← Chapters

သူလက်ထပ်တော့မယ်

Vol. 3 Ch. 39

သူလက်ထပ်တော့မယ်

Vol. 3 Ch. 39

ထိုညနေမှာ ဟန်ကျင်းယွီက ကျန်းမုန့်လောင်ကို အသေးစိတ်ရေးသားထားသည့် စာရင်းတစ်ခု ပေးပို့ခဲ့သည်။ ထိုစာရင်းထဲတွင် ပရောဂျက်ပေါင်းတစ်ရာကျော်နှင့် ပြည့်နှက်နေချေသည်။ ထိုစာရင်းများအားလုံးမှာ ဆရာတစ်ယောက်ချင်းစီ၏ သုတေသနခေါင်းစဉ်များနှင့် အဓိကအကြောင်းအရာများပင်။

ဟန်ကျင်းယွီက အမှန်စင်စစ် တာဝန်သိတတ်သူတစ်ယောက်ဖြစ်၏။ သူသည် ပရောဂျက်တစ်ခုချင်းစီအတွက် ကုန်ကျစရိတ်ကိုပင် ခန့်မှန်းပေးခဲ့သည်ဖြစ်ရာ စုစုပေါင်း ဟွာရှားငွေကြေးဘီလီယံ၃၀ကျော်ရှိသည်။

ကျန်းမုန့်လောင်တစ်ယောက် အစောပိုင်းက ကတိပေးထားသော ကိရိယာများအပါအဝင် ယနေ့အဖို့ အမေရိကန်ဒေါ်လာ၁၀ဘီလီယံနီးပါး သုံးစွဲခဲ့လေသည်။

"နောက်တစ်ခါကျရင် တခြားကျောင်းတွေကို သွားကြည့်သင့်လား"

ကျန်းမုန့်လောင်က တွေးတောချိန်ဆကြည့်လိုက်သော်ငြား ချက်ချင်းပင် ထိုအကြံကို စွန့်လွှတ်လိုက်သည်။ တကယ်တမ်းတွင် သူဟာ ဘက်လိုက်တတ်သည်။ ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်မှ သူ ဘွဲ့ရသွားပြီးနောက်မှာလည်း သူ့ကျောင်းကို ဆက်လက်တိုးတက်စေနိုင်ဖို့ မျှော်လင့်မိသည်။ သူသာ အခြားကျောင်းများမှာ ရင်းနှီးမြှုပ်နှံလိုက်ပါက သူတို့၏ကိုယ်ပိုင်သိပ္ပံသုတေသနများအတွက် ပြိုင်ဘက်များဖန်တီးလိုက်သလို ဖြစ်နေပေလိမ့်မည်။

"ဂျူနီယာလေးရေ..နို့လက်ဖက်ရည်လေးသောက်လိုက်ပါဦး"

"ဂျူနီယာလေး ပင်ပန်းနေပြီလား။ ခဏလောက်အနားယူလိုက်ဦးလေ။ ငါ မင်းအတွက် ပစ္စည်းကိရိယာတွေစောင့်ကြည့်ထားပေးမယ်"

"ဂျူနီယာမောင်လေး ဒီညအားလား။ မင်းရဲ့စီနီယာအစ်မက မင်းကိုညစာဝယ်ကျွေးမလို့"

ကျန်းမုန့်လောင်ထံမှ သိပ္ပံသုတေသနရန်ပုံငွေများကို ရရှိပြီးနောက် ဟန်ကျင်းယွီက သူ့ကျောင်းသားများကို နှစ်လစာလောက်ရှိသည့် လုပ်အားခများကို ရက်ရက်ရောရောထုတ်ပေးခဲ့သည်။

ထိုရန်ပုံငွေက ကျန်းမုန့်လောင်ထံမှ ရရှိထားကြောင်း သူတို့သိရှိသွားကြသည်နှင့် သူဟာ သုတေသနအဖွဲ့တစ်ခုလုံး၏ အချစ်တော်လေးဖြစ်လာခဲ့သည်။

စာပေသုံးသပ်ချက်များနှင့် လက်တွေ့စမ်းသပ်မှုလုပ်ငန်းစဉ်များအတွက် စီနီယာအစ်ကိုများက အသေးစိတ်လုပ်ငန်းစဉ်များနှင့် ရှင်းလင်းဖော်ပြချက်များကို ဂရုစိုက်ကိုင်တွယ်ပေးခဲ့ကြပြီး သူ့အား နိုင်ငံခြားစာပေကိုဖတ်ရှုခြင်းနှင့် ဘာသာပြန်ခြင်းစသော ခက်ခဲလှသည့်တာဝန်များမှ ကင်းဝေးစေခဲ့သည်။

