← Chapters

ငါတို့အတွက် ဘာအကျိုးရှိမှာလဲ

Vol. 4 Ch. 46

ငါတို့အတွက် ဘာအကျိုးရှိမှာလဲ

Vol. 4 Ch. 46

"ဒါကဘာအဓိပ္ပာယ်လဲ"

ဝမ်လင်ခမျာ ကျန်းမုန့်လောင်၏ရည်ရွယ်ချက်ကို တိတိပပနားမလည်ချေ။ သူတို့က ယ​နေ့ ဆရာသုံးယောက်နှင့်အတူ ကျောက်စိမ်းလောင်းကစားလုပ်ဖို့ ရောက်လာတာ မဟုတ်ဘူးလား။

"ဟုတ်သားပဲ"

ဝမ်လင်က သူ့နဖူးကိုသူ ပြန်ရိုက်လိုက်သည်။ ဤဆရာသုံးဦးရှိနေမှတော့ လောင်းကစားလုပ်သည်ဟု ဘယ်သတ်မှတ်နိုင်မှာတဲ့လဲ။ ဆရာယွီက ကျောက်ရိုင်းတုံးထဲမှာ ကျောက်စိမ်းရှိမရှိဆိုသည်ကို တိကျမှု၉၀ရာခိုင်နှုန်းကျော်ဖြင့် ခန့်မှန်းနိုင်သည်။ သူသာ ကျောက်ရိုင်းတုံးတစ်တုံးကို သဘောကျပါက ထိုအရိုင်းတုံးထဲတွင် အမြဲတမ်းလိုလိုကျောက်စိမ်းပါသည်သာ။

ဤကျွမ်းကျင်သူများရှိနေပါက ကျောက်စိမ်းလောင်းကစားဟုပင် မခေါ်ထိုက်ပေ။ ဤသည်မှာ ကျောက်စိမ်းအရိုင်းတုံးဝယ်ယူခြင်းသာ။ ကုန်ပစ္စည်းများကို တိုက်ရိုက်သိုလှောင်လိုက်ရုံသက်သက်ပင်။ ကျန်းမုန့်လောင်သာ ကျောက်စိမ်းအရောင်းဆိုင်ဖွင့်ပါက အမြတ်အစွန်းမှာ ကြောက်မက်ဖွယ်ရာပင် ကောင်းနေချေတော့မည်။

သို့သော် ဝမ်လင်ကတော့ ကျန်းမုန့်လောင်ကို လျှော့တွက်ခဲ့မိသည်။ သူ့ကို ထိပ်ဆုံးအထပ်မှာရောက်နေသည်ဟု ထင်ခဲ့သော်လည်း တကယ်တမ်းတွင် ကျန်းမုန့်လောင်က လေထုအလွှာထဲ၌ ရှိနေခြင်းပင်။

သူက ဈေးဆိုင်ရှိရာသို့ တည့်တည့်လျှောက်သွားလိုက်သည်။

"သူဌေး..ဒီကျောက်ရိုင်းတုံးက ဘယ်လောက်လဲ"

ကျန်းမုန့်လောင်က အမြင့်နှစ်မီတာကျော်ရှိသည့် ဧရာမကျောက်ရိုင်းတုံးကြီးတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။ ၎င်းမှာ တန်ချိန်ပေါင်းများစွာ လေးသည်။ ထိုကျောက်စိမ်းအရိုင်းတုံးမှာ ဤခန်းမထဲရှိ အရိုင်းတုံးများထဲတွင် အကြီးဆုံးတစ်ခုဖြစ်၏။

"ဒီတစ်ခုက ၃၇သန်းပါ"

ဆိုင်ပိုင်ရှင်ကလည်း ချက်ချင်းပင် မိုးလောက်မြင့်သောဈေးနှုန်းဖြင့် ဈေးခေါ်လိုက်သည်။ ကျန်းမုန့်လောင်၏နံဘေးရှိ ဆရာများကိုမြင်သောအခါ သူ့မျက်လုံးများက တောက်ပသွားလေသည်။ သူ့ဆိုင်ကို ဤဆရာများကြွရောက်လာခြင်းမှာ အခမဲ့ကြော်ငြာတစ်ခုလုပ်ပေးလိုက်သည့်အလားပင်။

