← Chapters

ပိုက်ဆံအကုန်မြန်တဲ့ ပရောဂျက်တွေကို ကျွန်တော် သဘောကျတယ်

Vol. 3 Ch. 37

ပိုက်ဆံအကုန်မြန်တဲ့ ပရောဂျက်တွေကို ကျွန်တော် သဘောကျတယ်

Vol. 3 Ch. 37

"ဒီမှာဘာတွေဖြစ်နေတာလဲ"

ဟန်ကျင်းယွီ၏ကျောင်းသားများမှာ သူတို့အရှေ့ရှိမြင်ကွင်းကြောင့် စိတ်ရှုပ်သွားရလေသည်။

ဤပါမောက္ခများမှာ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၌ နာမည်ကြီးပါရဂူဘွဲ့ရအကြံပေးများဖြစ်ကြပြီး တစ်ယောက်ချင်းစီတိုင်းမှာ သိပ္ပံသုတေသနနယ်ပယ်တွင် အတန်အသင့်အောင်မြင်မှုရထားကြသူများဖြစ်၏။ အပတ်တိုင်း သူတို့ သင်ကြားပို့ချနေသော အတန်းတစ်တန်းနှစ်တန်းမှလွဲလျှင် သူတို့ကို တွေ့နိုင်ဖို့မှာ မဖြစ်နိုင်သလောက်နီးနီးပင်။

သို့သော် ယနေ့မှာတော့ သူတို့အားလုံးကို ဤကော်ရစ်ဒါကျဉ်းကျဉ်းလေးမှာ အတူတွဲတွေ့နေရသည်။ ကြည့်ရပုံထောက်သော် ထိုပါမောက္ခများက သူတို့၏အကြံပေးပုဂ္ဂိုလ်ဟန်ကျင်းယွီကို လာရှာကြဟန်တူသည်။

"ဆရာဟန်က ဒီပါမောက္ခတွေနဲ့ ပြဿနာတက်ထားတာများလား"

ရုံးခန်းထဲရှိ ကျောင်းသားများမှာ တစ်ယောက်ပြီးတစ်ယောက် ရုံးခန်းအပြင်ဘက်သို့ ခေါင်းပြူထွက်လာကြသည်။

"ဆရာဟန်ရဲ့တံခါးတောင်ပျက်စီးသွားတာဆိုတော့ တော်တော်ဆိုးဝါးလို့ဖြစ်မယ်"

"ငါတို့သွားကူညီသင့်လား။ ငါတို့ပြောနေတာ ငါတို့ရဲ့အကြံပေးပုဂ္ဂိုလ်ကြီးလေ"

"ဘာကိုသွားကူညီမှာလဲ။ ငါတို့က ကျောင်းသားအုပ်စုလေ။ အဲ့ဒီပါမောက္ခတွေကို ဆန့်ကျင်ဖို့ရာမတတ်နိုင်ဘူး"

"ကောင်းပြီ။ မင်းတို့တွေ ဘာလက်တွေ့စမ်းသပ်ချက်မှ လုပ်စရာမရှိဘူးလား"

ထိုနေရာအရောက်တွင် ကျူးမုန့်ချောင်က ရောက်ချလာသည်။

"အစ်ကိုကြီး ဘာတွေဖြစ်နေတာလဲ"

တစ်ယောက်ယောက်က မေးလာချေသည်။

"အိုး.. ဘာမှမဟုတ်ပါဘူး။ သူတို့က လူအိုကြီးဟန်ကို မျက်နှာချိုသွေးဖို့ရောက်လာတာဖြစ်မှာပါ"

ကျူးမုန့်ချောင်က ရယ်လိုက်လေသည်။ သူသည် ဖြစ်စဉ်အစအဆုံးကို ရုံးခန်းထဲ၌ တွေ့မြင်ထားပြီးဖြစ်၏။ ပိုက်ဆံဆယ်ဘီလီယံနှင့် မျှားခေါ်လိုက်မှတော့ ထိုပါမောက္ခများ တစ်ယောက်ပြီးတစ်ယောက် ပြေးမလာဘဲနေနိုင်ပါ့မလား။

သို့သော် လူအိုကြီးဟန်က စိတ်ဆတ်လွယ်သူတစ်ယောက်ဖြစ်လေရာ တံခါးပျက်စီးသွားသည့် ပြဿနာမှာ လွယ်လွယ်နှင့်တော့ ပြေလည်မည်မဟုတ်။

