သိပ္ပံသုတေသနရန်ပုံငွေဆယ်ဘီလီယံ
Vol. 3 Ch. 38
"ငါ ငါ ငါ"
ပါမောက္ခကွမ်က ဦးစွာမတ်တတ်ရပ်လိုက်သည်။ ပိုက်ဆံအကုန်လွယ်သည့်ကိစ္စနှင့် ပတ်သက်လာလျှင် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်တွင် သူ့ထက် သာပါသည်ဟု ပြောရဲသူဟူ၍ သေချာပေါက်မရှိနိုင်ပေ။
နှစ်အစပိုင်းမှာ ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကြောင့် သူ၏သုတေသနအဖွဲ့က ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆေးဝါးဖော်မြူလာအသစ်တစ်ခုကို ထုတ်လုပ်ခဲ့ကြသည်။ သိထားသည့်အတိုင်းပင် ဆေးဖော်စပ်မှုဆိုသည်မှာ ငွေကြေးကုန်ကျမှုအများဆုံးပရောဂျက်များထဲမှ တစ်ခုဖြစ်သည်။
အချိန်ဆယ်လအတွင်းမှာပင် သူတို့ဟာ သန်းသုံးဆယ်ကျော်မျှ ကုန်အောင်သုံးစွဲခဲ့ပြီးဖြစ်၏။ သို့တိုင် သူ့ပရောဂျက်၏ အောင်မြင်ပြီးစီးမှုအဆင့်ကတော့ ၁၀ရာခိုင်နှုန်းမျှသာ ရှိသေးသည်။ ထို့ပြင် သုတေသနဖွံ့ဖြိုးတိုးတက်ရေးအတွက် နောက်ဆက်တွဲရင်းနှီးမြှုပ်နှံမှုမှာ ဘီလီယံနှင့်ချီပြီး လိုအပ်နိုင်လေသည်။
ထို့ကြောင့်လည်း ကမ္ဘာပေါ်ရှိဆေးဝါးများ အလွန်ဈေးကြီးနေရခြင်းဖြစ်၏။ တကယ်တမ်းတွင် ဆေးဝါးများ၏ ထုတ်လုပ်မှုကုန်ကျစရိတ်ဟာ စင်စစ်နည်းပါးလှသော်ငြား ရောင်းချသည့်ဈေးနှုန်းကမူ အနိမ့်ဆုံးရှိလှ ဆယ်ဆ၊ အဆတစ်ရာ သို့မဟုတ် အဆတစ်ထောင် ပိုများလေသည်။ အကြောင်းမှာ အစောပိုင်းအဆင့်များတုန်းက သုတေသနကုန်ကျမှုစရိတ် မြင့်မားခြင်းကြောင့်ပင်။
"ပါမောက္ခကွမ်.. ကျွန်တော် ခင်ဗျားရဲ့ပရောဂျက်ကိုထောက်ပံ့ပေးမယ်"
ကျန်းမုန့်လောင်က သူ့ပေါင်ကိုရိုက်ချလိုက်လေသည်။
"ခင်ဗျား ရန်ပုံငွေဘယ်လောက်လိုအပ်လဲ"
"ဒါက.."
