မင်းရဲ့ကားက ငှားထားတာမလား
Vol. 3 Ch. 40
"မစ္စတာကျန်း.. ရှင် ပြင်ခိုင်းထားတဲ့ အခမ်းအနားဝတ်စုံ အဆင်သင့်ဖြစ်နေပါပြီ"
ဟုန်းရီက လူတစ်ယောက်ကိုခေါ်လာပြီး ဧည့်ခန်းထဲသို့ သေတ္တာဘူးအများကြီးသယ်လာခိုင်းလေသည်။
ဘူးထဲတွင် အနက်ရောင်အနောက်တိုင်းဝတ်စုံတစ်ထည်လည်း ပါ၏။ ထိုဝတ်စုံ၏ဖြတ်တောက်ပုံနှင့် ဒီဇိုင်းမှာ အပိုအလိုမရှိ သန့်ရှင်းသေသပ်လှသည်။ ကျန်းမုန့်လောင် ထိုဝတ်စုံကို စမ်းဝတ်ကြည့်လိုက်သောအခါ ဝတ်စုံက ကွက်တိကျနေပြီး အလွန်တရာသက်သောင့်သက်သာရှိလှသည်။
"မင်း ငါ့ကို နာမည်ကြီးဘရန်းဝတ်စုံတွေ ဝယ်ပေးလိမ့်မယ်လို့ ငါထင်ထားတာ"
ကျန်းမုန့်လောင်က သူ့ကိုယ်သူ မှန်ထဲတွင်ကြည့်ကြည့်လိုက်သည်။ အခမ်းအနားဆန်ဆန်ဝတ်စားဖူးသည်မှာ ယခုမှ ပထမဆုံးအကြိမ်ဖြစ်သဖြင့် ကျင့်သားမရသေးဟန်ပင်။ သို့သော် ဤအချက်ကိုတော့ သူ ဝန်ခံရပေလိမ့်မည်။ သူ့ခန္ဓာကိုယ်တည်ဆောက်ပုံက အဝတ်အစားနှင့် သဘာဝကျကျကွက်တိကျနေပြီး မည်သို့ပင်ဖြစ်နေပါစေ သူဟာ အံ့သြဖို့ကောင်းလောက်အောင် ခန့်ညားနေချေသည်။
"မစ္စတာကျန်း... အဲ့ဒီဘရန်းတွေကို သာမန်လုပ်ငန်းရှင်တွေနဲ့ လူချမ်းသာတွေပဲ ဝယ်ကြတာပါ။ နာမည်အကြီးဆုံးတံဆိပ်တွေတောင်မှ ကုန်ပစ္စည်းကို အစုလိုက်အပြုံလိုက်ထုတ်လုပ်ထားတာလေ"
"ဒါဆို ဒါတွေက.."
"ဟုတ်တာပေါ့။ ဒါတွေက ရှင့်အတွက် အထူးသီးသန့်ပြုလုပ်ထားတာလေ"
ဟုန်းရီက ရှင်းပြလိုက်သည်။
"ရှင် ကျန်းနန်မြို့ကို ပြောင်းလာတုန်းက ကျွန်မတို့ ရှင့်အတွက် ဒီနေရာမှာ အဝတ်အစားစတူဒီယိုတစ်ခု ပြင်ဆင်ထားခဲ့တာ။ ကျွန်မတို့ခန့်ထားတဲ့ ဒီဇိုင်နာတွေနဲ့ အပ်ချုပ်သူတွေကလည်း ပြည်တွင်းနဲ့ နိုင်ငံတကာလုပ်ငန်းတွေကနေ အမြင့်ဆုံးအခကြေးငွေရထားတဲ့လူတွေ။ ဒီဝတ်စုံရဲ့ဒီဇိုင်နာဆိုရင် အာမန်နီရဲ့ဒီဇိုင်နာချုပ်ဟောင်းတစ်ယောက်ဖြစ်ပြီး ထိပ်တန်းအပ်ချုပ်သူ၁၆ဦးက ဒီဝတ်စုံကိုလက်စသတ်ဖို့အတွက် တစ်ပတ်လောက်အချိန်ယူခဲ့ရပါတယ်"
"တကယ်အသိအမှတ်ပြုပါတယ်"