"ဘယ်လို"

ကျူးမုန့်ချောင်၏ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျောင်းသားများက ပို၍ပင် သိချင်စိတ်ပြင်းပြသွားကြလေသည်။ သို့သော် ကျူးမုန့်ချောင်ကတော့ သူတို့ကိုမတားပါဘဲ သူကိုယ်တိုင်ပါ သူတို့နှင့်အတူ ဝမ်းသာအားရပွဲဝင်ကြည့်နေလေတော့သည်။

"အဘိုးကြီးဟန်.. ခင်ဗျားဘယ်မှာလဲ။ ရင်းနှီးမြှုပ်နှံသူက ဘယ်မှာလဲ"

ပထမဆုံးဝင်ရောက်လာသည့် ပါမောက္ခက အခန်းထဲကို ဝေ့ဝဲကြည့်ရှုလိုက်သည်။

ထိုလူမှာ ပေါ်လီမာဒြပ်ပေါင်းဌာန၏ခေါင်းဆောင် ပါမောက္ခကျိုးဝမ်မင်ဖြစ်သည်။ ကျောင်းအတွင်း ဩဇာတိက္ကမရှိတာချင်း ယှဉ်ကြည့်ပါက သူသည်လည်း ဟန်ကျင်းယွီနှင့် သူမသာကိုယ်မသာပင်။ သူဟာ သိပ္ပံသုတေသနအပြင် ကျောင်းထဲ၌ စီမံအုပ်ချုပ်ရေးရာထူးအချို့ကိုလည်း လက်ဝယ်ပိုင်ဆိုင်ထားသူဖြစ်လေရာ ဟန်ကျင်းယွီထက် အာဏာပိုရှိလေသည်။

သို့သော် အတန်ကြာအောင် ပတ်ပတ်လည်ကိုကြည့်ရှုပြီးနောက် ရုံးခန်းထဲတွင် ဟန်ကျင်းယွီကလွဲလျှင် ကျောင်းသားတစ်ယောက်တည်းသာရှိသည်။ ဤကျောင်းသားမှာ ပိုက်ဆံဆယ်ဘီလီယံထုတ်နိုင်လောက်သည့် ရင်းနှီးမြှုပ်နှံသူမဖြစ်နိုင်သည်မှာ အသိသာချည်းပင်။

"အဘိုးကြီးဟန်.. ခင်ဗျားပြောတော့ ရင်းနှီးမြှုပ်နှံသူက ခင်ဗျားရဲ့ရုံးခန်းထဲမှာဆို။ ခင်ဗျား ကျုပ်တို့ကို လာလှည့်စားနေတာလား"

ပါမောက္ခကျိုးက မေးလာလေသည်။

"ဟမ့်.. ရင်းနှီးမြှုပ်နှံသူက ခင်ဗျားတို့ကို ရန်ပုံငွေချပေးချင်မလားမပေးချင်မလားတော့ ကျုပ်မသိဘူး။ ဒါပေမဲ့ အခုလောလောဆယ်တော့ ကျုပ် ခင်ဗျားတို့ကြောင့် စိတ်မကြည်တော့ဘူး"

ဟန်ကျင်းယွီက အံတင်းတင်းကြိတ်လျက် ပျက်စီးသွားလေပြီဖြစ်သောတံခါးကို လှမ်းကြည့်လိုက်သည်။

"မုန့်လောင်.. မင်း အရင်ပြန်နှင့်လိုက်ပါ့လား။ ငါတို့ ကိရိယာတွေအကြောင်း နောက်မှပြောလို့ရတာပဲ။ လောလောဆယ်တော့ မင်းရဲ့ပရောဂျက်ကိုပဲ အာရုံစိုက်ထားလိုက်။ တကယ်လို့ မင်း ပြဿနာတစ်ခုခုရှိတယ်ဆိုရင် မင်းရဲ့အတန်းဖော်တွေကိုပဲဖြစ်ဖြစ် ငါ့ဆီကိုပဲဖြစ်ဖြစ် လာခဲ့လိုက်"

ဟန်ကျင်းယွီက ကျန်းမုန့်လောင်ကို တမင်တကာ ထိုသို့ပြောလိုက်သည်။

"ကောင်းပါပြီ ဆရာဟန်။ ဒါဆို ကျွန်တော်ပြန်တော့မယ်နော်"