ပါမောက္ခကွမ်ခမျာ ရုတ်ခြည်းဆိုသလို စကားပြောမထွက်တော့ပေ။ သူ့သုတေသနမှာ အဆင့်ပေါင်းများစွာလုပ်ဆောင်ရသည့်အတွက် ရန်ပုံငွေအားလုံးကို တစ်ချီတည်းနှင့် ရနိုင်လိမ့်မည်ဟု လုံးဝတွေးမထားဖူးပေ။ ထို့ပြင် ထိုအခြင်းအရာမှာလည်း မဖြစ်နိုင်သလောက်နီးပါးပင်။
ပုံမှန်အားဖြင့်ဆိုပါက ယခုလိုသုတေသနမျိုးက ဆေးဝါးကုမ္ပဏီကြီးများ၏ထောက်ပံ့မှု သို့မဟုတ် နိုင်ငံတော်အဆင့်စက်ပစ္စည်းများ၏တွန်းအားအောက်မှာသာ လုပ်ဆောင်နိုင်သည်။
"လက်တလောလုပ်ငန်းစဉ်အတွက်ဆိုရင် သန်းငါးဆယ်လောက် လိုမယ်ထင်တယ်"
ပါမောက္ခကွမ်ခမျာ ပမာဏအများကြီးထုတ်ပြောမိပါက ကျန်းမုန့်လောင်ကို မတော်တဆစော်ကားမိသလိုဖြစ်မည်စိုး၍ မရဲတရဲပြောလိုက်သည်။
"ပါမောက္ခကွမ်..သိပ္ပံသုတေသနရန်ပုံငွေဆိုတာမျိုးက သွားတိုက်ဆေးလိုမျိုး အတစ်တစ်နဲ့ညှစ်ထုတ်နေလို့မရဘူးလေ။ ကျွန်တော်တို့တွေ ငွေရေးကြေးရေးပြဿနာလေးကိုတောင် မဖြေရှင်းနိုင်ရင် သုသေသနလုပ်တာက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"ကျွန်တော့်ကို ပမာဏတစ်ခုသာပြောလိုက်။ ဆရာ့ရဲ့ပရောဂျက်မပြီးမချင်း ကျွန်တော် ဆက်တိုက်ပံ့ပိုးပေးမယ်"
"ဒါက....မုန့်လောင် ပမာဏက တော်တော်များနေမှာစိုးမိတယ်"
"ပြောသာပြောပါ။ ကျွန်တော်တို့မှာ ငွေမပြတ်လပ်ပါဘူး"
ကျန်းမုန့်လောင်ဟာ ပိုမိုများပြားသောပမာဏကို သုံးဖို့မစောင့်နိုင်တော့ပေ။ နောက်ဆုံးမှာ ငွေသုံးဖို့အတွက် သင့်တော်မှန်ကန်သည့် နည်းလမ်းတစ်ခုကို သူ ရှာတွေ့ခဲ့ပြီဖြစ်လေရာ ယနေ့မှာပင် ဒေါ်လာဘီလီယံဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်းကိုသုံးပစ်ရန် ရည်ရွယ်ထားသည်။
"မင်းဘက်က အရမ်းရက်ရောလွန်းနေတော့လည်း ငါပြောပြပါ့မယ်"
ပါမောက္ခကွမ်က ပြောလာလေသည်။
"ပရောဂျက်အကြောင်းအရာအားလုံး ပြီးစီးတဲ့အထိထောက်ပံ့ဖို့ဆိုရင် အနည်းဆုံးသန်းငါးရာလိုလိမ့်မယ်"
"သောက်ကျိုးနည်း..လူအိုကြီးကွမ် ခင်ဗျား ဘာကိုဆိုလိုချင်တာလဲ။ စုစုပေါင်း၁၀ဘီလီယံပဲရှိတာကို ခင်ဗျားက တစ်ယောက်တည်းနဲ့ ငါးဘီလီယံလိုချင်နေတာလား။ ကျန်နေသေးတဲ့ ကျုပ်တို့ကရော ဘာလုပ်ရတော့မှာလဲ"
