ခင်ဗျားမှာ သိပ္ပံသုတေသနအတွက် ရန်ပုံငွေမလုံမလောက်ဖြစ်နေတဲ့မိတ်ဆွေတွေများရှိလား
Vol. 3 Ch. 35
"မစ္စတာဟန် တကယ်ပဲ အဲ့လိုလုပ်ဖို့မလိုပါဘူး။ လုံးဝမလိုပါဘူး"
ကျန်းမုန့်လောင်က ပိုက်ဆံနည်းနည်းသုံးချင်ရုံသက်သက်ပင်။ မစ္စတာဟန်က ဘာလို့ သူ့သမီးကို အသည်းအသန်ထကြော်ငြာနေတာလဲ။
မစ္စတာဟန်ကျင်းယွီက စိတ်ပျက်အားလျော့လုနီးပါးဖြစ်ခဲ့ရသည်။ အကယ်၍ သူသာ သိပ္ပံသုတေသနအတွက် ရန်ပုံငွေရအောင် မလုပ်နိုင်ခဲ့ပါက သူ့သုတေသနလုပ်ငန်းစဉ် ရပ်တန့်သွားလိမ့်မည်။ ထို့ပြင် ဘာရလဒ်မှမရှိလျှင် ထိုကုမ္ပဏီနှင့်ချုပ်ဆိုထားသည့် စာချုပ်ပါအချက်အလက်များကို ချိုးဖောက်ရာရောက်သွားမည်ဖြစ်၏။
သို့သော် ကျန်းမုန့်လောင်က သူ့လက်ရှိအကျပ်အတည်းကို ဖြေရှင်းပေးလိုက်နိုင်ရုံသာမက လာမည့်နှစ်များအတွက်ပါ သုတေသနလုပ်ငန်းကို ချောမွေ့စွာကိုင်တွယ်နိုင်အောင် ကူညီပေးခဲ့သည်။ ယခုနှစ်မှာ ဤမျှချမ်းသာသည့် ကျောင်းသားမျိုးနှင့် အမှတ်မထင်တွေ့ဆုံရလိမ့်မည်ဟု သူ လုံးဝထင်မထားခဲ့မိချေ။
ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ကို ဝင်ခွင့်ရခြင်းကတင် ကျန်းမုန့်လောင်၏ ထူးချွန်လှသည့် သင်ယူလေ့လာမှုစွမ်းရည်ကို လုံလောက်စွာသက်သေပြနိုင်ပြီဖြစ်၏။ ကြီးကျယ်ခမ်းနားသော သူ့မိသားစုနောက်ခံကိုပါ ထည့်ပေါင်းလိုက်လျှင် သူ့သမီးကို သူနှင့် တကယ်လက်ထပ်ပေးလိုက်ရလျှင်ပင် သူ့သမီးဘက်က ဆုံးရှုံးစရာမရှိပေ။ သုတေသနရန်ပုံငွေလည်း အဆက်မပြတ်စီးဆင်းနေပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ တော်ဝင်ပညာရှင်တစ်ယောက်ဖြစ်လာဖို့မှာ အနှေးနှင့်အမြန်သာ။
"မုန့်လောင်...ဒီရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီး မင်း စိတ်မပျက်စေရဘူး။ စက်မှုလုပ်ငန်းပိုင်းအထိ အခြေအနေတိုးတက်လာခဲ့ရင် မင်းက ရှယ်ယာအများဆုံးလူဖြစ်လာမှာ"
ဟန်ကျင်းယွီက ကတိပေးလိုက်သည်။ သူ့ပရောဂျက်ကသီအိုရီသက်သက်သာရှိသည့် သုတေသနမဟုတ်ပေ။ ထိုသို့မဟုတ်ပါက အခြားဘယ်ကုမ္ပဏီကမှလည်း ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားမည်မဟုတ်။ ကြာချိန်ကတော့ အနည်းဆုံး သုံးနှစ်မှ ငါးနှစ်အထိ ကြာမြင့်လိမ့်မည်။ သို့သော် ဤအချက်ကလွဲ၍ သူ့မှာ ကျန်းမုန့်လောင်ကိုပြဖို့ အထင်ကြီးလောက်သည့်ကိစ္စတစ်ခုမှ မရှိတော့ပေ။