ကျန်းမုန့်လောင်ကလည်း ဟန်ကျင်းယွီ၏အကြည့်မှတစ်ဆင့် သူဘာလုပ်ချင်နေသလဲဆိုသည်ကို နားလည်သွားပြီး ချက်ချင်းပင် ရေလိုက်ငါးလိုက်နေပေးလိုက်သည်။

"အဘိုးကြီးဟန်က ဘယ်တုန်းကများ ဘွဲ့ကြိုကျောင်းသားတစ်ယောက်ကို တအားကြင်နာတတ်သွားတာလဲ"

ပါမောက္ခများမှာ အကြောင်သားဖြစ်သွားကြရှာသည်။

ဟန်ကျင်းယွီ၏ စည်းကမ်းတင်းကျပ်မှုမှာ လူသိများကျော်ကြားလှပြီး သူ၏ပါရဂူဘွဲ့ရကျောင်းသားများကိုပင် တောင်းဆိုချက်များက အလွန်မြင့်မားလှ၏။ သူ ကျောင်းသားတစ်ယောက်အပေါ် ဖော်ဖော်ရွေရွေရှိသည့်ပုံစံအား သူတို့ ဘယ်အချိန်ကများ မြင်ဖူးခဲ့လို့လဲ။

နည်းပြများအနေနှင့် သူတို့ဟာ ကျောင်းသားများ၏ သိပ္ပံသုတေသနကို ကိုယ်တိုင်ကိုယ်ကျ သင်ကြားပြသဖူးခြင်း မရှိကြောင်း သူတို့အားလုံး ကောင်းစွာသိရှိထားပြီးဖြစ်၏။ သူတို့ဂရုစိုက်သည့်အရာမှာ ရလဒ်သာဖြစ်ပြီး အလွန်ဆုံးရှိလှ သုတေသနဦးတည်ချက်တစ်ခုကိုသာ ထောက်ပံ့ပေးတတ်သည်သာ။ ကျောင်းသားတစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျသင်ကြားပြသဖူးသည်ဟူ၍ ဘယ်တုန်းကများ ရှိခဲ့ဖူးလေသလဲ။

ဤကျောင်းသား၏ သရုပ်မှန်နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာတော့ မူမမှန်ချေ။

"နေဦး။ သူတို့ အခုလေးတင် ပစ္စည်းကိရိယာလို့ ပြောလိုက်သလားလို့"

"အဘိုးကြီးဟန်ပြောတဲ့ ရင်းနှီးမြှုပ်နှံသူဆိုတာက ဒီကျောင်းသားများလား"

"မဖြစ်နိုင်တာ.. ဟုတ်တယ်မလား။ ကျောင်းသားတစ်ယောက်က ဆယ်ဘီလီယံအထိ ဘယ်လိုလုပ်တတ်နိုင်မှာလဲ"

သူတို့အား ပါးဖြတ်ရိုက်လိုက်သည့်အလား ဟန်ကျင်းယွီက နောက်ထပ်စကားတစ်ခွန်း ထပ်ဖြည့်ပြောလာလေသည်။

"မုန့်လောင်.. မင်း ငါ့ကိုပေးထားတဲ့ ရန်ပုံငွေတစ်ဘီလီယံနဲ့ဆိုရင် သေချာပေါက်ရလဒ်ကောင်းတစ်ခုထွက်လာအောင် လုပ်နိုင်မှာပဲ။ မင်း စိတ်ချထားလိုက်။ ဒီနှစ်ရဲ့ ထူးချွန်သုတေသနစာတမ်းအတွက် ငါကိုယ်တိုင် မင်းကို အကောင်းဆုံးကူညီပေးမယ်။ မင်းရဲ့စီနီယာကလည်း မင်းကို အစွမ်းကုန်ကူညီပေးလိမ့်မယ်"

"ဒီတစ်ဘီလီယံက တကယ်ကြီး ဒီကျောင်းသားကပေးထားတာပေါ့"

ဤစကားကိုကြားသော် ဆရာများအားလုံးမှာ ရုတ်ခြည်းဆိုသလို မနာလိုအားကျမှုများဖြင့် ကြည့်လာကြသည်။

ဒီလိုကျောင်းသားမျိုးကိုရထားတဲ့ ဟန်ကျင်းယွီက ဘယ်လိုတောင်ကံကောင်းတာလဲ။ သုတေသနရန်ပုံငွေအတွက် တစ်ဘီလီယံကို ဒီအတိုင်းပေးပစ်လိုက်တာပေါ့။

