← Chapters

ငါ တကယ်ပဲအငြှိုးထားတယ်

Vol. 3 Ch. 43

ငါ တကယ်ပဲအငြှိုးထားတယ်

Vol. 3 Ch. 43

ကျန်းမုန့်လောင်ရောက်လာသည်နှင့် ကြီးကျယ်ခမ်းနားလှသော လက်ထပ်ပွဲကြီး၏ တောက်ပလင်းလက်မှုဟာ ချက်ချင်းမှိန်ကျသွားပြီး ဇာတ်လိုက်နှစ်ဦးစလုံးကလည်း ထိုင်းမှိုင်းမှိန်ဖျော့သွားခဲ့သည်။

ပွဲအခမ်းအနားတစ်လျှောက်လုံးမှာ လူအမြောက်အများက ကျန်းမုန့်လောင်ကို ခွက်မြှောက်ဂုဏ်ပြုပေးဖို့ ချဉ်းကပ်လာကြသည်။။ မသိလျှင် ယနေ့မှာ သူက သတို့သားဖြစ်နေသလိုပင်။ ကြင်စဦးစုံတွဲမှာ လွှမ်းမိုးခံလိုက်ရရုံသာမက သူတို့မိဘများပင် မျက်နှာသာရဖို့ မနည်းရုန်းကန်ခဲ့ရသည်။

ဒါက သက်သက်ပွဲဖျက်တာမဟုတ်ဘူးလား။

"ဘာတွေဖြစ်နေတာလဲ။ ဒီကောင်လေးကဘယ်သူလဲ"

လျိုချင်းစု၏အမေက မျက်နှာမသာမယာဖြင့် မေးလာလေသည်။ ဤလူငယ်လေး ရောက်လာကတည်းက သူကသာ အာရုံစူးစိုက်မှု၏ဗဟိုချက် ဖြစ်လာခဲ့သည်။

လျူချင်းစု၏အမေဟာ ဂုဏ်သိက္ခာကို အလွန်တရာတန်ဖိုးထားတတ်သော အမျိုးသမီးတစ်ယောက်ပင်။ ဤသည်မှာ သူ့သား၏မင်္ဂလာပွဲလေလား။ စီးပွားရေးလုပ်ငန်းကွန်ယက်ချိတ်ဆက်ပွဲတစ်ခုလေလား။

"သူက Unicornနည်းပညာရဲ့ဥက္ကဋ္ဌလေ"

လျူချင်းစုက မနာလိုဝန်တိုစွာဖြင့် ပြောလိုက်သည်။ တစ်ခါက သူအရှက်ခွဲခဲ့ဖူးသည့် ဆင်းရဲသားကျောင်းသားတစ်ယောက်မှာ မမျှော်လင့်ပါဘဲ သူတို့မိသားစုလုပ်ငန်းစီးပွား၏ ကံကြမ္မာကို လွှမ်းမိုးထားနိုင်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားချေသည်။

"ဒီလောက်တောင်ငယ်တာလား"

လျူချင်းစု၏အမေက အံ့သြလေဟန်အမူအရာကို ထုတ်ဖော်ပြသလာသည်။

"ဟုတ်သားပဲ။ မင်းရဲ့မင်္ဂလာဆောင်ကို ဖိတ်ထားတာဆိုတော့ သူက ရှီချီရဲ့မိတ်ဆွေပဲဖြစ်ရမယ်။ ဟုတ်တယ်မလား"

လျူချင်းစု၏အမေက အစပိုင်းတုန်းက ရှဲ့ရှီချီနှင့်ပတ်သက်ပြီး သံသယများခဲ့သည်။ သူတို့မိသားစုဟာ ဘီလီယံချီသည့် ပိုင်ဆိုင်မှုများရှိနေသော်ငြား ရှဲ့ရှီချီကတော့ ပုံမှန်ထက် အနည်းငယ်မျှသာ ပိုဆွဲဆောင်မှုရှိသော သာမန်မိန်းကလေးတစ်ယောက်ဖြစ်၏။

