← Chapters

ဘယ်သူက အဓိကဇာတ်လိုက်လဲ

Vol. 3 Ch. 42

ဘယ်သူက အဓိကဇာတ်လိုက်လဲ

Vol. 3 Ch. 42

"မဖြစ်နိုင်တာ.. ဒါကြီးက မဖြစ်နိုင်ဘူး။ ကျန်းမုန့်လောင်က ဘယ်လိုလုပ်ပြီး Unicorn Technologyရဲ့ ဥက္ကဋ္ဌဖြစ်နိုင်မှာလဲ"

ရှဲ့ရှီချီခမျာ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။

သူ(မ)မျက်စိရှေ့မှာတင် အရှက်ခွဲခံခဲ့ရစဉ်က တိတ်ဆိတ်နေခဲ့သော ကျန်းမုန့်လောင်ဟာ ရုတ်ခြည်းဆိုသလို နာမည်ကြီးဒိတ်ဒိတ်ကြဲအင်တာနက်ကော်ပိုရေးရှင်းကြီးတစ်ခု၏ ဥက္ကဋ္ဌအဖြစ် ပြောင်းလဲသွားသတဲ့လား။

မစ္စတာရှုဆိုသည်ကို သူ(မ)မသိသော်ငြား လျူချင်းစု၏သဘောထားကို ထောက်ဆခြင်းအားဖြင့် သူ့အဖေကတောင် ဤဒါရိုက်တာကို မျက်နှာချိုသွေးနေရသည့်အပြင် ဤမစ္စတာရှုဆိုသူမှာ ကျန်းမုန့်လောင်ရှေ့တွင် အလွန်တရာခယနေရသည်ကိုကြည့်ခြင်းအားဖြင့် သူတို့ကြားရှိ အဆင့်အတန်းနှင့် ရာထူးဂုဏ်သိမ်ကွာခြားချက်မှာ တစ်ချက်ကြည့်ရုံမျှဖြင့် သိသာလှသည်။

သူ(မ)အား လျူချင်းစုပြောခဲ့ဖူးသည့်စကားမှာ လက်ရှိလုပ်နေသောပရောဂျက်မှာ သူတိုကုမ္ပဏီ၏ အရေးကြီးဆုံးသော ပရောဂျက်များထဲကတစ်ခုဖြစ်ပြီး ထိုပရောဂျက်သာ အောင်မြင်သွားခဲ့ပါက ကုမ္ပဏီကလည်း ဈေးကွက်တန်ဖိုးနှစ်ဆမြင့်တက်သွားမည်ဖြစ်ကာ ကျရှုံးကျခဲ့လျှင်မူ ရင်းနှီးမြှုပ်နှံထားရသည့် မြောက်များလှစွာသောလူအင်အားများနှင့် အရင်းအမြစ်များမှာ အချည်းနှီးဖြစ်ရပေလိမ့်မည်။ ယခုလိုအပြိုင်အဆိုင်ပြင်းထန်သောဈေးကွက်ထဲမှာ ရှေ့မဆက်နိုင်ပါက နောက်ကျကျန်ရစ်နေခဲ့မည်သာဖြစ်၏။

ကျန်းမုန့်လောင်၏ လက်ရှိအဆင့်အတန်းနှင့်ဆိုပါက သူ့ဆီက စကားတစ်ခွန်းမျှထွက်လာလိုက်သည်နှင့် Unicorn Technologyနှင့် လျူချင်းစုမိသားစု၏ကုမ္ပဏီကြားရှိ လုပ်ငန်းပူးပေါင်းဆောင်ရွက်ချက်က ပျက်စီးသွားနိုင်သည်။ အနည်းငယ်ချဲ့ကားပြီးပြောရပါလျှင် သူတို့ကုမ္ပဏီ၏အနာဂတ်မှာ ကျန်းမုန့်လောင်ဆီမှ စကားတစ်ခွန်းအပေါ် မူတည်နေချေသည်။

