သူတို့တွေအကုန်လုံးက ငါ့မိသားစုအတွက် အလုပ်လုပ်ပေးနေတာလေ
Vol. 3 Ch. 44
"ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်လား။ အရင်တစ်ခေါက်က ပြိုင်ကားတစ်စီးပေးတဲ့လူပဲလား"
"ဝိုး..ငါ ဒီအိမ်ရာကိုသိတယ်။ ငါ့အိမ်ဘေးနားမှာတင် ရှိတာလေ။ အခုဆိုရင် ဖွံ့ဖြိုးတိုးတက်မှုတွေလုပ်လာတာ နှစ်တွေတော်တော်ကြာပြီ။ ဒါပေမဲ့ အဲ့ဒီအိမ်ရာနဲ့ပတ်သက်ပြီး ပြင်ပရောင်းချမှုကို အမြဲတားမြစ်ထားတာ။ ဖြစ်ချင်တော့ ဒါတွေအကုန်လုံးကို လူတစ်ယောက်ကဝယ်ထားတာကိုး"
"မင်းက တော်တော်အထင်ကြီးချင်စရာကောင်းတာပဲ။ ဒီအိမ်ရာနားမှာနေတာပေါ့လေ။ ဒါဆိုရင် မင်းမှာ အနည်းဆုံးယွမ်ဆယ်သန်းလောက်တော့ရှိမှာပေါ့။ ဟုတ်တယ်မလား"
"တကယ်ကိုအံ့သြဖို့ကောင်းတာပေါ့ကွ။ ဒယ်ဒီမားတောင် ထိုင်ငိုသွားရလောက်တယ်"
"ဥက္ကဋ္ဌရေ.. တစ်ခုခုပြောပါဦး။ ဒီဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်က တကယ်ပဲဘယ်သူများလဲ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က သူတို့ကိုခယချင်နေတာ"
ဝမ်လင်၏ဝေးပေါ်မှာ မိနစ်အနည်းငယ်အတွင်း မှတ်ချက်များစွာဖြင့် ပြည့်နှက်သွားခဲ့ပြီး အင်တာနက်အသုံးပြုသူအများအပြား သဘောကျနေကြသော မှတ်ချက်တစ်ခုကိုတော့ ဝမ်လင်နှင့် ချမ်းသာကြွယ်ဝမှုချင်း မတိမ်းမယိမ်းဖြစ်သော ချင်ဖုန်းက ရေးထားခြင်းဖြစ်၏။
ဝမ်လင်က တစ်ချိန်က ယခုလိုပြောခဲ့ဖူးသည်။
"ငါက ငါ့သူငယ်ချင်းတွေ ပိုက်ဆံရှိတာမရှိတာကို ဘယ်တုန်းကမှ ဂရုမစိုက်ဖူးဘူး။ ဘာလို့လဲဆိုတော့ ငါ့ထက် ဘယ်သူကမှ ပိုမချမ်းသာနိုင်လို့ပဲ"တဲ့လေ။
ချင်ဖုန်းက ထိုမှတ်ချက်ကို ပြန်တုံ့ပြန်ထားသည်မှာ..
"ငါကရော"
ဝမ်လင်၏အကျင့်စရိုက်အရဆိုလျှင် ပြန်ပက်၍ရနိုင်သော်လည်း ထိုအစား သူက အသာတိတ်တိတ်သာနေနေချေသည်။ ဤသည်မှာ မစ္စတာချင်ဖုန်း၏အင်အားမှာလည်း သူ့ထက် မလျော့ကြောင်း သက်သေပြနေပေသည်။
"ငါ ဒါကိုတော့ဝန်ခံမှဖြစ်မယ်။ ငါတောင်မှ မိမိုက်နေတဲ့ဟန်ပန်တွေပျောက်ဆုံးခဲ့ရတယ်"
ချင်ဖုန်းက ဝမ်လင်၏ဝေးပေါ်ပို့စ်အောက်တွင် ထိုကဲ့သို့သောမှတ်ချက်တစ်ခု ချန်ရစ်ထားခဲ့သည်။
"ဘုရားရေ.. သခင်လေးချင်တောင်မှ အနိုင်ယူခံလိုက်ရတယ်တဲ့"
"အဲ့ဒါ ဘယ်သူများလဲ။ ကျိကျိတက်ချမ်းသာတဲ့ ဒုတိယမျိုးဆက်သခင်လေးနှစ်ယောက်ကိုတောင် ကျော်တက်နိုင်တာ။ ဟွာရှားမှာ သူတို့ထက် ပိုချမ်းသာတဲ့လူရယ်လို့ ရှိလို့လား"
"လုပန်ဝေ့က အံ့ဩဖို့ကောင်းလိုက်တာ"
"ဝမ်ယွမ်.. မင်း ဒါကိုမြင်ရင် ငါ့အတွက် စီးကရက်တစ်ဘူးဝယ်ခဲ့။ ဟွားတံဆိပ်ထဲကနော်"
...
