ ကောင်းကင်ဘုံရဲ့အပိုင်ပဲ။ ဝူကျန်းက ဒါကို ဆရာသခင်ရဲ့လမ်းပြအဖြစ် မှတ်ယူထားတယ်"

ဤစကားလုံးများမှာ ပန်းချီကား၏နောက်ကျောဘက်၌ ဆရာကျန်းဇယ်ထျန် ချန်ထားရစ်ခဲ့သောစာများပင်။

"ဒီပန်းချီဆရာက ကျန်းထက် အသက်ခုနစ်ဆယ်ရှစ်ဆယ်လောက်ကြီးတာပဲဖြစ်ရမယ်။ ဒါက ကျန်းရှီကျီးလို့နာမည်ရတဲ့ ၁၀၀၃ခုနစ်တုန်းက လက်ရာတစ်ခုပဲ"

"အရိုင်းဆန်တဲ့အချစ်လား"

ကျန်းမုန့်လောင်က စကားနှစ်လုံးကို အလိုလိုထပ်ဖြည့်ပေးလိုက်သည်။

"ဟီးဟီးဟီး.."

ဝမ်လင်နှင့် ကျန်းမုန့်လောင်တို့က အကြည့်ချင်းဖလှယ်လိုက်ကြပြီး ညစ်တီးညစ်ပတ်ရယ်မောလိုက်ကြသည်။

"ကြည့်ရတာ အစ်ကိုကျန်းကလည်း အကြိုက်ချင်းတူသားပဲ။ ငါလည်း ဆရာရှီကျီးရဲ့လက်ရာတွေကို အရမ်းလေးစားတယ်"

"ကြီးကျယ်မြင့်မြတ်တဲ့စိတ်ထားရှိသူတွေက အတွေးချင်းတူတတ်ကြတယ်။ နောက်တစ်ခါကျရင် အမြင်ချင်းဖလှယ်ကြရအောင်။ ငါ့မှာ ဒီပစ္စည်းတွေနဲ့ပတ်သက်တဲ့ ဖျော်ဖြေပွဲတချို့ရှိတယ်။ ငါ ဘာကိုဆိုလိုလဲဆိုတာသိတယ်မလား"

ဝမ်လင်က ယခုလိုကိစ္စမျိုးနှင့် ပတ်သက်လာလျှင် အလွန်စိတ်လှုပ်ရှားတတ်သူပင်။ ယောကျ်ားတစ်ယောက်၏ပျော်ရွှင်မှုဟာ အရိုးရှင်းဆုံးအရာများတွင် မကြာခဏရှာတွေ့တတ်သည်။

"အဟွတ် အဟွတ် အဟွတ်..တည်တည်တံ့တံ့ပြောကြရအောင်"

ဝမ်လင်က ပြောလာသည်။

"ဒီပန်းချီကားက ကျန်းရှီကျီးရဲ့ဝါသနာတစ်ခုသက်သက်ပဲလို့လည်း ပြောကြတယ်။ သူက အဲဒီခေတ်တုန်းက အချမ်းသာဆုံးပုဂ္ဂိုလ်လေ။ မြောက်ပိုင်းဆုန်းဧကရာဇ်တောင်မှ သူ့ဆီကနေ မကြာခဏပိုက်ဆံချေးခဲ့ရတယ်ဆိုပဲ"

"ခဏလေးနေပါဦး..ကျန်းရှီကျီး...ဒီနာမည်ကို ဘာလို့တအားရင်းနှီးနေတာပါလိမ့်"

ကျန်းမုန့်လောင်က သူ့ဖုန်းကိုထုတ်ပြီး ဖိုင်တစ်ခုကိုဖွင့်လိုက်သည်။ ထိုဖိုင်မှာ သိပ်မကြာခင်ကမှ ဟုန်းရီက သူ့အား ပို့ပေးထားသည့် ဆွေစဉ်မျိုးဆက်ပြဇယားတစ်ခုပင်။

"အဲဒါကဘာကြီးလဲ"

ဝမ်လင်က စူးစမ်းလိုဟန်ဖြင့် ကိုယ်ကိုကိုင်းချလိုက်သည်။

"ဆွေစဉ်မျိုးဆက်ပြဇယားလေ"

ကျန်းမုန့်လောင်၏ ဆွေစဉ်မျိုးဆက်ပြဇယားက မျိုးဆက်ပေါင်းနှစ်ရာကျော်အထိ ရှည်လျားပြီး သူကတော့ ၂၅၀ယောက်မြောက်ပင်ဖြစ်၏။

"တွေ့ပြီ။ ၁၉၂ယောက်မြောက်ဘိုးဘေးကျန်းရှီကျီးတဲ့"

"မင်း.."

ဝမ်လင်၏အမူအရာမှာ ရုတ်တရက်ကြက်သေသေသွားပြီး ကျန်းမုန့်လောင်ကို မကောင်ဆိုးဝါးကြီးတစ်ကောင်အလား ကြည့်လိုက်သည်။

"ဒီဆရာကျန်းရှီကျီးက မင်းရဲ့ဘိုးဘေးလား။ ဒါက နာမည်တွေ တိုက်ဆိုင်ရုံသက်သက်များမဖြစ်နိုင်ဘူးလား"

"သူက အချမ်းသာဆုံးစာရင်းဝင်ဆိုရင်တော့ မှားစရာမရှိဘူး"

ကျန်းမုန့်လောင်က လေးနက်စွာပြောလိုက်လေသည်။

"ငါတို့မိသားစုက နှစ်ထောင်ပေါင်းစွာကြာအောင် ချမ်းသာခဲ့တာလို့ ငါ့အဖေကပြောပြဖူးတယ်။ ငါတို့တွေက ခပ်လျှိုလျှိုပဲနေခဲ့ကြတော့ ဘယ်သူမှမသိသလောက်ပဲ"

