← Chapters

ကျွန်တော်က သူ့ရည်းစားဟောင်းပါ

Vol. 3 Ch. 41

ကျွန်တော်က သူ့ရည်းစားဟောင်းပါ

Vol. 3 Ch. 41

"ကျန်းမုန့်လောင် နင်လာလိမ့်မယ်လို့ ငါလုံးဝထင်မထားဘူး"

ရှဲ့ရှီချီက လှောင်ပြောင်ထေ့ငေါ့သည့်လေသံဖြင့် ပြောလိုက်သည်။ သူ(မ)မင်္ဂလာပွဲတွင် ရည်းစားဟောင်းရောက်နေသည့်အဖြစ်မှာ အလွန်ထိရှလွယ်သောကိစ္စပင်။ အထူးသဖြင့် သူ(မ)လက်ထပ်မည့်အမျိုးသားက ထူးခြားလှသည့်အဆင့်အတန်းမျိုး ရှိနေသည့်အခါမျိုးမှာပင်။

တကယ်တမ်းတွင် ကျန်းမုန့်လောင်ကိုကိုဖိတ်ကြားစဉ်က ရှဲ့ရှီချီအနေနှင့် လျူချင်းစု၏အကြံပေးချက်ကို လိုက်နာခဲ့ခြင်းပင်။ ကျန်းမုန့်လောင်နှင့် ရှဲ့ရှီချီတို့မှာ ခိုင်မာလေးနက်သောဆက်ဆံရေးမျိုး မရှိသော်ငြား နာမည်ခံဆက်ဆံရေးတစ်ခုကပင် ယောကျ်ားတစ်ယောက်ကို စိတ်မသက်မသာဖြစ်စေနိုင်သည်။

ယနေ့ ကျန်းမုန့်လောင် ရောက်မလာခဲ့လျှင် ဤလူဟာ သူ့အား ခြိမ်းခြောက်နိုင်မည့်လူတစ်ယောက် မဟုတ်သောကြောင့် ဘာမှမဟုတ်သလို လွှတ်ပေးထားလိုက်ရုံပင်။

သို့သော် သူရောက်လာခဲ့ပါကလည်း ယနေ့ မင်္ဂလာပွဲမှာတင် ရှဲ့ရှီချီကို ပျော်အောင်လုပ်ပေးဖို့အတွက် သူ ဘယ်အတိုင်းအတာအထိ တတ်နိုင်သလဲဆိုသည်ကို ပြသပြီးနောက် ယခုကစပြီး ဤအတိတ်ကို ပြန်မတွေးချင်တော့လောက်အောင်အထိ တစ်ဖက်လူအား နင်းခြေပစ်နိုင်ဖို့ သူ့မှာ ယုံကြည်မှုရှိသည်။

သို့သော် ကျန်းမုန့်လောင်၏ပေါ်ထွက်လာပုံကြောင့် ရှဲ့ရှီချီ အနည်းငယ်ထိတ်လန့်သွားရသဖြင့် သူ့အား ဘာပြောရမှန်းပင် မသိတော့ချေ။

"အိုး..ငါက ကိုယ့်ကတိကိုယ်တည်တဲ့လူတစ်ယောက်လေ။ ဘယ်သူပဲလက်ထပ်လက်ထပ် ငါတို့ မင်္ဂလာပွဲတက်ပေးရမယ်လို့ ကတိပေးထားဖူးတယ်မလား။ ငါက ကိုယ့်ကတိကိုတည်အောင် ရောက်လာတာပါ"

ကျန်းမုန့်လောင်က တည်ငြိမ်ပြီး မယုံကြည်နိုင်စရာကောင်းသောအကြည့်ဖြင့် ပြောလာလေသည်။

"ဒါပေမဲ့ ဘာလို့ကားငှားလာရတာလဲ။ ဂုဏ်သိက္ခာကိုအဖတ်ဆည်ဖို့က နင့်အတွက် အဲ့လောက်အရေးကြီးနေတာလား"

