ဆင်းရဲသားတွေကမှ ကျောက်စိမ်းလောင်းကစားလုပ်တာ
Vol. 3 Ch. 45
"လူမဆန်ချက်"
ဝမ်လင်၏မျက်နှာဟာ အရောင်တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေပြီး အဆုံးမှာတော့ သူဟာ နားလည်ရခက်သောစကားတစ်ခွန်းကို ပြောပစ်လိုက်သည်။
"နေဦး။ ငါ ဟုန်းရီကိုဖုန်းဆက်ပြီး ဘာတွေဖြစ်နေတာလဲဆိုတာမေးလိုက်ဦးမယ်"
ကျန်းမုန့်လောင်လည်း ဟုန်းရီကိုဖုန်းဆက်ပြီး အတည်ပြုချင်ဖို့လိုသည်ဟု ခံစားမိသည်။
"ဟုန်းရီ..ငါ ခန်းမကိုရောက်နေပြီ။ ဆရာယွီ ဆရာမုန့်နဲ့ ဆရာပိုင်တို့က မင်းစီစဉ်ပေးထားတဲ့လူတွေလား"
"ဟုတ်ပါတယ် မစ္စတာကျန်း"
"သူတို့က ကျောက်မျက်အကဲဖြတ်လောကရဲ့စီနီယာတွေမဟုတ်ဘူးလား။ မင်း သူတို့ကို ပိုက်ဆံနဲ့ငှားထားတာလား"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"အဲ့လိုလုပ်ဖို့မလိုပါဘူး။ မင်းလည်းသိသားနဲ့။ ငါအခုလိုတွေလုပ်နေတာ ပိုက်ဆံဖြုန်းဖို့အတွက်လေ။ ပိုက်ဆံရှာဖို့မဟုတ်ဘူး။ ဒီလိုလုပ်တာကြီးက ငါ့ကိုခက်ခဲစေတယ်နော်"
"မစ္စတာကျန်း..ဒီဆရာသုံးယောက်က ပိုက်ဆံပေးပြီးဖိတ်ထားတာမဟုတ်ပါဘူး။ သူတို့က နဂိုကတည်းက ကျန်းမိသားစုရဲ့ဩဇာခံတွေလေ"
"ဘာ.. အဲ့ဒါကဘာအဓိပ္ပာယ်လဲ"
ကျန်းမုန့်လောင်ခမျာ ရုတ်ခြည်းဆိုသလို အနည်းငယ်ခေါင်းရှုပ်သွားရသည်။
"မစ္စတာကျန်း.. ကျောက်မျက်အကဲဖြတ်ရေးဆိုတာက အတွေ့အကြုံပေါ်မှာပဲအားကိုးရတဲ့ အရည်အချင်းတစ်ခုပါ။ ဆယ်စုနှစ်ချီအောင် သုတေသနတွေလုပ်ပြီး အများကြီးအကဲဖြတ်ခဲ့ဖူးတာမျိုးမရှိရင် ကျောက်မျက်အကဲဖြတ်ဆရာတစ်ယောက်ဖြစ်လာအောင် လေ့ကျင့်ပေးဖို့မဖြစ်နိုင်ပါဘူး။ သူတို့တွေအကုန်လုံးကို ရှင့်မိသားစုအကြီးအကဲတွေကပဲ ပြုစုပျိုးထောင်ပေးခဲ့တာပါ"
"ပြုစုပျိုးထောင်ပေးခဲ့တာလား။ မင်းပြောတဲ့အဓိပ္ပာယ်ကို ငါ သိပ်နားမလည်ဘူး"
"ရှင်းရှင်းပြောရရင်တော့ အဲ့ဒါက ငွေကြေးရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ။ အရင်တုန်းက ရှင့်ရဲ့မိသားစုအကြီးအကဲတွေက မရေမတွက်နိုင်အောင်များပြားတဲ့ ကျောက်စိမ်းအရိုင်းတုံးတွေကို ဝယ်ဖို့အတွက် ပိုက်ဆံပမာဏအများကြီးသုံးခဲ့ကြတယ်။ ကျောက်စိမ်းလောကမှာ အဲ့ဒီဆရာသုံးယောက်က အရမ်းထက်မြက်တာ။ ဟွာရှားတစ်ပြည်လုံးမှာ ရှင့်မိသားစုကပဲ ပိုက်ဆံကို ဒီလိုသုံးနိုင်တာ"