ရှဲ့ရှီချီ၏သူငယ်ချင်းများမှာ အချင်းချင်းတီးတိုးပြောနေကြလေသည်။ သူတို့ထဲက အများစုကလည်း ကျန်းမုန့်လောင်ကိုသိကြသော်ငြား ယနေ့မှာတော့ လူသစ်စိတ်သစ်ဖြင့် ကျန်းမုန့်လောင်ကို တွေ့လိုက်ရသည်။

ကျန်းမုန့်လောင်က မင်္ဂလာဆောင်ဖိတ်ကြားချက်ကို ဘာလို့ မတွေမဝေမတုံ့ဆိုင်းဘဲ လက်ခံခဲ့ရသလဲဆိုသည်ကို အဆုံးမှာတော့ ဝမ်ယွီကျားနားလည်လိုက်လေပြီ။ ဘယ်သူကများ ခေါင်းမော့ရင်ကော့ထားနိုင်မည့် ယခုလိုအခွင့်အရေးမျိုးကို လက်လွှတ်ခံမှာတဲ့လဲ။

"ကျန်းမုန့်လောင်က ဒီလောက်အထိ လျှို့ဝှက်ထားနိုင်လိမ့်မယ်လို့ ဘယ်သူကထင်ထားမှာတဲ့လဲ"

"ဟုတ်တယ်နော်။ သူ ရှီချီနဲ့တွဲနေတုန်းက ငါတို့ကိုတောင် ထမင်းစားဖိတ်တော့တောင် သာမန်စားသောက်ဆိုင်လေးကိုပဲ ရွေးခဲ့တာမဟုတ်ဘူးလား။ သူ အရမ်းချမ်းသာလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ"

"အဲ့လိုမိသားစုမျိုးက ဆင်းသက်လာတဲ့လူတွေက သူတို့ရည်းစားတွေကို အခုလိုမျိုးစမ်းသပ်တတ်ကြတယ်လို့ကြားဖူးတယ်။ ဘယ်သူကမှတော့ ကိုယ့်လက်တွဲဖော်က ကိုယ့်ကို ပိုက်ဆံကြောင့်နဲ့ရွေးချယ်တာမျိုး မဖြစ်စေချင်ကြဘူးမလား"

"ဟူး.. ဒီလိုငွေပင်ကြီးကို လက်လွှတ်လိုက်ရတာ တော်တော်နှမြောဖို့ကောင်းတာပဲ"

"ဟုတ်တယ်နော်။ ဒါပေမဲ့ ချင်းစုကလည်း မဆိုးပါဘူး။ အနည်းဆုံးတော့ ရှီချီတစ်ယောက် အနာဂတ်မှာ အစားအသောက်နဲ့ အဝတ်အစားအတွက် မပူရတော့ဘူးလေ"

"အမလေး ကဲပါဟာ။ ကျန်းမုန့်လောင်နဲ့ရှီချီတို့ နောက်ဆုံးတစ်ခေါက်တွေ့တုန်း သူတို့ပြောတဲ့စကားတွေ ဘယ်လောက်တောင်ရင်နာဖို့ကောင်းခဲ့လဲဆိုတာ မမေ့နဲ့ဦးနော်။ ဆဲဆိုထားတဲ့စကားတွေမပါပေမဲ့ စကားလုံးတိုင်းက ရင်ကိုအပိုင်းပိုင်းဖြတ်လိုက်သလိုပဲ"

"ဟုတ်တယ်။ ငါ ကျန်းမုန့်လောင်ရဲ့အခန်းဖော်နဲ့ခင်တယ်ဟ။ အဲ့ဒီညတုန်က ကျန်းမုန့်လောင် တစ်ညလုံး လသာဆောင်မှာထိုင်နေခဲ့တာ။ ငိုသံတွေလည်း မကြာမကြာကြားရတယ်ဆိုပဲ။ ဘယ်သူက အဲ့ဒါကို ခံနိုင်ရည်ရှိမှာတဲ့လဲ"

"ဟမ့်… ငါသာဆိုရင် အခုလိုအဆင့်အတန်းမျိုးရှိနေမှတော့ သေချာပေါက်လက်စားချေပစ်မှာ"