ရှဲ့ရှီချီဟာ ကျန်းမုန့်လောင်၏မှတ်ချက်များက သူ(မ)၏သစ္စာမဲ့မှုကိုဖော်ပြသည့် ထိုးနှက်ချက်တစ်ခုဟုသာ ထင်နေချေသည်။

"ကားတစ်စီးငှားတာတောင်မှ ငွေတော်တော်ကုန်တယ်နော်။ နင် ပုဂ္ဂလိကချေးငွေတစ်ခုခု ယူခဲ့တာတော့ မဟုတ်ဘူးမလား"

"အဲဒီချေးငွေရဲ့အတိုးနှုန်းက နေ့စားနဲ့တွက်တာလို့ ငါကြားဖူးတယ်။ မင်း ကားကို မြန်မြန်ပြန်ပေးလိုက်တာ ပိုကောင်းမယ်နော်။ မင်းမှာ ငွေကြေးအခက်အခဲရှိရင်လည်း ငါ နည်းနည်းကူညီပေးနိုင်ပါတယ်။ ဒီငွေပမာဏလောက်ကတော့ ငါ ရှီချီအတွက် သုံးပေးနိုင်ပါတယ်"

လျူချင်းစုက သံယောင်လိုက်၍ ပြောလာလေသည်။

"ငှားတာတဲ့လား"

ကျန်းမုန့်လောင်က လှောင်ရယ်ရယ်လိုက်သည်။

"ဒါဆိုလည်း ဒါကိုငှားထားတယ်လို့ပဲ သတ်မှတ်လိုက်လို့ရပါတယ်လေ"

ကျန်းမုန့်လောင်ကလည်း ရှင်းပြလိုစိတ်မရှိချေ။ ရှဲ့ရှီချီက သူ(မ)ကို ပိုမိုကောင်းမွန်သောဘဝမျိုးပေးနိုင်မည့် တစ်စုံတစ်ယောက်ကို ရှာဖွေဖို့အတွက် သူ့ကိုထားသွားခဲ့ခြင်းမဟုတ်လား။ သူ(မ)က သူ့အား ဆင်းရဲသားတစ်ယောက်ဟု မှတ်ယူထားပြီးဖြစ်သောကြောင့် သူရှင်းပြနေလည်း အလကားပင်။

"ဘာပဲဖြစ်ဖြစ် ဒီနေ့က မင်းရဲ့မင်္ဂလာပွဲနေ့လေ။ မင်း ပျော်ရွှင်တဲ့အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးပါတယ်"

ကျန်းမုန့်လောင်က ဒေါ်လာတစ်ဒေါ်လာမှမပါဘဲ ဘဏ်ကတ်တစ်ကတ်သာပါသည့် အနီရောင်စာအိတ်တစ်အိတ်ကို ထုတ်ပေးလိုက်သည်။

"အစ်ကိုကျန်းက ဒီနေ့ သေချာပြင်ဆင်လာပုံရတယ်"

လျူချင်းစုက ရယ်လိုက်လေသည်။ ယနေ့ပွဲထဲ၌ အတန်းဖော်တချို့အပြင် စီးပွားရေးသမားများနှင့် သူတို့၏နောင်လာနောက်သားမျိုးဆက်များနှင့် ပြည့်နှက်နေလေသည်။ ယခုလိုအခြေအနေမျိုးမှာ ဂဏန်းငါးလုံးထက်နည်းသည့် လက်ဖွဲ့မျိုးဟာ ရှက်စရာကောင်းလိမ့်မည်သာ။

ဤနေရာတွင် လက်ဖွဲ့များမှာ အလွန်ထူထဲလှသောစာအိတ်မှမဟုတ်လျှင် ဘဏ်ကတ်များသာ။

ကျန်းမုန့်လောင်၏ ဘဏ္ဍာရေးအခြေအနေကို ရှဲ့ရှီချီ ကောင်းကောင်းသိထားသည်။ သူကျောင်းတက်နေစဉ်က ပျမ်းမျှလစာ တစ်လနှစ်ထောင်ရသည့်မိသားစုမှာ နေထိုင်ခဲ့ပြီး ယခုအထိ အလုပ်တစ်ခုမှပင်ရှာမရသေးသည့်အတွက် နေထိုင်စရိတ်ထောင်ဂဏန်းကို ချွေတာရန်သာ သူ တတ်နိုင်ခဲ့လေသည်။ ဤဘဏ်ကဒ်မှာ သူ၏စိတ်မလုံမှုကို ဖုံးကွယ််ထားခြင်း ဖြစ်နိုင်လောက်သည်။