နာရီပေါင်းများစွာပြုလုပ်ရသည့် လက်တွေ့စမ်းသပ်ချက်များနှင့် စစ်ဆေးမှုများအတွက် ကျန်းမုန့်လောင်ဘက်က လက်ချောင်းတစ်ချောင်းမျှပင် မြှောက်ရန်မလိုအပ်ပေ။ စီနီယာအစ်ကိုများနှင့် အစ်မများက သူ့အတွက် အလုအယက်လုပ်ပေးနေကြပြီး ဒေတာအချက်အလက်များကိုလည်း တိုက်ရိုက်ကိုင်တွယ်ပြီး ဆန်းစစ်ပေးခဲ့ကြသည်။

အခြားကျောင်းသားများက သူတို့၏စာတမ်းများကို ဦးနှောက်ခြောက်မတတ် ညလုံးပေါက်စမ်းသပ်မှုများ လုပ်ဆောင်နေရချိန်မှာ ကျန်းမုန့်လောင်ကတော့ ဓာတ်ခွဲခန်းထဲရှိ နောက်မှီထိုင်ခုံမှာထိုင်ကာ နို့လက်ဖက်ရည်သောက်ရင်း S10ကမ္ဘာ့ဖလားချန်ပီယံပွဲကို စိတ်လက်ပေါ့ပါးပျော်ရွှင်စွာ ကြည့်နေလေသည်။

အချိန်အများစုကိုတော့ ပိုက်ဆံကို ဘယ်လိုကုန်အောင်သုံးရမလဲဆိုသည့်ကိစ္စကို ဖော်ထုတ်ဖို့အတွက်လည်း သုံးပစ်ခဲ့ရသည်။"Starbucks Double Sweet"နှင့်အတူ ဂိမ်းကစားရသည်မှာလည်း ကျန်းမုန့်လောင်၏နေ့စဉ်ဘဝအတွက် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုပင်။

"ကျန်းမုန့်လောင်... နင် အောက်တိုဘာလမှာ ဘွဲ့စာတမ်းစရေးရမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။ အဲ့ဒါကို ငါနဲ့အတူကစားဖို့ အချိန်ဘယ်လိုလုပ်ရှိနေသေးတာလဲ"

အသင်းစကားဝိုင်းထဲမှ ချိုမြိန်လှသည့်အသံလေး ထွက်ပေါ်လာသည်။

"ချမ်းသာတဲ့ဒုတိယမျိုးဆက်တစ်ယောက်က သူ့စာတမ်းသူရေးနေတာမျိုး မြင်ဖူးလို့လား"

"ချမ်းသာတဲ့ဒုတိယမျိုးဆက်တဲ့။ ပေါက်ကရတွေလာပြောနေတယ်။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ဒီမှာ အင်တာဗျူးမဖြေနိုင်လို့ဆိုပြီး ငိုတော့မတတ်ဖြစ်ခဲ့တာ ဘယ်သူလဲမသိပါဘူးနော်"

ထိုကောင်မလေးက လှောင်ပြောင်လာလေသည်။

"ဝိုး.. ကိုယ့်လူ ငါ့မာနတော့ထိပါပြီ။ အဲ့ဒါကိုထုတ်မပြောစမ်းပါနဲ့။ အဲ့ဒါတွေအကုန်လုံး အတိတ်မှာကျန်ခဲ့ပြီလေ"

"ဒါက တစ်လခွဲတောင်မပြည့်သေးဘူး။ ပြီးတော့ အတိတ်မှာကျန်နေခဲ့ပြီတဲ့လား။ ငါတကယ်ပြောနေတာနော်..အလုပ်ရှာတာ အ​ခြေအနေဘယ်လိုရှိလဲ"

"ရှာမနေတော့ဘူး။ ငါ ငါ့မိသားစုရဲ့ ကုမ္ပဏီတချို့ကို အမွေရလိုက်တာမို့လို့ အခု အဲ့ဒါကိုစီမံခန့်ခွဲနေတယ်။ ငါ့ဘဝမှာ တစ်ရက်လေးတောင်မှ အလုပ်မလုပ်တော့ဘူး"

ကျန်းမုန့်လောင်က ရယ်လိုက်သည်။

"မင်းလည်း အလုပ်ထွက်လိုက်ပါတော့လား။ မင်းကို ငါ ထောက်ပံ့ပေးထားနိုင်တယ်နော်"