"သေလိုက်ပါတော့။ ဒီတော့ သူတို့ကို တကယ်ပဲ ပိုက်ဆံနဲ့ဖန်တီးထားတာပေါ့"
မကြာသေးခင်ကမှ တစ်သန်းမှဆယ်သန်းအတွင်း တန်ကြေးရှိသည့် ဤကျောက်စိမ်းအရိုင်းတုံးများ၏ဈေးနှုန်းကို ကြားသိထားရသည်ဖြစ်ရာ ဤဆရာများကို လေ့ကျင့်ပေးဖို့ရာအတွက် ပိုက်ဆံမည်မျှကုန်ကျလေမလဲဆိုသည်ကို ကျန်းမုန့်လောင် ခန့်မှန်းကြည့်ရုံသာတတ်နိုင်လေသည်။
"ဒီဆရာသုံးယောက်က ကျန်းမိသားစုနဲ့ တစ်သက်တာအလုပ်အကျွေးပြုရေးစာချုပ်ချုပ်ဆိုထားတာ ကြာလှပါပြီ။ ရှင် သူတို့ကို မလိုအပ်တဲ့အချိန်ကျရင် သူတို့ဆန္ဒရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ်နေထိုင်နိုင်ပေမဲ့ ရှင် သူတို့ကိုလိုအပ်တဲ့အချိန်ကျရင် သူတို့က ရှင့်ကို ဝန်ဆောင်မှုပေးဖို့အတွက် ချက်ချင်းရောက်လာမှာပါ။ အဲ့ဒါကြောင့် ကျွန်မ ဒီနေ့ ညီလာခံမှာ ရှင့်ကိုအဖော်ပြုပေးဖို့အတွက် သူတို့ကိုစီစဉ်ပေးထားတာပါ"
"ဒီတော့ ဒီလိုကိုး။ ငါ အခုနားလည်ပြီ"
"ဒီနေ့တော့ ငါ ဆရာသုံးယောက်ကို ဒုက္ခပေးရတော့မှာပဲ"
ကျန်းမုန့်လောင်က တလေးတစားလေသံဖြင့် ပြောလိုက်လေသည်။ သူတို့ကြားရှိဆက်ဆံရေးမှာ အလုပ်သမားနှင့် အလုပ်ရှင်ဆက်ဆံရေးဆိုသော်ငြား ကျန်းမုန့်လောင်ကတော့ ယဉ်ကျေးပျူငှာနေဆဲပင်။
"မစ္စတာကျန်း.. ခင်ဗျားက အရမ်းယဉ်ကျေးနေတာပဲ။ ဒါက ကျွန်တော်တို့တာဝန်ပါဗျာ။ ခင်ဗျား ကျောက်မျက်တစ်ခုခုကို စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော်တို့ကိုသာပြောပါ။ ကျွန်တော်တို့အဘိုးကြီးသုံးယောက်ရဲ့ကျွမ်းကျင်မှုက ယုံကြည်စိတ်ချလို့ရပါသေးတယ်"
ဆရာယွီက ထိုသို့ပြောလာလေသည်။
သူတို့အားလုံးလည်း ဟုန်းရီထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံလိုက်ရစဉ်က အံ့ဩသွားခဲ့ရသည်။ ကျန်းမိသားစုထံမှ သူတို့အားလှမ်းခေါ်ခဲ့သည့် နောက်ဆုံးတစ်ခေါက်မှာ ရာစုနှစ်ပေါင်းများစွာကြာသွားခဲ့ပြီဖြစ်ရာ ထိုမိသားစုအကြောင်း မေ့လုနီးပါးဖြစ်နေချေပြီ။ ကျန်းမုန့်လောင်၏ပေါ်ထွက်လာမှုက သူတို့အား အရာအားလုံးကို ပြန်အမှတ်ရသွားစေသည်။
