ဦးရာလူစနစ်
Vol. 3 Ch. 36
"မုန့်လောင်..မင်း ဘာကိုဆိုလိုချင်တာလဲ"
ကျန်းမုန့်လောင်၏လက်ရှိအပြုအမူကို ထောက်ဆကြည့်လျှင် သူ့မေးခွန်း၏နောက်ကွယ်က ရည်ရွယ်ချက်ကို ဟန်ကျင်းယွီ အကြမ်းဖျင်းခန့်မှန်းမိပြီးဖြစ်၏။
သို့သော် ဤသည်မှာ အဓိပ္ပါယ်မရှိပေ။ ယန်ကျင်းယွီဟာ အသက်၁၈နှစ်မှာ ဟွာရှားထိပ်တန်းအဆင့်တက္ကသိုလ်တစ်ခုကို ဝင်ရောက်နိုင်ခဲ့ပြီး နိုင်ငံခြားမှာလည်း မဟာဘွဲ့နှင့် ပါရဂူဘွဲ့ကို တတ်မြောက်ပြီးစီးထားသည့် အဆင့်မြင့်ပညာတတ်တစ်ဦးဖြစ်လေရာ သူ့ခေါင်းထဲမှာ ဉာဏ်ပညာများနှင့်သာ ပြည့်နှက်နေသော်ငြား ကျန်းမုန့်လောင်၏လုပ်ရပ်များက ဘာကိုရည်ရွယ်သလဲဆိုသည်ကိုမူ မသိပေ။
သူတို့၏သုတေသနအဖွဲ့အနေနှင့် သန်းတစ်ရာထောက်ပံ့ငွေရပြီးဖြစ်လေရာ သူ့ပရောဂျက်ကို စီးပွားဖြစ်အသုံးပြုနိုင်အောင် လုပ်ပြီးသည်နှင့် သုံးနှစ်အတွင်း အောင်မြင်အောင်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သူ လုံးဝယုံကြည်ချက်ရှိသည်။
သို့တိုင် သူ့အတွက်နှင့် အမှုန်ခွဲခြမ်းစိတ်ဖြာစက်ကိုဝယ်ဖို့ ငွေအမြောက်အများသုံးခြင်းမှာ အဓိပ္ပာယ်မရှိလှချေ။ ဤစီမံကိန်းကို စီးပွားဖြစ်အောင်မြင်အောင်လုပ်နိုင်ခဲ့လျှင်ပင် ဆက်လက်ထိုးဖောက်နိုင်ဖို့အတွက် အာမခံချက်မရှိပေ။ ဤကိရိယာများကလည်း နှစ်စဉ်ပြုပြင်ထိန်းသိမ်းခအတွက် ငွေကြေးအမြောက်အများကုန်ကျမည်သာ။
ရှင်းရှင်းပြောရလျှင် ကျန်းမုန့်လောင်သုံးလိုက်သည့်ငွေများဟာ ဘယ်တော့မှပြန်မရနိုင်တော့ပေ။
သူတို့၏သိပ္ပံသုတေသနကို စပွန်ဆာပေးမည်ဟု ကျန်းမုန့်လောင်ပြောလာခဲ့တုန်းက သူမယုံခဲ့ပေ။ သူ့မှာ စင်စစ်ပိုက်ဆံရှိနေလျှင်ပင် သန်းဆယ်ဂဏန်းထောက်ပံ့ငွေပေးခြင်းကတင် လွန်ကဲနေပြီဖြစ်၏။ ဘီလီယံနှင့်ချီသော ငွေပမာဏကိုသုံးခြင်းမှာ သူရူးနေတာမဟုတ်လျှင်၊ နောက်ကွယ်မှာ ရည်ရွယ်ချက်တစ်ခုခုရှိနေတာမျိုးမဟုတ်ပါက အဓိပ္ပာယ်မရှိလှပေ။