ဆရာများက မကျေမနပ်ဖြစ်ကာ ချက်ချင်းဆန္ဒပြကြလေသည်။
"အမှန်ပဲ။ လူအိုကြီးကွမ်..ခင်ဗျားတို့မိသားစုက လုပ်ငန်းကြီးတစ်ခုပိုင်တယ်ဆိုပေမဲ့ အရာရာတိုင်းကို လိုက်ချုပ်ကိုင်လို့တော့မရဘူးလေ။ လူအိုကြီးဟန်ကိုပဲကြည့်လိုက်။ သူက မုန့်လောင်ရဲ့ကြီးကြပ်ရေးမှူးဖြစ်တာတောင်မှ သိပ္ပံသုတေသနအတွက် ရန်ပုံငွေတစ်ဘီလီယံပဲရထားတာ။ ခင်ဗျား ဒါတော့ ဘောင်ကျော်သွားပြီ"
ဟန်ကျင်းယွီဟာ သူတို့အငြင်းပွားနေတာကိုကြည့်ရင်း အော်ရယ်မိတော့မတတ်ပင်။ သူတို့၏သုတေသနအဖွဲ့အတွက် ဘီလီယံနှစ်ရာကျော်တန်သည့် အမှုန်ခွဲခြမ်းစိတ်ဖြာစက်တစ်ခု ထောက်ပံ့ထားလေရာ ဟန်ကျင်းယွီအဖို့ ဘီလီယံနည်းနည်းလောက်ကို နည်းနည်းမှမဖြုံပေ။
"အချိန်ကျလာရင် ခင်ဗျားတို့ ပစ္စည်းငှားသုံးဖို့ လာတောင်းပန်ကြရမှာ"
ဟန်ကျင်းယွီက ခပ်ယဲ့ယဲ့ပြုံး၍ ယခုအချိန်မှာ ဤကိစ္စကို လျှို့ဝှက်ထားပြီး စည်းစိမ်ဥစ္စာကို သိုသိုဝှက်ဝှက်စုဆောင်းထားရမည်ဟု တွေးလိုက်မိသည်။
"ပါမောက္ခကွမ်..ခင်ဗျားရဲ့သိပ္ပံသုတေသနအတွက် ကျွန်တော် တစ်ဆယ်ဘီလီယံစပွန်ဆာပေးမယ်"
"ဆယ်... တစ်ဆယ်ဘီလီယံလား"
ပါမောက္ခကွမ်ခမျာ ထိတ်လန့်လွန်းသဖြင့် အသံများပင် တုန်ယင်သွားရသည်။ ကျန်းမုန့်လောင်က သူ့အား စပရိုက်အကြီးကြီးပေးမည့်အရေးကို တွေးမိဖို့ဝေးစွ။ တစ်ဘီလီယံရလိမ့်မည်ဟုပင် သူ လုံးဝထင်မထားချေ။
"ဒါပေမဲ့ အပေးအယူတစ်ခုတော့ရှိတယ်။ ဆေးဝါးထုတ်လုပ်နိုင်ပြီဆိုတာနဲ့ ကျွန်တော် နည်းပညာရှယ်ယာတစ်စိတ်တစ်ပိုင်းကို လိုချင်တယ်"
ကျန်းမုန့်လောင်က ထူးရှယ်နတ်ဘုရားသင်တန်းကျောင်း၏ စည်းမျဉ်းများနှင့် လိုအပ်ချက်များကိုဆန့်ကျင်သည့် အလှူငွေစာရင်းထဲ ရောက်မသွားစေဖို့အတွက် ထိုသို့အဆိုပြုလိုက်သည်။
"ဒါပေါ့။ ဒါပေါ့"
