ငါ့မှာ သမီးတစ်ယောက်ရှိတယ်
Vol. 3 Ch. 34
ဟန်ကျင်းယွီသည် ကျန်းနန်မြို့အပြန်လေယာဉ်လက်မှတ်ကို အမြန်ဆုံးဝယ်ယူလိုက်သည်။ ကျန်းမုန့်လောင်ပြောသည့်စကားများမှာ အမှန်ဟုတ်မဟုတ် သူမသိရသေးသော်ငြား သုတေသနရန်ပုံငွေရဖို့အတွက် အလျင်လိုနေသည်ဖြစ်ရာ သူ့အနေနှင့် ဖြစ်နိုင်သမျှအခွင့်အရေးတိုင်းကို ဆုပ်ကိုင်ရမည်သာ။
"ဒီပါမောက္ခက အလုပ်ကို အားတက်သရောလုပ်တာပဲ"
ကျန်းမုန့်လောင်က ကူကယ်ရာမဲ့စွာ ရယ်မောလိုက်မိသည်။ သုတေသနရန်ပုံငွေက ပါမောက္ခတစ်ယောက်အတွက် မည်မျှအရေးပါသလဲဆိုသည့်အချက်ကိုမူ အထင်သေးလိုက်မိသည်။
လာမည့်စာသင်နှစ်တွင် ဘွဲ့ကြိုပရောဂျက်အတွက် ကျောင်းကို မကြာခဏသွားလာရမည်ဖြစ်ရာ ကျန်းမုန့်လောင်လည်း ကျောင်းနားရှိတိုက်ခန်းကို ယာယီပြောင်းရွှေ့နေနေချေသည်။
မြို့လယ်ခေါင်ရှိတိုက်ခန်းလောက် မခမ်းနားသော်လည်း စတုရန်းမီတာ၄၀၀ရှိသည့်တိုက်ခန်းမှာ နေထိုင်ဖို့ရာအတွက် အတော်အတန်သက်သောင့်သက်သာရှိပြီး အဆင်ပြေလှသည်။ အနည်းဆုံးတော့ သူ ဓာတ်လှေကားနှင့် တစ်နေကုန် အတက်အဆင်းလုပ်မနေရတော့ပေ။ အခြားအိမ်မှုကိစ္စများအတွက်လည်း ဟုန်းရီက သူ့အတွက် စီစဉ်ပေးထားပြီးဖြစ်၏။
"အိမ်ရှင်မတစ်ယောက်ရှိရင်ကောင်းမှာပဲ"
ကျန်းမုန့်လောင်၏စိတ်ထဲ မိန်းကလေးနှစ်ယောက်က ရုတ်တရက်ဝင်ရောက်လာသည်။ တစ်ယောက်က သူ့အား အဆောင်ရှိလသာဆောင်မှာ ငတုံးတစ်ယောက်လို ငိုအောင်လုပ်ခဲ့ပြီး ကျန်တစ်ယောက်ကတော့ တွေးလိုက်ရုံဖြင့် သူ့နှုတ်ခမ်းထောင့်စွန်းများကို သူကိုယ်တိုင်တောင် သတိမထားမိအောင် ကွေးညွတ်သွားစေနိုင်သူပင်။
နောက်တစ်နေ့မှာ ကျန်းမုန့်လောင်က ကျူးမုန့်ချောင်နှင့် သဘောတူထားသည့်အချိန်အတိုင်း သုတေသနအဖွဲ့၏ ဓာတ်ခွဲခန်းကို ရောက်လာခဲ့သည်။ သူတို့၏ရုပ်ဝတ္ထုသိပ္ပံဌာန၏ အကြီးမားဆုံးသောသုတေသနအဖွဲ့ဖြစ်သည့်အတွက် ပါမောက္ခဟန်၏လက်အောက်တွင် တွဲဖက်ပါမောက္ခနှစ်ဦး၊ ပါမောက္ခခုနစ်ဦးနှင့် ဒေါက်တာဘွဲ့ရနှင့်မဟာဘွဲ့ရကျောင်းသားအယောက်သုံးဆယ်ကျော်ရှိသည်။
ဤအဆောက်အအုံတစ်ထပ်လုံးက သူတို့၏ဓာတ်ခွဲခန်းနှင့် ရုံးခန်းဖြစ်ပြီး ကြီးမားလှသည့် ဤသုတေသနအဖွဲ့ကြီးကို ဆက်လက်လည်ပတ်စေရန် ထိန်းသိမ်းစောင့်ရှောက်ရသည်မှာ တစ်နှစ်လျှင် ငွေအမြောက်အများကုန်ကျလေသည်။
"ဂျူနီယာညီလေးရေ.. မနေ့က ပါမောက္ခဟန်နဲ့ တကယ်သွားတွေ့ခဲ့တာလား"
ကျန်းမုန့်လောင်က အာရုံစိုက်သင့်သည့် အဓိကလက်တွေ့စမ်းသပ်မှုအကြောင်းအရာနှင့် အချက်အလက်များကို ရှင်းပြပြီးနောက် နားချိန်အတွင်းမှာ မေးလိုက်လေသည်။