"ဆရာ.. တကယ်လို့ ခင်ဗျား ဒီတစ်ခုကိုတကယ်လိုချင်နေတယ်ဆိုရင် ၃၅သန်းနဲ့ပဲ ယူသွားလိုက်ပါ"

ဆိုင်ပိုင်ရှင်က တမင်တကာ အသံကိုမြှင့်လိုက်သည်။

မိုးလောက်မြင့်သော ၃၅သန်းတန်စျေးနှုန်းဟာ ချက်ချင်းဆိုသလို လူအုပ်ကြီးကိုဆွဲဆောင်နိုင်ခဲ့ပြီး ထိုနေရာတွင် အထင်ကရဆရာသုံးဦးရှိနေသည်ကို မြင်လိုက်ရသူများကလည်း ထိုဆိုင်အနားတွင် အတွင်းရောအပြင်ပါ ပြည့်ကျပ်သွားအောင် နေရာယူလိုက်ကြသည်။

"ဒီမှာ ပွဲကောင်းနေတာပဲ။ ဆရာကြီးသုံးယောက်က လှုပ်ရှားနေပြီဟေ့။ ဒါကတော့ တကယ်ပွဲလှတော့မှာပဲ"

"ဟုတ်တယ်။ ဒီလိုကျောက်စိမ်းအရိုင်းတုံးကြီးဆိုရင် ကျောက်စိမ်းပါမှာ သေချာတယ်"

"သေချာပေါက်တော့ ဘယ်ဟုတ်ပါ့မလဲ။ ကြက်ဥတစ်လုံးအရွယ်အစားလောက်ပဲ ထွက်လာခဲ့ရင် အရှုံးပေါ်မှာမဟုတ်ဘူးလား"

"ဆရာကြီးတွေရဲ့သုံးသပ်ချက်ကို အားကိုးရမှာပဲ။ ဆရာကြီးတွေဘက်က ခေါင်းညိတ်တယ်ဆိုရင် ပွဲကြီးပွဲကောင်းမြင်ရမှာပဲလေ"

ထိုအချိန်မှာ ဆရာသုံးယောက်က ကျောက်ရိုင်းတုံးအနားကို ချဉ်းကပ်သွားလိုက်ပြီး လက်အိတ်များဝတ်ကာ မှန်ဘီလူးများကိုကိုင်၍ အသေအချာစတင်စစ်ဆေးပါတော့သည်။ သူတို့၏နည်းစနစ်နှင့် ရှုထောင့်များက ကြည့်ရှုသူအများအပြားကို အနီးကပ်စောင့်ကြည့်ချင်လာအောင် ဆွဲဆောင်နေပြီး သူတို့၏ကျွမ်းကျင်မှုကတစ်ဆင့် တစ်စုံတစ်ရာကို သင်ယူလေ့လာနိုင်ရန်နှင့် သူတို့ဘဝမှာ ငွေရေးကြေးရေးအတွက် ဘယ်တော့မှမပူပန်ရစေဖို့ မျှော်လင့်စေမိသည်။

မိနစ်အနည်းငယ်အကြာတွင် ဆရာသုံးယောက်က သက်ပြင်းချလျက် ခေါင်းခါယမ်းလိုက်ချေသည်။

"မစ္စတာကျန်း..ဒီကျောက်မှာ ကျောက်စိမ်းပါတာတော့ ဟုတ်ပေမဲ့ ပြန်ရငွေကတော့ရှုံးလိမ့်မယ်။ ခင်ဗျား နောက်တစ်ခုကိုကြည့်ကြည့်လိုက်တာ ပိုကောင်းမယ်"

"ဟင်"

ဘေးပတ်ပတ်လည်ရှိ လူအုပ်ကြီးက ရှူးရှူးရှားရှားအသံပေးလာလေသည်။

"ငါပြောသားပဲ။ ဒီကျောက်ရိုင်းတုံးက အရွယ်အစားကြီးရုံပဲရှိတာ။ သက်သက်လှည့်စားနေတာပါဆို"