"မစ္စတာဟန်..ခဏလေးနေပါဦး။ ကျွန်တော် ဓာတ်ခွဲခန်းသုံးပစ္စည်းတွေကိုမှာဖို့အတွက် ဖုန်းဆက်လိုက်ဦးမယ်"
ကျန်းမုန့်လောင်က သူ့ဖုန်းကိုထုတ်ယူရင်း ပြောလိုက်လေသည်။
"မလိုပါဘူး မုန့်လောင်ရာ။ ပစ္စည်းကိရိယာကိစ္စကို ငါတို့ကိုယ်တိုင်ဖြေရှင်းနိုင်ပါတယ်"
ဟန်ကျင်းယွီက ဘယ်ကိရိယာက ဘယ်လောက်ပမာဏဆိုလျှင် အကောင်းဆုံးရနိုင်သလဲဆိုသည်ကို သိထားသည့်အတွက် အလျင်အမြန်ပြောလိုက်သည်။
"မစ္စတာဟန်...ဒီပိုက်ဆံတွေက ကုန်ကြမ်းဝယ်ဖို့အတွက်နဲ့ ဓာတ်ခွဲခန်းရဲ့ပုံမှန်လုပ်ငန်းဆောင်တာတွေအတွက်ပါ။ ကိရိယာတွေဝယ်ဖို့အတွက် မပါသေးပါဘူး"
ကျန်းမုန့်လောင်က ပြုံးပြုံးလေးပြောလိုက်သည်။
"စီနီယာအစ်ကိုတွေနဲ့ အစ်မတွေလည်း တော်တော်လေးကြိုးစားနေကြရှာတာ။ သူတို့အတွက် လုပ်အားခလေးပိုပေးသင့်တယ်"
"ဘယ်လို..ဒီပိုက်ဆံထဲမှာ ပစ္စည်းကိရိယာကုန်ကျစရိတ်တောင် မပါသေးဘူးပေါ့"
ဟန်ကျင်းယွီခမျာ မိုးကြိုးပစ်ချခံရသလို ခံစားလိုက်ရသည်။
ကျန်းမုန့်လောင်က ဤကိရိယာများအတွက် အပိုငွေသက်သက်ထုတ်ပေးမယ်လို့ ပြောနေတာလား။ သူက ဘယ်လောက်တောင်ချမ်းသာတာလဲ။
ဟန်ကျင်းယွီသာ ကျန်းမုန့်လောင်ကို ယခင်ကတည်းကမသိခဲ့ပါက သူ့ဆီသို့ ရည်ရွယ်ချက်ရှိရှိချဉ်းကပ်လာသလားဟု သံသယဝင်မိလောက်သည်။
"ကျွန်တော်တို့ကျောင်းက ပစ္စည်းကိရိယာတွေက အကောင်းဆုံးတွေပဲဖြစ်နေရမယ်။ ကျွန်တော်တို့ရဲ့သုတေသနအဖွဲ့ကို အဆင့်မြင့်စမ်းသပ်ရေးပစ္စည်းကိရိယာတွေ တပ်ဆင်ပေးနိုင်ဖို့အတွက် ကျွန်တော် ပိုက်ဆံနည်းနည်းသုံးဖို့စီစဉ်ထားတယ်။ ပစ္စည်းစာရင်းသာ ပေးလိုက်ပါ။ ကျွန်တော် ချက်ချင်းစီစဉ်ပေးမယ်"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"ကျွန်တော် ဒီအကြောင်းတော့ သိပ်မသိပေမဲ့ အကောင်းဆုံးနဲ့စျေးအကြီးဆုံးပစ္စည်းတွေကို သေချာပေါက်လိုအပ်တာပေါ့။ ဒါတွေကိုဝယ်ဖို့အတွက် ဘယ်လောက်ခက်ခဲမလဲဆိုတာမျိုးကို ခင်ဗျားစိတ်မပူနဲ့။ ကမ္ဘာပေါ်က နိုင်ငံတစ်ခုခုက ထုတ်လုပ်နေသရွေ့တော့ ကျွန်တော် ရအောင်ဝယ်နိုင်တယ်"