"တစ်ဆိတ်လောက်ပါ လူငယ်လေး..ခဏနေပါဦး"

ကျိုးဝမ်မင်က ချက်ချင်းပင် တောက်တောက်ပပပြုံးလိုက်လေသည်။

"ကျောင်းသားလေး.. ငါတို့ကောလိပ်ရဲ့သိပ္ပံသုတေသနရန်ပုံငွေအတွက် မင်းက ဆယ်ဘီလီယံထောက်ပံ့ပေးမယ်လို့ ကြားထားတယ်။ အဲ့ဒါအမှန်ပဲလား"

"ဟုတ်ပါတယ်။ ဘယ်သူလဲမသိဘူး"

"အိုး... ငါက ပေါ်လီမာဒြပ်ပေါင်းသိပ္ပံဌာနခေါင်းဆောင် ကျိုးဝမ်မင်ပါ။ ငါက ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှာ မင်းရဲ့ဆရာဟန်နဲ့ ရာထူးချင်းအတူတူလောက်ပဲ။ မင်းက သူ့ကို သိပ္ပံသုတေသနရန်ပုံငွေယွမ်သန်းတစ်ရာထောက်ပံံ့ပေးထားပြီးပြီဆိုတော့ ငါ့ဌာနအတွက်လည်း..."

"အဘိုးကြီးကျိုး..ခင်ဗျားဘာလုပ်နေတာလဲ"

ဟန်ကျင်းယွီက ကျန်းမုန့်လောင်ကို ပြန်ဆွဲခေါ်လိုက်ပြီး သူ့အနောက်တွင်ထားကာ ကာကွယ်ထားလိုက်လေသည်။

"ဒါက ကျုပ်ကျောင်းသားနော်။ သူ့ကိုမထိနဲ့"

"ဟီးဟီးဟီး.. အဘိုးကြီးဟန်.. ဘာလို့တအားစိတ်ကြီးနေရတာလဲ"

ကျိုးဝမ်မင်၏အပြုံးမှာ ပိုမိုနက်ရှိုင်းလာလေသည်။

"တံခါးကိစ္စက မတော်တဆဖြစ်တာပါ။ ခင်ဗျားလည်းသိသားနဲ့"

ဤကျောင်းသားမှာ ဟန်ကျင်းယွီ၏ကျောင်းသားဖြစ်ပြီး ကြည့်ရပုံထောက်လျှင် ဟန်ကျင်းယွီနှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခုရှိပုံရ၏။ သူသာ ဟန်ကျင်းယွီကို ဆန့်ကျင်မိသွားပါက သူ့ဆီက စကားအနည်းငယ်လောက်ထွက်သွားရုံဖြင့် သူ ရန်ပုံငွေတစ်ပြားမှမရနိုင်သည့်အဖြစ်မျိုး ဖြစ်လာနိုင်ခြေရှိသည်။

သူ့အနောက်တွင် ရပ်နေကြသူများမှာ ဆရာအယောက်ရှစ်ဆယ်နှင့် ပါရဂူဘွဲ့ရအကြံပေးပုဂ္ဂိုလ်များဖြစ်၏။ လူကအမြောက်အများရှိသော်ငြား အရင်းအမြစ်က လုံလောက်မှုမရှိချေ။

"ကျုပ် ခင်ဗျားအတွက် ဒီတံခါးကိုပြင်ပေးဖို့ လူတစ်ယောက်လွှတ်လိုက်ပါ့မယ်။ အကောင်းဆုံးအမျိုးအစားထဲက ဖြစ်စေရမယ်"

"ဟမ့်"

ဟန်ကျင်းယွီကတော့ ထိုစကားကိုမယုံပေ။

"မုန့်လောင်.. ငါ မင်းကိုပြောရဦးမယ်။ ငါတို့ကျောင်းထဲက ဆရာတချို့က အရမ်းနမော်နမဲ့နိုင်တာ။ သူတို့တွေကိုတော့ မင်း ရန်ပုံငွေလွယ်လွယ်လေးချပေးလိုက်လို့မဖြစ်ဘူးနော်။ မင်းရဲ့ပိုက်ဆံတွေ အလကားဖြစ်သွားလိမ့်မယ်"

"ဟင်း.. အဓိပ္ပာယ်တော့ရှိသားပဲ"