"တအားရိုင်းပျလို့မဖြစ်ဘူးလေ"

ကျန်းမုန့်လောင်က ရယ်လိုက်လေသည်။

"အစ်ကိုကျန်း.. စိတ်မရှိရင် ဒီဘဏ်ကတ်ထဲက ငွေပမာဏကို စစ်ကြည့်လို့ရမလား"

လျူချင်းစုက အနီးအနားရှိ လက်ဖွဲ့ငွေလဲလှယ်ရုံကို လက်ညှိုးထိုးပြလိုက်သည်။ မရင်းနှီးသောဧည့်သည်များက သူတို့၏လက်ဖွဲ့ငွေကို ထိုနေရာမှာထားခဲ့ပြီး ပမာဏနှင့်နာမည်တို့ကို ချရေးသွားကြရသည်။

"လုပ်လိုက်ပါ"

ကျန်းမုန့်လောင်က သူတို့ဟာ သူ့အား အရှက်ကွဲအောင်လုပ်နေခြင်းဖြစ်ကြောင်း ကြိုသိထားသည်။ သို့သော် ဤဘဏ်ကတ်ထဲရှိ ပမာဏက သူတို့ကို အံ့သြသွားစေမည်မှာ ကျိန်းသေပင်။

ဒီငွေတွေက သူတို့နဲ့တန်လို့လား။

တကယ်တော့ မဟုတ်ပေ။ ကျန်းမုန့်လောင်ကတော့ ထိုအစား သူတောင်းစားများကို လှူဒါန်းလိုက်ခြင်းကပင် သူတို့ကိုပေးတာထက် ပိုတန်ဖိုးရှိလိမ့်မည်ဟု ခံစားမိသော်ငြား သူ့မှာလည်း ဤငွေကိုပြန်ရနိုင်မည့် နည်းလမ်းများရှိသည်။

"ကျားကျား..ဒီကတ်ထဲက ငွေပမာဏကို သွားစစ်ပေးပါဦး"

"ရတာပေါ့"

သတ်ို့သမီးအရန်များအနေနှင့် သူတို့အားလုံးဟာ ယနေ့မှာ အလွန်ရက်ရောလှသည့် လက်ဆောင်များကိုရရှိခဲ့သည်။ သို့ဖြစ်လေရာ သတို့သားနှင့်သတို့သမီးတို့ကို ကူညီပေးရန်အတွက် သူတို့တာဝန်ယူရမည်သာ။

ဝမ်ယွီကျားက ကျန်းမုန့်လောင်ကို ကသိကအောက်ဖြစ်ဟန်အမူအရာဖြင့်ကြည့်ရင်း ဘဏ်ကတ်ကို ယူလိုက်လေသည်။ လူ့ကျင့်ဝတ်အရ ကျန်းမုန့်လောင်၏ဒုက္ခကို သူ စာနာနားလည်သော်လည်း စိတ်ခံစားချက်ပိုင်းဆိုင်ရာအရတော့ သူ(မ)က ရှဲ့ရှီချီဘက်က ရပ်တည်ပေးခဲ့ရသည်ဖြစ်ရာ ကျန်းမုန့်လောင်နှင့် သူ(မ)၏ဆက်ဆံရေးက အနည်းငယ်သက်သောင့်သက်သာမရှိလှပေ။

"၁၃.၁၄သန်းတဲ့လား"

ကတ်ထဲရှိပမာဏကို စစ်ကြည့်လိုက်သောအခါ သူ(မ) နေရာမှာပင် ကြက်သေသေသွားရသည်။

"ဘာဖြစ်တာလဲ ကျားကျား"