လျူချင်းစု၏အလားအလာမျိုးနှင့်ဆိုလျှင် ပိုဆွဲဆောင်မှုရှိသောမိန်းကလေးတစ်ယောက်ကို ရှာမတွေ့နိုင်လောက်ဘူးလား။ မိသားစု၏အရင်းအမြစ်များကို သူတို့မိသားစုနှင့်ပေါင်းစပ်ပြီး အပြန်အလှန်တိုးတက်အောင်လုပ်ပေးနိုင်မည့် မိန်းကလေးမျိုးကိုရွေးတာက ပိုမကောင်းလေဘူးလား။

သို့သော် လျူချင်းစု၏အတင်းအကျပ်တိုက်တွန်းမှုကြောင့် သူ့အမေလည်း ငြင်းဆန်နိုင်စွမ်းမရှိခဲ့ပေ။

သို့သော် ရှဲ့ရှီချီသာ ကျန်းမုန့်လောင်ကို သိသည်ဆိုပါက မင်္ဂလာပွဲကို သူ လာတက်ရောက်သည့်အချက်ကို ကြည့်ရုံမျှဖြင့် သူတို့၏ဆက်ဆံရေးက အလွန်ကောင်းမွန်ကြောင်း သိသာလှ၏။ သူတို့၏မိသားစုစီးပွားရေးကို ထိုလူငယ်လေးဘက်က အနည်းငယ်ထောက်ပံ့ပေးပါလျှင် ပြည့်စုံလိုက်ဖက်သည့် ချွေးမဆယ်ယောက်ထက်ပင် ပိုတန်ဖိုးရှိပေလိမ့်မည်။

ထိုသို့နှယ်အတွေးပေါက်လိုက်သည့်အခါ ရှဲ့ရှီချီအပေါ်ထားသော လျူချင်းစုအမေ၏သဘောထားမှာ သိသိသာသာပြောင်းလဲသွားသည်။

"အမေ ကျန်းမုန့်လောင်က တက္ကသိုလ်တုန်းက ကျွန်မရဲ့...အတန်းဖော်ပါ"

ရှဲ့ရှီချီခမျာ 'ရည်းစားဟောင်း' ဟူသည့်စကားလုံးကို ပြောထွက်ဖို့ ခက်ခဲလွန်းလှသည်ဟု ခံစားလိုက်ရသည်။ သူ(မ)အပေါ်ထားသည့် လျူချင်းစုအမေ၏ သဘောထားကို သူ(မ)ကောင်းကောင်းသိသည်။ သူ(မ)သာ ဤအကြောင်းကိုသိသွားလျှင် ရှဲ့ရှီချီမှာ လျူမိသားစုထဲတွင် သူ(မ) မည်မျှခက်ခက်ခဲခဲ နေထိုင်ရမလဲဆိုသည်ကို ကြိုမြင်ယောင်နေမိသည်။

"တက္ကသိုလ်တုန်းက အတန်းဖော်လား။ တက္ကသိုလ်အတန်းဖော်ဆိုတာက အံ့ဩစရာကောင်းတာပေါ့"

လျူချင်းစု၏အမေက ရုတ်ခြည်းဆိုသလို ရှဲ့ရှီချီကို နွေးထွေးစွာပွေ့ဖက်လိုက်လေသည်။

"တက္ကသိုလ်အတန်းဖော်တွေကြားက ခင်မင်ရင်းနှီးမှုက အကောင်းဆုံးပဲ။ သူ့လိုလူတစ်ယောက်က မင်းဆီက ဖိတ်ကြားချက်ကို လက်ခံတယ်ဆိုတာက မင်းတို့ရဲ့ဆက်ဆံရေးက တော်တော်ကောင်းတယ်ဆိုတဲ့သဘောပဲ ရှီချီ.. မင်းက လူကဲခတ်တော်သားပဲ"