"သွားစမ်းပါ။ နင်နဲ့တန်လို့လား"

ထိုမိန်းကလေးက ရယ်လျက် ပြန်ပြောလိုက်သည်။

"ငါက ဟူကောနဲ့ ဖန်းယွီယွမ်ကိုပဲ လက်ခံမှာ။ နင့်လို အင်ဂျင်နီယာကျောင်းသားတစ်ယောက်က ငါ့ခေါင်းပေါ်က ဆံပင်တစ်မျှင်တောင် မရနိုင်လောက်ဘူး"

"ငါကတော့ မင်းကို အသံပြောင်းစက်သုံးထားတဲ့ အန်တီချောင်းတို့ဘာတို့ဖြစ်နေမှာစိုးတာ"

"ကျန်းမုန့်လောင်.. အခုလိုဖြစ်ဖို့ နင့်ဘက်ကတောင်းဆိုတာနော်။ ငါ နင့်ဇက်ကိုလိမ်ချိုးပစ်မယ်။ ငါက တက္ကသိုလ်မှာ သူမတူတဲ့အလှပဂေးလေးပါနော်။ ငါနဲ့အတူ ဂိမ်းကစားခွင့်ရတာက နင့်ရဲ့လက်ကျန်ဘဝအတွက် ကံကောင်းမှုကြီးတစ်ခုပဲ"

"ဒါဆိုလည်း ကောင်းပြီလေ။ အဲ့လိုဆိုမှတော့ နောက်ရက်နည်းနည်းလောက်နေရင် ငါ မင်းကို ကူစူးမှာ လာတွေ့မယ်လေ။ အနည်းဆုံးတော့ ငါ့ကို ဟိုက်တိလောင်မှာ လိုက်ကျွေးမယ်မလား"

"အာ.. နင်လာမလို့လား"

'Starbucks Double Sweet'၏အသံက ရုတ်ခြည်းတောင့်တင်းသွားလေသည်။

"ဘာလဲ။ ငါနဲ့တွေ့ရမှာ ဝမ်းမသာဘူးလား"

ကျန်းမုန့်လောင်က တခစ်ခစ်ရယ်လိုက်လေသည်။

"ဒါမှမဟုတ် ငါတို့ လူချင်းတွေ့ပြီးရင် နင့်ရဲ့သရုပ်မှန်ကို ဖုံးကွယ်ထားလို့မရတော့မှာစိုးလို့လား"

"ရတယ်လေ။ ငါနင့်ကိုအနိုင်ကျင့်မှာမကြောက်ရင် လာခဲ့။ ငါ ရေသွားချိုးတော့မယ်"

"ဒါဆိုရင် နင့်ရေချိုးခန်းထဲက ကင်မရာကို ငါဖွင့်လိုက်တော့မယ်"

"လူယုတ်မာ"

ကျန်းမုန့်လောင်က ရယ်မောလျက် ဖုန်းကိုချထားလိုက်သည်။ သူ့နှလုံးသားထဲဝယ် မျှော်လင့်စောင့်စားမှု​များဖြင့် ပြည့်လျှမ်းနေတော့သည်။ သူ(မ)က တကယ်တမ်း ဘယ်လိုလူစားမျိုးလဲ။ သူ့စိတ်ထဲမှာ ပုံဖော်ထားသလိုပဲလား။

ထိုအခိုက်အတန့်တွင် ကျန်းမုန့်လောင်၏ဖုန်းက ထမြည်လာသည်။ ဖုန်းခေါ်ဆိုသူ၏နံပါတ်ကို မြင်သောအခါ သူ့ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်သွားချေသည်။

ဝမ်ယွီကျားဆိုသည်မှာ သူ့အတန်းဖော်ဖြစ်၏။ သူတို့နှစ်ယောက် လမ်းခွဲပြီးကတည်းက ကျန်းမုန့်လောင်ဟာ သူ(မ)၏သူငယ်ချင်းများ၊ အတန်းဖော်များနှင့် အဆက်အသွယ်မရှိတော့ပေ။

"ဟယ်လို.. ဝမ်ယွီကျားလား။ ဘာကိစ္စရှိလို့လဲ"

ကျန်းမုန့်လောင်က သူ့အသံကို အတတ်နိုင်ဆုံးတည်ငြိမ်အောင် ကြိုးစားလိုက်သည်။

"လာမဲ့စနေနေ့ကျရင် ရှီချီလက်ထပ်တော့မယ်တဲ့"