ပါမောက္ခကွမ်က ထပ်ခါထပ်ခါခေါင်းညိတ်ပြလိုက်သည်။ သူ့အနေနှင့် ရန်ပုံငွေအတွက် ကုမ္ပဏီတစ်ခုဆီကို ချဉ်းကပ်ခဲ့လျှင်တောင် တစ်ဖက်က ယခုလိုတောင်းဆိုမှုတစ်ခုလုပ်လာလိမ့်မည်သာ။ ထို့ပြင် ထပ်တိုးတောင်းဆိုမှုများစွာနှင့်အတူ ပညာရေးရလဒ်၏တစ်စိတ်တစ်ပိုင်းကိုပါ ကုမ္ပဏီကိုပေးအပ်ဖို့ တောင်းဆိုလာနိုင်သည်။ သို့သော် ကျန်းမုန့်လောင်ကတော့ ရှယ်ယာကိုသာ လိုချင်နေသည်ဖြစ်ရာ သူများတကာထက်ပင် များစွာသာလွန်နေသေးသည်။
ပါမောက္ခကွမ်က သူ့အကောင့်ထဲသို့ ပိုက်ဆံတစ်ဆယ်ဘီလီယံ ရုတ်တရက်ရောက်ချလာတာကို မြင်လိုက်ရသောအခါ လျှာကိုခပ်နာနာကိုက်၍ ဤအရာမှာ အစစ်အမှန်ဖြစ်ကြောင်း မယုံရဲယုံရဲဖြင့် ယုံလိုက်ရသည်။
ပိုက်ဆံတစ်ဆယ်ဘီလီယံကို သည်အတိုင်းသုံးပစ်လိုက်လေသလား။ ဆရာများအားလုံးလည်း ချက်ချင်းဆိုသလို ဝမ်းနည်းသွားဟန်အမူအရာများ ပြသလာကြပြီး တချို့ဆိုလျှင် ပါမောက္ခကွမ်အား သူတို့အဖေကိုသတ်သွားသော လူသတ်သမားတစ်ယောက်အလား စိုက်ကြည့်နေကြသည်။
"ပါမောက္ခတို့..ကျွန်တော် အခုလေးတင်ပြောထားတဲ့ တစ်ဆယ်ဘီလီယံဆိုတာက ဒီအတိုင်းစကားအဖြစ်ပြောတာပါ"
ကျန်းမုန့်လောင်က ဆိုလိုက်၏။
"ခင်ဗျားတို့မှာ ပရောဂျက်ကောင်းတွေရှိနေသရွေ့ ကျွန်တော်ရဲ့စုစုပေါင်းရန်ပုံငွေက အများဆုံးကန့်သတ်ချက်ရယ်လို့ မရှိပါဘူး"
"အများဆုံးကန့်သတ်ချက်မရှိဘူးတဲ့လား။ သူက ဘယ်လောက်တောင်ချမ်းသာတာလဲ"
"သူ ဘယ်လောက်ချမ်းသာတယ်ဆိုတာကို ဘယ်သူကဂရုစိုက်နေမှာလဲ။ သူသာ ငါ့ကိုရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိတယ်ဆိုရင် ငါ သူ့ကျောင်းသားတောင် လုပ်လိုက်ဦးမယ်"
"မုန့်လောင်.. ငါ့မှာလည်း ပရောဂျက်တစ်ခုရှိတယ်"
"မုန့်လောင် ငါ့အကြောင်းအရာကို နားထောင်ဦး။ ငါ့ရဲ့သုတေသနက ငွေကုန်လွယ်တယ်။ ငါက နက္ခတ္တရူပဗေဒအကြောင်း သုတေသနလုပ်နေတာလေ"
"အိုး"
ကျန်းမုန့်လောင်၏မျက်လုံးအစုံမှာ လင်းလက်သွားလေသည်။ သူ့ကျောင်းမှာ ဤနယ်ပယ်နှင့်ပတ်သက်ပြီး သုတေသနပြုလုပ်နေသော ဆရာတစ်ယောက်ရှိလိမ့်မည်ဟု လုံးဝထင်မထားပေ။ သို့သော် ထိုအကြောင်းကိုတွေးကြည့်ပြီးနောက် သူတို့ကျောင်းမှာ နက္ခတ္တရူပဗေဒဘာသာရပ်မရှိသောကြောင့် သိပ္ပံကောလိပ်နှင့် တစ်မျိုးတစ်ဖုံဆက်စပ်နေလောက်ပေသည်။