"ကောင်းတယ်။ ကောင်းတယ်။ ကောင်းတယ်"
ဟန်ကျင်းယွီခမျာ အလွန်စိတ်လှုပ်ရှားလွန်းသောကြောင့် ထိုင်ခုံပေါ်လဲကျတော့မတတ်ပင်။
ဒါက ဘယ်လိုတောင်အံ့သြဖို့ကောင်းလိုက်တဲ့ ကျောင်းသားမျိုးလဲ။ ကျောင်းသားတိုင်းသာ ဒီလောက်ချမ်းသာပြီး ရက်ရောနေရင် သူကရော ရလဒ်မထွက်မှာကို ဘာစိုးရိမ်နေစရာလိုမှာလဲ။ သူ့အနေနဲ့ တော်ဝင်ပညာရှင်အဆင့် အောင်မြင်မှုတွေကို ပိုက်ဆံနဲ့တင် ဝယ်လိုက်လို့ရပြီလေ။
"မစ္စတာဟန်..ခင်ဗျားရဲ့လက်ဖက်ရည်ရောက်ပါပြီ"
ကျူးမုန့်ချောင်က လက်ဖက်ရည်ခွက်တစ်စုံစာကိုသယ်၍ ရုံးခန်းထဲဝင်လာရင်း ပြောလိုက်လေသည်။
"မုန့်ချောင်"
ဟန်ကျင်းယွီက အကောင်းဆုံးပစ္စည်းကိရိယာများကို ရှာဖို့အတွက် စာအုပ်ကို အသည်းအသန်ရှာဖွေနေလေရာ သူ့ခေါင်းက မော့ကြည့်ဖို့ပင်မအားလောက်အောင် အလုပ်ရှုပ်နေလေသည်။
"မင်းရဲ့စီနီယာညီလေးတွေ ညီမလေးတွေကိုပြောလိုက်။ ဒီနေ့ကစပြီး ငါတို့ရဲ့သုတေသနအဖွဲ့ထဲက ဘွဲ့ရကျောင်းသားတွေဆိုရင် တစ်လကိုတစ်သောင်း၊ ပါရဂူဘွဲ့ရကျောင်းသားဆိုရင် ၁၅၀၀၀ရမယ်လို့။ ပြီးရင် မင်းကတော့ စီနီယာဆိုတော့ တစ်လကို နှစ်သောင်းရမယ်။ ရလဒ်ကောင်းတွေ ထွက်နေသရွေ့ နှစ်ကုန်ပိုင်းမှာ ဘောနပ်စ်လည်းပေးမယ်"
လက်ဖက်ရည်အိုးကိုကိုင်ထားသည့် ကျူးမုန့်ချောင်၏လက်အစုံဟာ တုန်ယင်သွားလေရာ ကြမ်းပြင်ပေါ်ကို လွတ်ကျလုနီးနီးပင်။ မိနစ်အနည်းငယ်အတွင်းမှာပင် ဟန်ကျင်းယွီဘက်က ဤမျှများပြားသည့်လုပ်အားခများ ပေးလာအောင် ကျန်းမုန့်လောင်ဘာများလုပ်ခဲ့လေသလဲ။
သုတေသနအဖွဲ့၏ ငွေကြေးအကြွယ်ဝဆုံးကာလများတုန်းကတောင် စီနီယာဖြစ်သည့်သူက လစဉ်လုပ်အားခယွမ်ငါးထောင်သာ ရခဲ့ဖူးသည်။
ပုံမှန်ဘွဲ့ရကျောင်းသားများအဖို့ ဘွဲ့ရပြီးနောက် ယွမ်ရှစ်ထောင်လစာကပင် အလွန်မြင့်လှပြီဖြစ်၏။ ပါရဂူကျောင်းသားများကတော့ တစ်နှစ်ကို ဝင်ငွေယွမ်နှစ်သိန်းရသည်။ သို့သော် ယခုတော့ဖြင့် သူတို့က ကျောင်းတက်နေချိန်မှာပင် ထိုဝင်ငွေကိုရနိုင်ပြီဖြစ်၏။
ထိုအချိန်မှာ ကျူးမုန့်ချောင်တစ်ယောက် ကျန်းမုန့်လောင်က သူ့အား "အိုကေ" ဟူသောလက်ဟန်အမူအရာတစ်ခု လုပ်ပြနေတာကို မြင်လိုက်ရသည်။