ကျောက်စိမ်းတုံးလောင်းကစားပွဲတစ်ခုဖြစ်သော်လည်း တရားဝင်စိစစ်မှုကို ရှောင်ရှားရန်အတွက် ပွဲစီစဉ်သူများက "ကျောက်စိမ်းအကဲဖြတ်ရေးညီလာခံ"ဟု နာမည်တပ်ထားလေသည်။
ဤသည်မှာ နိုင်ငံတစ်လွှားရှိ ကုန်သည်များကို ဆွဲဆောင်နိုင်သည့် အကြီးမားဆုံးသော အကဲဖြတ်ပွဲတစ်ခုပင်။ တွင်းထွက်ရှားပါးကျောက်စိမ်းတချို့က အလျှံပယ်ပေါများပြီး ဈေးနှုန်းကလည်း ခေါင်ခိုက်နေချေသည်။ အံ့ဖွယ်လောက်သော စည်းစိမ်ချမ်းသာမျိုးမရှိပါက ဤခန်းမထဲသို့ ခြေချနိုင်မည်မဟုတ်။
ကုန်သည်တစ်ဦးအဖို့ ဤပွဲတွင်ပါဝင်ရန်လိုအပ်သည့် အနိမ့်ဆုံးအရည်အချင်းမှာ ငွေပေါ်လွယ်သောပိုင်ဆိုင်မှုအားဖြင့် ယွမ်ငါးသန်းရှိရမည်ဖြစ်ပြီး ဝင်ခွင့်လျှောက်ထားသူများအနေနှင့် ပိုင်ဆိုင်မှုစစ်ဆေးရေးလုပ်ငန်းစဉ်ကို ဖြတ်ကျော်ရမည်ဖြစ်၏။ သို့တိုင် လျှောက်ထားသူအရေအတွက်မှာ ဆက်လက်မြင့်တက်ဆဲသာ။
မကြာသေးခင်နှစ်များအတွင်း ကျောက်စိမ်းတွင်းများ ရှားပါးလာသောကြောင့် အရည်အသွေးမြင့်ကျောက်စိမ်းအရိုင်းတုံးအရင်းအမြစ်ပြတ်လပ်မှုမှာ လက်ဝတ်ရတနာနှင့် ကျောက်စိမ်းကုမ္ပဏီတော်တော်များများအတွက် အရင်းအမြစ်ထောက်ပံ့မှုကို ပြင်းပြင်းထန်ထန်အဆက်ပြတ်စေခဲ့သည်။
အသေးစားလုပ်ငန်းများမှာ ပမာဏကိုရွှေ့ပြောင်းချင်ကြပြီး အကြီးစားလုပ်ငန်းများကတော့ သူတို့၏အမှတ်တံဆိပ်ကိုမြှင့်တင်ဖို့အတွက် အရည်အသွေးမြင့်ကျောက်စိမ်းတုံးအနည်းငယ်ကို ရယူလိုကြသည်။ ထို့ကြောင့် အဆင့်မြင့်ကျောက်စိမ်းအရိုင်းတုံးအရင်းအမြစ်မှာ ဝယ်လိုအားများလှသည်။ ပါဝင်သူများမှာ ပိုက်ဆံဘယ်လောက်သုံးရမလဲဆိုသည်ကို ဂရုမစိုက်ပေ။ သူတို့ဂရုစိုက်သည့် တစ်ခုတည်းသောကိစ္စမှာ သူတို့လိုချင်သည့်အရာကို ရဖို့အတွက်သာဖြစ်၏။