ဤစကားလုံးများဟာ ပညာသားပါပါလှည့်ကွက်များဖြင့် ပြောလိုက်သည့်အလား ရှဲ့ရှီချီ၏နားထဲသို့ နာနာကျင်ကျင်ထိုးနှက်ဝင်ရောက်သွားချေသည်။ သူ(မ)သာ တကယ်ပဲ လူကဲခတ်တော်ခဲ့ပါက ယခုလောက်ဆိုလျှင် Unicornအုပ်စု၏ ဥက္ကဋ္ဌကတော်ဖြစ်နေလောက်ပြီသာ။

"ကုမ္ပဏီအကြီးအကဲတွေအားလုံးလည်း ဒီမှာရောက်နေကြတယ်။ Unicornအုပ်စုရဲ့ဥက္ကဋ္ဌနဲ့ မင်းရဲ့ဆက်ဆံရေးကိုသာ သူတို့သိသွားရင် ကျန်းနန်မြို့မှာ ငါတို့မိသားစုရဲ့လုပ်ငန်းက သေချာပေါက်ကြီးပွားတော့မှာ။ မင်းက တကယ်ကိုပဲ ငါတို့မိသားစုရဲ့ကံကောင်းခြင်းလေးပဲ"

လျူချင်းစုအမေ၏အပြုံးဟာ သူ(မ)မျက်နှာကို နှစ်ခြမ်းကွဲစေလုမတတ်ပင်။

အကျိုးအမြတ်နှင့်ယှဉ်လာပါက မင်္ဂလာပွဲ၏ဇာတ်လိုက်များလည်း သိပ်အရေးမကြီးတော့ပေ။ မူလကတည်းက မင်္ဂလာပွဲ၏ရည်ရွယ်ချက်မှာ လုပ်ငန်းရှင်များနှင့် ရင်းနှီးကျွမ်းဝင်ပြီး အဆက်အသွယ်များ ဖန်တီးနိုင်ဖို့ပင်။ ယခု ဖြတ်လမ်းနည်းတစ်ခုတွေ့ပြီဆိုမှတော့ ဤနည်းလမ်းထက် ပိုကောင်းသောနည်းလမ်း မရှိနိုင်တော့ချေ။

"မင်းတို့နှစ်ယောက်က ဘေးနားမှာရပ်ပြီး ဘာလုပ်နေကြတာလဲ။ ခွက်သွားမြှောက်ချေလေ"

လျူချင်းစုနှင့် ရှဲ့ရှီချီတို့နှစ်ယောက်သား နေရာကမရွေ့စတမ်း ရပ်နေသည်ကိုမြင်သောအခါ လျူချင်းစု၏အမေက ချက်ချင်းပူပန်သွားလေသည်။ ယခုလိုအခွင့်အလမ်းမျိုးက ရှားပါးလှသည်။ ယခုအချိန်ဟာ သူတို့၏သြဇာအာဏာကြီးမားလှသော အဆက်အသွယ်များကို ထုတ်ဖော်ပြသဖို့ အချိန်ကောင်းပင်။ သတို့သမီးက unicornအုပ်စုဥက္ကဋ္ဌ၏ တက္ကသိုလ်အတန်းဖော်ဖြစ်၏။ ဤပတ်သက်မှုတစ်ခုတည်းနှင့်ပင် သူတို့အား ခေါင်းမော့ရင်ကော့၍ လမ်းလျှောက်နိုင်အောင် လုပ်ဆောင်ပေးနိုင်လေသည်။

"အမေ...သူက.."