ရှဲ့ရှီချီဟာ ဘဏ်ကတ်ထဲမှာ ထောင်ဂဏန်းလောက်သာ ရှိသည်ဟူသော သူ(မ)၏ခန့်မှန်းချက်က ကျန်းမုန့်လောင်အတွက် အလွန်မြင့်လွန်းနေတာပဲဟုတွေးရင်း တိတ်တိတ်လေးကျေနပ်နေချေသည်။

အမှန်ပင်။ ယခုလိုဇိမ်ခံကားတစ်စီးကို တစ်ရက်တာငှားရမ်းဖို့ဆိုလျှင် ထောင်ဂဏန်းမျှကုန်ကျသည်ဖြစ်ရာ ယခုဆိုလျှင် သူ့ပိုက်ဆံအားလုံးနီးပါးကို သုံးပြီးသွားလောက်ပြီဖြစ်၏။

"ဒီကတ်ထဲမှာ ပိုက်ဆံဆယ်သန်းကျော်ရှိတယ်"

ဝမ်ကျားယွီက ထပ်မံအတည်ပြုပေးလိုက်သည်။

"ဆယ်သန်းကျော်တောင်လား။ အမြင်မှားတာမဟုတ်မှန်း သေချာရဲ့လား"

မင်္ဂလာပွဲနေရာတွင် ဘဏ်ဝန်ထမ်းတစ်ဦးနှင့် ပစ္စည်းကိရိယာတချို့လည်း ရှိနေပေသည်။ ရှဲ့ရှီချီက ထိုကိရိယာအနားသို့ အပြေးသွားကြည့်လိုက်သည်။

"ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး"

ရှဲ့ရှီချီက ခေါင်းတခါခါလုပ်လိုက်သည်။

ကျန်းမုန့်လောင်မှာ ဒီလောက်များတဲ့ပိုက်ဆံတွေရှိနေတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

"စစ်လို့ပြီးပြီလား။ ဒါဆို ငါ အခုထိုင်လို့ရပြီပေါ့"

ကျန်းမုန့်လောင်က ယဉ်ကျေးပျူငှာသည့် အပြုံးတစ်ပွင့်ကို ထုတ်ဖော်ပြသပြီး ခန်းမထဲသို့ လျှောက်ဝင်သွားလိုက်သည်။

"သူက ငါ့ကိုတစ်ချိန်လုံးလိမ်နေခဲ့တာပဲ"

ရှဲ့ရှီချီခမျာ သူ့ကိုယ်သူဘာဖြစ်နေမှန်း မသိတော့ပေ။ ခေါင်းကလည်း ရုတ်တရက်ဆိုသလို တဒိတ်ဒိတ်ကိုက်ခဲနေလေတော့သည်။

"ကျန်းမုန့်လောင်.. နင် ငါ့ကိုလိမ်ခဲ့တာပဲ"

"မင်းကို ငါက ဘာလိမ်ခဲ့လို့လဲ"

ကျန်းမုန့်လောင်က လှည့်လာပြီး မေးလိုက်လေ၏။

"ဒီတော့ နင်က သာမန်လူတစ်ယောက်လို ဟန်ဆောင်နေခဲ့တာပေါ့။ ဒါက ဘာအဓိပ္ပာယ်လဲ။ ငါ့ကိုစမ်းသပ်ခဲ့တာလား"

ရှဲ့ရှီချီက သံကုန်ဟစ်လျက် အော်ဟစ်ပစ်လိုက်သဖြင့် တချို့လူများက လှမ်းကြည့်လာကြသည်။

"မင်းကိုစမ်းသပ်နေတာတဲ့လား"