ကျန်းမုန့်လောင်၏ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ဟန်ကျင်းယွီကတော့ လုံးဝဂရုမစိုက်ပေ။ သုတေသနနှင့် ထိပ်တန်းလက်တွေ့စမ်းသပ်မှုများအတွက် ရန်ပုံငွေရှိနေသရွေ့တော့ သူ့သမီးကိုပေးလိုက်ရမည်ဆိုလျှင်တောင် မျက်နှာတစ်ချက်ပျက်မှာမဟုတ်။ ဤသည်မှာ သိပ္ပံသုတေသနစီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်နေရသည့် အဓိပ္ပာယ်ပင်ဖြစ်နိုင်လောက်သည်။
"ဆရာဟန်...အမှန်အတိုင်းပြောရရင် ကျွန်တော့်မှာငွေနည်းနည်းရှိတယ်ဗျ။ အခု ကျွန်တော်က ဘွဲ့လည်းရပြီးပြီဆိုတော့ ကျွန်တော်တို့ကျောင်းအတွက် တစ်ခုခုလုပ်ပေးချင်မိတယ်။ ဒါပေမဲ့ တခြားသူတွေကိုပါ မျက်နှာသာမပေးရင် မတရားဘူးမလား။ တကယ်လို့ ခင်ဗျားမှာ သုတေသနရန်ပုံငွေကို လိုအပ်နေတဲ့ တခြားလုပ်ဖော်ကိုင်ဖက်တွေရှိရင် သူတို့ဆီမှာလည်း ကျွန်တော် ရင်းနှီးမြှုပ်နှံဖို့ဆန္ဒရှိပါတယ်"
"တကယ်ပြောနေတာလား"
ဟန်ကျင်းယွီက ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ရှိ ရာထူးတစ်ခုကို တက်လှမ်းနိုင်ခဲ့သည့် အကြောင်းအရင်းမှာ သူ၏ဆက်ဆံရေးကောင်းမှုကြောင့်ပင်။ ထိုသို့မဟုတ်ပါက ဌာနခေါင်းဆောင်ဖြစ်လာဖို့အတွက် အခြားဆရာများနှင့် ခေါင်းဆောင်များထံမှ ထောက်ခံမှုရနိုင်မည်မဟုတ်ပေ။
ကမ္ဘာပေါ်မှာ သုတေသနရန်ပုံငွေလုံလောက်သည့် ပညာရှင်ဟူ၍ ရှိနိုင်လေသလား။
သိပ္ပံသုတေသနပြုလုပ်ခြင်းဟာ ငွေကုန်ပေါက်တစ်ခုလိုဖြစ်နေပြီး ဆရာတိုင်းကလည်း ငွေကြေးချို့တဲ့ကြသည်။ ယခုနှစ်ဟာ အထူးသဖြင့် ပိုခက်ခဲကြမ်းတမ်းလေရာ တချို့ဆိုလျှင် သုတေသနရန်ပုံငွေမလုံလောက်မှုကြောင့် စိုးရိမ်ပူပန်ရလွန်းသဖြင့် ဆေးရုံပါတက်ခဲ့ရသည်အထိပင်။
ဤဆရာများအတွက် ဟန်ကျင်းယွီသာ သုတေသနရန်ပုံငွေရှာပေးနိုင်ခဲ့ပါက သူတို့ကလည်း သူ့အား အကြီးအကျယ်ကျေးဇူးဆပ်ကြလိမ့်မည်။ နောင်အနာဂတ်မှာ ကျောင်းဝင်းထဲရှိ သူ့ဂုဏ်သတင်းကလည်း ဥက္ကဋ္ဌနှင့်ပင် ယှဉ်နိုင်လောက်လေပြီ။
"ဟုတ်ပါတယ်။ အမှန်ပါပဲ။ တခြားနေ့တွေကိုရွေးမှာထက်စာရင် ဒီနေ့ပဲလုပ်လိုက်ရင်ရော"
ဤဆရာများကို တစ်ယောက်ပြီးတစ်ယောက် လိုက်ရှာဖို့အတွက် ကျန်းမုန့်လောင်မှာ အချိန်မရှိပေ။ ထို့ပြင် တစ်ယောက်ယောက်က သူတို့၏သုတေသနအတွက် ငွေကြေးထောက်ပံ့ပေးဖို့ ဆန္ဒရှိနေကြောင်းကိုသာ သူတို့သိသွားလျှင် ခြေထောက်ကျိုးနေလျှင်တောင် တွားသွားပြီးရောက်လာကြမည်မဟုတ်လား။