"ငါ့ညီလေးရေ.. ငါ မင်းကို သေလောက်အောင်ချစ်သွားပြီ"
ကျူးမုန့်ချောင်က ကျန်းမုန့်လောင်အနားက ဖြတ်လျှောက်ရင်း တီးတိုးပြောလိုက်လေသည်။ ယခုလိုဆက်ဆံမှုမျိုးဟာ အခြားသုတေသနအဖွဲ့များရှိ အဖွဲ့ဝင်များကို မနာလိုဖြစ်သွားစေမည်မှာ ကျိန်းသေပေါက်ပင်။ ဤသတင်းသာပေါက်ကြားသွားလျှင် နောက်စာသင်နှစ်တွင် သူတို့သုတေသနအဖွဲ့၏ကျောင်းအပ်နှုန်းမှာ အမြင့်ဆုံးဖြစ်လာမည်မှာ သေချာပေါက်ပင်။
"ကောင်းပြီ မုန့်လောင်..ဒါကိုကြည့်လိုက်။ ဒါတွေက နိုင်ငံတကာမှာ အဆင့်မြင့်ဆုံးကိရိယာတွေဆိုပေမဲ့ အများစုက တခြားနိုင်ငံတွေကနေ တင်ပို့မှုကို ပိတ်ပင်ထားတယ်။ တချို့ကကျတော့ ဝယ်ယူဖို့ခက်ခဲနိုင်လောက်တဲ့ သီးသန့်ပိုင်ဆိုင်မှုတွေလေ။ တကယ်လို့ လိုအပ်လာခဲ့ရင် ငါစာရင်းလုပ်ပေးထားတဲ့ တခြားမော်ဒယ်လ်တွေကိုလည်း ဝယ်လို့ရပါတယ်"
"ကောင်းပါပြီ။ ကျွန်တော့်လက်ထောက်ကို အခုချက်ချင်းပြောလိုက်မယ်"
ကျန်းမုန့်လောင်က ထိုသို့ပြောရင်း ဟုန်းရီဆီသို့ စာရင်းစာရွက်ကို တိုက်ရိုက်ပေးပို့လိုက်သည်။
ငါးမိနစ်မပြည့်သေးခင်မှာပင် ဟုန်းရီက ဖုန်းပြန်ခေါ်လာသည်။ ရုံးခန်းကသိပ်မကြီးသောကြောင့် ဖုန်းထဲကအသံကို ဟန်ကျင်းယွီ ရှင်းရှင်းလင်းလင်းကြားနေရသည်။
"မစ္စတာကျန်း.. ကျွန်မ ရှင်ပို့ပေးထားတဲ့ ပစ္စည်းစာရင်းကို ကြည့်ပြီးပါပြီ။ စုစုပေါင်းစက်ကိရိယာ၁၇လုံးရှိပြီး အဲ့ဒီထဲက၁၁လုံးကို ဟွာရှားငွေကြေး၃၂.၅၆သန်းနဲ့ တိုက်ရိုက်ဝယ်ယူနိုင်ပါတယ်။ ကျန်တဲ့စက်ငါးလုံးကတော့ နိုင်ငံခြားဖြစ်တွေပါ။ ပြီးတော့ နိုင်ငံခြားမှာရောင်းချဖို့ တားမြစ်ထားတယ်လေ။ သူတို့နိုင်ငံထဲမှာတောင် အထူးပြုတပ်ဆင်ထားတဲ့စက်တွေဖြစ်နေတာ"
"မင်း အဲ့ဒါတွေကို ရအောင်ဝယ်ပေးနိုင်လား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"ဟုတ်ကဲ့"
ဟုန်းရီကလည်း ရိုးရိုးရှင်းရှင်းပြန်ပြောလာသည်။
"အဲ့ဒီစက်သုံးလုံးကို ကျွန်မတို့ထိန်းချုပ်ထားတဲ့ ကုမ္ပဏီတွေကထုတ်လုပ်ထားတာပါ။ ကျန်တဲ့နှစ်ခုအတွက်ကတော့ ကျွန်မက တိုက်နယ်ထဲက စီမံခန့်ခွဲရေးမိသားစုတွေဆီက တစ်ဆင့်ဆက်သွယ်လိုက်ပါ့မယ်"
"သူကဘယ်သူများလဲဟ"