ဟွာရှားတစ်ပြည်လုံးနှင့် တစ်ကမ္ဘာလုံးတွင် ယခုလိုလူမသိသူမသိနေပြီးပြိုင်ဘက်ကင်းသောမိသားစုတစ်ခုလည်း ရှိနေသည်သာ။
"လောင်ဝမ်.. ငါ အခုလေးတင်ပဲသိပြီးပြီ။ ဒီဆရာသုံးယောက်လုံးက ငါတို့မိသားစုကခန့်ထားတာပဲလေ"
"သူတို့က တကယ်ပဲ မင်းတို့မိသားစုအတွက် အလုပ်လုပ်ပေးနေတာလား"
ဝမ်လင်က ဤလောကသားတစ်ယောက်မဟုတ်သော်ငြား ဤနေရာကိုမလာခင်မှာ အနည်းငယ်စူးစမ်းရှာဖွေမှုတချို့ လုပ်ခဲ့သေးသည်။ ဤဆရာသုံးယောက်မှာ ကျောက်စိမ်းအကဲဖြတ်လောကတွင် အကျော်အမော်များဖြစ်ပေသည်။
"ပြီးတော့ တစ်သက်တာသဘောတူစာချုပ်လည်း ချုပ်ဆိုထားတယ်"
"သေစမ်း..ဒါဆိုရင် သူတို့နဲ့ မင်းမိသားစုထဲက အစေခံတွေနဲ့ ဘာကွာတာလဲ"
ဝမ်လင်ခမျာ သူ့ခံစားချက်သူမထိန်းနိုင်သဖြင့် မအော်ဘဲမနေနိုင်တော့ချေ။ သို့သော် ထိုဆရာသုံးယောက်ကတော့ ပြုံးရုံသာပြုံးနေလေသည်။ သူပြောသည်မှာလည်း မမှားချေ။ နည်းလမ်းကျကျပြောရလျှင် သူတို့ဟာ ကျန်းမိသားစု၏ အစေခံများနှင့် ဘာမှကွာခြားခြင်းမရှိ။
သို့သော် ကျန်းမိသားစု၏ အစေခံတစ်ယောက်ဖြစ်ဖို့ရန်မှာလည်း မလွယ်ကူလှပေ။ ဤသည်မှာ ကျန်းမျိုးရိုး၏ ထာဝရစောင့်ရှောက်မှုအောက်မှာ ရှိနေတော့မည်ဟူသောအဓိပ္ပာယ်ပင်။ ကျန်းမုန့်လောင်ရှေ့မှာမူ သူတို့က အစေခံများဖြစ်ကောင်းဖြစ်နိုင်သော်ငြား အခြားလူများရှေ့မှာတော့ သူတို့၏အဆင့်အတန်းက မြင့်မားလှပေသည်။
"မင်းတို့တွေအကုန်ကြားလိုက်ကြလား။ ဒီဆရာသုံးယောက်က သူတို့ဒီကိုလာခဲ့တာ လူငယ်လေးတစ်ယောက်ကို အဖော်ပြုပေးဖို့တဲ့"
"ကြားလိုက်တယ်။ အဲ့လိုမပြောရင်တောင် ငါသတိထားမိပါတယ်။ ဒီဆရာတွေ အဲ့ဒီလူငယ်လေးကိုစကားပြောတဲ့လေသံက အရမ်းရိုကျိုးနေတာလေ"
"ဒီလူငယ်လေးမှာ ဘယ်လိုနောက်ခံမျိုးရှိလို့ ဒီလိုအင်အားမျိုးကိုပိုင်ဆိုင်ထားတာပါလိမ့်"
"ဒါက သာမန်လူချမ်းသာဒုတိယမျိုးဆက်တော့ မဖြစ်နိုင်ဘူး။ ချမ်းသာရုံလောက်နဲ့ ဒီဆရာသုံးပါးကို ဒီလိုဆက်ဆံခိုင်းလို့မရဘူး"
"သူက ယန်ကျင်းခေါင်းဆောင်ပိုင်းက ဂျူနီယာအဖွဲ့ဝင်တစ်ယောက်များလား"
"ဖြစ်နိုင်တယ်။ အားလုံးပဲ အာရုံစိုက်ကြပါ။ ဒီလိုလူမျိုးကို နောင်အနာဂတ်မှာ မစော်ကားမိစေကြနဲ့"
...