နက္ခတ္တရူပဗေဒပညာရပ်မှာ သီအိုရီပိုင်းဆိုင်ရာသုတေသနသက်သက်ဖြစ်ပြီး သုတေသနကိရိယာများဆိုလျှင် နက္ခတ္တဗေဒမှန်ပြောင်းတစ်ခုတည်းကတင် ငွေကြေးအမြောက်အများ ကုန်ကျစေနိုင်သည်။
"ဆရာ..နက္ခတ္တအဝေးကြည့်မှန်ပြောင်းတစ်ခုများ လိုအပ်လား"
ထိုဆရာက ချက်ချင်းဆိုသလို အံ့သြသွားရလေသည်။ ကြီးမားလှသည့် နက္ခတ္တအဝေးကြည့်မှန်ပြောင်း ထုတ်လုပ်မှုဟာ သန်းဂဏန်း သို့မဟုတ် ဒေါ်လာဆယ်သန်းကျော် ကုန်ကျနိုင်သည်။ ထို့ပြင် ထိုကဲ့သို့သောပစ္စည်းမျိုးဟာ လက်တွေ့မှာ အကျိုးအမြတ်ပြန်မရတတ်ပေ အစိုးရနှင့် ပညာရေးအဖွဲ့အစည်းများကလွဲလျှင် ဤပရောဂျက်မှာ မည်သူကမှ ရင်းနှီးမြှုပ်နှံမည်မဟုတ်ချေ။
"တစ်ခုလောက်ရှိရင်တော့.. အကောင်းဆုံးပေါ့"
ကျန်းမုန့်လောင်က ချက်ချင်းပင် သူ့ဖုန်းကိုထုတ်ပြီး ဟုန်းရီ၏နံပါတ်ကို ခေါ်လိုက်သည်။
"ဟုန်းရီ..ငါတို့တက္ကသိုလ်မှာ ရေဒီယိုနက္ခတ္တမှန်ပြောင်းကြီးတစ်ခု ဆင်ချင်တယ်။ ပိုက်ဆံဘယ်လောက်ကုန်ကျမလဲ"
"ထားစရာနေရာသာ ပြဿနာမရှိရင်တော့ အမေရိကန်ဒေါ်လာသန်းဆယ်ဂဏန်းလောက်ဆိုရင် လုံလောက်ပါတယ်"
"တစ်ခုယူလာခဲ့ပေး"
ကျန်းမုန့်လောင်က နှစ်ခါပြန်စဉ်းစားမနေဘဲ ပြောလိုက်ပြီးနောက် ထိုဆရာဘက်သို့ လှည့်လိုက်သည်။
"ဆရာ..ထားစရာနေရာနဲ့ပတ်သက်ပြီး.."
"ဒီကိစ္စကိုဖြေရှင်းဖို့အတွက် ငါ ကျောင်းအုပ်ဆီကိုသွားလိုက်မယ်"
ထိုဆရာက သူ့ရင်ဘတ်ကိုပုတ်လျက် ကတိပေးလိုက်သည်။
ဒေါ်လာသန်းဆယ်ဂဏန်းပေးရသည့် အဝေးကြည့်မှန်ပြောင်းဟာ နိုင်ငံတော်အဆင့်သိပ္ပံသုတေသနစီမံကိန်းတစ်ခုနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ယခုလိုစီမံကိန်းကြီးသာ အမှန်တကယ်ဖြစ်လာခဲ့ပါက ဤတက္ကသိုလ်သာမက ကျန်းနန်မြို့ရှိ မြေယာဌာနကပင် သူတို့၏အဝေးကြည့်မှန်ပြောင်းဆောက်လုပ်ရေးအတွက် မြေကွက်နေရာခွဲပေးဖို့ ဆန္ဒရှိကြလိမ့်မည်သာ။
"ပြီးတော့ ခင်ဗျားရဲ့သိပ္ပံသုတေသနရန်ပုံငွေအတွက်လည်း ဒေါ်လာသန်းတစ်ရာ ထပ်ထောက်ပံ့ပေးမယ်"
ကျန်းမုန့်လောင်က ထပ်ဖြည့်ပြောလိုက်သည်။