သူဟာ ဝတ်စုံကို မချီးမွမ်းဘဲ မနေနိုင်တော့ပေ။ လျှော့တွက်ခဲ့မိသော်လည်း တကယ်တမ်းမှာ တန်ဖိုးကြီးနေပြီး လျှို့ဝှက်ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်တစ်ယောက်အတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခုပင်။
"မစ္စတာကျန်း.. ရှင် တောင်းဆိိိုထားတဲ့ တခြားပစ္စည်းတွေလည်းအဆင်သင့်ဖြစ်နေပါပြီ။ ကျွန်မတို့ အခုသွားကြတော့မလား"
"သွားကြစို့။ ငါက မင်္ဂလာဆောင်ကို အရက်သောက်ဖို့သက်သက်ပဲသွားတာ။ မဖိတ်ဘဲ အတင်းဝင်တာမဟုတ်ပါဘူး။ ငါသာ နောက်ကျနေရင် ပြဿနာကောင်လို့ အထင်မှားခံရမှာ သိပ်တော့မကောင်းဘူးနော်"
ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်သည်။
Rolls-Royce Cullinanတစ်စီးဟာ ကျန်းမုန့်လောင်နှင့် ဟုန်းရီကို မြို့လယ်ခေါင်ရှိ ဝမ်ထိုက်ဟိုတယ်ဆီသို့ သယ်ဆောင်လာရင်း ရပ်ကွက်ထဲမှ ဖြည်းဖြည်းချင်းထွက်လာလေသည်။
ဝမ်ထိုက်ဟိုတယ်ကလည်း ထိပ်တန်းအဆင့်ကြယ်ငါးပွင့်ဟိုတယ်တစ်ခု ဖြစ်သော်လည်း ကျန်းမုန့်လောင်နှင့် ဆက်နွှယ်မှုမရှိသော ကျန်းနန်မြို့ရှိ ဟိုတယ်အနည်းစုထဲကတစ်ခုဖြစ်၏။
ဟိုတယ်၏အခြေအနေက သိပ်မကောင်းမွန်ခဲ့သော်ငြား လွန်ခဲ့သည့်နှစ်နှစ်အတွင်းမှာ အလွန်တော်သောမန်နေဂျာက ဟိုတယ်ကို ကိုင်တွယ်စီမံခဲ့လေသည်။ သူက ဟိုတယ်၏လုပ်ငန်းပိုင်းဆိုင်ရာ အသားပေးမှုကို မင်္ဂလာဧည့်ခံပွဲများဆီသို့ လမ်းကြောင်းပြောင်းကာ အင်အားတောင့်တင်းလှသော မင်္ဂလာပွဲစီစဉ်ရေးကုမ္ပဏီများစွာနှင့် ပူးပေါင်းပြီး အင်တာနက်ရှိ နာမည်ကြီးမင်္ဂလာပွဲအခမ်းအနားကျင်းပရာနေရာတစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့သည်။
မင်္ဂလာပွဲတစ်ခုချင်းစီအတွက် အလှဆင်ပစ္စည်းများဟာ စိတ်ကူးယဉ်ဆန်ဆန် ခမ်းနားထည်ဝါလှပြီး ပါဝင်အားဖြည့်သော ဝန်ထမ်းအားလုံးကလည်း အလွန်ပရော်ဖက်ရှင်နယ်ဆန်ကြသည်။ စျေးနှုန်းကလည်း သေချာပေါက် မတန်တဆပင်။
ရှုခင်းအလှဆင်စရိတ်ကတင် ယွမ်နှစ်သိန်းကစတင်ပြီး စားပွဲတစ်လုံးချင်းစီ၏ စျေးနှုန်းကလည်း ၈၈၈၈ယွမ်ကျော်ဖြစ်၏။ သာမန်မင်္ဂလာပွဲတစ်ခုကျင်းပလျှင်ပင် ယွမ်တစ်သန်းထက် မလျော့နိုင်ပေ။