"ဟားဟားဟား ဒီဆိုင်ပိုင်ရှင်တော့ ဒုက္ခရောက်ပြီ။ ဆရာသုံးယောက်က အရှုံးပေါ်လိမ့်မယ်လို့ ပြောလိုက်တယ်လေ။ ဒါကို သေချာပေါက် ဘယ်သူမှဝယ်မှာမဟုတ်ဘူး။"

"သူက ကံမကောင်းဘူးပဲ။ ဟားဟားဟား"

အမှန်ပင်။ ဆိုင်ပိုင်ရှင်၏မျက်နှာထက်တွင် ချက်ချင်းဆိုသလို နာကျင်မှုအရိပ်အယောင်များ ပေါ်ပေါက်လာသည်။ ဤကျောက်စိမ်းအရိုင်းတုံးကြီးမှာ အံ့ဖွယ်ကောင်းလှပြီး စျေးလည်းခေါင်ခိုက်လွန်းလှ၏။ အခြေခံကုန်ကျစရိတ်ကတင် သန်းနှစ်ဆယ်ရှိ၏။ ဆရာကြီးများကလည်း ယခုလိုသုံးသပ်လိုက်သည်​ဖြစ်ရာ ဘယ်သူကဝယ်တော့မည်တဲ့လဲ။

အကယ်၍များ တစ်ယောက်ယောက်ကသာ ထိုအရိုင်းတုံးကို ဝယ်လိုက်ပါက ဆရာကြီးများ၏မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်မသွားပေဘူးလား။

"ကျွန်တော်ယူမယ်။ ခင်ဗျားပြောထားတဲ့အတိုင်း ၃၇သန်းတိတိပဲနော်။ ဒစ်စကောင့်မပေးနဲ့။ ဈေးလည်းမညှိနဲ့"

ကျန်းမုန့်လောင်က သူ့ဘဏ်ကတ်ကို ချက်ချင်းထုတ်ယူလိုက်သည်။

"ဘယ်မှာကတ်ဖြတ်ရမလဲ"

"မင်းရူးနေပြီလား"

ဝမ်လင်က ကျန်းမုန့်လောင်၏လက်ကို ပုတ်ထုတ်လိုက်သည်။

"ဆရာသုံးယောက်က အရှုံးပေါ်လိမ့်မယ်လို့ပြောနေတာတောင် ဒါကိုဝယ်ချင်သေးတယ်ပေါ့။ မင်းရူးနေတာလား"

ဝမ်လင်သာမက ဆရာသုံးယောက်စလုံးလည်း လုံးဝစိတ်ရှုပ်ထွေးနေရသည်။

ကျန်းမုန့်လောင်က တကယ်ပဲ ဘာလုပ်နေတာလဲ။ သူတို့ရဲ့အရည်အချင်းကို စိန်ခေါ်နေတာလား။

သို့သော် ကျန်မုန့်လောင်က သူဌေးဖြစ်ပြီး သူတို့က အလုပ်သမားများသာ ဖြစ်သောကြောင့် ဘာတစ်ခွန်းမှမပြောရဲခဲ့ပေ။

"ငါ လုံးဝကို စိတ်မှန်တယ်"

ကျန်းမုန့်လောင်က တခစ်ခစ်ရယ်မောလိုက်သည်။

"ဒါရယ် ဒီဟာရယ် ပြီးတော့ အကြီးဆုံးကျောက်လေးနည်းနည်းရယ်။ အကုန်လိုချင်တယ်"

"ကိုယ့်လူ... ဒီသုံးခုပေါင်းက ၅၃သန်းနော်။ ဒါတွေအကုန်လုံးကို တကယ်ယူမှာလား"

"မစ္စတာကျန်း...ကျန်တဲ့နှစ်ခုရဲ့ ကျောက်စိမ်းထွက်နိုင်ခြေက အကြီးဆုံးတစ်ခုထက်တောင် ပိုနည်းသေးတယ်။ ခင်ဗျား ဒါကို သေချာစဉ်းစားသင့်တယ်နော်"

"ကွက်တိပဲ"

ဆရာနှစ်ဦး၏မှတ်ချက်များ​ကြောင့် ကျန်းမုန့်လောင်တစ်ယောက် ပို၍ပင်ယုံကြည်မှုရှိသွားသလို ခံစားလိုက်ရသည်။