"အိုး.. နင်တို့တွေမှတ်မိသေးလား။ ချင်းစုတို့မိသားစုရဲ့ကုမ္ပဏီက Unicorn Technologyကိုမှီခိုပြီး တန်ဖိုးနှစ်ဆပွားအောင် လုပ်မှာလို့ ရှီချီပြောဖူးသလိုပဲနော်။ နင်တို့ ဒီလိုမထင်ကြဘူးလား…"

"အဆုံးသတ်ပြီပဲ"

"ဟေး.. ကျန်းမုန့်လောင်က တကယ်တမ်းကျတော့ တော်တော်ချောတာပဲနော်။ နင်တို့ သတိထားမိကြလား"

"ဟားဟားဟား.. ငါက ဟိုးအရင်ကတည်း သတိထားမိတာ။ သူသာ အဲ့ဒီတုန်းက ရှီချီနဲ့မတွဲခဲ့ရင် ငါ အကွက်ရွှေ့ဖြစ်ခဲ့မှာ"

"ဘာကို အရင်ကတည်းကသတိထားမိတာလဲ။ နင် အခုလေးတင်မှ သဘောပေါက်လိုက်တာမလား။ 'အကွက်ရွှေ့မယ်'ဆိုတာက ဘာ'အကွက်'ကိုပြောနေတာလဲ"

"ဟားဟားဟား.. ငါလည်း အခုမှသတိထားလိုက်မိတာ"

သူတို့ တိတ်တဆိတ်အကြည့်ချင်းဖလှယ်လိုက်သည်။

"ညီအစ်မတို့.. စည်းမျဉ်းအဟောင်းအတိုင်းပဲနော်။ အတော်ဆုံးလူ နိုင်ကြေးပဲ"

...

"မစ္စတာကျန်း.. ရှင် အဲ့ဒီစုံတွဲကို တကယ်လန့်ဖျပ်သွားအောင် လုပ်ပစ်ခဲ့တာပဲ"

ဟုန်းရီက ကြက်သေသေနေဆဲဖြစ်သော ရှဲ့ရှီချီနှင့် သူ(မ)၏ပါတနာကို တစ်ချက်ခိုးကြည့်လိုက်သည်။

"လူတိုင်း ကိုယ်လုပ်တဲ့လုပ်ရပ်အတွက် ပြန်ပေးဆပ်ရမှာပဲလေ"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်ချေသည်။

"ဒါပေမဲ့ ငါ ဘာမှမလုပ်ခဲ့ပါဘူးနော်။ လက်ဖွဲ့ငွေပမာဏအများကြီးပေးခဲ့တာပဲရှိတာပါ"

"ဥက္ကဋ္ဌကျန်း"

ထိုအချိန်မှာ ရှုဖုန်းက သူ့နားသို့ချဉ်းကပ်လာသည်။

"ဥက္ကဋ္ဌကျန်း.. ခင်ဗျား တစ်ယောက်တည်းလာခဲ့တာလား"

"အင်း.."

ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော် ခင်ဗျားဘေးမှာထိုင်လို့ရမလား"

"မရစရာဘာရှိလဲ"

"ဥက္ကဋ္ဌကျန်း.. ကျွန်တော်အတင့်ရဲပြီးမေးမိတာကိုတော့ စိတ်မရှိပါနဲ့။ ဒါပေမဲ့ ခင်ဗျား အခုလေးတင် စိတ်အခြေအနေမကောင်းတာကို သတိထားလိုက်မိလို့လေ"

ရှုဖုန်းက ပြောလိုက်သည်။

"ခင်ဗျား ကျွန်တော့်ခေါင်းပေါ်မှာ အစိမ်းရောင်ကြီးလင်းလက်နေတာကိုမြင်လား"

ကျန်းမုန့်လောင်က သူ့ကိုယ်သူ လှောင်ပြောင်သရော်လိုက်သည်။

"အာ ဒါက.."