သို့သော် ဟိုတယ်၏မင်္ဂလာဆောင်ခန်းမများမှာ တစ်နှစ်မှာ ၃၆၅ရက်လောက် ဘိုကင်ပြည့်နေတတ်သည်။ တချို့ဆိုလျှင် ဟိုးအစကတည်းက သတ်မှတ်ထားသော သူတို့၏မင်္ဂလာရက်ကိုပင် ပြောင်းလဲပစ်ကြရသည်။ ဤသည်မှာ ဤဟိုတယ်က ဘယ်လောက်ဆွဲဆောင်မှုရှိသလဲဆိုသည်ကို သက်သေပြနေခြင်းပင်။
မနက်အစောပိုင်းဖြစ်နေသေးသည့်အတွက် ဟိုတယ်၏အလှဆင်ပစ္စည်းများဟာ အစီအစဉ်တကျ ပြင်ဆင်လုပ်ကိုင်နေဆဲသာ။ ခြောက်နာရီမှာ ထိုနေရာတစ်ခုလုံးကို အကုန်နီးပါးပြင်ဆင်ထားပြီးဖြစ်ကာ အလင်းနှင့် အသံစနစ်များကိုလည်း မပြတ်တောက်သွားအောင် စီစဉ်နေကြသည်။
အလှပြင်ခန်းထဲမှာမူ မိန်းကလေးလေးယောက်က သတို့သမီးကိုဝိုင်းရံထားပြီး ပျော်ပျော်ပါးပါးစကားပြောလျက် ရယ်မောနေကြသည်။
ယနေ့မှာ ရှဲ့ရှီချီဟာ အလွန်တောက်ပနေပြီး ဆွဲဆောင်မှုရှိသော မင်္ဂလာဝတ်စုံကြောင့် ကောင်းကင်ဘုံက ဆင်းသက်လာသည့် နတ်သမီးလေးတစ်ပါးအလားပင်။ နူးနူးညံ့ညံ့ဟန်ရှိသော သူ(မ)၏မိတ်ကပ်က ကြော့ရှင်းလှသော သူ(မ)၏အသွင်အပြင်ကို ထပ်မံအားဖြည့်ပေးနေပြီး သူ(မ)အား ပိုမိုစွဲမက်ဖွယ်ကောင်းသွားစေသည်။
"ရှီချီ..နင်က အရင်ဆုံးလက်ထပ်သွားလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ"
"ဟုတ်တယ်နော်။ ငါတို့ဆိုရင် အခုထိ ဘွဲ့တောင်မရသေးဘူး"
"ဘာတတ်နိုင်မှာလဲ။ ငါတို့က နိုင်ငံခြားမှာ မဟာဘွဲ့ဆက်တက်ဖို့ လျှောက်ထားတယ်လေ။ အခုအချိန်ကတည်းက လုပ်စရာရှိတာ လုပ်မထားရင် နှစ်တွေအကြာကြီးရွှေ့ဆိုင်းထားရလိမ့်မယ်"
ရှဲ့ရှီချီက ပြောလိုက်သည်။
"နင့်ကိုအားကျလိုက်တာဟာ။ ဒီလိုချစ်သူကောင်းတစ်ယောက်ကို ရထားတာနော်။ သူ့မိသားစုက ချမ်းသာရုံတင်မကဘူး။ သူကိုယ်တိုင်ကလည်း ပညာတတ်တစ်ယောက်။ ဒါ့အပြင် နင့်ကိုပါ နိုင်ငံခြားမှာအတူတူပညာသင်ဖို့အတွက် အစီအစဉ်ချပေးသေးတယ်။ နင်တော့ တကယ်ကောင်းစားပြီ"
"အမှန်ပဲ။ သူ့နဲ့ယှဉ်ကြည့်လိုက်ရင် နင့်ရဲ့ရည်းစားဟောင်းက ဒီအတိုင်းအရှုံးသမားတစ်ယောက်ပဲ။ အခုထိ အလုပ်တစ်ခုတောင် ရှာမတွေ့သေးဘူးလို့ ငါကြားထားတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းက သူ ကျောင်းဝင်းထဲမှာ ရောက်ရာပေါက်ရာလျှောက်သွားနေတာကို ငါမြင်ခဲ့တယ်။ တခြားလူတွေကိုပဲကြည့်လေ။ အလုပ်ရှာမတွေ့ရင်တောင် အလုပ်ခေါ်အင်တာဗျူးတွေ တက်နေကြတာ။ သူကတော့ သူများလိုမဟုတ်ဘူး။ အေးအေးဆေးဆေးလုပ်နေတာ။ ကြည့်ရတာ သူ့ကိုယ်သူလက်လျှော့လိုက်ပြီထင်တယ်"