"အိုး တကယ်လား"

ကျန်းမုန့်လောင်က ဖုန်းကိုင်လိုက်သည့်အချိန်တုန်းကတည်းက ဤဖြစ်နိုင်ခြေကို ကြိုတွေးထားပြီးဖြစ်၏။ သို့သော် တကယ်တမ်းကြားလိုက်ရသောအခါ လက်သီးကိုသာ တင်းတင်းဆုပ်ထားမိသည်။

"မင်း သွားမှာလား။ ရှီချီက မင်းကိုအကြောင်းကြားပေးဖို့ ငါ့ကိုပြောထားလို့။ သူပြောတာတော့ ဒါက အဲ့ဒီအချိန်တုန်းက မင်းတို့နှစ်ယောက်ပေးခဲ့ကြတဲ့ကတိတဲ့"

"ဟက်..ငါ့ကို နောက်တစ်ခါထပ်ပြီးအရှက်ခွဲဖို့အတွက် မင်္ဂလာပွဲတက်ခိုင်းမယ်ပေါ့"

ကျန်းမုန့်လောင်က အေးတိအေးစက်လှောင်ရယ်လိုက်သည်။

"မင်း မသွားချင်ဘူးဆိုရင် ငါ သူ့ကိုသွားပြော..."

"မလိုဘူး။ ငါလာခဲ့မယ်လို့ သူ့ကိုပြောလိုက်။ ငါ ကျန်းမုန့်လောင်က ပေးပြီးသားကတိကို ပြန်မရုပ်သိမ်းတတ်ဘူး"

"ကျန်းမုန့်လောင်.. မင်းတကယ်သွားမှာလား"

ဝမ်ယွီကျားက သတင်းပေးသူသက်သက်ပင်။ သို့သော် ကျမ်းမုန့်လောင်က မင်္ဂလာပွဲတက်ဖို့ သဘောတူလိမ့်မည်မဟုတ်ဟု သူ(မ)ထင်ထားသော်ငြား အံ့သြဖို့ကောင်းလောက်အောင်ပင် သူက လွယ်လင့်တကူလက်ခံသဘောတူလာသည်။

"ငါ အချိန်ကိုက်ရောက်လာခဲ့မယ်"

ကျန်းမုန့်လောင်က ချက်ချင်းပင် ဖုန်းချလိုက်သည်။ သူ့မျက်နှာအမူအရာက စိတ်မချမ်းမြေ့မှုနှင့် စိတ်သောကရောက်မှုတို့ကြားမှာ သွားချည်ပြန်ချည်ဖြစ်နေလေသည်။ မည်မျှပင်လမ်းခွဲခဲ့ပြီဟုဆိုဆို သေချာရေရာသောသတင်းကို ကြားလိုက်ရချိန်မှာတော့ ဘယ်သူကများ ဘာမှမဖြစ်သလိုနေနိုင်မှာတဲ့လဲ။

"ဟေး..ဒီလကုန်ကျရင် ကူစူးမှာတွေ့ကြမယ်။ နင် ငါ့ကိုလှည့်စားတာဆိုလို့ကတော့ သေပြီသာမှတ်။ နင့်ကိုရိုက်သတ်ဖို့ ကျန်းနန်မြို့အထိ လိုက်လာမှာနော်"

ဤမက်ဆေ့ချ်ကိုမြင်သောအခါ ကျန်းမုန့်လောင်လည်း ယခင်က တစ်ခါမှမတွေ့ဖူးသည့် လူတစ်ယောက်ကို ပုံဖော်ကြည့်လိုက်မိသည်။ ထိုအခိုက်ဝယ် တစ်စုံတစ်ခုကို ရုတ်တရက်လွှတ်ချလိုက်ရသည့်အလား သူ့အပြုအမူများက အများကြီးပိုတောက်ပလာသည်။

"ဒါက ရည်းစားဟောင်းရဲ့ မင်္ဂလာပွဲလေးပဲဟာကို။ နဂါးသားရဲတွင်းလည်းမဟုတ်သလို ကျားအောင်းနေတဲ့ဂူလည်း မဟုတ်ပါဘူး။ သူက ငါ့ဘဝမှာ ဒီအတိုင်းဖြတ်လျှောက်သွားတဲ့လူအဆင့်ပဲရှိတာ"