"ဒီလိုဆိုရင်ရော...ဆရာဟန်..ကျွန်တော်တို့ကျောင်းက သုတေသနအဖွဲ့တွေကို ၁၀ဘီလီယံထောက်ပံ့ပေးဖို့ ဆန္ဒရှိတယ်လို့သာ ဆရာတွေကိုပြောပေးပါ"
"၁၀ဘီလီယံလို့ပြောလိုက်တာလား"
ဟန်ကျင်းယွီတစ်ယောက် ပင့်သက်ရှိုက်မိသွားသည်။ သို့သော် လွန်ခဲ့တဲ့မိနစ်အနည်းငယ်က ကျန်းမုန့်လောင်တစ်ယောက် ၂၅၀ဘီလီယံကို အသာလေးထုတ်သုံးလိုက်ပုံကိုထောက်ဆပါက ဆယ်ဘီလီယံဆိုသည်မှာ သူ့အတွက်တော့ မပြောပလောက်သည့်ပမာဏပင်။
"ဟုတ်ပါတယ်။ ဆယ်ဘီလီယံပါ"
ကျန်းမုန့်လောင်က အတည်ပြုဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပြီ။ ဟုတ်ပြီ။ ဟုတ်ပြီ။ ငါ သူတို့ကို ချက်ချင်းဖုန်းခေါ်လိုက်မယ်"
ဟန်ကျင်းယွီက သူ့ဖုန်းကို အမြန်ဆွဲထုတ်လိုက်သည်။ သူက အသက်ပိုကြီးသော်လည်း သတင်းအချက်အလက်များပြားလွန်းလှသော ယခုခေတ်မှာ ဤပါမောက္ခအားလုံးမှာလည်း ကိုယ်ပိုင်ဂရုများရှိကြပြီး ဌာနအကြီးအကဲဖြစ်သည့် ဟန်ကျင်းယွီကလည်း ဂရုတော်တော်များများမှာ ပါဝင်ထားသည်။
"ကိုယ့်လူတို့.. ငါ့မှာ မင်းတို့အတွက် သတင်းတစ်ခုရှိတယ်။ ဒီနေ့ ငါ ငါတို့တက္ကသိုလ်အတွက် ၁၀ဘီလီယံထောက်ပံ့ငွေရထားတယ်"
သူ ဤမက်ဆေ့ချ်ကို ပို့လိုက်သည်နှင့် ဂရုထဲမှာလည်း ပေါက်ကွဲမှုကြီးဖြစ်သွားလေသည်။
"အကြီးအကဲဟန်..ခင်ဗျား ကျုပ်တို့ကို လာလှည့်စားနေတာလား။ ကျန်းနန်တက္ကသိုလ်တောင်မှ သုတေသနအတွက် တစ်နှစ်ကို ၅၀ဘီလီယံလောက်ပဲရတာကို။ ခင်ဗျားရဲ့grapheneပရောဂျက်အတွက် ဒီရက်ပိုင်း ဟိုဟိုဒီဒီပြေးလွှားရလွန်းလို့ ခြေထောက်တစ်ဖက်တောင် ကျိုးတော့မတတ်ပဲလို့ သတင်းကြားထားတယ်။ ပိုက်ဆံ၁၀ဘီလီယံက ဘယ်ကရခဲ့တာလဲ"
"ဟားဟားဟား.. အကြီးအကဲဟန်.. ခင်ဗျားတော့ သုတေသနရန်ပုံငွေအကြောင်းတွေးရင်း ရူးသွားပြီလား"
"အကြီးအကဲဟန်... ကိုယ့်ကိုယ်ကိုယ်သိပ်ဖိအားမပေးနဲ့။ ခင်ဗျားဘေးမှာရှိတဲ့အုပ်စုထဲက ပါမောက္ခကျိုးကိုပဲကြည့်လိုက်။ သူ အခု ဆေးရုံတက်နေရတယ်လေ"