ထိုစကားကိုကြားသောအခါ ဟန်ကျင်းယွီ၏မျက်ဝန်းထဲ အံ့သြမှုတို့က အထင်းသားပင်။ ကျန်းမုန့်လောင်က ဤနိုင်ငံများ၏ ထိပ်တန်းအဆင့်များနှင့် ဆက်သွယ်နိုင်သည့်အစွမ်းအစမျိုးပင် ရှိနေသည့်အပြင် လုံးဝမထင်ထားသည့် "တစ်ဆင့်ဆက်သွယ်သည့်"အရာကိုပင် လုပ်ခဲ့သေးသည်။
"ဒါပေမဲ့ နောက်ဆုံးတစ်ခုကတော့ နည်းနည်းခက်လိမ့်မယ်"
ဟုန်းရီက ပြောလာသည်။
"အမှုန်ခွဲခြမ်းစိတ်ဖြာစက်လား"
ကျန်းမုန့်လောင်ကလည်း မေးလိုက်သည်။
"စိတ်ကြီးဝင်မိတာတော့ စိတ်မကောင်းပေမဲ့ မင်းက နည်းနည်းခက်ခဲတယ်လို့ ပြောလိုက်တာဆိုတော့ ဖြစ်တော့ဖြစ်နိုင်တယ်ဆိုတဲ့သဘောလား"
သူ့အဖေက ဤကမ္ဘာပေါ်မှာ သူတို့မိသားစု မလုပ်နိုင်တာ ဘာမှမရှိဘူးဟု ပြောခဲ့သည့်စကားကို ကျန်းမုန့်လောင် မှတ်မိနေသေးသည်။ ရှိခဲ့ပါက သူ အိပ်ရာကမနိုးသေးဘဲ အိပ်မက်မက်နေတာပင်ဖြစ်ရမည်တဲ့လေ။
"ဟုတ်ပါတယ် မစ္စတာကျန်း... ရှင်က သုတေသနဌာနတွေအများကြီးကို ပိုင်ဆိုင်ထားပြီး ဥရောပမှာရှိတဲ့ အကြီးဆုံးအမှုန်ခွဲခြမ်းစိတ်ဖြာစက်က အဲဒီဌာနတွေကပဲ ပါဝင်ထုတ်လုပ်ခဲ့တာလေ။ တစ်နည်းပြောရရင်တော့ အမှုန်ခွဲခြမ်းစိတ်ဖြာစက် တည်ဆောက်တဲ့နည်းပညာကို ရှင် ထိန်းချုပ်နိုင်ပါတယ်။ တစ်ခုတည်းသောပြဿနာက ကြာချိန်ပါပဲ"
"သူက အမှုန်ခွဲခြမ်းစိတ်ဖြာစက်ကိုတောင် တည်ဆောက်နိုင်တာလား"
ထိုသတင်းအချက်အလက်ကိုကြားသောအခါ ဟန်ကျင်းယွီ၏မျက်ဝန်းများ တောက်ပလာသည်။ အမှုန်ခွဲခြမ်းစိတ်ဖြာစက်တစ်လုံးရှိခြင်းဟာ သူ ယခင်က တွေးပင်မတွေးရဲခဲ့သည့် ပရောဂျက်များစွာကို လုပ်ဆောင်နိုင်ဖို့အတွက် လမ်းစဖွင့်ပေးနိုင်လိမ့်မည်။
"ဆောက်လုပ်နိုင်ရင်တော့ ကောင်းတာပေါ့"
ကျန်းမုန့်လောင် စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်လေသည်။
"ဘယ်လောက်ကျလဲ"
"ကုန်ကျစရိတ်က ခန့်မှန်းခြေဟွာရှားငွေကြေး၂၅ဘီလီယံလောက်ရှိပါတယ်။ ဒါပေမဲ့ အချိန်ကတော့ တော်တော်ကြာပါလိမ့်မယ်"
"အဲဒါက လုံးဝစျေးမကြီးဘူးပဲ"
ကျန်းမုန့်လောင်က နှုတ်ခမ်းများကို စုရှုံ့လိုက်သည်။ ဒေါ်လာ၂၅ဘီလီယံဆိုရင် ဘယ်လောက်တောင်အံ့ဩစရာကောင်းလိုက်မလဲ။
အဆင်သင့်ဖြစ်ဖို့ ဘယ်လောက်ကြာမလဲဆိုတာနှင့် ပတ်သက်ပြီး ကျန်းမုန့်လောင်ကတော့ လုံးဝဂရုမစိုက်ပေ။ သူ့အတွက်အရေးကြီးသည်မှာ ငွေသုံးဖို့အတွက်သက်သက်ပင်။