ကျန်းမုန့်လောင်ကလည်း တွေးတောဆင်ခြင်နေဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ စိတ်ထဲမှာတော့ သူ ကျိတ်မရယ်ဘဲမနေနိုင်ပေ။ ဆရာဟန့်ကို ဤမျှပါးနပ်လိမ့်မည်ဟု သူ မျှော်လင့်မထားချေ။

"မဟုတ်ဘူးလေ။ မဟုတ်ဘူး။ မဟုတ်ဘူး။ အပြင်မှာ တအားတွေလူအုံနေလို့ပါ။ တမင်လုပ်တာမဟုတ်ရပါဘူး"

ပါမောက္ခကျိုးလည်း ယန်ကျင်းယွီက သူ့အား စောင်းပါးရိပ်ခြည်ပြောနေလေမှန်း သဘောပေါက်လေသည်။

"ဆရာဟန်.. ခင်ဗျားက ကျုပ်နေတဲ့ရုံးခန်းကို သဘောကျနေခဲ့တာမလား။ ဟီးဟီးဟီး.. ကျုပ်လည်း အဲ့ဒီရုံးခန်းကို ငြီးငွေ့နေပြီ။ ကျုပ် ခင်ဗျားရဲ့သုတေသနအဖွဲ့အတွက် နေရာဖယ်ပေးမယ်လေ။ ကျုပ်ကိုယ်တိုင် ခေါင်းဆောင်ကို သွားပြောပေးပါ့မယ်"

"ဒီလိုမှပေါ့"

ယန်ကျင်းယွီ၏မျက်နှာကား ချက်ချင်းပင် အပြုံးတစ်ပွင့် လင်းလက်သွားလေသည်။ ပါမောက္ခကျိုးက သူ့အား ဘယ်တုန်းကများ ရိုရိုကျိုးကျိုးစကားပြောဖူးလို့လဲ။

"မုန့်လောင်.. တကယ်တော့လေ တချို့ဆရာတွေက အဲ့ဒီလောက်အထိမကောင်းကြပေမဲ့ ငါတို့ သူတို့ကို အခွင့်အရေးတစ်ခုတော့ ပေးလို့ရပါသေးတယ်။ ဟုတ်တယ်မလား"

"ဟုတ်တယ်။ ဆရာဟန်ပြောတာမှန်တယ်"

ကျန်းမုန့်လောင်က ဟန်ကျင်းယွီ၏စကားကို သံယောင်လိုက်လိုက်လေသည်။

ထိုအခါမှသာ ပါမောက္ခကျိုးလည်း စိတ်သက်သာရာရဟန် သက်ပြင်းချနိုင်တော့သည်။

"ကောင်းပြီလေ။ ကိုယ့်လူတို့.. ကျုပ် ခင်ဗျားတို့ကို ထပ်မနောက်တော့ပါဘူး"

ဟန်ကျင်းယွီက သက်ပြင်းနက်နက်ရှိုက်ထုတ်လိုက်ပြီး ပိုမိုစိတ်လက်ပေါ့ပါးသွားလေသည်။

"ကျန်းမုန့်လောင်ဆိုတဲ့ ဒီကျောင်းသားက ကျုပ်ပြောတဲ့ရင်းနှီးမြှုပ်နှံသူပဲ။ ကျုပ် သူ့ကို ခင်ဗျားတို့နဲ့ မိတ်ဆက်ပေးပြီးပြီဆိုတော့ ခင်ဗျားတို့ ရန်ပုံငွေဘယ်လောက်ရနိုင်မလဲဆိုတာကတော့ ခင်ဗျားတို့ရဲ့ကိုယ်ပိုင်အရည်အချင်းနဲ့ပဲ ဆိုင်တော့တယ်"

ထိုသို့ပြောပြီးနောက် ဟန်ကျင်းယွီက ဘေးတစ်ဖက်တွင် ထိုင်ချလိုက်ပြီး အေးအေးလူလူ လက်ဖက်ရည်သောက်နေတော့သည်။ ယခုလိုမြင်ကွင်းမျိုးက မကြာခဏမြင်တွေ့နိုင်သည့်အရာမျိုးမဟုတ်ပေ။ မောက်မာလှသော ဤလူအိုကြီးတစ်စု မည်သို့နှယ် မျက်နှာချိုသွေးကြလေမလဲဆိုသည်ကို သူ ပျော်ပျော်ကြီးစောင့်ကြည့်ရလိမ့်မည်။

"ကျောင်းသားမုန့်လောင်.. မင်း ငါ့ရဲ့ပေါ်လီမာဒြပ်ပေါင်းအတန်းကို တက်ဖူးတယ်မလား"