"ငါ့အကြောင်း ဘယ်သူက မကောင်းပြောနေတာလဲ။ ငါက ကိုလက်စထရောဓာတ်လေး နည်းနည်းမြင့်နေရုံပါ။ သိပ္ပံသုတေသနနဲ့ ဘာမှမဆိုင်ဘူး"
"ကိုယ့်လူတို့ရေ..ငါ့ကို ဘယ်လိုကျေးဇူးတင်ရမလဲဆိုတာကို စဉ်းစားဖို့ အခွင့်အရေးတစ်ခုပေးမယ်နော်"
ဟန်ကျင်းယွီက သူ့သုတေသနအဖွဲ့၏အကောင့်ထဲရှိ ရန်ပုံငွေလက်ကျန်ငွေပမာဏကို ထိုဂရုများထဲသို့ ပို့လိုက်သည်။
"ဆယ်သန်းလား။ အကြီးအကဲဟန်...မဆိုးဘူးပဲ။ ခင်ဗျား တကယ်ကြိုးစားရင် ပရောဂျက်ပြီးမြောက်နိုင်ဖို့ မျှော်လင့်ချက်ရှိသေးတာပဲ"
"ကျင်းတင်းဂရုက ခေါင်းမာတဲ့အဲ့ဒီအဘိုးကြီးက နောက်ဆုံးတော့ ရန်ပုံငွေထည့်ဖို့ သဘောတူလိုက်ပြီပေါ့"
"မင်းတို့တွေ သေချာဂရုတစိုက်ကြည့်ပြီး သုညတွေကိုလည်း ရေကြည့်ဦး"
ဟန်ကျင်းယွီခမျာ ဤလူအိုကြီးများကြောင့် ဆွံ့အသွားရလေသည်။
"ရှစ်...ရှစ် သုညရှစ်လုံးလား။ ဆယ်ဘီလီယံလား"
"သောက်ကျိုးနည်း"
ပုံမှန်ဆိုလျှင် စကားပြောသိမ်မွေ့သော ပါမောက္ခများပင် မဆဲဘဲမနေနိုင်ကြချေ။
"အကြီးအကဲဟန်.. ခင်ဗျား အခု ဘာရတနာသိုက်တူးမိထားတာလဲ"
"သောက်ကျိုးနည်း.. သန်းတစ်ရာတဲ့။ အဲ့ဒီပမာဏက ခင်ဗျားအငြိမ်းစားမယူခင်အထိ ဖူလုံစေတဲ့ပမာဏမျိုးပဲ"
"ဂုဏ်ပြုပါတယ်။ ဂုဏ်ပြုပါတယ်။ ကျုပ်တို့ရဲ့အနာဂတ်ပညာရှင်လောင်းကြီးဟန်အတွက် ဂုဏ်ပြုပါတယ်။ ဒီရန်ပုံငွေနဲ့သာဆိုရင် အဲ့ဒါကလည်း သေချာပေါက်ပဲ"
"စကားပေါမနေနဲ့တော့။ ရင်းနှီးမြှုပ်နှံသူက အခု ငါ့ရုံးခန်းထဲမှာ။ ဆယ်ဘီလီယံနော်။ ဦးရာလူစနစ်ပဲ။ နောက်ကျတဲ့လူကတော့ ထိုင်ငိုနေလိုက်တော့ပဲ"
ဟန်ကျင်းယွီက သူ့နောက်ဆုံးစာသားကို လက်စသတ်ပြီး ဂရုချက်ကို ချက်ချင်းပိတ်ချလိုက်သည်။
"ဒါက..ဟန်က တကယ်ပြောနေတာတော့မဟုတ်ဘူးမလား"
"အခုပြောနေတာ ဆယ်ဘီလီယံတောင်လေ။ ဘယ်လိုရင်းနှီးမြှုပ်နှံသူမျိုးကမှ ပိုက်ဆံတွေအများကြီးကို တစ်ခါတည်းထုတ်သုံးနိုင်မှာမဟုတ်ဘူး"
"အဲ့ဒီဆယ်ဘီလီယံကလည်း ဓာတ်ပုံပြင်ထားတာတာပဲဖြစ်မယ်"
"အဲ့ဒီအဘိုးကြီးဟန်က.. ဓာတ်ပုံပြင်ထားတယ်လို့တော့ ပြောလို့မရဘူး။ သူက ဝီချက်သုံးနည်းကိုတောင် သူ့သမီးဆီက သင်ထားရတာ။ အတုလုပ်ထားတာတော့ မဖြစ်နိုင်ဘူး