"သူဌေး..ကျွန်တော်အကုန်ယူမယ်နော်။ ကတ်ဖြတ်လိုက်ရအောင်"

"ကောင်းပြီ။ ကောင်းပြီ"

ကျန်းမုန့်လောင် စိတ်ပြောင်းသွားမည်စိုး၍ ဆိုင်ရှင်သူဌေးက POSစက်ကို အမြန်ထုတ်ယူလိုက်သည်။ လူတိုင်း၏ အံ့သြမှင်တက်နေသော အကြည့်များကြားမှာတင် ကျန်းမုန့်လောင်က ငွေပေးချေမှုကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်ခဲ့သည်။

"ဒါက ဘယ်လိုကစားကွက်မျိုးလဲ။ ငါနားမလည်တော့ဘူး"

တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်၏။

"ဒါက ဒဏ္ဌာရီလာကျောက်စိမ်းအရိုင်းတုံးလောင်းကစားနည်းများလား"

"ဘာကိုနည်းလမ်းလဲ။ ဆရာသုံးယောက်က အရှုံးပေါ်လိမ့်မယ်လို့ပြောထားမှတော့ သေချာပေါက်အရှုံးပေါ်မှာပဲ။ ဒီညတော့ ခေါင်မိုးထပ်ကိုတက်သွားဖို့ စောင့်နေလိုက်တော့"

"မစ္စတာကျန်း ဒါက..."

သုံးယောက်သားမှာ အချင်းချင်းအကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့၏မျက်ဝန်းထဲမှာတော့ နားမလည်နိုင်ခြင်းတို့က အထင်းသားပင်။ ကျောက်စိမ်းအရိုင်းတုံးထဲတွင် ကျောက်စိမ်းကို ရှာတွေ့ရန်မှာ ခဲယဉ်းလှသော်လည်း အနည်းဆုံးတော့ သူတို့အနေနှင့် ကျန်းမုန့်လောင်အား ဘယ်တစ်ခုကတော့ ကျောက်စိမ်းပါပြီး ဘယ်တစ်ခုကတော့ ကျောက်စိမ်းမပါကြောင်း ပြောပြနိုင်သေးသည်။ သို့သော် သူကတော့ နားထောင်မည်မဟုတ်။ ဤအရာမှာ သူတို့၏လုပ်ငန်းနယ်ပယ်ထဲတွင် ဝါတာလူးတိုက်ပွဲအလားပင်။

"သူဌေး.. ဒါကဘယ်လောက်လဲ။ ၁၈သန်းလား"

"မစ္စတာကျန်း.. ဒီတစ်ခုက စွန့်ပစ်အရိုင်းတုံးကြီးပါ"

"အိုး.. ဟားဟား အိုကေ။ ကျွန်တော် ဒါကိုယူလိုက်မယ်"

"သူဌေး ဒါကဘယ်လောက်လဲ၏ ၂၄သန်းလား"

"အင်း.. ဒီတစ်ခုကမဆိုးဘူးပဲ"

"အရည်အသွေးက ယုံကြည်စိတ်ချရမဲ့ပုံပဲ။ တန်ဖိုးလည်း မြင့်တက်လာနိုင်တယ်"

"သူဌေး ကျွန်တော် ဒီတစ်ခုကိုယူလိုက်မယ်"

လမ်းတစ်လျှောက်တွင် ကျန်းမုန့်လောင်က ကျောက်စိမ်းအရိုင်းတုံးဒါဇင်ခန့်ကို စုစုပေါင်းတန်ဖိုး ဆယ်ဘီလီယံကျော်ဖြင့် ဝယ်ယူခဲ့သည်။ ဆရာများက အရှုံးပေါ်မည်ဟု သုံးသပ်သည်ဖြစ်စေ အမြတ်ထွက်မည်ဟု သုံးသပ်သည်ဖြစ်စေ ကျန်းမုန့်လောင်ကတော့ သူတို့၏အကြံပေးမှုကို လျစ်လျူရှုကာ အကုန်ဝယ်ပစ်လိုက်သည်။