ထိုအချိန်မှာ အစောပိုင်းတုန်းက ကျန်းမုန့်လောင်အပေါ် မောက်မာပြခဲ့သည့် ဆရာဟူခမျာ ခြေအစုံပင်မခိုင်ချင်တော့ပေ။
သူ့မှာ စင်စစ်အရည်အချင်းရှိပြီး ကျောက်မျက်အကဲဖြတ်မှုဖြင့် ငွေတစ်ဘီလီကျော်မျှ ရှာနိုင်ခဲ့သော်လည်း ဤဆရာသုံးပါးနှင့်ယှဉ်ပါက အဆင့်များစွာနိမ့်ကျနေသေးသည်သာ။ ဤဆရာသုံးယောက်၏သဘောထားကို ထောက်ဆကြည့်ပါက ဤလူငယ်လေးမှာ သာမန်မျိုးရိုးမှ ဆင်းသက်လာသူမဟုတ်မှန်း အတပ်ခန့်မှန်းကြည့်နိုင်လေသည်။
"မစ္စတာကျန်း ကျွန်တော်တောင်းပန်ပါတယ်။ ခုနတုန်းက ကျွန်တော့်သဘောထားက နည်းနည်းကျိုးကြောင်းမဆီလျော်သလိုဖြစ်သွားတယ်။ ကျွန်တော်..."
"ဟမ့်"
ကျန်းမုန့်လောင်က သူ့အား အေးတိအေးစက်စိုက်ကြည့်လိုက်သည်။ သူ စက်ဆုပ်အရွံရှာဆုံးလူစားမျိုးမှာ လေယူရာယိမ်းတတ်သည့် ယခုလိုလူစားမျိုးပင်။
ကျန်းမုန့်လောင်က သူ့အား အာရံမစိုက်သည်ကိုမြင်သောအခါ ဆရာသုံးပါးဘက်ကိုလှည့်ကာ ချဉ်းကပ်သွားလိုက်လေသည်။
"ဆရာယွီ ကျွန်တော်က..."
သို့သော် ဆရာသုံးယောက်ကလည်း သူ့အား အေးစက်စက်အကြည့်တစ်ခုကိုသာ ထုတ်ဖော်ပြသလာသည်။ ကျန်းမုန့်လောင်က ဤလူနှင့် ပတ်သက်လိုစိတ်မရှိမှတော့ သူတို့ကလည်း ဘာကြင်နာမှုမှထုတ်ပြမည်မဟုတ်ပေ။
"ဒါက ကျောက်စိမ်းဖြတ်တောက်ရေးဧရိယာလေ"
ဝမ်လင်က ကျန်းမုန့်လောင်ကို စက်များအစီအရီချထားသော နေရာတစ်ခုကို ဦးဆောင်ခေါ်ငင်သွားလိုက်သည်။ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကတော့ သူသဘောကျသည့် ကျောက်စိမ်းအရိုင်းတုံးကိုရွေးချယ်ပြီး ထိုနေရာတွင် ဖြတ်တောက်နေပြီဖြစ်၏။
"ဒီအရိုင်းတုံးထဲမှာ ဘာမှရှိမှာမဟုတ်ဘူး"
ဆရာယွီက အကြည့်တစ်ချက်မျှဖြင့် သုံးသပ်လိုက်လေရာ ကျန်ဆရာနှစ်ယောက်ကလည်း ဆရာယွီ၏သုံးသပ်ချက်ကို ထောက်ခံဟန်ဖြင့် အသာအယာခေါင်းညိတ်ပြလေသည်။
အမှန်ပင်။ ထိုအရိုင်းတုံးများမှာ အစိမ်းရောင်တစ်စွန်းတစ်စမျှပင်မပါသည့် အုတ်ကျိုးအုတ်ပဲ့တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
"လမ်းဖယ်ပေးကြပါ။ လမ်းဖယ်ပေးကြပါ"