"သေစမ်း.. သူ တကယ်ကြီးအမှန်အတိုင်းပြောနေတာများလား"
"မင်းတို့တွေ စကားဆက်ပြောနေကြဦး။ ငါ စာရွက်စာတမ်းတချို့ ဖတ်စရာရှိနေသေးမှန်း အခုမှသတိရတယ်။ သွားတော့မယ်"
"ဟားဟားဟား... ငါရောပဲ။ ငါ့ကျောင်းသားတစ်ယောက်က စမ်းသပ်ကိရိယာတွေကို ဖောက်ခွဲမိလိုက်တာများလား။ ငါ အဲ့ဒီကိုသွားကြည့််မှဖြစ်မယ်"
"ငါလည်းသွားပြီ။ ငါ့ဆရာဝန်က ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းလုပ်စေချင်နေတာ။ မင်းတို့ဆက်ပြောနေကြဦး"
ရုတ်ခြည်းဆိုသလို ဂရုထဲရှိ ဆရာဆရာမများက သူတို့မှာ လုပ်စရာတစ်ခုရှိတယ်ဟုပြောသွားကြလေရာ အစောပိုင်းက သက်ဝင်လှုပ်ရှားနေသော ဂရုကြီးမှာ ချက်ချင်းတိတ်ဆိတ်သွားရလေသည်။
...
"အဲ့ဒီအဘိုးကြီးဟန်..ဒီလိုရင်းနှီးမြှုပ်နှံသူမျိုးကို ရှာတွေ့ရလောက်တဲ့အထိ ဘယ်လိုတောင်ကံကောင်းနေတာလဲ။ သူ ငါ့ကို လှည့်စားရဲလို့ကတော့ ငါ သူ့ကို သေချာပေါက်ဆန့်ကျင်မဲပေးပစ်မှာ"
ဟန်ကျင်းယွီနှင့် အရင်းနှီးဆုံးပါမောက္ခချီဟာ စာရွက်စာတမ်းဖတ်မည်ဟူသောဆင်ခြေကိုသုံးပြီး ပါမောက္ခဟန်၏ သိပ္ပံသုတေသနအဆောက်အအုံကို ပထမဆုံးရောက်လာခဲ့သည်။
ဟန်ကျင်းယွီကို သူသိထားသလောက်ဆိုလျှင် ထိူလူဟာ ယခုလိုကိစ္စများကို စနောက်တတ်သူမဟုတ်ပေ။ သို့ဖြစ်လေရာ ကိစ္စတစ်ခုခုတော့ရှိရမည်ဖြစ်၏။
ပါမောက္ခချီ အဆောက်အဦးထဲသို့ ဝင်လိုက်သည့်အချိန်မှာပင် အရပ်ပုပုခပ်ဝဝပါမောက္ခတစ်ယောက်ကလည်း အမောတကောပြေးဝင်လာသည်။
"လူအိုကြီးကွမ်း..မင်းရဲ့ကျောင်းသားက စမ်းသပ်ရေးကိရိယာတွေကို ဖောက်ခွဲပစ်လိုက်တာလို့ပြောခဲ့တာမဟုတ်ဘူးလား။ ဒီမှာဘာလုပ်နေတာလဲ"
"အဲ့ဒါ မင်းကိုမေးရမှာ။ မင်းက စာဖတ်နေရမှာမဟုတ်ဘူးလား။ ပြီးတော့ မင်းရဲ့ရုံးခန်းက ဒီအဆောက်အအုံထဲမှာမဟုတ်ဘူးလေ"
ထိုအချိန်မှာပင် ဝှီးချဲလ်တွန်းလာသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ကလည်း အဆောက်အအုံထဲသို့ ဝင်ချလာသည်။
"လူအိုကြီးတင်း.. ခင်ဗျားက ဆေးရုံတက်နေရတာမဟုတ်ဘူးလား။ ခင်ဗျားရဲ့ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းက ဒီနေရာကို ရွှေ့လိုက်ပြီလား"
"အာ..."