ကျောက်စိမ်းလောင်းကစားလုပ်သည့် စည်းမျဉ်းများက ရိုးရှင်းလှသည်။ တစ်ချက်တည်းနှင့် ကောင်းကင်ဘုံကိုလည်း တက်လှမ်းနိုင်သလို ငရဲကိုလည်း ဆင်းရနိုင်သည်။ ဝယ်သူများအနေနှင့် ကျောက်စိမ်းအရိုင်းတုံးမှာ ကျောက်စိမ်းပါမပါဆိုသည်ကို သူတို့၏အတွေ့အကြုံကိုသာအားကိုး၍ ဆုံးဖြတ်ရမည်ဖြစ်ပြီး ကျောက်စိမ်းအရိုင်းတုံးကို နေရာမှာပင် တိုက်ရိုက်ဖြတ်တောက်ရေးများ လုပ်ဆောင်ရပေလိမ့်မည်။ ဤသည်မှာ ကျောက်စိမ်းလောင်းကစား၏ စိတ်လှုပ်ရှားဖို့အကောင်းဆုံးအပိုင်းပင်။
"ဒီနေရာမှာ တကယ်ပဲလူတွေပြည့်နေတာပဲ"
ကျန်းမု့န်လောင်နှင့် ဝမ်လင်တို့က သူတို့၏ကားကို ကားပြပွဲအသေးစားလေးတစ်ခုနှင့်တူသည့် မြေအောက်ကားဂိုဒေါင်ထဲမှာ ရပ်ထားခဲ့ကြသည်။ ကျန်းမုန့်လောင်၏ပြိုင်ကားဂိုဒေါင်နှင့် နှိုင်းယှဉ်ကြည့်ပါက မှေးမှိန်နေဆဲဆိုသော်ငြား တစ်သန်းကျော်တန်တန်ဖိုးရှိကားများမှာ အလျှံပယ်များပြားနေဆဲဖြစ်လေရာ ပွဲတက်ရောက်သူများ၏ ချမ်းသာကြွယ်ဝမှု မည်မျှများပြားသလဲဆိုသည်ကို သက်သေထူနေလေသည်။
"တကယ်တော့ ဒီပွဲက ဆယ်စုနှစ်တစ်ခုစာအတွင်းမှာ အကြီးမားဆုံးပွဲတစ်ခုလေ။ ဒီမှာပေါ်လာတဲ့ကျောက်စိမ်းတွေရဲ့ စုစုပေါင်းတန်ဖိုးက မနည်းမနောပဲ။ ဒီမှာရှိတဲ့ စျေးအကြီးဆုံးကျောက်စိမ်းတုံးတွေဆိုရင် သန်းဆယ်ဂဏန်းလောက်ရှိတယ်။ သာမန်လူတွေဆိုရင် ဒါတွေကို ထိတောင်ထိရဲမှာမဟုတ်ဘူး"
"သန်းဆယ်ဂဏန်းလား"
ကျန်းမုန့်လောင်၏မျက်ဝန်းများမှာ တောက်ပသွားရလေသည်။ ဒါက ဝမ်းသာဖို့မကောင်းဘူးလား။
"ဆရာ... ကျေးဇူးပြုပြီး ပိုင်ဆိုင်မှုစစ်ဆေးရေးအစီရင်ခံစာနဲ့ ဝင်ခွင့်ကတ်ကို ပြပေးပါ"
"ငါက ပိုင်ဆိုင်မှုစစ်ဆေးရေးအစီရင်ခံစာပြဖို့လိုတယ်ပေါ့"
ဝမ်လင်က လုံခြုံရေးအစောင့်ကို စိုက်ကြည့်လိုက်သည်။
"ဘယ်လိုပါ့မလဲဗျ။ သခင်လေးဝမ်ကို ဖိတ်ကြားရတာ ကျွန်တော်တို့အတွက်တော့ ဂုဏ်ယူစရာပါပဲ"
ဧည့်သည်များကို လိုက်လံနှုတ်ဆက်နေသည့် ဧည့်ခံကြိုဆိုရေးမန်နေဂျာက လက်ပါးစေတစ်ယောက်အလား ချက်ချင်းအပြေးရောက်ချလာသည်။