ရှုဖုန်းခမျာ ရုတ်ခြည်းကျောချမ်းသွားရပြီး မမေးသင့်သည့်မေးခွန်းကို မေးလိုက်မိသလို ခံစားလိုက်ရသည်။

"ဥက္ကဋ္ဌကျန်း ကျွန်တော်တောင်းပန်ပါတယ်။ မရည်ရွယ်ပါဘူး"

"ဘဝမှာအတွေ့အကြုံယူဖို့အတွက် ကျွန်တော်တို့တွေအားလုံး ဦးထုပ်စိမ်းဆောင်းခံရဖို့လည်း လိုအပ်သေးတယ်လေ။ ပြီးခဲ့တာတွေကို အတိတ်မှာပဲ ထားပစ်ခဲ့တာအကောင်းဆုံးပါပဲ"

ကျန်းမုန့်လောင်က အပြုံးလေးတစ်ပွင့်ဆင်မြန်းရင်း ပြောလိုက်သည်။ ဤကိစ္စနှင့်ပတ်သက်ပြီး သူ တကယ်မေ့ပစ်လိုက်ပြီဖြစ်၏။ တကယ်တမ်းတွင် ရှဲ့ရှီချီအပေါ်ထားသော ပိုင်ဆိုင်လိုစိတ်ကို စွန့်လွှတ်ခဲ့ပြီးဖြစ်ရာ ထွေထွေထူးထူးကိစ္စတစ်ခုတော့ မဟုတ်တော့ပေ။

"စကားမစပ် ဥက္ကဋ္ဌကျန်း.. ကျွန်တော်တို့ကုမ္ပဏီက လျူချင်းစုရဲ့ကုမ္ပဏီနဲ့ အကျိုးတူပူးပေါင်းမှုတစ်ခုလုပ်ထားတယ်လေ။ ပြီးတော့ အဲ့ဒီကိစ္စအတွက် တာဝန်ခံကလည်း ကျွန်တော်ပဲ။ ကျွန်တော်…."

"မလိုပါဘူး"

ကျန်းမုန့်လောင်က သူတစ်ပါးကိုဖိနှိပ်ဖို့အတွက် ထိုနည်းလမ်းများကိုသုံးရလောက်အောင်အထိ မရက်စက်ပေ။

"ဒါပေမဲ့ ကျွန်တော် အခုလေးတင် သူတို့ကို လက်ဖွဲ့ငွေဆယ်သန်းကျော်ပေးလိုက်တယ်။ အဲ့ဒီပိုက်ဆံကို ပြန်ယူဖို့အတွက် ခင်ဗျားကိုအားကိုးရမှာပဲ"

ရှုဖုန်းကလည်း အတော်အတန်ထက်မြက်လှသည်ဖြစ်ရာ ကျန်းမုန့်လောင်၏ဆိုလိုရင်းကို စကားတစ်ခွန်းတည်းဖြင့် တိတိကျကျနားလည်လိုက်သည်။

"ဥက္ကဋ္ဌကျန်း စိတ်ချပါ။ ကျွန်တော် ဒီကိစ္စကိုကောင်းကောင်းကိုင်တွယ်လိုက်ပါ့မယ်။ ဘာသဲလွန်စမှမကျန်စေခဲ့ရပါဘူး"

"အင်း"

ကျန်းမုန့်လောင်က စိတ်ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ လက်ဖွဲ့ငွေဆယ်သန်းကျော်မှာ မများလှပေ။ သို့သော် ပေးဖို့အတွက်ဆိုလျှင်လည်း ထိုပိုက်ဆံနှင့်ထိုက်တန်မှဖြစ်ပေမည်။

"ဒါရိုက်တာရှု.. ခင်ဗျားလည်းရောက်နေတာလား"

"ဒါက ဒါရိုက်တာကျိုးမလား။ ဟားဟားဟား..တိုက်ဆိုင်လိုက်တာ"