"ကျန်းမုန့်လောင်.. မင်းက ဒီကို ကျောက်စိမ်းလောင်းကစားလုပ်ဖို့ ရောက်လာတာမဟုတ်ဘူးပဲ။ မင်းက ပစ္စည်းစုဖို့သက်သက်ရောက်လာတာ"

ဝမ်လင်ခမျာ လုံးဝ ပြောစရာစကားကင်းမဲ့သွားရချေသည်။

"ဆင်းရဲသားတွေကပဲ ကျောက်စိမ်းလောင်းကစားလုပ်တာလို့ ငါပြောခဲ့တယ်လေ။ ဘာလို့လဲဆိုတော့ သူတို့က ကံကြမ္မာကို ပြောင်းပြန်လှန်ပစ်ဖို့လိုတယ်လေ။ ငါကတော့ အဲ့လိုလုပ်ဖို့မှမလိုတာ"

ကျန်းမုန့်လောင်က ကျောက်စိမ်းအရိုင်းတုံးများကို စိတ်အားထက်သန်စွာဖြင့် ဆက်လက်ကောက်ယူနေလိုက်သည်။

"မင်းဝယ်သမျှကျောက်စိမ်းအရိုင်းတုံးတွေမှာ ကျောက်စိမ်းပါတော့ရော ဘာပျော်စရာကောင်းတော့မှာလဲ။ လုံးဝစိတ်လှုပ်ရှားဖို့ကောင်းမှာ မဟုတ်တော့ဘူး။ စိတ်ဝင်စားဖို့လည်း လုံးဝမကောင်းတော့ဘူး"

"ဘယ်သူက စိတ်လှုပ်ရှားချင်နေလို့လဲ"

ကျန်းမုန့်လောင်၏စကားကို ကြားပြီးနောက် ပွဲကြည့်သူအပေါင်းမှာ စိတ်ထဲမှာ တိတ်တိတ်ဆဲလိုက်မိသည်။ လူတိုင်းက ဤနေရာသို့ ပိုက်ဆံနည်းနည်းသုံးပြီး ကျောက်စိမ်းပါသည့် အရိုင်းတုံးကိုဝယ်နိုင်လိုဝယ်နိုင်ငြား မျှော်လင့်၍ ရောက်လာကြခြင်းပင်။

ဘယ်သူက စိတ်လှုပ်ရှားနေလို့တဲ့လား။ သူတို့က ရူးနေလို့လား။

ဤနေရာရှိ အရိုင်းတုံးများမှာ ဘီလီယံနှင့်ချီပြီး တန်ဖိုးရှိသည်။ သေချာသတိမထားပါက အရာအားလုံးကို ဆုံးရှုံးလိုက်ရနိုင်သည်။ သို့တိုင် သူက​တော့ စိတ်လှုပ်ရှားချင်သောကြောင့် ရောက်လာခြင်းမဟုတ်ဟု ပြောနေလေသည်။ သူ့မိသားစုက ပိုက်ဆံတွေပိုလျှံနေလို့များလား။

"လောင်ဝမ်.. ငါ ပိုက်ဆံသုံးသုံးမသုံးသုံး ငါက ကမ္ဘာ့အချမ်းသာဆုံးလူပဲ။ ဒီစိတ်လှုပ်ရှားမှုအတွက်နဲ့ ဒီလောက်ပိုက်ဆံနည်းနည်းလေးကိုသုံးလိုက်ရတာ မင်းအတွက် ထိုက်တန်လို့လား"

"ငါ မင်းကို ငှက်ပျောသီးလှေဖြစ်သွားအောင် လုပ်ပစ်မယ်"

ဝမ်လင်ခမျာ အဆုံးမှာတော့ အကျယ်ကြီးအော်မဆဲဘဲ မနေနိုင်တော့ချေ။

"မင်းက အဆိပ်ပြင်းတာလား။ ဘာလား။ ပိုက်ဆံတွေပေါနေရင်တောင် ဒီလိုဖြုန်းပစ်ရမှာမဟုတ်ဘူးကွ"

"ငါ အခုသုံးလိုက်တာ ဘယ်လောက်ရှိသွားပြီလဲ မင်းသိလား"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"ဘီလီယံဆယ်ဂဏန်းလောက်ပေါ့"