ထိုဆရာမှာ ကျေနပိပီတိဖြစ်မိသော်ငြား ကျန်းမုန့်လောင်ကို ဘာတစ်ခုမှ ပြန်မပေးနိုင်သောကြောင့် အနည်းငယ်စိတ်မသက်မသာဖြစ်နေမိသည်။ ဤသိပ္ပံသုတေသနရန်ပုံငွေအား လက်ခံလိုက်ရသည်ကို အပြစ်ရှိသလိုခံစားနေမိသည်။
"သေချာတာပေါ့။ ကျွန်တော့်မှာ အပေးအယူတစ်ခုရှိတယ်"
ကျန်းမုန့်လောင်က ထပ်ဖြည့်ပြောလိုကိသည်။
"စူးစမ်းလေ့လာနေတုန်းမှာ အမည်မသိဂြိုဟ်သိမ်ဂြိုဟ်မွှားတွေ ဒါမှမဟုတ် တခြားအာကာသဗိမာန်တွေကိုတွေ့ခဲ့ရင် အဲ့ဒါကို ကျွန်တော့်နာမည်ပေးရမယ်နော်"
"ဟားဟား..ငါက အရမ်းတော်တာပဲ"
ကျန်းမုန့်လောင်တစ်ယောက် စိတ်ထဲမှ နှစ်ထောင်းအားရဖြစ်နေမိသည်။ ဤသည်မှာ ကောင်းကင်ထက်ရှိ အရာဝတ္ထုတစ်ခု၏ အမည်ရပိုင်ခွင့်ကိုဝယ်ယူဖို့ ငွေသုံးခဲ့သည်ဖြစ်ရာ အလှူအတန်းဟု သတ်မှတ်၍မရနိုင်တော့ချေ။
"သောက်ကျိုးနည်း..ဒီချာတူးလံဂြိုဟ်တွေကို သုတေသနပြုတာတောင် သန်းတစ်ရာရတယ်ပေါ့လေ"
အခြားဆရာများကလည်း ကျန်းမုန့်လောင်ဟာ ပိုက်ဆံဖြုန်းဖို့သက်သက် ရောက်လာခြင်းဖြစ်ကြောင်းနှင့် ပိုက်ဆံပြန်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သူက ဂရုမစိုက်ကြောင်းကိုလည်း သဘောပေါက်သွားကြသည်။
"မုန့်လောင်.. ငါ့သုတေသနအဖွဲ့မှာ ကုလားအုတ်မွေးကင်းစစောင့်ရှောက်မှုနဲ့ပတ်သက်တဲ့ ပရောဂျက်တစ်ခုရှိတယ်။ အချက်အလက်တွေကို ပိုပြီးကောင်းကောင်းမွန်မွန်စုစည်းနိုင်ဖို့အတွက် နှစ်နှစ်စာခြေရာခံလေ့လာမှုလုပ်ဖို့ ကုလားအုတ်အကောင်တစ်သောင်းလောက် လိုအပ်နေတယ်။ ဒါက လုံးဝကို ငွေကုန်လွယ်စေတဲ့ ပရောဂျက်တစ်ခုနော်"
"သောက်ကျိုးနည်း..အဲ့ဒီသက်ရှိသိပ္ပံပါမောက္ခတွေအတွက် မျိုးစေ့ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့တင် မလုံလောက်တော့ဘူးလား"
ကျန်းမုန့်လောင်ဟာ စိတ်ထဲမှ ပြင်းပြင်းထန်ထန်ဝေဖန်နေလေသည်။ သို့သော် ကုလားအုတ်များက စျေးပေါသည့်တိရစ္ဆာန်များမဟုတ်ချေ။ ကုလားအုတ်အကောင်ရေတစ်သောင်းရနိုင်မလားဆိုသည်ကိုပင် သူသံသယဖြစ်မိသည်။
"ဒါဆို ခင်ဗျားကို သန်းတစ်ရာအရင်စပွန်ဆာပေးမယ်"
"မုန့်လောင်..ငါ့မှာ လေဟုန်စီးကိရိယာတစ်ခုနဲ့ပတ်သက်တဲ့ ပရောဂျက်တစ်ခုရှိတယ်။ မင်း စဉ်းစားပေးပါ့လား"