"ပေါက်ကရတွေ.. သူ့ကို ပေါ်လီမာဒြပ်ပေါင်းသင်ပေးတာ ကျုပ်ပါနော်"

"ကျောင်းသားမုန့်လောင်.. ငါ့ကိုမှတ်မိလား။ မင်း ငါ့ရဲ့အော်ဂဲနစ်ဓာတုဗေဒအတန်းမှာ တက်ဖူးတယ်လေ။ ပြီးတော့ ငါ မင်းကို "ထူးချွန်"အဆင့်တောင် ပေးခဲ့ဖူးသေးတယ်နော်"

"ကျောင်းသားမုန့်လောင်.. မင်း ငါ့ပရောဂျက်အကြောင်း သိချင်လား။ ငါ့ပရောဂျက်က သီအိုရီအရတည်ဆောက်ထားတာတင်မကဘူး။ ရင်းနှီးမြှုပ်နှံမှုအတွက်လည်း သေချာပေါက်အမြတ်ပြန်ရမဲ့ပရောဂျက်မျိုးနော်။ ငါတို့ သဘောတူစာချုပ်လည်းလက်မှတ်ထိုးလို့ရတယ်။

"မုန့်လောင်.. ငါ့မိသားစုထဲမှာ မင်းနဲ့သက်တူရွယ်တူလောက်ရှိတဲ့ သမီးတစ်ယောက်ရှိတယ်။ မင်း ငါ့ရုံးခန်းကို အလည်လာချင်လား"

"ခင်ဗျားရဲ့ဒိုင်နိုဆောသမီးအကြောင်း မပြောစမ်းပါနဲ့။ သူက ကျုပ်တို့မုန့်လောင်နဲ့ ဘယ်လိုလုပ်လိုက်ဖက်မှာလဲ"

အခြားဆရာတစ်ယောက်က ချက်ချင်းပင် ဖုန်းထုတ်လိုက်ပြီး အလွန်တရာလှပသော မိန်းကလေးတစ်ယောက်၏ဓာတ်ပုံကို ပြလာလေသည်။

"မုန့်လောင်.. ဒါက ငါ့သမီးလေ။ သူ့ရဲ့သမီးဒိုင်နိုဆောနဲ့ယှဉ်ရင် အပုံကြီးသာတယ်"

"သောက်ကျိုးနည်း..ငါ တော်တော်နမော်နမဲ့နိုင်တာပဲ။ ငါ့မှာ ဘာလို့သားတစ်ယောက်ပဲရှိရတာလဲ"

သမီးမိန်းကလေးမရှိကြသော ထိုဆရာများမှာ ရုတ်ခြည်းပင် အကြီးအကျယ်နောင်တရသွားကြလေသည်။

"ဟုတ်ပါပြီ ဆရာတို့.. ရန်မဖြစ်ကြပါနဲ့တော့"

ကျန်းမုန့်လောင်ခမျာ ဤလူအုပ်ကြီးကိုကြည့်ပြီး တစ်မျိုးတစ်မည်စိတ်ခံစားနေရလေသည်။ သူ့အနောက်ရှိ ဟန်ကျင်းယွီကတော့ အသည်းအသန်ရယ်မောနေရသဖြင့် ဗိုက်အောင့်တော့မတတ်ပင်။

"သိပ္ပံသုတေသနရန်ပုံငွေနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ငွေအလုံအလောက်ရှိပါတယ်။ ဒီဆယ်ဘီလီယံဆိုတာကလည်း ဆရာတို့တွေအတွက် ကန့်သတ်ထားမှာမဟုတ်ပါဘူး"

ဤစကားကိုကြားသော် ဆရာအားလုံး၏ မျက်ဝန်းများမှာ စိတ်ဆန္ဒပြင်းပြမှုများဖြင့် တောက်လောင်နေလေတော့သည်။

"အဲ့ဒီမတိုင်ခင်မှာ ကျွန်တော် ခင်ဗျားတို့ပရောဂျက်တွေအကြောင်း သိချင်ပါတယ်"

ကျန်းမုန့်လောင်က ထပ်ဖြည့်ပြောလိုက်သည်။

"ကျွန်တော်သဘောအကျဆုံးကတော့ ပိုက်ဆံကုန်လွယ်တဲ့ပရောဂျက်မျိုးပဲ"

……..

All Chapters