"ဟားဟား တင်းရွေ့..နင် နောက်နေတာမလား။ လျူချင်းစုက ထိပ်တန်းစာရင်းဝင်ကုမ္ပဏီတစ်ခုက ဥက္ကဋ္ဌရဲ့သားလေ။ ကျန်းမုန့်လောင်ကို သူနဲ့ ဘယ်လိုလုပ်ပြီးတော့များ နှိုင်းရဲတာလဲဟ"
"ဟားဟား ဆောရီး... ငါ့အမှားပါ"
ရှဲ့ရှီချီက ခပ်ယဲ့ယဲ့ပြုံးလိုက်လေသည်။ သူ့ရည်းစားဟောင်းအတွက် သူ့မှာ အပြစ်ရှိသလိုခံစားမိသော်လည်း သူ စိတ်အားတက်ကြွမှုမရှိသည့်အကြောင်းကို ကြားလိုက်ရတော့ သူ(မ)၏ဆုံးဖြတ်ချက်က မမှားကြောင်း သေချာသွားခဲ့ရသည်။
"စကားမစပ် ရှီချီ...ကျန်းမုန့်လောင်က ဒီနေ့လာမယ်တဲ့လား"
"ဟုတ်တယ်။ သူက ချက်ချင်းကိုသဘောတူခဲ့တာ"
"မဖြစ်နိုင်တာ။ နောက်ဆုံးတစ်ခေါက် သူ ရှီချီနဲ့လာတွေ့တော့ တော်တော်အရှက်ကွဲသွားခဲ့တာလေ။ ငါသာဆိုရင် နောက်တစ်ခါလာတွေ့ဖို့ရှက်မိမှာပဲ"
"ဟုတ်တယ်နော်။ သူ ပြဿနာရှာဖို့ လာတာဆိုရင် ဘယ်လိုလုပ်မလဲ။ လူတွေက အဆုံးစွန်အထိရောက်သွားရင် ဘာမဆိုလုပ်နိုင်တယ်တဲ့"
"စိတ်မပူပါနဲ့။ ဒီနေ့ ဧည့်သည်တွေအများကြီးရှိနေတော့ ချင်းစုက သူတို့ကုမ္ပဏီရဲ့ လုံခြုံရေးအဖွဲ့ကို စီစဉ်ထားတယ်လေ။ ဘာမှဖြစ်မှာမဟုတ်ပါဘူး"
ရှဲ့ရှီချီဟာ မိတ်ကပ်လိမ်းပြီးနောက်မှာ နှုတ်ခမ်းနီကိုပါ ဆိုးလိုက်လေသည်။
"ငါတို့ ဧည့်သည်တွေကိုနှုတ်ဆက်သင့်ပြီ"
ရှဲ့ရှီချီက ပြောလိုက်ချေသည်။
"ဒီနေ့ ချင်းစုတို့မိသားစုရဲ့ကုမ္ပဏီနဲ့ ပူးပေါင်းထားတဲ့ ကုမ္ပဏီကြီးတွေကခေါင်းဆောင်တွေနဲ့ အကြီးအကဲတွေ အများကြီးလာမဲ့ပုံပဲ။ ငါတို့ သူတို့ကို လျစ်လျူရှုထားလို့မရဘူး"
"ဟားဟားဟား.. သွားရအောင်။ ငါတို့လည်း ချင်းစုလိုမျိုး ထူးခြားတဲ့တစ်စုံတစ်ယောက်ကို တွေ့ချင်တွေ့နိုင်တာပဲ"
"အဲ့ဒီလောက်မလွယ်ဘူးလေ။ ဟားဟားဟား..ညီအစ်မတို့ ဒီနေ့တော့ မျှမျှတတပဲပြိုင်ကြရအောင်။ မညစ်ပတ်ကြေးနော်"
"ဒါဆို ငါ မိတ်ကပ်သွားပြင်လိုက်ဦးမယ်'
"ဟားဟားဟား.. ငါ့ကိုစောင့်ဦး။ ငါလည်းလိုက်မယ်"
...