သူဌေးလက်သစ်တစ်ယောက်နှင့်တူလှသော ထက်မြက်သည့်ဥပဓိရုပ်နှင့် ရွှေဆွဲကြိုးအကြီးကြီးဆွဲထားသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က ဤနေရာသို့ တွန်းလှည်းတစ်ခုကို တွန်းချလာလေသည်။ သူ့အရိုင်းတုံးတစ်ခုတည်းကတင် အနည်းဆုံးပေါင်နှစ်ရာလေးသည်။
"ဟီးဟီး.. ညီအစ်ကိုရေ သတိထားကြနော်။ ဒီအရိုင်းတုံးက လေးသန်းကျော်တောင်ပေးရတာ"
"စိတ်မပူပါနဲ့။ ကျုပ် ကျောက်စိမ်းဖြတ်လာတဲ့သက်တမ်းတစ်လျှောက်မှာ အထဲက ကျောက်စိမ်းကို ဘယ်တုန်းကမှ ထိခိုက်အောင်မလုပ်ဖူးဘူး"
အတွေ့အကြုံရင့်ဟန်တူသော အလုပ်သမားတစ်ယောက်က ချက်ချင်းပင် လုပ်ငန်းစတော့သည်။
"ဟားဟား အကုန်အပေါ်ယံချည်းပဲ။ ဘာပစ္စည်းမှမပါဘူး။ ပိုက်ဆံလေးသန်းတော့ အလကားဖြစ်ပြီပဲ"
ဆရာယွီက ရယ်မောလိုက်လေသည်။
မိနစ်အနည်းငယ်ကြာသော် မိသားစုတစ်ခုလုံးကို ဆုံးရှုံးလိုက်ရသလို ခံစားနေရသည့် အမျိုးသားတစ်ယောက်နှင့် အုတ်ကျိုးအုတ်ပဲ့တစ်ပုံသာ ကျန်ရစ်နေခဲ့လေသည်။
"အင်း..ဒီတစ်ခုက စိတ်ဝင်စားဖို့ကောင်းသားပဲ"
ဆရာယွီ၏အကြည့်က အသက်ငါးဆယ်အရွယ်အမျိုးသားတစ်ယောက် ကိုင်ထားသော အရိုင်းတုံးဆီသို့ ရောက်သွားလေသည်။ လက်ကျန်အစအနလေးတစ်ခုနှင့်တူသော ဆယ်ပေါင်ခန့်လေးသည့် ဤအရိုင်းတုံးမှာ သာမန်လူများဆိုလျှင် ဝယ်ကြလိမ့်မည်မဟုတ်။
"ကိုယ့်လူ.. ခင်ဗျားက ဒီလိုပစ္စည်းမျိုးကိုလည်း ဝယ်တာပဲလား။ ခင်ဗျားမှာ ငွေပိုငွေလျှံရှိတယ်ဆိုရင်တောင် ဒီလိုဖြုန်းမပစ်သင့်ဘူးလေ"
"ဟားဟားဟား..ကျုပ်က ခံစားချက်အရ ဝယ်လိုက်တာပါ။ ကဲ စကြမယ်"
"ကောင်းပြီလေ။ ခင်ဗျားဆန္ဒအတိုင်းပဲပေါ့"
အလုပ်သမားလေးက ရေတစ်ခွက်လောင်းလိုက်ပြီး အရိုင်းတုံးကို ဂရုတစိုက်ဖြတ်တောက်လေတော့သည်။
အလွှာပါးလေးတစ်ခုကို ဖြတ်တောက်လိုက်ရုံသာရှိသေးသည့်အချိန်မှာ အကျိုးအပဲ့လေးကြားမှ အစိမ်းရောင်လေးလက်လာချေသည်။
"အစိမ်းရောင်ထွက်လာတယ်ဟ"
"သေစမ်း..ဒီလိုကျောက်တုံးအစအနကလည်း အစိမ်းရောင်ထုတ်နိုင်တာပဲလား"
"ဒါကြီးက သောက်ရမ်းကံကောင်းတာပဲ"