"ဟုတ်ကဲ့။ ပါမောက္ခဟန်က ဒီနေ့ပြန်လာမဲ့ပုံပဲ"
ကျန်းမုန့်လောင်ကလည်း ပြန်ပြောလိုက်သည်။
"ဘာ.. ဒီနေ့ သူပြန်လာမှာလား"
"ကလစ်"
ထိုအချိန်မှာပင် ဘေးဘက်ရှိရုံးခန်းမှ တံခါးဖွင့်သံထွက်ပေါ်လာသည်။ ထိုအခန်းမှာ ဟန်ကျင်းယွီ၏ရုံးခန်းပင်။ သူ ပြန်လာလေပြီ။
"နှစ်ပေါင်းများစွာအတွင်းမှာ အချိန်တိုလေးအတွင်း ပါမောက္ခဟန်ကိုပြန်ခေါ်နိုင်တာက မင်းတစ်ယောက်တည်းပဲရှိတယ်"
ကျူးမုန့်ချောင်က ကျန်းမုန့်လောင်ကို လက်မထောင်ပြလိုက်သည်။
"ဒါဆို ကျွန်တော် ပါမောက္ခဟန်နဲ့ သွားတွေ့လိုက်ဦးမယ်"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဂျူနီယာလေးရေ... ငါတို့တွေ လာမယ့်နှစ်မှာ ကောင်းကောင်းစားနိုင်သောက်နိုင်မလားဆိုတာ မင်းအပေါ်မူတည်သွားပြီ။ ငါတို့ရဲ့စိတ်လှုပ်ရှားမှုကို အချည်းနှီးမဖြစ်စေနဲ့နော်"
ကျူးမုန့်ချောင်က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောလိုက်သည်။
...
"ဒေါက် ဒေါက် ဒေါက်"
ကျန်းမုန့်လောင်က ဟန်ကျင်းယွီ၏ရုံးခန်းတံခါးကို ခေါက်လိုက်သည်။
"ဝင်ခဲ့ပါ"
သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်၏ အက်ရှရှအသံက ရုံးခန်းထဲမှ ထွက်ပေါ်လာသည်။
သူရထားသည့် ဂုဏ်ထူးဂုဏ်ပုဒ်များနှင့် အောင်မြင်မှုများစွာရှိသော်လည်း ဟန်ကျင်းယွီမှာ အသက်ငါးဆယ်အောက်သာ ရှိသေးသည်။ ဤအသက်အရွယ်၌ ယခုလိုအောင်မြင်မှုများရရှိထားသည်မှာ ပညာရေးလောကတွင် စံတင်ရလောက်သည်။
"ပါမောက္ခဟန်...ကျွန်တော်က ကျန်းမုန့်လောင်ပါ"
"အိုး..မုန့်လောင်ရောက်လာပြီပဲ"
ဟန်ကျင်းယွီက သူကိုင်ထားသည့်ပစ္စည်းများကို အလျင်အမြန်ချလိုက်ပြီး ကျန်းမုန့်လောင်ကို တံခါးဖွင့်ပေးဖို့အတွက် အပြေးသွားလိုက်လေသည်။
"ဝင်ခဲ့လေ။ ဝင်ခဲ့။ မြန်မြန်ထိုင်လိုက်ပါဦး"
ပါမောက္ခဟန်က ကျန်းမုန့်လောင်ကို သူ့ရုံးခန်းထဲသို့ နွေးထွေးလှိုက်လှဲစွာကြိုဆိုလိုက်သည့်ပုံမှာ ငွေပင်ငွေသီးတို့ကို ပြသတော့မည့်အလားပင်။
"တောင်းပန်ပါတယ်။ မနေ့က အလုပ်ကိစ္စနဲ့ခရီးထွက်နေတာဆိုတော့ ဒီနေ့မှပဲ ကျောင်းကိုအမြန်ပြန်လာခဲ့ရတယ်။ မင်းကိုစောင့်ခိုင်းမိသလိုဖြစ်သွားတာပဲ"
"ပါမောက္ခဟန်မှာ အမှားမရှိပါဘူး။ ကျောင်းသားတစ်ယောက်က ဆရာတစ်ယောက်ကိုစောင့်ရတာ သဘာဝကျပါတယ်။ ဘာမှတောင်းပန်စရာမရှိပါဘူး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"မင်းပြောခဲ့တဲ့ သုတေသနရန်ပုံငွေပြဿနာနဲ့ပတ်သက်ပြီး.."