ပါမောက္ခတင်းကလည်း ရန်ပုံငွေကြောင့် ဤနေရာကိုရောက်လာကြောင်း ဝန်မခံချင်သောကြောင့် ရယ်လိုက်လေသည်။
"ဟားဟားဟား.. ဆရာဝန်က ငါ့ကို လေကောင်းလေသန့်လေးရှူဖို့ပြောထားလို့ သွားရင်းလာရင်းနဲ့ ဒီကိုရောက်လာတာပဲ"
ထိုစဉ်မှာပင် တခြားပုံရိပ်များကလည်း ဤအဆောက်အအုံသို့ မလှမ်းမကမ်းမှ ချီတက်လာနေကြသည်ကို သူတို့ မြင်လိုက်ရသည်။
"သောက်ကျိုးနည်း..လူအိုကြီးဝမ်ရော ရောက်နေတာဟ"
"ပြီးတော့ လူအိုကြီးလျှိုရောပဲ။ မနှစ်တုန်းက အဲ့ဒီလူက ပိုက်ဆံကုန်ပေါက်ဖြစ်မဲ့ ပရောဂျက်ကိုယူထားတာလေ။ သူလည်း ပိုက်ဆံကြောင့် ဒီကိုရောက်လာတာပဲဖြစ်မယ်"
"ကောင်းပြီလေ။ ဟန်ဆောင်မနေနဲ့တော့။ ဆယ်ဘီလီယံက အများကြီးဆိုပေမဲ့ ငါတို့ကောလိပ်ရဲ့သုတေသနအဖွဲ့ကလည်း အများကြီးဆိုတော့ အညီအမျှခွဲလိုက်မယ်ဆိုရင် အုပ်စုတစ်ခုကို သန်းဂဏန်းလောက်တော့ရမှာပဲ။ အကြီးအကဲဟန်က ဘီလီယံနဲ့ချီပြီးရထားတာဆိုတော့ ငါတို့လည်း ကြိုးစားဖို့လိုလိမ့်မယ်"
"ကောင်းပြီ။ သိပ်မကြာခင် ရင်းနှီးမြှုပ်နှံသူဆီကနေ လူတိုင်း ကိုယ်လိုချင်သလောက် ရန်ပုံငွေရကြလိမ့်မယ်။ အဲ့ဒါပြီးရင် ဘယ်သူမှပြဿနာမရှာကြေးနော်"
"အိုကေ။ သွားကြစို့"
"ဘုန်း!"
ကျန်းမုန့်လောင်နှင့် ဟန်ကျင်းယွီတို့ လက်ဖက်ရည်သောက်ရင်း စကားပြောဆိုနေကြချိန်မှာ ကျယ်လောင်လှသောမြည်သံကြီးတစ်ခုက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာသည်။
"ဘန်း!"
ခိုင်မာတောင့်တင်းလှသည့်တံခါးက ပြင်းထန်လှစွာသော အင်အားတစ်ရပ်၏ ဖိအားပေးမှုကြောင့် ရုတ်ခြည်းပွင့်ဟသွားလေသည်။ ထို့ပြင် စင်္ကြံလမ်းတစ်ခုလုံးမှာလည်း လူတွေကအပြည့်ပင်။ ထိုလူများအားလုံးမှာ အသက်ငါးဆယ် သို့မဟုတ် ထို့ထက်အသက်ပိုကြီးသော ဆရာဆရာမများဖြစ်ဟန်တူ၏။
ဟန်ကျင်းယွီ၏မျက်နှာမှာ ရုတ်ခြည်းမည်းခနဲဖြစ်သွားရလေသည်။ သူဟာ ဆဲရေးတိုင်းထွာတတ်သူမဟုတ်ပါသော်လည်း သူ့စည်းမျဉ်းကိုချိုးဖောက်ကာ အော်ဟစ်ပစ်လိုက်သည်။
"လူယုတ်မာအိုကြီးတွေ.. မင်းတို့တွေ အကုန်ရူးသွားကြပြီလား"
……