"၂၅ဘီလီယံက စျေးမကြီးဘူးပေါ့လေ"
ဟန်ကျင်းယွီမှာ လုံးဝအံ့အားသင့်သွားခဲ့ရသည်။ ဒါက လူစကားတဲ့လား။ ဟွာရှားတစ်ခွင်မှာ သုတေသနအဖွဲ့အစည်းအကြီးကြီးများကလွဲလျှင် ဘယ်အဖွဲ့အစည်းကများ ဤကိရိယာကိုဝယ်ဖို့အတွက် ယခုလိုငွေပမာဏအများကြီးကို သုံးနိုင်မှာတဲ့လဲ။
အရေးကြီးဆုံးအချက်မှာ ကျန်းမုန့်လောင်က သူတို့၏သုတေသနအဖွဲ့အတွက် ဤအမှုန်ခွဲခြမ်းစိတ်ဖြာစက်ကို ဝယ်နေခြင်းပင်။ နှစ်အနည်းငယ်အတွင်းမှာပင် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ရှိ သူ၏သုတေသနအဖွဲ့ဟာ တရုတ်အရှေ့ပိုင်းဒေသတစ်ခုလုံးအတွက် သိပ္ပံသုတေသနဗဟိုချက်တစ်ခုဖြစ်လာလိမ့်မည်ဟု သူ အာရုံရနေမိသည်။
"ကောင်းပြီလေ။ စီစဉ်စရာရှိတာတွေ ဆက်စီစဉ်လိုက်။ မှတ်ထားနော်။ စျေးအကြီးဆုံးနဲ့အရည်အသွေးအကောင်းဆုံးပစ္စည်းတွေဖြစ်ဖို့လိုတယ်"
"နားလည်ပါတယ် မစ္စတာကျန်း..။ ကျွန်မကြည့်လုပ်လိုက်ပါ့မယ်။ ဒါပေမဲ့ ရှင့်ကျောင်းမှာ ဒီကိရိယာကိုထားဖို့အတွက် နေရာလုံလုံလောက်လောက်မရှိလောက်ဘူး.."
"ငါ ကျောင်းအုပ်နဲ့စကားပြောကြည့်လိုက်မယ်"
ဟန်ကျင်းယွီက မဆိုင်းမတွအော်ဟစ်လိုက်သည်။ ကျောင်းအုပ်ကြီးက သူတို့သုံးဖို့အတွက် နေရာအမြောက်အများကို ရှင်းလင်းပေးလိမ့်မည်ဖြစ်ကြောင်း သူယုံကြည်ထားသည်။ ဤရင်းနှီးမြှုပ်နှံမှုအတွက် အာမခံပေးသူက ဟန်ကျင်းယွီဖြစ်သောကြောင့် သူ့ကိုလည်း လေးစားသွားလောက်လေသည်။
"ပါမောက္ခဟန်.. ကျွန်တော် ခင်ဗျားနဲ့ နောက်ထပ်ကိစ္စတစ်ခုဆွေးနွေးချင်သေးတယ်"
"ပြောလေ။ ငါကူညီနိုင်တာတစ်ခုခုရှိရင် အကောင်းဆုံးလုပ်ပေးမယ်။ ဘွဲ့ကြိုလေ့လာမှုအတွက် နေရာတစ်ခုရဖို့ကူညီရတာပဲဖြစ်ဖြစ် ဒေါက်တာဘွဲ့ပရိုဂရမ်အတွက်တိုက်ရိုက်ဝင်ခွင့်လက်ခံဖို့ ကူညီပေးရတာပဲဖြစ်ဖြစ်ရတယ်"
ဟန်ကျင်းယွီက ပြောလိုက်သည်။
"အဲ့လိုလုပ်ဖို့မလိုပါဘူးဗျာ"
ကျန်းမုန့်လောင်က ဟိုဟိုသည်သည်လှည့်ပတ်ကြည့်လိုက်ပြီး အသံတိုးတိုးလေးနှင့် ပြောလိုက်သည်။
"ပါမောက္ခဟန်.. ခင်ဗျားမှာ သိပ္ပံသုတေသနအတွက် ရန်ပုံငွေမလုံမလောက်ဖြစ်နေတဲ့မိတ်ဆွေတွေများရှိလား"
……..