"မနှစ်တုန်းက ငါ နာရီတစ်လုံးဝယ်ခဲ့တယ်"

ထိုတဒင်္ဂလေးမှာ ဝမ်လင်ဟာ အဖိုးမဖြတ်နိုင်သော ထိုပန်းချီကားကို ချက်ချင်းဆွဲဖြဲပစ်ချင်စိတ်ပေါက်သွားရသည်။

ကျန်းမုန့်လောင်ရှေ့မှာ သူကြွားဝါနေခဲ့သည်မှာ ကြာလှရှိချေပြီ။ အနည်းဆုံးတော့ သူ့ဆီက အားကျမှုအရိပ်အယောင်တစ်ခုရလိုရငြား သို့မဟုတ်ပါကလည်း သူ့ဆီက အံ့သြလေဟန်အကြည့်မျိုးကို ခံစားရလိုရငြားဟူ၍ပင်။

သို့သော် လုံးဝအံ့ဩသွားရသည်မှာ ဤပန်းချီကားကလည်း သူ့ဘိုးဘေးများ၏လက်ရာဖြစ်နေခြင်းသာ။

"နေပါဦး.. မင်းတို့မိသားစုက နှစ်ထောင်ပေါင်းများစွာကတည်းက အချမ်းသာဆုံးဖြစ်ခဲ့တာဆိုရင် အခုလက်ရှိ မင်းမှာ ငွေဘယ်လောက်တောင်ရှိတာလဲ"

ဝမ်လင်တစ်ယောက် သိချင်စိတ်ပြင်းပြနေချေသည်။ ဤသည်မှာ မယုံနိုင်စရာကောင်းလှသည်။ ယုတ္တိရှိရှိပြောရလျှင် ယခုလိုမိသားစုမျိုး တကယ်ရှိခဲ့သည်ဆိုပါလျှင် သမိုင်းမှာ ဒဏ္ဍာရီတွင်ခဲ့ရမည်ဖြစ်၏။ သို့သော် ကျန်းမိသားစုအကြောင်း ဘယ်နေရာမှာမှဖော်ပြထားခဲ့ခြင်းမရှိ။ ကျန်းမုန့်လောင် သက်သက်ကြွားနေတာများလား။

"တကယ်တော့ ငါလည်းမသိဘူး"

ကျန်းမုန့်လောင်က သူ့ဖုန်းကိုဖွင့်လိုက်သည်။

"ဒါပေမဲ့ ငါ မိသားစုစည်းစိမ်ကို အမွေရတဲ့အချိန်တုန်းက ငါ့အဖေက ငါ့ကို တစ်နှစ်စာနေထိုင်စရိတ်ပေးခဲ့တယ်"

"တစ်နှစ်စာနေထိုင်စရိတ်လား။ မင်းရဲ့လုပ်ပုံကိုင်ပုံကိုကြည့်ရတာ အနည်းဆုံးတော့ ဘီလီယံရာနဲ့ချီပြီး ရှိနေမှာပဲ"

ဝမ်လင်က ကျန်းမုန့်လောင်တစ်ယောက် ဘီလီယံဆယ်ဂဏန်းလောက်ကို ပြိုင်ကားများဝယ်ဖို့အတွက် သုံးခဲ့တာကိုမမေ့သေးပေ။

"ဒီမှာရော့..မင်းဘာသာရေကြည့်လိုက်"

ကျန်းမုန့်လောင်က ဝမ်လင့်အား သူ့ဘဏ်ကဒ်ထဲရှိ လက်ကျန်ငွေကို ပြလိုက်သည်။

"ခု..ဆယ်..ရာ..ထောင်..သောင်း..သိန်း..သန်း.. ဘီလီယံကိုးဆယ်ကျော်တောင်လား"

ဝမ်လင်၏ပါးစပ်ဟာ ကြက်ဥတစ်လုံးစာ ဝင်ဆန့်သည်အထိ အကျယ်ကြီးပွင့်ဟသွားခဲ့ရသည်။ သူ အစောပိုင်းတုန်းက ဘီလီယံရာဂဏန်းဟုပြောခဲ့ခြင်းမှာ နောက်ပြောင်ရုံသက်သက်သာ။ ဖြစ်နိုင်သည်မှာတော့ ကျန်းမုန့်လောင်က မကြာသေးခင်ကပင် မိသားစုစည်းစိမ်ကို အမွေရခဲ့ပြီး လူချမ်းသာလက်သစ်တစ်ယောက်လို ပြုမူနေခဲ့ပြီး ယခုနှစ်အတွက် နေထိုင်စရိတ်ကို ကားများဝယ်ဖို့အတွက် သုံးစွဲပစ်ခဲ့ခြင်းပင်။

"ငွေကြေးယူနစ်ကိုလည်း ကြည့်ဦး"

"အမေရိကန်ဒေါ်လာနဲ့လား"

ဝမ်လင်၏မျက်လုံးအစုံမှာ ခေါင်းလောင်းများအလား ပွင့်အာလာလေသည်။ ငွေသားချည်းသက်သက် ဒေါ်လာထရီလီယံနှင့်ချီသည့်ပမာဏက ကျန်းမုန့်လောင်၏တစ်နှစ်စာမုန့်ဖိုးသာသာပင် ရှိသေးသတဲ့လား။

"ဒါက...."

ဝမ်လင်ခမျာ အသံများပင် တုန်ယင်နေရှာလေသည်။

"သူငယ်ချင်းရေ..ငါ ဒီဆက်ဆံရေးကို ရှေ့မဆက်နိုင်တော့ဘူး"

……….

All Chapters