ကျန်းမုန့်လောင်က ချက်ချင်းသဘောပေါက်သွားခဲ့သည်။

ကျန်းမုန့်လောင်၏ရည်းစားဟောင်းရှဲ့ရှီချီဟာ သူထားခဲ့ဖူးသည့် တစ်ဦးတည်းသောချစ်သူရည်းစားဖြစ်ပြီး သူတို့နှစ်ဦးမှာ လှပသည့်အမှတ်တရအများကြီးကို မျှဝေခဲ့ကြပြီး အဆုံးသတ်မှာ သူတို့နှစ်ယောက်မပေါင်းဖက်ရလျှင်တောင် တစ်ယောက်၏မင်္ဂလာပွဲကို တစ်ယောက်က တက်ရောက်ဖို့ကတိပေးထားခဲ့ကြသည်။

ယခုတော့ ဤအဖြစ်က အမှန်တကယ်ဖြစ်လာပုံပင်။

ဇာတ်လမ်းကတော့ စင်စစ်ရိုးရှင်းလှ၏။ ရှဲ့ရှီချီ၏မိသားစုနောက်ခံမှာ သိပ်မခိုင်မာလှပေ။ ထို့ကြောင့် သူ(မ)၏ဒုတိယနှစ်နွေရာသီကစပြီး အားလပ်ချိန်အားလုံးကို အချိန်ပိုင်းအလုပ်လုပ်ရန်အတွက် စတင်သုံးစွဲခဲ့သည်။

ပြီးခဲ့သည့်နွေရာသီတုန်းက မိသားစုတစ်စုက ထောင်ထားသည့် အလတ်စားအင်တာနက်ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ခဲ့သည်။ ကုမ္ပဏီပိုင်ရှင်၏သားဖြစ်သူက သူ(မ)ကို သဘောကျလာလိမ့်မည်ဟုတော့ လုံးဝမျှော်လင့်မထားခဲ့ချေ။ အစပိုင်းမှာတော့ ရှဲ့ရှီချီလည်း သူ(မ)၏နှလုံးသားစေရာအတိုင်း သစ္စာရှိခဲ့သော်ငြား တစ်ဖက်လူ၏ မဆုတ်မနစ်ချဉ်းကပ်မှုက ပိုမိုပြင်းထန်လာသည့်အခါမှာမူ သူ(မ)လည်း နောက်ဆုံးမှာ စိတ်ယိုင်သွားခဲ့လေတော့သည်။

ကျန်းမုန့်လောင်ကတော့ သူ(မ) Panameraကားပေါ်ကဆင်းလာပြီး အဆောင်ရှေ့မှာ အမည်မသိလူတစ်ယောက်နှင့် နမ်းရှိုက်နေတာကို မြင်လိုက်ရချိန်မှသာ"စိမ်းလန်းလှသည့် မြက်ခင်းပြင်ပေါ် မိုးစက်များကျဆင်းလာသည်" ဟူသောအဓိပ္ပာယ်ကို နားလည်သွားခဲ့ရသည်။

ထိုညတုန်းက ကျန်းမုန့်လောင်အဖို့ မူလတန်းကျောင်းပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် သူ့စိတ်ခံစားချက်များ အထိန်းအကွပ်မဲ့သွားခဲ့ရခြင်းပင်။

သူက ရှဲ့ရှီချီနှင့် တစ်ကြိမ်တည်းသာ ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးသော်လည်း သူ(မ)နှင့် ဒုတိယမျိုးဆက်လူချမ်းသာအမျိုးသားဆီမှာ အားရပါးရအရှက်ခွဲခံခဲ့ရသည်။ သူ့အခန်းဖော်ကသာ သူ့ကိုဆွဲမထားခဲ့ပါက ကျန်းမုန့်လောင် လုံးဝစိတ်ရူးပေါက်သွားလောက်သည်။

"ကောင်းတယ်။ အတိတ်ကိုအဆုံးသတ်ဖို့ အချိန်ကျပြီ"

ကျန်းမုန့်လောင်က တွေးတောချိန်ဆကြည့်လိုက်သည်။ အတိတ်မှာ သူ့ကိုယ်သူ အမြဲတမ်းလှောင်ပိတ်မထားနိုင်ချေ။ အတိတ်ကို မနှုတ်ဆက်နိုင်ပါက အနာဂတ်ကို ဘယ်လိုကြိုဆိုနိုင်မှာတဲ့လဲ။

"ဟုန်းရီ.. ငါ့အခန်းကို ခဏလောက်လာပြီး ငါ့အတွက် တစ်ခုလောက်စီစဉ်ပေးဦး"

........

All Chapters