"တော်တော့"

လျူချင်းစုက ရှဲ့ရှီချီ၏အင်္ကျီအဖျားစကို အလျင်အမြန်လှမ်းဆွဲလိုက်သည်။ သူ့အမေသာ ဤအကြောင်းကိုသိသွားပါက ရှဲ့ရှီချီတစ်ယောက်တည်းသာ ဒုက္ခရောက်မည်မဟုတ်ဘဲ လျူချင်းစုကိုယ်တိုင်လည်း ဒုက္ခရောက်လိမ့်မည်။ သူ့အမေက မည်မျှကြီးစိုးခြယ်လှယ်တတ်သလဲဆိုသည်ကို သူ ကောင်းကောင်းသိ၏။

"လာ..ခွက်သွားမြှောက်ရအောင်"

ယခုလိုဖြစ်လာမှတော့ လျူချင်းစုလည်း ကျန်းမုန့်လောင်ဘက်က သူတို့၏အတိတ်ကို ပွင့်ပွင့်လင်းလင်းဖွင့်ချမပြနိုင်ဟုယုံကြည်ထားပြီး မကြိုက်သော်လည်း အောင့်ကာနမ်းရုံသာ တတ်နိုင်လေသည်။ ရည်းစားအလုခံလိုက်ရသည့်ကိစ္စမှာ ဂုဏ်ယူစရာကိစ္စလည်း မဟုတ်ပေ။

"လာခဲ့ အားလုံးပဲ..လမ်းဖယ်ပေးပါဦး။ လမ်းဖယ်ပေးပါဦး"

လျူချင်းစု၏အမေက လူအုပ်ကြီးကိုကျော်ဖြတ်၍ ရှေ့ကိုထွက်လာလိုက်သည်။

"ကဲ ဒါရိုက်တာကျန်းကို ခွက်မြှောက်ဂုဏ်ပြုပေးချင်တဲ့လူတိုင်း နေကြပါဦး။ ဒီနေ့ ဒါရိုက်တာကျန်းက ကျွန်မတို့ရဲ့အရေးအကြီးဆုံးဧည့်သည်ပါ။ သူက ကျွန်မတို့ရှီချီရဲ့အတန်းဖော်လေ"

"ကျစ် ကျစ်..ဒါရိုက်တာကျန်းက တကယ်ကြီးကို သတို့သမီးရဲ့အတန်းဖော်လား"

"ငါပြောသားပဲ။ လျူမိသားစုက သာမန်မိန်းကလေးတစ်ယောက်ကို ဘယ်လိုလုပ်ပြီးချွေးမတော်မှာတဲ့လဲ။ သူတို့မှာ အဆက်အသွယ်တွေရှိနေတာ အသိသာကြီးလေ"

"မြန်မြန်ဘေးဖယ်ကြ။ သူတို့ ခွက်မြှောက်ဂုဏ်ပြုဖို့ ရောက်လာကြပြီ"

"အခုကစပြီး လျူမိသားစုနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့လိုပြီ။ Unicornအုပ်စုနဲ့ သူတို့ကြားက ပတ်သက်မှုကြောင့် သူတို့တွေတော့ ထိပ်ဆုံးကိုထိုးတက်သွားတော့မှာပဲ"

"ဟုတ်တယ်။ ငါတို့တွေက Unicornအုပ်စုရဲ့ဥက္ကဋ္ဌနဲ့ အဆက်အသွယ်မရှိပေမဲ့ သူတို့လျူမိသားစုရဲ့ကုမ္ပဏီနဲ့ ပိုပြီးနီးနီးကပ်ကပ်နေရင် ငါတို့လည်း သေချာပေါက် တစ်စိတ်တစ်ပိုင်းအကျိုးခံစားရမှာပဲ"

"ဟုတ်ပါ့ ဒါရိုက်တာကျူးရေ..ခင်ဗျားရဲ့အမြော်အမြင်ရှိပုံကတော့ တကယ်ကိုထူးခြားတာပဲ"

လျူချင်းစုနှင့် ရှဲ့ရှီချီတို့မှာ ဝိုင်ခွက်များကိုကိုင်ထားရင်း ကျန်းမုန့်လောင်အနားသို့ အင်တင်တင်ဖြင့် တိုးကပ်သွားလိုက်သည်။ ရှဲ့ရှီချီခမျာ ကျန်းမုန့်လောင်၏မျက်လုံးကိုလည်း မကြည့်ရဲသဖြင့် ခေါင်းငိုက်စိုက်ချထားလေတော့သည်။