"တောင်းပန်ပါတယ်။ ဒီအစောင့်က လူသစ်မို့လို့ လုပ်ပုံကိုင်ပုံကိုနားမလည်သေးတာပါ။ သခင်လေးဝမ်..ဝင်သွားလိုက်ပါဗျ"
"ဒီလိုမှပေါ့"
ဝမ်လင်က အားရကျေနပ်စွာပြုံးလိုက်မိပြီး ကျန်းမုန့်လောင်နှင့်အတူ ကမ္ဘာ့အဆင့်မီကုန်စည်ပြပွဲတစ်ခုနှင့်ပင် ယှဉ်နိုင်သော ခန်းမကျယ်ကြီးထဲသို့ လျှောက်သွားလိုက်သည်။
"မင်းကတော့ တကယ်ကို ဒုတိယမျိုးဆက်သခင်လေးတစ်ယောက်လို လုပ်ပြနေတာပဲ"
ကျန်းမုန့်လောင်က မရယ်ဘဲမနေနိုင်လိုက်ပေ။
"မင်း ဘာသိလို့လဲ။ မင်းရဲ့နောက်ခံကိုမသုံးဘူးဆိုရင် မက်ဂယ်လ်တွေကို ပေါက်ဖွားလာစေလိမ့်မယ်။ လာ.. ငါ မင်းကို လူတချို့နဲ့မိတ်ဆက်ပေးမယ်"
ကျန်းမုန့်လောင်ဟာ ယခုလိုပွဲမျိုးကို ပထမဆုံးအကြိမ်ရောက်ဖူးသည်ဖြစ်ရာ အနည်းငယ်ဘေးရောက်နေသလို ခံစားနေရသည်။ ဤပွဲမှာ ပြပွဲတစ်ခုဖြစ်ကောင်းဖြစ်နိုင်သော်ငြား ဈေးထဲမှာတိုးဝှေ့ဝယ်ယူရသည့် ပျံကျဈေးသည်များအလား လေထုမျိုးလည်း ရှိလေသည်။ ကျောက်စိမ်းကုမ္ပဏီကြီးများမှာ ခမ်းနားလှသည့်ရုံငယ်လေးများပင်ရှိပြီး အသေးစားကုမ္ပဏီလေးများကတော့ သူတို့၏ခင်းကျင်းပြသရာပစ္စည်းများကို ကြမ်းပြင်ပေါ်မှာသာ ချထားကြသည်။
"ဘော့စ်.. ဒီကျောက်စိမ်းတုံးက ဘယ်လောက်လဲ"
"၂.၄သန်း.. ယူသွားလိုက်ရုံပဲ"
"အဲ့ဒီလောက်တောင်ဈေးကြီးတာလား။ ဒါက ကျောက်စိမ်းထွက်လား"
"ကျောက်စိမ်းထွက်မထွက်သာသိရင် ငါက အဲ့ဒါကိုရောင်းပစ်ရအောင် ငတုံးမို့လို့လား"
"ဒီတစ်ခုကရော"
"ဒါက အရည်အသွေးအနိမ့်ဆုံးအရိုင်းတုံမို့လို့ တစ်သိန်းနဲ့ဈေးလျှော့ပေးမယ်"
"ခင်ဗျားက အဲ့ဒါကို ဒီလောက်ဈေးကြီးကြးနဲ့ရောင်းရဲတယ်ပေါ့လေ"
"မလိုချင်ဘူးလား။ ထားလိုက်တော့"
"သေစမ်းကွာ။ ဒီလိုကျောက်စိမ်းတုံးသေးသေးလေကလေ။ မဖြစ်နိုင်တာ.. ဒီကျောက်စိမ်းအရိုင်းတုံးလေးက သာမန်တွင်းကနေ ထွက်လာတဲ့ပုံမပေါ်ဘူးနော်"