ကျန်းမုန့်လောင်က လှောင်ပြောင်သရော်ဟန်ဖြင့် ပြုံးလိုက်သည်။

"မင်းနဲ့တန်လို့လား။ ယုံချင်ယုံ မယုံချင်နေ။ ငါက မင်းသိထားသလို ဆင်းရဲသားတစ်ယောက်ပါပဲ။ ငါ့မိဘတွေကသာ ဒီအကြောင်းကို အမြဲလျှို့ဝှက်ထားခဲ့တာ။ ငါကိုယ်တိုင်တောင် ငါ့မိသားစုက တကယ်ချမ်းသာတယ်ဆိုတာကို သိတာမကြာသေးဘူး"

ကျန်းမုန့်လောင်က "ငါ့ကိုအပြစ်လာမတင်နဲ့"ဆိုသည့် အမူအရာမျိုးဖြင့် လက်နှစ်ဖက်ကိုဆန့်ထုတ်ပြလေသည်။

"ဥက္ကဋ္ဌကျန်း..ခင်ဗျားကို ဒီမှာတွေ့ရလိမ့်မယ်လို့ လုံးဝထင်မထားဘူး"

ထိုအချိန်မှာပင် သူ့နောက်မှ ရင်းနှီးနေသောအသံတစ်သံ ထွက်ပေါ်လာသည်။

"ရှုဖုန်းလား"

ကျန်းမုန့်လောင်က သူ့အား နှုတ်ဆက်နေသူကို တစ်ချက်ကြည့်ရုံမျှဖြင့် မှတ်မိလိုက်သည်။ ထိုလူမှာ အမျိုးသားနေ့၏ နောက်ဆုံးနေ့တွင် Lofitteဟိုတယ်၌ သူတို့တွေ့ခဲ့ပါသော Unicorn Technologyက မားကတ်တင်းမန်နေဂျာဖြစ်၏။

"ခင်ဗျားက ဒီမှာဘာလုပ်နေတာလဲ"

"အိုး..သတို့သားရဲ့အဖေနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတစ်ခုရှိထားတော့ ဒီနေ့ ဖိတ်စာလည်းရတာနဲ့ သူ့ကိုမျက်နှာပြဖို့လာခဲ့တာပါ"

ရှုဖန်းကပြောလိုက်သည်။

"သတို့သမီးကလည်း ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ကနေ မကြာခင်ကမှ ဘွဲ့ရထားတယ်လို့ကြားမိတယ်နော်။ ခင်ဗျားနဲ့သူက မိတ်ဆွေတွေလား"

"မိတ်ဆွေတွေတဲ့လား။ မဟုတ်ရပါဘူး"

ကျန်းမုန့်လောင်က ခေါင်းခါယမ်းလျက် ပြောလာသည်။

"ကျွန်တော်က သူ့ရည်းစားဟောင်းပါ"

"ဘယ်လို"

ရှုဖုန်း၏မျက်နှာအမူအရာမှာ မယုံကြည်နိုင်လေဟန်ဖြစ်သွားလေသည်။ သတို့သမီးက အမေရိကန်ဒေါ်လာဘီလီယံချီတန်ဖိုးရှိသော ကုမ္ပဏီတစ်ခု၏စီအီုးအိုကို လက်မထပ်ဘဲ သာမန်ငွေကြေးတစ်ဘီလီယံတန်ဖိုးသာရှိသည့် ကုမ္ပဏီသေးသေးလေး၏ပိုင်ရှင်ကို လက်ထပ်ဖို့ရွေးချယ်ခဲ့သည်တဲ့လား။

သို့သော် သာမန်လူများနှင့် ယှဉ်ကြည့်ပါက အထက်သို့ဆန်တက်သွားသည့် မီးလျှံငှက်တစ်ကောင်ဟု သတ်မှတ်နိုင်သော်ငြား မီးလျှံငှက်များကြားမှာလည်း ကွာခြားချက်များရှိနေသေးသည်သာ။

"သူက အမြင်မရှိဘူးပဲ"

ရှုဖုန်းက နှုတ်ခမ်းကိုစုရှုံ့ထားလိုက်သည်။

"ဒါပေမဲ့ ဥက္ကဋ္ဌကျန်း.. ရည်းစားဟောင်းရဲ့မင်္ဂလာဆောင်ကိုတက်တာကတော့ ကြုံတောင့်ကြုံခဲပဲနော်"