အရိုင်းတုံးကို လုံးဝဖြတ်တောက်ပြီးသွားချိန်တွင် လက်သီးဆုပ်အရွယ်ခန့်ရှိသော ရေခဲအမျိုးအစားကျောက်စိမ်းတစ်တုံး ထွက်ပေါ်လာချေသည်။ သူသည် ဤအရိုင်းတုံးကို ယွမ်နှစ်သောင်းမျှဖြင့် ဝယ်ယူလာခြင်းဖြစ်သော်ငြား ဤကျောက်စိမ်းတုံး၏တန်ဖိုးကမူ တစ်သန်းနီးပါးရှိသည်။
"စိတ်ဝင်စားစရာပဲ"
ဤမြင်ကွင်းကိုမြင်သောအခါ ကျန်းမုန့်လောင်ပင် စမ်းကြည့်ချင်စိတ်ပေါက်သွားရသည်။
"ဒီလိုဆိုရင်ရော။ အရိုင်းတုံးတစ်တုံးနှစ်တုံးလောက်နဲ့ အပျော်တမ်းကစားကြည့်မလား"
ဝမ်လင်ကလည်း စိတ်လှုပ်ရှားနေလေသည်။ ဤဆရာသုံးယောက်ရှိနေမှတော့ ဝမ်လင်ဟူသည့် သူက ယနေ့အရှုံးပေါ်နိုင်မည်တဲ့လား။
"သွားကြစို့"
ကျန်းမုန့်လောင်က ကျောက်စိမ်းအရိုင်းတုံးဈေးရှိရာဆီသို့ တန်းတန်းမတ်မတ်ထွက်သွားလိုက်သည်။
"ဒီနေ့ ဒီဆရာသုံးယောက်ရှိနေမှတော့ ငါတို့ ဒီနေ့ အပွကြီးပွပြီပဲ"
ဝမ်လင်၏မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုတို့က အထင်းသား။ သူက ချမ်းသာပြီးသားဆိုသော်လည်း ပိုက်ဆံပွားလာလို့ မကျေမနပ်ဖြစ်နေသူဟူ၍ ဘယ်မှာများရှိလို့လဲ။ အထူးသဖြင့် ကျန်းမုန့်လောင်လို သူငယ်ချင်းတစ်ယောက်ရှိနေချိန်မျိုးမှာပေါ့။
"ကျောက်စိမ်းလောင်းကစားပွဲမှာ ငါ ပထမဆုံးကြိုးစားကြည့်ဖို့ အခွင့်အရေးတစ်ခုရလိုက်တာပဲ"
ဝမ်လင်က ရယ်မောချက် မျက်လုံးကို မှေးထားလိုက်သည်။ ဤဆရာသုံးယောက်၏ကျွမ်းကျင်မှုကို မတိုင်မီက သူတို့သုံးသပ်ပြခဲ့သည့်သုံးသပ်ချက်ကို ကြည့်ရုံမျှဖြင့် သိနိုင်လေသည်။ သူတို့ဟာ စင်စစ်ကျွမ်းကျင်သူများဖြစ်ကြသည်။
"ကျောက်စိမ်းလောင်းကစားလား"
ကျန်းမုန့်လောင်က ဝမ်လင်ကိုကြည့်လိုက်သည်။
"ငါ ကျောက်စိမ်းလောင်းကစားလုပ်မှာလို့ ဘယ်သူကပြောလို့လဲ"
"ဒီကို ကျောက်စိမ်းလောင်းကစားလုပ်ဖို့လာတာမဟုတ်ရင် မင်းက ဒီမှာဘာလာလုပ်တာလဲ။ ဒီဆရာသုံးယောက်ကို ဘော်ဒီဂတ်အနေနဲ့ အလုပ်ခိုင်းဖို့လား"
"ဟီးဟီး"
ကျန်းမုန့်လောင်က နားလည်ရခက်စွာရယ်မောလိုက်လေသည်။
"လောင်းကစားဆိုတာက အရင်းအနှီးမရှိတဲ့လူတွေအတွက်ပဲ။ ဆင်းရဲသားတွေပဲလုပ်ရတဲ့ ရွေးချယ်မှုတစ်ခုပေါ့"
…….