တည့်တိုးဆန်သော ဟန်ကျင်းယွီက ကျန်းမုန့်လောင်အား တိုက်ရိုက်ပင် ထုတ်ပြောလာခဲ့သည်။
"ပါမောက္ခဟန်...သိပ္ပံသုတေသနလုပ်ရတာ ဆရာတို့တွေအားလုံးအတွက် မလွယ်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့နိုင်ငံက အနောက်နိုင်ငံတွေရဲ့ဖိအားပေးမှုကို အမြဲခံနေရတာလေ။ အကြောင်းကတော့ မှီခိုမှုကင်းတဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်က အရမ်းအားနည်းလွန်းနေလို့ပေါ့။ ကျွန်တော်တို့အနေနဲ့ ပိုအားကောင်းချင်တယ်ဆိုရင် သိပ္ပံသုတေသနမှာ ပိုပြီးအားထုတ်ဖို့လိုတယ်လေ"
"ဟုတ်တာပေါ့"
ဟန်ကျင်းယွီက သက်ပြင်းချလိုက်သည်။
"ဒါပေမဲ့ မင်းလည်းသိတဲ့အတိုင်း ငါတို့တက္ကသိုလ်က ထိပ်တန်းအဆင့်ရှိတဲ့ကျောင်းမဟုတ်ဘူးလေ။ ၉၈၅နဲ့ ၂၁၁စီမံကိန်းတွေထဲမှာတောင် ထည့်တွက်လို့မရဘူး။ နှစ်စဉ်သုတေသနရန်ပုံငွေကလည်း ကျန်းနန်တက္ကသိုလ်ရန်ပုံငွေရဲ့နည်းနည်းလောက်တောင် မမီဘူး။ ငါတို့လိုလူအိုကြီးတွေက လုပ်ငန်းရှင်တွေဆီမှာ သူတောင်းစားလို လိုက်တောင်းပြီးမှ ရန်ပုံငွေကိုရကြတာလေ"
"သူတို့မှာ ငွေကြေးထောက်ပံ့မှုတွေအများကြီးရှိတာလား"
ကျန်းမုန့်လောင်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
"တစ်နှစ်ကို အနည်းဆုံးယွမ်ငါးဆယ်ဘီလီယံပဲ"
"အဲဒါက တော်တော်များတာပဲနော်"
ကျန်းမုန့်လောင်က အသာအယာခေါင်းညိတ်ပြလိုက်သည်။ ဤပိုက်ဆံမှာ အစိုးရကပေးသော ပမာဏမျှသာရှိသေးသည်။ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ နှစ်စဉ်သိပ္ပံသုတေသနရန်ပုံငွေဟာ ယွမ်ငါးဘီလီယံပင် မရှိဟုဆိုနိုင်လေသည်။ ထိုပမာဏထဲတွင် ဤပါမောက္ခများ လုပ်ငန်းစုများထံမှရထားသည့် ရန်ပုံငွေများလည်း ပါဝင်သည်။ ကျောင်းများကြားရှိ ကွာဟချက်က တစ်နေ့ပြီးတစ်နေ့ မြင့်တက်လာသည်မှာ အံ့သြစရာမရှိပေ။
"ဆရာဟန်...ဒီမှာ သန်း၂၀ကျော်လောက် ရန်ပုံငွေကွာဟချက်ရှိနေတယ်လို့ ကျွန်တော်ကြားထားတယ်"
"ဟုတ်တယ်။ ငါတို့ရဲ့လက်ရှိရလဒ်တွေအရ လက်တွေ့စမ်းသပ်မှုတစ်ခုတည်းရဲ့ အခြေခံမူတစ်ခုတည်းကတင် ဆယ်သန်းကျော်လိုအပ်တယ်။ သိပ္ပံကိရိယာအမျိုးမျိုးရဲ့ကုန်ကျစရိတ်ကိုပါ ပေါင်းလိုက်ရင် ၂၅သန်းဆိုတာက ခန့်မှန်းပမာဏတစ်ခုသက်သက်ပဲ ရှိသေးတာ"
ထိုသို့ပြောရင်း ဟန်ကျင်းယွီက သိသိသာသာပူပန်လာချေသည်။
"ငါတို့မှာ ပိုကောင်းတဲ့ကိရိယာတွေသာ ရှိမယ်ဆိုရင် နောက်နှစ်ထဲကျင်းပမဲ့ ပညာရေးရွေးကောက်ပွဲမှာတောင် ဝင်ပြိုင်နိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိတယ်။ နှမြောစရာကောင်းတာက ငါတို့တက္ကသိုလ်ရဲ့အခြေအနေက..."