"ကျန်းမုန့်လောင်..ဒီနေ့ ငါ့မင်္ဂလာဆောင်ကို လာပေးတဲ့အတွက် ကျေးဇူးပါပဲ။ ငါတို့နှစ်ယောက်လုံး နင့်အတွက်ခွက်မြှောက်ဂုဏ်ပြုပေးပါတယ်"

ရှဲ့ရှီချီက ဝိုင်ခွက်ကို တစ်ကျိုက်တည်းမော့သောက်လိုက်သော်ငြား သူ(မ)မျက်လုံးထောင့်များကမူ နီမြန်းနေနှင့်ပြီးဖြစ်၏။

သူ(မ) အမှန်တကယ်ပင် နောင်တရမိသည်။ ထိုအချိန်တုန်းကသာ သူ(မ) နည်းနည်းလောက်ပိုပြီး တောင့်ခံနိုင်ခဲ့မည်ဆိုပါက ရလဒ်ကလည်း ​ယခုလိုဖြစ်လာလိမ့်မည်မဟုတ်။

"ဒါရိုက်တာကျန်း..ကျွန်တော်လည်း ခင်ဗျားအတွက်သောက်ပေးမယ်နော်"

လျူချင်းစုလည်း တစ်ကျိုက်တည်းနှင့် အပြတ်မော့သောက်လိုက်လေသည်။

"ခင်ဗျားက အရမ်းသဘောကောင်းတာပဲ။ ကျွန်တော် ရှီချီကိုကတိပေးခဲ့ဖူးတယ်လေ။ နောင်အနာဂတ်မှာ ကျွန်တော်တို့ တစ်ယောက်ရဲ့လက်ထပ်ပွဲမှာ တစ်ယောက်က လာတက်ရမယ်ဆိုပြီးတော့ပေါ့။ ဒီနေ့ ကျွန်တော်က ကိုယ့်ကတိကိုယ်တည်ဖို့အတွက်သက်သက် ရောက်လာတာပါ"

ကျန်းမုန့်လောင်က ခပ်ဖွဖွပြုံး၍ ပြောလိုက်သည်။

ကျန်းမုန့်လောင်၏စကားထဲတွင် ပုန်းအောင်းနေသည့် အတကယ့်အဓိပ္ပာယ်အစစ်ကို မည်သူမှနားမလည်ခဲ့ကြပေ။ သူတို့အမြင်မှာတော့ ကျန်းမုန့်လောင်နှင့် သတို့သမီးဖြစ်သူ၏ဆက်ဆံရေးဟာ သူတို့အားကျရလောက်အောင်အထိ ကောင်းမွန်နေသည်ဟုသာ တွေးမိသည်။ ထို့ပြင် ဒါရိုက်တာကျန်းက သတို့သမီးအား သူ့မင်္ဂလာပွဲကိုပင် ဖိတ်ကြားထားသည့်ကိစ္စမှာ အလွန့်အလွန်ဂုဏ်ယူစရာကောင်းသည့်ကိစ္စပင်။

"ကဲ..ကျွန်တော် သောက်လည်းသောက်ပြီးပြီ။ အခမ်းအနားလည်း လာတက်ပြီးပြီဆိုတော့ ပြန်လိုက်ပါဦးမယ်"

ကျန်းမုန့်လောင်က သူ့ဘေးရှိဟုန်းရီကို ပြောလိုက်သည်။

"သွားကြစို့ ဟုန်းရီ"

"ဟုတ်ကဲ့ပါ မစ္စတာကျန်း"

ဟုန်းရီကလည်း ကျန်းမုန့်လောင်အား ပေးထားကြသည့် လုပ်ငန်းလိပ်စာကတ်ပြားအားလုံးကို ယူငင်ပြီး သူ့အနောက်ကလိုက်၍ လမ်းဘေးမှာရပ်ထားသော Rolls-Royceကားဆီသို့ လျှောက်လာလိုက်သည်။