Unicornနည်းပညာ၏ တရုတ်အရှေ့ပိုင်းဈေးကွက်တစ်ခုလုံးအတွက် တာဝန်ယူထားရသော ဒါရိုက်တာရှုဖုန်းက ဤနယ်ပယ်တွင် ကျယ်ပြန့်လှသောကွန်ယက်တစ်ခု ရှိသည်မှာ သဘာဝကျသည်။ မင်္ဂလာပွဲတက်ရောက်လာသော စွန့်ဦးတီထွင်ရှင်များနှင့် ကုမ္ပဏီသေးသေးကြီးကြီး သူအကုန်သိသည်။

"ဒါရိုက်တာရှု သူက…"

"အိုး..ဒါရိုက်တာကျိုး.. ဒါက ကျွန်တော်တို့ရဲ့ဥက္ကဋ္ဌမစ္စတာကျန်းပါ"

"ဥက္ကဋ္ဌလား"

ဒါရိုက်တာကျိုး၏မျက်နှာထက်တွင် အံ့ဩသွားလေဟန်အမူအရာတစ်ခု ဖြတ်ပြေးသွားသည်။ Unicornနည်းပညာ၏ အစုရှယ်ယာရှင်များအကြား မကြာသေးခင်ကမှ အပြောင်းအလဲများ ပြုလုပ်ခဲ့ပြီး ရှယ်ယာအမြောက်အများကိုလည်း ဥက္ကဋ္ဌအသစ်တစ်ယောက်ဆီသို့ လွှဲပြောင်းထားလေရာ ထိုလူကပင် ကုမ္ပဏီတစ်ခုလုံးကို ထိန်းချုပ်ထားသူဖြစ်ကြောင်း သူကြားထားသည်။ ဤသည်မှာ ချဲ့ကား​ပြောဆိုထားခြင်းမဟုတ်ပေ။

သို့သော် ဤဥက္ကဋ္ဌအသစ်၏ သရုပ်မှန်ကတော့ အမြဲတမ်းလိုလို လျှို့ဝှက်ဆန်းကြယ်နေခဲ့လေရာ ဤမင်္ဂလာပွဲမှာ သူနှင့် တွေ့ရလိမ့်မည်ဟု ထင်မထားခဲ့သလို ဤမျှငယ်ရွယ်နေလိမ့်မည်ဟုလည်း ထင်မထားခဲ့ချေ။

"ဥက္ကဋ္ဌကျန်း...တွေ့ရတာဂုဏ်ယူမိပါတယ်။ ကျွန်တော်က ယွင်ကျန်းနည်းပညာရဲ့ဥက္ကဋ္ဌကျိုးလီကျယ်ပါ။ ဒါက ကျွန်တော့်ရဲ့လုပ်ငန်းကတ်ပြားပါဗျ"

ဥက္ကဋ္ဌကျိုးက သူ့လုပ်ငန်းကတ်ပြားကို တလေးတစားလှမ်းပေးလေသည်။

"ဟေး..ဥက္ကဋ္ဌကျိုးမဟုတ်လား"

"ဥက္ကဋ္ဌပိုင်လည်း ဒီကိုရောက်နေတာလား"

"ဒါရိုက်တာရှု.. မစ္စတာလျူက တော်တော်မျက်နှာသာပေးခံရတာပဲနော်။ သူ့သားရဲ့မင်္ဂလာဆောင်မှာ ခင်ဗျားကိုတောင် ဖိတ်နိုင်ခဲ့တယ်"

"ဟားဟားဟား.. ကျုပ်လည်း ဒီနေ့အားနေတာနဲ့ လာဖြစ်သွားတာပါ။ အိုး.. ဒါက ကျုပ်တို့ရဲ့ဥက္ကဋ္ဌမစ္စတာကျန်းတဲ့"

"ဥက္ကဋ္ဌကျန်း.. ကျွန်တော်က ပေါ်မေ့မီဒီယာက ကျိုးကွမ်ယွီပါ"

"ဥက္ကဋ္ဌကျန်း.. ခင်ဗျားက တကယ်ကိုငယ်ရွယ်ပြီး အလားအလာရှိတာပဲ။ ကျွန်တော်က Giantနည်းပညာက ပိုင်ဝမ်လင်ပါ"

"ဥက္ကဋ္ဌကျန်း.. နောင်အနာဂတ်မှာ ခင်ဗျားအနေနဲ့ ကျွန်တော်တို့ကုမ္ပဏီသေးသေးလေးတွေကို စောင့်ရှောက်ပေးဖို့ မျှော်လင့်မိပါတယ်"

...