"ဆရာဟန်... ခင်ဗျား ကိရိယာတွေလိုသေးလား"
"တကယ်တော့ တက္ကသိုလ်မှာ ဒါတွေအားလုံးရှိပေမဲ့ ဘဏ္ဍာရေးပြဿနာတွေကြောင့် အဲ့ဒီပစ္စည်းတွေရဲ့တိကျမှုက တကယ်မသေချာဘူး။ အဲ့ဒါကြောင့်ပဲ ငါတို့ကို မလိုအပ်ဘဲ လမ်းလွဲသွားစေခဲ့တာ ခဏခဏပဲ။ ဒါပေမဲ့ အဲ့ဒီလိုကိရိယာတွေက တအားစျေးကြီးလွန်းတယ်"
ဟန်ကျင်းယွီက ပြောလိုက်သည်။
"အီလက်ထရွန်အဏုကြည့်မှန်ပြောင်းတစ်ခုတည်းကတင် အနည်းဆုံးသန်းပေါင်းများစွာကုန်ကျတယ်။ စွမ်းအင်ရောင်စဉ်တိုင်းစက်တို့ အလင်းရောင်စဉ်တိုင်းစက်တို့ လျှပ်စစ်ကြိမ်နှုန်းထုတ်လွှတ်စက်တွေဆိုတာကတော့ ပြောမနေနဲ့တော့"
ဤစကားများကိုကြားသောအခါ ကျန်းမုန့်လောင်၏မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပလင်းလက်လာသည်။
"ဆရာဟန်...ခင်ဗျားအနေနဲ့ အကောင်းဆုံးသိပ္ပံနည်းကျသုတေသနရလဒ်တွေကို လိုချင်တယ်ဆိုရင် ဘယ်လိုကိရိယာမျိုးတွေကို လိုအပ်မလဲ"
"ဒီပစ္စည်းက အကန့်အသတ်မရှိဘူး"
ဟန်ကျင်းယွီက ပြောလိုက်လေသည်။
"ဥပမာပြောရရင် အခြေခံကိရိယာတွေဖြစ်တဲ့ စွမ်းအင်ရောင်စဉ်တိုင်းစက်တွေ၊ ဒြပ်ထုရောင်စဉ်တိုင်းစက်တွေနဲ့ အီလက်ထရွန်အဏုကြည့်မှန်ပြောင်းတွေကိုပဲကြည့်လိုက်။ မင်းအနေနဲ့ ဒါတွေအားလုံးကို အကောင်းဆုံးထဲကမှလိုချင်တယ်ဆိုရင် မင်းရဲ့သန်းငါးဆယ်က ဒါတွေကိုဝယ်ဖို့လောက်တယ်ဆိုရုံလေးပဲရှိတာ"
"ဆရာဟန်.. အခုလောလောဆယ်တော့ ပိုက်ဆံကိစ္စကို ဘေးဖယ်ထားလိုက်ကြရအောင်။ ဆရာ့ရဲ့သုတေသနကို ထောက်ပံ့ဖို့အတွက် နောက်ထပ်ဘာလိုသေးလဲဆိုတာပဲ ပြောပါ"
"ဟားဟားဟား.. အမှုန်ခွဲခြမ်းစိတ်ဖြာတဲ့စက်နဲ့ ငါ ခုနကပြောခဲ့တဲ့ကိရိယာတွေသာ ရှိမယ်ဆိုရင် ငါ့ပရောဂျက်က တစ်နှစ်အတွင်းမှာတင် ငါလိုချင်တဲ့ရလဒ်တွေအားလုံးကို ရရှိစေနိုင်မှာပဲ"
ဟန်ကျင်းယွီဟာ ကျန်းမုန့်လောင်၏စကားများကို အတည်သဘောမထားသည်မှာ သိသာလှသည်။ တကယ်တမ်းတွင်လည်း အမှုန်ခွဲခြမ်းစိတ်ဖြာစက်၏ ဈေးနှုန်းက အလွန်ကြောက်စရာကောင်းလှပြီး ထိုကဲ့သို့သောကိရိယာများက နိုင်ငံတော်အဆင့်ဗျူဟာမြောက်ကိရိယာတစ်ခုဖြစ်လေရာ လိုချင်တိုင်းရနိုင်သည့်အရာမဟုတ်ချေ။