"ရှဲ့ရှီချီ..ဒါရိုက်တာကျန်းကို နှုတ်ဆက်လိုက်ဦးလေ"

"အိုး.. ဟုတ်ကဲ့"

ရှဲ့ရှီချီက ထိုနေရာမှာပင် အံ့သြမှင်တက်နေဆဲသာ။ ကျန်းမုန့်လောင်က သူ(မ)အတွက် ခက်ခဲအောင်မလုပ်ဘဲနေလိမ့်မည်ဟု သူ(မ)ထင်မထားချေ။

ထိုကဲ့သို့သော ချမ်းသာကြွယ်ဝမှုနှင့်အာဏာကို ပိုင်ဆိုင်ထားလေရာ ကျန်းမုန့်လောင်က လက်စားချေနိုင်မည့် နည်းလမ်းမှန်သမျှကို ရှာဖွေနေလိမ့်မည်ဟု သူ(မ)ထင်ခဲ့မိသည်။ သို့သော် ကျန်းမုန့်လောင်က သာမန်မိတ်ဆွေတစ်ယောက်၏မင်္ဂလာပွဲကို တက်နေသည့်အလား တည်တည်ငြိမ်ငြိမ်ပင်။

"သူ့နှလုံးသားထဲမှာ အဲဒီနေ့ကတည်းက ငါ့အတွက် နေရာမရှိတော့တာဖြစ်မယ်ထင်တယ်"

ရှဲ့ရှီချီက သူ(မ)တစ်ယောက်တည်းသာ ကြားနိုင်လောက်သည့်အသံလေးနှင့် တစ်ကိုယ်တည်းတီးတိုး​ရေရွတ်လိုက်သည်။

...

"မစ္စတာကျန်း..သူတို့ကို ဘယ်လိုလုပ်ပြီးတော့များ ဒီလောက်သက်ညှာပေးနေရတာလဲ။ ရှင့်ဆီက စကားတစ်ခွန်းသာထွက်လိုက်ရင် သူတို့ကုမ္ပဏီတွေကို ကျန်းနန်မြို့မှာရှိတဲ့လုပ်ငန်းအားလုံးက အမည်ပျက်စာရင်းသွင်းပစ်လိုက်မှာပဲကို"

"ဒါပေမဲ့ အဲ့လိုလုပ်ဖို့မလိုပါဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ငါသာ အဲ့ဒီလိုတကယ်လုပ်ခဲ့ရင် ဒီကိစ္စကို ငါ အခုထိအလေးအနက်ထားနေတုန်းပဲဆိုတဲ့ သဘောသက်ရောက်မသွားဘူးလား"

"ငါ့ကမ္ဘာမှာ အခု တခြားတစ်ယောက်ရှိနေပြီ"

စိတ်ကူးထဲမှာ ပုံဖော်ထားသောပုံရိပ်လေးတစ်ခုက ကျန်းမုန့်လောင်၏စိတ်အစဉ်ထဲ ဝင်ရောက်လာသည်။

"သွားရအောင်။ ပြန်ဖို့အချိန်တန်ပြီ"

"အိုး..စကားမစပ် အဲ့ဒီလက်ဖွဲ့ငွေကို ငါ့အတွက်ပြန်ယူပေးဖို့ မမေ့နဲ့နော်။ ပြီးတော့ အဲ့ဒါကို နှစ်ဆပွားလိုက်"

ကျန်းမုန့်လောင်က ခိုးခိုးခစ်ခစ်ရယ်လိုက်လေသည်။

"ငါ့ကိုစော်ကားထားတဲ့လူတွေကိုတော့ ငါ တကယ်ပဲအငြှိုးထားတယ်"

"မစ္စတာကျန်း.. ရှင် အခုလေးတင် ဒီကိစ္စကို အလေးအနက်မထားချင်ဘူးလို့ ပြောလိုက်သလားလို့"

"အဲ့ဒါက မတူဘူးလေ"

...

All Chapters