လူအုပ်လေးတစ်ခုက ကျန်းမုန့်လောင်၏ပတ်ပတ်လည်မှာ ဝိုင်းနေကြသည့်အတွက် အနားတစ်ဝိုက်ရှိလူတစ်စု၏အကြည့်ကို ဆွဲဆောင်လိုက်နိုင်လေသည်။

လူတွေက မင်္ဂလာဆောင်မှာ သတို့သားနဲ့သတို့သမီးကို လျစ်လျူရှုထားပြီး လူငယ်လေးတစ်ယောက်နားမှာ ဘာလို့ဝိုင်းအုံနေကြတာလဲ။

သို့သော် အကြောင်းအရင်းကို မေးမြန်းကြည့်လိုက်သောအခါ ထိုလူငယ်လေးက Unicornနည်းပညာ၏ဥက္ကဋ္ဌဖြစ်နေကြောင်း သိလိုက်ရသည်။

ယခုလိုဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်မျိုးနှင့်တွေ့ဆုံဖို့ မလွယ်ကူလှပေ။ အင်တာနက်လုပ်ငန်းလောကနှင့် ပတ်သက်နေကြသူ၇၀ရာခိုင်နှုန်းကျော်ဟာ ဤရွှေပေါင်ကြီးကို ဖက်တွယ်ထားနိုင်ပါက အရင်းအမြစ်မျှဝေခြင်းလောက်ကတင် အထက်သို့ ဆန်တက်သွားစေနိုင်သည်မဟုတ်ပါလား။

မိနစ်အနည်းငယ်အတွင်းမှာပင် မင်္ဂလာပွဲရှိ လူတစ်ဝက်ကျော်လောက်က သတို့သားနှင့်သတို့သမီးကို ပစ်ထားခဲ့ပြီး တစ်နေရာတည်းမှာ ဝိုင်းအုံနေလေသည်။

တကယ်တမ်းတွင် ဤလူတစ်သိုက်က သတို့သားနှင့်သတို့သမီးကို ရင်းနှီးလှသည်မဟုတ်ပေ။ အပြင်ပန်းကြည့်ကောင်းရုံသက်သက်သာ မင်္ဂလာပွဲလာတက်ကြခြင်းဖြစ်၏။ သို့ဖြစ်လေရာ ယခုလိုမျိုး အရေးပါအရာရောက်သော ပုဂ္ဂိုလ်တစ်ဦးပေါ်လာချိန်မှာ မင်္ဂလာပွဲက ဘာများအရေးပါတော့မှာလဲ။

ကျန်းမုန့်လောင်ခမျာ သူဟာ ကုမ္ပဏီဥက္ကဋ္ဌတစ်သိုက်၏ဝန်းရံခြင်းကို ခံနေရကြောင်း သိလိုက်ရသည်။ ကံကောင်းချင်တော့ ဟုန်းရီက အတွေ့အကြုံရှိသူတစ်ယောက်ဖြစ်သဖြင့် စနစ်တကျစီမံခန့်ခွဲနိုင်ခဲ့သည်။ ထိုအချိန်တွင် ရှဲ့ရှီချီနှင့် လျူချင်းစုတို့၏မျက်နှာအမူအရာကမူ မစင်စားထားတာထက် ပိုရုပ်ဆိုးအကျည်းတန်နေတော့သည်။

ဒါက သူတို့ရဲ့မင်္ဂလာပွဲမဟုတ်ဘူးလား။ ဒါပေမဲ့ သူတို့က ဘာလို့များ အဓိကဇာတ်လိုက်တွေ ဖြစ်မနေရတာလဲ။

……..

All Chapters