"ဒီပစ္စည်းက ဘယ်လောက်ကုန်ကျမလဲ"
ကျန်းမုန့်လောင်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
"ဟွာရှားက လောလောဆယ်မှာ တည်ဆောက်ဖို့စီစဉ်နေတဲ့ အီလက်ထရွန်-ပိုဆိုက်ထရွန်ခွဲခြမ်းစိတ်ဖြာစက်CEPCအကြောင်း မင်းသိလား။ အဲ့ဒီပစ္စည်းရဲ့ခန့်မှန်းခြေဆောက်လုပ်ရေးကုန်ကျစရိတ်က ဟွာရှားယွမ်၃၆ဘီလီယံရှိတယ်"
"၃၆ဘီလီယံလား"
ကျန်းမုန့်လောင်လည်း ဆိုဖာပေါ်ထိုင်နေရာမှ ရုတ်တရက်မတ်တတ်ထရပ်လိုက်သည်။
"ဟုတ်..ဟုတ်တယ်။ ဘာဖြစ်လို့လဲ..."
ကျန်းမုန့်လောင်၏ မျက်ဝန်းထဲကအကြည့်ဟာ ကြောက်စရာကောင်းလှသည့် ပမာဏကြောင့် ထိတ်လန့်သွားဟန်မရှိဘဲ ရှင်းပြရခက်သည့်စိတ်လှုပ်ရှားဟန်အရိပ်အယောင်များသာ ယှက်သန်းနေကြောင်း ဟန်ကျင်းယွီသတိထားမိလိုက်သည်။
"ဆရာဟန်.. ဒီတစ်ခါတော့ ဆရာက ကျွန်တော့်ကို အများကြီးကူညီပေးလိုက်တာပဲ"
ကျန်းမုန့်လောင်က ဟန်ကျင်းယွီ၏လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်မိသည်။
"ဆရာဟန်..ကျွန်တော်ဆုံးဖြတ်ပြီးပြီ။ ကျွန်တော် ဓာတ်ခွဲခန်းကို ရန်ပုံငွေသန်းတစ်ရာထောက်ပံ့ပေးမယ်"
"သန်းတစ်ရာလား"
ဟန်ကျင်းယွီ မျက်လုံးပြူးသွားလေသည်။
"မုန့်လောင်..မင်း နောက်နေတာတော့မဟုတ်ပါဘူးနော်"
ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကို စတင်ထူထောင်ကတည်းက ဘယ်သုတေသနအဖွဲ့မှာမှ ယခုလိုရင်သပ်ရှုမောဖွယ်ကောင်းသော သုတေသနရန်ပုံငွေမျိုး မရှိခဲ့ဖူးပေ။ အထူးသဖြင့် လွန်ခဲ့သောနှစ်တွေတုန်းက တက္ကသိုလ်တစ်ခုလုံးမှာမှ ရန်ပုံငွေယွမ်သန်းရာဂဏန်းအနည်းငယ်မျှသာ ရရှိခဲ့သည်။
"ဆရာဟန်..ဓာတ်ခွဲခန်းရန်ပုံငွေလွှဲဖို့အတွက် ဘဏ်အကောင့်နံပါတ်လေးပေးပါဦး"
"အိုး.. ဟုတ်ပြီလေ"
ဟန်ကျင်းယွီတစ်ယောက် နဝေတိမ်တောင်အနေအထားဖြင့် ကျန်းမုန့်လောင်ကို ကိန်းဂဏန်းတစ်သီကြီး ရွတ်ပြလိုက်သည်။
"ဟုန်းရီ..ဒီအကောင့်ထဲကို သန်းတစ်ရာလွှဲပေးပါဦး"
ကျန်းမုန့်လောင်က ဟုန်းရီကို မက်ဆေ့ချ်တစ်စောင်ပို့လိုက်သည်။
ခဏအကြာမှာ ဟန်ကျင်းယွီ၏ဖုန်းက ဘဏ်မှပေးပို့သည့် သတိပေးစာကြောင့် တုန်ခါလာသည်။