ဤနေရာကား စိမ်းလန်းလှသည့်အပင်များနှင့် ခရမ်းရောင်စပျစ်ပင်များ ဝန်းရံထားသည့် ပြင်ပဧည့်ခံပွဲတစ်ခုဖြစ်ပြီး ထူးခြားလှပစွာ အလှဆင်ထားပေသည်။ လမ်းတစ်လျှောက်မှာလည်း ဇိမ်ခံကားမျိုးစုံရပ်ထားလေသည်။ တော်တော်များများမှာ တစ်သန်းကျော်တန်သည်။
ဒေါ်လာတစ်ဘီလီယံကျော်တန်ဖိုးရှိသည့် ကုမ္ပဏီဥက္ကဋ္ဌ၏သားဖြစ်သောကြောင့် ဤမင်္ဂလာပွဲဟာ အဆင့်အတန်းမြင့်သော လူပေါင်းမြောက်များစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ ထိုအထဲတွင် ထိပ်သီးလုပ်ငန်းရှင်ကြီးများလည်း ပါဝင်၏။
"ရှီချီ..အားလုံးအဆင်သင့်ဖြစ်ပြီလား"
အဖြူရောင်အနောက်တိုင်းဝတ်စုံဝတ်ထားသည့် လူငယ်ချောချောလေးတစ်ယောက်က ဧည့်သည်များကို နှုတ်ဆက်နေတုန်းမှာ ရှီချီနှင့် သူ(မ)၏သူငယ်ချင်းများ ရောက်လာကြသည်ကို မြင်လိုက်ရသောအခါ သူ့မျက်နှာထက်ဝယ် ကျေနပ်အားရနေဟန် အပြုံးတစ်ပွင့်က ပွင့်လန်းလာသည်။
"အကုန်အဆင်သင့်ပဲ။ ဧည့်သည်တွေကိုကြိုဆိုပေးဖို့အတွက် ရောက်လာတာ"
ရှဲ့ရှီချီက လျူချင်းစု၏လက်မောင်းကို သဘာဝကျကျပင် လက်ဖြင့်ချိတ်လိုက်လေသည်။
"ဥက္ကဋ္ဌကျိုး ရောက်လာပြီပဲ"
Cayenneကားတစ်စီးက လမ်းဘေးတွင် ထိုးရပ်လိုက်ပြီးနောက် ကားထဲမှ တက်ကြွဖျတ်လတ်သည့် လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက် ထွက်လာလေသည်။
"ဥက္ကဋ္ဌကျိုး အထဲကိုကြွပါ"
ဥက္ကဋ္ဌကျိုးဟာ လျူချင်းစုဖခင်၏မိတ်ဆွေပင်။ သူ့ကုမ္ပဏီက သူ့အဖေ၏ကုမ္ပဏီထက်ပင် ပိုကြီးမားသည်။ သူဟာ မကြာခင်သေးခင်ကမှ လုပ်ငန်းကြီးသုံးခုထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် အလီဘာဘာနှင့် ပူးပေါင်းခဲ့သည်ဟု ဆိုကြသည်။ ဤစီမံကိန်းသာ အောင်မြင်သွားခဲ့လျှင် ကုမ္ပဏီ၏စျေးကွက်တန်ဖိုးကလည်း နှစ်ဆတိုးလာနိုင်လေသည်။
"ဟားဟားဟား.. သတို့သမီးကလှလိုက်တာ။ ဂုဏ်ပြုပါတယ် ချင်းစုရေ"
ဥက္ကဋ္ဌကျိုးက သူ့လက်ထောက်ဆီကတစ်ဆင့် အနီရောင်စာအိတ်အထူကြီးတစ်အိတ်ကို ပေးလာသည်။
"ဥက္ကဋ္ဌကျိုး.. ခင်ဗျားက အရမ်းရက်ရောတာပဲ။ ရှဲ့ရှီချီကတော့ ဥက္ကဋ္ဌကျိုးကိုမသိသော်လည်း အပြုံးလေးဖြင့် နှုတ်ဆက်နေဆဲသာ။ အနီရောင်စာအိတ်ထဲတွင် ငွေသားတစ်သောင်းတင်မကဘဲ ဘဏ်ကတ်တစ်ကတ်လည်းပါသည်။