"ငါ အဲ့ဒီဘီလီယံဆယ်ဂဏန်းကို ပြန်ရှာဖို့အတွက် ဘယ်လောက်ကြာလဲဆိုတာ မင်းသိလား"

ဝမ်လင်က ခေါင်းခါပြလိုက်သည်။

ကျန်းမုန့်လောင်က ခဏမျှရပ်တန့်လိုက်သည်။

"ငါ အခုလေးတင်ပဲ အဲ့ဒီပိုက်ဆံကိုရလိုက်တာ"

"မင်း.."

ဝမ်လင်ခမျာ ထပ်ပြောချင်နေသေးပါသော်လည်း လက်သီးကိုသာ တင်းတင်းဆုပ်လိုက်မိသည်။ ဤငနဲမှာ မကောင်းဆိုးဝါးကြီးသာ။

အမှန်ပင်။ အခြားလူများအဖို့ ကျန်းမုန့်လောင်၏လုပ်ရပ်များက ပိုက်ဆံဖြုန်းနေသည်နှင့် တူလှသော်ငြား သူ့အမြင်မှာတော့ သူသုံးလိုက်သောပိုက်ဆံကို အသက်တစ်ရှူတစ်ရှိုက်စာကြာချိန်လောက်ဖြင့် ပြန်ရှာနိုင်သည်။ သာမန်လူများက သူတို့ကိုယ်သူတို့ ပျော်ရွှင်အောင်လုပ်ဖို့အတွက် ပိုက်ဆံတစ်ဒေါ်လာ၊နှစ်ဒေါ်လာမျှကို နှမြောတတ်ကြသလား။

မဟုတ်ပေ။

ကျန်းမုန့်လောင်လည်း ဘီလီယံဆယ်ဂဏန်းကိုသုံးဖို့ လက်တွန့်လိမ့်မလား။

အဖြေကား နောက်တစ်ကြိမ် ထပ်မဟုတ်ပြန်ချေ။

"မင်းနဲ့တွဲသွားတွဲလာလုပ်လေလေ ငါ့ရဲ့လောကအမြင်ကြီးက လုံးဝပြိုလဲလေလေဆိုတာ သိလိုက်ရပြီ"

ဝမ်လင်က ခါးသက်သက်အပြုံးဖြင့် ပြောလိုက်လေသည်။

"မင်းနဲ့သူငယ်ချင်းဖြစ်ရတာ တစ်နေ့ကျရင် ငါတော့ စိတ်ကျန်းမာရေးဆေးရုံရောက်လောက်တယ်"

"စိတ်မပူပါနဲ့။ အဲ့လိုနေ့မျိုး တကယ်ရောက်လာခဲ့ရင် ငါ မင်းအတွက် အကုန်စီစဉ်ပေးမယ်။ ငါပိုင်တဲ့ဆေးရုံတချို့ရှိတယ်။ ငါ မင်းအတွက် အကောင်းဆုံးဆရာဝန်တွေ အကောင်းဆုံးလူနာခန်းနဲ့ အလှဆုံးသူနာပြုလေးတွေ စီစဉ်ပေးမယ်"

"ကျန်းမုန့်လောင် မင်းကိုပါ ငါခေါ်သွားမှာနော်"

ကျန်းမုန့်လောင်က ဝမ်လင်အား စနောက်နေသည့်မြင်ကွင်းကိုကြည့်ပြီး ဆရာသုံးယောက်မှာ ရုတ်တရက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ ယနေ့ သူတို့၏ကျွမ်းကျင်မှုကို ထုတ်ကြွားပြနိုင်လိမ့်မည်ဟု ထင်ခဲ့မိသော်လည်း သူတို့ဟာ အလှပြရုံသက်သက်သာဖြစ်လိမ့်မည်ဟု လုံးဝထင်မထားခဲ့ပေ။ ကျန်းမုန့်လောင်က သူတို့အား ထိုသို့လုပ်ခွင့်မပေးခဲ့ချေ။

သူတို့ စိတ်ဓာတ်ကျသွားရလေတော့သည်။

…..

All Chapters