"ဘော့စ်.. ခင်ဗျားက သိပ်အမြင်ရှိတာပဲ။ ဒါက တွင်းဟောင်းထွက်အရိုင်းတုံးလေ။ ဒါပေမဲ့ ဈေးနှုန်းကတော့ တစ်ချက်ကြည့်ရုံနဲ့ အတပ်ပြောနိုင်တယ်နော်။ ခင်ဗျား တကယ်လိုချင်တယ်ဆိုရင် ခင်ဗျားအတွက် ၁၇သန်းနဲ့ပေးလိုက်မယ်"
"သောက်ကျိုးနည်း.. ဒီလိုမဖြစ်စလောက်ကျောက်တုံးလေးက ဆယ်သန်းကျော်တောင်ပေးရတယ်ပေါ့"
ကျန်းမု့န်လောင်ခမျာ မျက်လုံးပြူးသွားရချေသည်။
"မင်း ဈေးကွက်တန်ဖိုးကို မသိပါဘူးကွာ"
ဝမ်လင်ကတော့ ကျန်းမုန့်လောင်၏မျက်နှာထက်ရှိ အံ့အားသင့်ဟန်အမူအရာကိုမြင်ပြီး ကျေနပ်နေဟန်တူ၏။
"၂၀၀၇ခုနစ်တုန်းက ၂.၁တန်လေးတဲ့ကျောက်စိမ်းအရိုင်းတုံးတစ်ခုရှိခဲ့ဖူးတယ်။ အဲ့ဒါကို သန်း၄၀နဲ့ဝယ်သွားတာလေ။ နောက်ဆုံးကျတော့ ဘယ်လောက်ပြန်ရလိုက်လဲဆိုတာ မှန်းကြည့်"
"သန်းတစ်ရာလား"
ကျန်းမုန့်လောင် ခန့်မှန်းကြည့်လိုက်သည်။
"ထပ်ခန့်မှန်းကြည့်ဦး"
"သန်းငါးရာလား"
"ဘီလီယံ၂၀တောင်"
ဝမ်လင်က ပြောလာလေသည်။
"အဲ့ဒီကျောက်စိမ်းအရိုင်းတုံးထဲမှာ ကျောက်စိမ်း၁၈၀ကီလိုဂရမ်တောင်ပါနေတာလေ။ ပြီးတော့ အရည်အသွေးမြင့်ဖန်ထည်လေ။ အဲ့ဒါကို အခုအချိန်မှထုတ်ရောင်းမယ်ဆိုရင် ဈေးက မိုးထိုးနေတော့မှာ"
"ဝိုး"
ကျန်းမုန့်လောင်မှာ ထိတ်လန့်မှုကြောင့် ပင့်သက်ရှိုက်လိုက်မိသည်။ ဤသည်မှာ လောင်းကြေးမြင့်လှသော အလောင်းအစားတစ်ခုပင်။
"၁၇သန်းတန်တဲ့အရိုင်းတုံးတစ်တုံးက ဈေးကြီးတယ်ဆိုပေမဲ့ အဲ့ဒါကိုတော့မမီသေးဘူး။ အထဲမှာသာ ကျောက်စိမ်းပါနေခဲ့ရင် သူ့တန်ဖိုးက အဆပေါင်းများစွာထိုးတက်သွားမှာလေ"
"တော်တော်များများလည်း ပိုင်ဆိုင်သမျှအကုန်ဆုံးရှုံးသွားတာမျိုးတွေလည်း ရှိတာပေါ့။ ဒေဝါလီခံရတာတို့ မိသားစုနဲ့ခွာပြဲတာတို့ ဒါမှမဟုတ် သူတို့ကိုဘဝပျက်အောင်လုပ်တဲ့ ဒီထက်ပိုဆိုးတဲ့ကိစ္စတွေတောင်ရှိတယ်။ အဲ့ဒါကြောင့်ပဲ အတွေ့အကြုံရှိတဲ့ ကျွမ်းကျင်အကဲဖြတ်ဆရာတစ်ယောက်ရှိဖို့က အရမ်းအရေးကြီးတာလေ"
"ဆရာဟူ..ဒီမှာ"