"မုန့်လောင်..ငါ့မှာ ကန္တာရထိန်းချုပ်ရေးစီမံကိန်းတစ်ခုရှိတယ်"
"ဟေး..ဒီနှုန်းနဲ့ဆိုရင် ဘယ်တော့မှပြီးမှာမဟုတ်တော့ဘူး"
ကျန်းမုန့်လောင်က သူ့နောက်ရှိ ဆရာဟန်ကိုသာ ပြောလိုက်တော့သည်။
"ဆရာဟန်.. ခင်ဗျား ကျွန်တော့်ကိုကူညီပေးနိုင်မလား။ ပရောဂျက်တွေနဲ့ သူတို့ရဲ့စုစုပေါင်းရန်ပုံငွေစာရင်းကို စာရင်းလုပ်ထားပေးပါဦး။ ပိုများလေ ကောင်းလေပဲ။ ကျွန်တော် သိပ္ပံသုတေသနရန်ပုံငွေအတွက် ဘီလီယံဆယ်ဂဏန်းကြိုပြင်ထားတာမို့ တွေဝေမနေဘဲ စာရင်းသာပေါင်းထားလိုက်ပါ"
"ဘီလီယံဆယ်ဂဏန်းကျော်တောင်လား"
ဟန်ကျင်းယွီ အေးစက်စက်လေတို့ကို ရှူသွင်းလိုက်မိသည်။ သူ ကျန်းမုန့်လောင်ကိုလျှော့တွက်ခဲ့မိသည်။
"ကောင်းပြီ။ ဒါတွေကို ငါနဲ့အပ်ထားခဲ့လိုက်။ မင်းက ကိုယ့်အလုပ်ကိုသာ ဆက်လုပ်နေလိုက်ပါ"
ကျန်းမုန့်လောင်၏ချမ်းသာကြွယ်ဝမှုကို နားလည်သည့်အားလျော်စွာ သူ အလွန်အလုပ်များမည်ဖြစ်ကြောင်းကိုလည်း ဟန်ကျင်းယွီ နားလည်လေသည်။
"သူ.. သူပြန်သွားပြီလား"
ကျန်းမုန့်လောင်က ရုံးခန်းထဲမှ ထွက်သွားသောအခါ ဆရာများအားလုံး စိတ်ရှုပ်ထွေးသွားကြရသည်။
"အဟမ်း ကိုယ့်လူတို့..မုန့်လောင်က ဒီရန်ပုံငွေကိစ္စကိုစီမံဖို့ ကျုပ်ကိုတာဝန်ပေးသွားတယ်။ ဒီတော့ ခင်ဗျားတို့.."
"ဟီးဟီးဟီး"
ချက်ချင်းဆိုသလို ဆရာများအားလုံးက သူ့အား မျက်နှာချိုသွေးကြလေတော့သည်။
"လူအိုကြီးဟန်.. ခင်ဗျားမှာ သမီးမရှိဘူးလား။ ကျုပ်ရဲ့သားက အရွယ်ရောက်လာပြီလေ။ မင်္ဂလာခန်းဝင်ကြေးအဖြစ် ကျုပ် ဒီလောက်ပေးမယ်"
"လူအိုကြီးတင်း.. ခင်ဗျားက အရှက်ကိုမရှိဘူး။ ဒီလိုနည်းလမ်းတွေတောင် သုံးနေတယ်ပေါ့လေ"
နောက်ဆရာတစ်ယောက်က ဖြောင့်မတ်မှန်ကန်စွာဖြင့် စွပ်စွဲပြောဆိုလိုက်သည်။
"လူအိုကြီးဟန်.. ခင်ဗျားက ကွာရှင်းပြီးတာ ကြာလှနေတာတောင် နောက်တစ်ယောက်ထပ်မရှာသေးဘူးပဲ။ ကျုပ်မှာ ညီမတစ်ယောက်ရှိတယ်။ အိမ်ထောင်မရှိသေးဘူးလေ။ သူက အသက်ကလည်း ငယ်ရွယ်ပြီး လှလည်းလှတယ်။ တခြားကျောင်းက ပါမောက္ခတစ်ယောက်လေ။ ဒီည ကျုပ်တို့အိမ်မှာ ညစာစားကြမယ်ဆိုရင်ရော"
……..