မက်ဆေ့ချ်ထဲမှာ သူတို့သုတေသနအဖွဲ့၏အများပိုင်အကောင့်ထဲမှာ ငွေသန်းတစ်ရာလက်ခံရရှိထားကြောင်း ပြသနေချေသည်။
ကျန်းမုန့်လောင်က တကယ်ပြောနေတာပဲ။ နောက်ပြောင်နေတာမဟုတ်ဘူး။
ရုတ်တရက်ဆိုသလို ဟန်ကျင်းယွီ၏ အရေးအကြောင်းများနှင့် ပြည့်နှက်နေသော မျက်နှာထက်ဝယ် ကြီးမားလှသောအပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။
"မုန့်လောင် အဲဒီမှာမတ်တတ်ရပ်မနေနဲ့လေ။ ထိုင်ပါဦး"
ဟန်ကျင်းယွီက တစ်ဖက်အခန်းဘက်ကို လှမ်းအော်လိုက်သည်။
"မုန့်ချောင်.. ဒီကိုအမြန်လာခဲ့ဦး။ ငါ့ကို လက်ဖက်ရည်ကရားလေး ဆေးပေးဦး။ ပြီးတော့ မင်းရဲ့ဂျူနီယာလေးအတွက် လက်ဖက်ရည်တစ်အိုးဖျော်ခဲ့"
ဟန်ကျင်းယွီ၏အမြင်မှာတော့ ကျန်းမုန့်လောင်ဟာ သာမန်ကျောင်းသားသက်သက်မဟုတ်တော့ဘဲ ရွှေအဆင့်ဒယ်ဒီတစ်ယောက်ပင်။
"မုန့်လောင်... အခု မင်းရဲ့စာတမ်းကိစ္စကို မစိုးရိမ်နဲ့တော့။ ငါ မုန့်ချောင်ကို သူ့အစွမ်းကုန်ထုတ်သုံးပြီး ကူညီခိုင်းထားမယ်။ ငါတို့သုတေသနအဖွဲ့ရဲ့ရလဒ်ကိစ္စနဲ့ပတ်သက်ပြီး မင်းအနေနဲ့ ပထမဆုံးဖန်တီးမှုလက်ရာရှင်ဖြစ်ချင်လား တွဲဖက်လက်ရာရှင်ဖြစ်ချင်သလားဆိုတာကို ရွေးချယ်ဖို့ကတော့ မင်းအပေါ်မှာပဲမူတည်တယ်"
"အာ. ဆရာဟန်...ခင်ဗျား ဒီလိုလုပ်စရာမလိုပါဘူး။ သုတေသနရလဒ်တွေအကုန်လုံးက ခင်ဗျားရဲ့ရလဒ်တွေလေ။ အဲ့ဒါတွေကိုလက်ဝါးကြီးအုပ်ထားရမှာ သိပ်တော့မမှန်ဘူးလို့ ခံစားမိတယ်။ ကျွန်တော်က ကျွန်တော်တို့ရဲ့ သိပ္ပံသုတေသနအဖွဲ့ကို ထောက်ပံ့ပေးချင်ရုံသက်သက်ပါပဲ"
ကျန်းမုန့်လောင်က ကြားဖြတ်ပြောကြားလိုက်သည်။
"မဖြစ်နိုင်တာ။ ရလဒ်တွေအားလုံးက ဘယ်လိုလုပ်ပြီး ငါတို့အပိုင်ဖြစ်နိုင်မှာလဲ။ မင်းလည်း ဒီထဲမှာပါဝင်အားဖြည့်ထားတာပဲ"
ဟန်ကျင်းယွီက ခုခံပြောဆိုလိုက်သည်။
"ကောင်းပြီလေ။ မုန့်လောင်.. မင်းက သုတေသနရလဒ်တွေကို စိတ်မဝင်စားဘူးဆိုတော့ ငါ့မှာ နိုင်ငံခြားကနေ ပညာသင်ပြီး ပြန်လာတော့မဲ့ သမီးတစ်ယောက်ရှိတယ်။ သူက အရမ်းလှတာ။ မင်းတို့နှစ်ယောက်လုံးက အသက်ငယ်သေးတယ်ဆိုတော့ ပြောစရာစကားတွေလည်း အများကြီးရှိမှာ ကျိန်းသေတယ်။ သူ့WeChatအကောင့် ငါ မင်းကိုပေးမယ်ဆိုရင်ရော..."
………