ထိုအချိန်မှာပင် ဝမ်လင်က မလှမ်းမကမ်းရှိလူတစ်ယောက်ကို လှမ်းခေါ်လိုက်သည်။ လှိုက်လှဲပျူငှာပြီး ကျန်းမာသန်စွမ်းဟန်တူသည့် မျက်မှန်တပ်ထားသော ခေါင်းဖြူအဘိုးကြီးတစ်ယောက်က သူတို့အနား ချဉ်းကပ်လာသည်။
"မုန့်လောင်.. ဆရာဟူက ဒီလောကထဲမှာ နာမည်ကြီးကျောက်မျက်အကဲဖြတ်သူတစ်ယောက်ပဲ။ ဒီကျန်းနန်မြို့မှာ သူက ထိပ်ဆုံးသုံးယောက်ထဲကတစ်ယောက်လေ။ ငါ့အဖေရဲ့အဆက်အသွယ်တွေကြောင့်သာမဟုတ်ရင် ငါလည်း သူ့ကို လာခဲ့ဖို့ဖိတ်ကြားနိုင်မှာမဟုတ်ဘူး"
ဝမ်လင်က မိတ်ဆက်ပေးလိုက်လေသည်။
"ဆရာဟူ.. ဒါက ကျွန်တော့်သူငယ်ချင်းကျန်းမုန့်လောင်တဲ့"
"အင်း.."
ဆရာဟူက ခေါင်းညိတ်ပြပြီး ကျန်းမုန့်လောင်ကို နောက်တစ်ကြိမ်ပင် ထပ်မကြည့်ပေ။
"အရည်အချင်းရှိတဲ့လူတွေအားလုံးက ဒီလိုပဲမောက်မာကြတာလား"
ကျန်းမုန့်လောင်က ဝမ်လင်ကို တီးတိုးပြောလိုက်လေသည်။
ရုတ်ခြည်းဆိုသလို အနှောင့်အယှက်တစ်ခုက လူအုပ်ကြားမှာ ထွက်ပေါ်လာပြီး သူတို့၏အာရုံကို ဆွဲဆောင်လိုက်နိုင်လေသည်။
"ဘုရားရေ.. ဆရာယွီက ဒီနေ့ ဒီကိုရောက်နေတာလား။ သူက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကပဲ အနားယူသွားပြီမဟုတ်ဘူးလား"
"ပြီးတော့ ဆရာမုန့်လည်းရောက်နေတာပဲ။ သူက ဟွာရှားမျက်မှောက်ခေတ်မှာ နံပါတ်တစ်ကျောက်မျက်အကဲဖြတ်သူဆိုတာတော့ သံသယဖြစ်နေစရာတောင်မလိုတဲ့ကိစ္စပဲ။ သူအကဲဖြတ်ပေးတဲ့ကျောက်စိမ်းဆိုရင် ဆုံးရှုံးနစ်နာမှုမရှိသလောက်ပဲ။ သူ့ကိုထွက်လာအောင်ဖိတ်ခေါ်ဖို့ဆိုရင် စည်းစိမ်တွေပုံပေးရသလောက်ပဲ"
"ဆရာပိုင်လည်း ရောက်လာတာပဲ။ သူကလည်း ကျောက်မျက်အကဲဖြတ်လောကထဲမှာ ထိပ်ဆုံးသုံးယောက်ထဲကတစ်ယောက်အပါအဝင်ပဲ"
"ဒီလိုဆရာသုံးပါးစလုံးကို ဖိတ်ကြားထားတာ ဘာတွေများထူးလို့ပါလိမ့်။ ပွဲစီစဉ်သူတွေက ဘယ်လောက်တောင်သြဇာအာဏာရှိတာပါလိမ့်"
"ဒီလူသုံးယောက်က ဘယ်သူတွေလဲ"