"တစ်စုံတစ်ယောက်က ကျွန်တော့်မျက်နှာကို ဖြတ်ရိုက်ချင်နေတာလေ။ ကျွန်တော်သာမလာလိုက်ရင် သူတို့ကိုစိတ်ပျက်အောင်လုပ်သလိုဖြစ်မသွားဘူးလား"

ကျန်းမုန့်လောင်က ပြန်ပြောလိုက်သည်။

"အိုး"

ထိုအကြောင်းကိုကြားသောအခါ ရှုဖုန်း၏မျက်နှာအမူအရာက ရုတ်တရက်ပြောင်းလဲသွားသည်။ နောက်ကွယ်မှာ အလွန်ကောင်းသည့် ဇာတ်လမ်းတစ်ပုဒ်ရှိပုံရလေသည်။ အသေးစိတ်ကိုတော့ သူမသိသော်ငြား ကျန်းမုန့်လောင်က သတို့သားနှင့်သတို့သမီးတို့အား ရန်လိုနေတာကိုတော့ သူမြင်နေရသည်။

"ကျွန်တော် အရင်ဝင်နှင့်မယ်"

ကျန်းမုန့်လောင်က လက်ယမ်းပြပြီး ခန်းမထဲသို့ တန်းတန်းမတ်မတ်ဝင်သွားလိုက်သည်။

"ကောင်းပါပြီ။ ကျွန်တော် ခင်ဗျားကို နောက်မှလာရှာမယ်လေ"

...

"မစ္စတာရှု.. ကျန်းမုန့်လောင်ကိုသိတာလား"

လျူချင်းစုဟာ သူတို့ကို ဘေးနားက အကြာကြီးစောင့်ကြည့်နေခဲ့ခြင်းပင်။

မစ္စတာရှုဆိုသည်မှာ သာမန်လူတစ်ယောက်မဟုတ်ပေ။ အသက်၃၅နှစ်မှာပင် ဒေါ်လာဘီလီယံချီတန်ဖိုးရှိသော ကုမ္ပဏီတစ်ခု၏ နယ်​မြေခံဒါရိုက်တာတစ်ယောက်ဖြစ်လာခဲ့သူပင်။ သူ့အဖေကပင် သူ့အား မျက်နှာချိုသွေးနေရပြီး ဤပူးပေါင်းဆောင်ရွက်မှု အတည်ပြုနိုင်ဖို့အတွက်လည်း အလွန်ကြိုးစားခဲ့ရသည်။

သူတို့စကားပြောနေတုန်းက ရှုဖုန်းတစ်ယောက် တစ်ဖက်လူကို ရိုရိုကျိုးကျိုးဆက်ဆံနေသည်ကို မြင်လိုက်ရသဖြင့် သူ အနည်းငယ်စိုးရိမ်ပူပန်သွားရသည်။

"ဥက္ကဋ္ဌကျန်းက Unicorn Technologyက ကျုပ်တို့ရဲ့ဥက္ကဋ္ဌပဲ"

ကျန်းမုန့်လောင် မကျေမနပ်ဖြစ်နေသည့်လူများကို ရှုဖုန်းက ဘယ်လိုလုပ်ပြီးတော့များ ရင်းနှီးဖော်ရွေနိုင်မည်တဲ့လဲ။ သို့ဖြစ်လေရာ စကားပြောလိုစိတ်မရှိကြောင်း ပြသ၍ လက်ဖွဲ့ငွေသာပေးထားခဲ့ပြီး ခန်းမထဲဝင်လာခဲ့လိုက်သည်။

"ဘာရယ်။ ကျန်းမုန့်လောင်က Unicorn Technologyရဲ့ ဥက္ကဋ္ဌတဲ့လား"

ဤသတင်းမှာ ဗုံးတစ်လုံးအလား ပေါက်ကွဲသွားပြီး လူတိုင်းကို အံ့သြမှင်တက်သွားစေခဲ့သည်။

…….

All Chapters