ယခုလိုအဆင့်အတန်းမျိုးရှိသူအဖို့တော့ ငွေတစ်သောင်းက လက်ဖွဲ့ပေးရန် နည်းလွန်းသော်ငြား များလွန်းလျှင်လည်း ဒုက္ခများလှသည်။ ထို့ကြောင့် အနီရောင်စာအိတ်က အပေါ်ယံသက်သက်သာ ဖြစ်၏။ ထိုဘဏ်ကတ်မှာသာ သူ တကယ်ပေးချင်သည့် ပမာဏအစစ်ရှိ၏။ ထိုပမာဏမှာ အနည်းဆုံးဂဏန်းခြောက်လုံးပါနိုင်လောက်သည်။
အချိန်ကြာလာသည်နှင့်အမျှ လူတွေလည်း တစ်ယောက်ပြီးတစ်ယောက်ရောက်လာကြသည်။
"ဝိုး"
အံ့သြမှင်တက်စွာအော်ဟစ်သံများအကြား Rolls-Royce Cullinanကားတစ်စီးက ဖြည်းဖြည်းချင်း ရပ်တန့်သွားပြီး အနောက်တိုင်းဝတ်စုံဝတ်ဆင်ထားသည့် ကားမောင်းသူက ကားတံခါးဖွင့်ပေးဖို့ ထွက်လာချေသည်။
"ဒါကဘယ်သူပါလိမ့်"
Rolls-Royce Cullinan၏ဈေးနှုန်းက ဆယ်သန်းမပြည့်သော်လည်း ထိုကားမှာ လူတိုင်းဝယ်နိုင်သည့်ကားမျိုး မဟုတ်ပေ။ ကျန်းနန်မြို့တစ်မြို့လုံးမှာတောင် ယခုလိုကားမျိုး ဆယ်စီးထက် ပိုမရှိပေ။ ထို့ပြင် ကားပိုင်ရှင်များအားလုံးကလည်း အရေးပါအရာရောက်သောပုဂ္ဂိုလ်များဖြစ်၏။
"ရှီချီ..ဧည့်သည်တွေကိုကြိုဖို့ ကိုယ်နဲ့အတူလိုက်ခဲ့ပါဦး"
လျူချင်းစုက ဤကားပိုင်ရှင်ဟာ သူ့အဖေထက်ပင် ပိုပြီးသြဇာအာဏာရှိလိမ့်မည်ဖြစ်ကြောင်း သေချာပေါက်သိနေချေသည်။ ယနေ့ပွဲကို တက်ရောက်ပေးခြင်းမှာ သူတို့မိသားစုကို မျက်နှာသာပေးခြင်းဖြစ်လေရာ သူတို့ဘက်ကလည်း ကောင်းကောင်းမွန်မွန်ဧည့်ခံပေးရမည်ဖြစ်၏။
သို့သော် ကားပိုင်ရှင်ထွက်လာချိန်မှာတော့ လျူချင်းစုနှင့် ရှဲ့ရှီချီတို့နှစ်ယောက်လုံး ကြက်သေသေသွားကြသည်။
"ကျန်း..ကျန်းမုန့်လောင်။ ဘာလို့ မင်းဖြစ်နေရတာလဲ"
ရှဲ့ရှီချီက ယနေ့ ကျန်းမုန့်လောင်လာမည့်အကြောင်း သိထားသော်လည်း သူ(မ)၏စိတ်ထဲမှာတော့ သူက မြေအောက်ရထားစီးပြီး သို့မဟုတ် ဆိုင်ကယ်ငှားပြီး သနားချင်စရာကောင်းအောင် အမောတကောရောက်လာလိမ့်မည်ဟု ထင်ထားခဲ့သည်။ Rolls-Royceတစ်စီးနှင့် ရောက်ချလာလိမ့်မည်ဟုတော့ လုံးဝထင်မထားချေ။
လျူချင်းစုကလည်း အံ့သြမှင်တက်နေချေသည်။
ရှဲ့ရှီချီမှာ ရည်းစားတစ်ယောက်ရှိခဲ့ဖူးမှန်း သူသိထားသည်။ ထို့ပြင် တစ်ခါတုန်းက သူ့ကို ရှဲ့ရှီချီရှေ့မှာပင် အရှက်ခွဲခဲ့ဖူးသေးသည်။ ဘာတွေဖြစ်ကုန်တာပါလိမ့်။
သို့သော် ဤကိစ္စမှာ မဖြစ်နိုင်ကြောင်း သူ စိတ်ထဲကတွေးလိုက်မိသည်။ ထို့နောက် ရှဲ့ရှီချီကို တီးတိုးပြောလိုက်သည်။
"မင်းရဲ့ရည်းစားဟောင်းက တော်တော်တတ်နိုင်တာပဲ။ ဂုဏ်သိက္ခာကိုအဖတ်ဆည်တဲ့အနေနဲ့ ကြွားဖို့အတွက် ချေးငွေယူပြီး ကားတစ်စီးငှားလာတာပဲဖြစ်ရမယ်"
…….