ကျန်းမုန့်လောင်ကလည်း ထိုသူတို့က ဤလောကထဲတွင် အတော်အတန်နာမည်ကြီးနေပုံရသည်ကို မြင်သောအခါ သိချင်စိတ်ပြင်းပြစွာဖြင့် မေးကြည့်လိုက်သည်။
"ဟမ့်..ပညာမဲ့တဲ့ကောင်လေး.. ဆရာယွီက "နတ်မျက်စိ"လို့တင်စားခံထားရတဲ့ ဒဏ္ဌာရီအကျော်အမော်တစ်ယောက်ပဲ။ ဆရာပိုင်နဲ့ ဆရာမုန့်တို့ကလည်း ကျောက်မျက်အကဲဖြတ်လောကရဲ့ထောက်တိုင်တွေ။ မင်းက သူတို့ကိုတောင်မသိဘဲနဲ့ ဒီလိုအခမ်းအနားကြီးတစ်ခုကို ရောက်လာရဲတယ်ပေါ့လေ"
ဆရာဟူက မနှစ်မြို့ဟန်ဖြင့် ပြောလာလေသည်။
"သောက်ကျိုးနည်း.. ငါက သူ့ကို ဘာတွေများရန်စခဲ့မိလို့လဲ"
ကျန်းမုန့်လောင်လည်း ခေါင်းခြောက်သွားရလေသည်။ သူ ဘာမှလည်းမလုပ်မိပါဘဲ ဝေဖန်ပြောဆိုခံနေရသည်။ ဆရာဟူက Zaunကလာတာများလား။
"မုန့်လောင် လမ်းဖယ်ပေးလိုက်ဦး။ ဆရာတွေလာနေကြပြီ"
ဝမ်လင်က အလောတကြီးဆိုလာလေသည်။ ဤဆရာသုံးပါးစလုံးမှာ ကျန်းမုန့်လောင်လောက် ငွေကြေးအင်အားမတောင့်တင်းသော်ငြား သူတို့၏ကွန်ယက်ကတော့ ဖြုံလောက်သည်။
သို့သော် အားလုံးအံ့ဩသွားရသည်မှာ ထိုသုံးယောက်မှ ကျန်းမုန့်လောင်ရှေ့တည့်တည့်သို့ လျှောက်လာပြီး ရပ်လိုက်လေသည်။
"မစ္စတာကျန်း"
သုံးယောက်စလုံးက ကျန်းမု့န်လောင်ကို အနည်းငယ်ဦးညွှတ်လိုက်ကြချေသည်။
"ဘာတွေဖြစ်နေတာလဲ"
ကျန်းမုန့်လောင်လည်း ရုတ်တရက်ကြီးနားမလည်နိုင်ဖြစ်သွားရသည်။ ဤလူသုံးယောက်ကို သူ လုံးဝမသိချေ။
ရုတ်တရက်ပင် သူ့အား ဟုန်းရီပြောလိုက်သည့်စကားကို အမှတ်ရလိုက်မိသည်။ ယနေ့ ကျွမ်းကျင်သူတချို့က သူ့အား အဖော်ပြုပေးလိမ့်မည်တဲ့လေ။ သူပြောသည့်လူများက ကျောက်မျက်အကဲဖြတ်လောက၏ အကဲဖြတ်ဆရာများဖြစ်နေလေသလား။
"ကျန်းမုန့်လောင် မင်း..ဒါက.."
"ဘာတွေဖြစ်နေလဲဆိုတာကိုတော့ ငါမသိပေမဲ့.."
ကျန်းမုန့်လောင်က ခေါင်းတကုတ်ကုတ်လုပ်လျက် ပြောလိုက်လေသည်။
"ဒါပေမဲ့ ကြည့်ရတာတော့ ဒီဆရာသုံးယောက်ကလည်း ငါ့အမှုထမ်းတွေပဲဖြစ်မယ်ထင်တယ်"
……….