← Chapters

ကျွန်တော် ဒါကို အမှတ်တရလက်ဆောင်အနေနဲ့ ဘောင်သွင်းထားမလို့

Vol. 4 Ch. 47

ကျွန်တော် ဒါကို အမှတ်တရလက်ဆောင်အနေနဲ့ ဘောင်သွင်းထားမလို့

Vol. 4 Ch. 47

အနည်းငယ်လှည့်ပတ်ရှာဖွေအပြီးမှာ ကျန်းမုန့်လောင်တစ်ယောက် ကျောက်စိမ်းအရိုင်းတုံးပေါင်းနှစ်ရာကျော်ကို ဝယ်ယူထားပြီးဖြစ်၏။ ဤခန်းမထဲရှိ သန်းဆယ်ဂဏန်းတန်သော ကျောက်စိမ်းတုံးများအားလုံးနီးပါးကို သူ့အတွက်သူ ဝယ်ယူသွားခြင်းပင်။ တစ်စုံတစ်ယောက်က ဤကျောက်စိမ်းများ၏ဈေးနှုန်းကို တိတ်တိတ်လေးတွက်ချက်ကြည့်လိုက်ရာ စုစုပေါင်းတန်ဖိုးမှာ ငါးဆယ်ဘီလီယံနီးပါး ရှိနိုင်လောက်သည်။

လက်ဝတ်ရတနာဆိုင်ပိုင်ရှင်အများအပြားက ဝေးလံခေါင်ဖျားသောနေရာများကို ခရီးထွက်ကြရသည်ဖြစ်ရာ ကျောက်စိမ်းတစ်တုံးလေးကို ဝယ်ဖို့အတွက် သန်းဆယ်ဂဏန်းမျှ သုံးစွဲပစ်ကြသည့်လူများကိုပင် မြင်ဖူးကြသည်။ ထို့ပြင် ထူးခြားလှသည့် အရည်အသွေးနှင့် အရွယ်အစားရှိသော ကျောက်စိမ်းများကို ဝယ်ယူရန်အတွက် ဘီလီယံချီပြီး သုံးစွဲပစ်ကြသူများကိုလည်း မြင်ဖူးခဲ့ကြသည်။ သို့သော် တန်ဖိုးမရှိသည့်ကျောက်အရိုင်းတုံးတစ်ပုံကြီးကို ဝယ်ဖို့အတွက် ငါးဆယ်ဘီလီယံလောက် သုံးပစ်သူတစ်ယောက်ကိုတော့ ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်၏။

ကျန်းမုန့်လောင် ဝယ်ယူခဲ့သည့် ကျောက်စိမ်းအရိုင်းတုံးနှစ်ရာကျော်ထဲမှာ ဤဆရာသုံးယောက်၏သုံးသပ်ချက်အရဆိုပါက ကျောက်စိမ်းပါလာနိုင်ခြေမှာ ဆယ်တုံးထက် မပိုချေ။ ထိုဆယ်ခုတည်းနှင့်လည်း ကျောက်စိမ်းအရိုင်းတုံးတစ်တုံး၏ကုန်ကျစရိတ်ကိုပင် ပြန်ကာမိမည်မဟုတ်။

ဤတွက်ချက်မှုအရဆိုပါက သုံးလိုက်သော ငါးဆယ်ဘီလီယံအနက် တစ်ဆယ်ဘီလီယံခန့် ပြန်ရနိုင်လျှင်ပင် အလွန်အံ့ဖွယ်ကောင်းနေလေပြီ။ သူကံမကောင်း၍ တစ်ဘီလီယံ၊နှစ်ဘီလီယံမျှသာ ပြန်ရခဲ့ပါလျှင် ထိုင်ငိုနေရလောက်ပြီဖြစ်၏။

"ကိုယ့်သေတွင်းကိုယ်တူးဖို့ကြံနေတာလား"

ဝမ်လင်ခမျာ ကျန်းမုန့်လောင်နှင့်ပတ်သက်ပြီး ပြောစရာစကား ဆွံ့အသွားရသည်။ ကျွမ်းကျင်သူများသာ သူနှင့်အတူ ပါမလာခဲ့ပါက ဤဝယ်ယူမှုအကြောင်းကိုလည်း သူ တစ်မျိုးတစ်ဖုံနားလည်ပေးနိုင်ပါသေးသည်။

သို့သော် သူတို့အားလုံးက အရှုံးပေါ်လိမ့်မည်ဟု ပြောနေသည့်တိုင် သူကတော့ ဝယ်ဲယူနေဆဲသာ။ သူ ရူးနေ၍မဟုတ်လျှင် အခြားအကြံတစ်ခုခုရှိနေခြင်းသာဖြစ်ရမည်။

"ဘာသေတွင်းလဲ။ ဒီဆရာသုံးယောက် ဘယ်လောက်တော်လဲဆိုတာ သိချင်ရုံသက်သကပဲ"

ကျန်းမုန့်လောင်က အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်လေသည်။

"မင်းက ဒီဆရာသုံးယောက်ရဲ့ ကျောက်စိမ်းတွက်ချက်မှုပညာကို စမ်းသပ်ဖို့အတွက်နဲ့ ငါးဆယ်ဘီလီယံလောက်သုံးပစ်လိုက်တယ်ပေါ့လေ"

ဝမ်လင်က အားပါးတရရှိလှသော ဤရှင်းပြချက်ကိုကြားပြီးနောက် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ သူသာဆိုပါက ထိုပိုက်ဆံငါးဆယ်ဘီလီယံဖြင့် အဆင့်မြင့်ကျောက်စိမ်းများကို ဝယ်ယူပြီး လှပလွန်းလှသော လက်ဝတ်ရတနာများပြုလုပ်ကာ အမျိုးသမီးများကို ဆွဲဆောင်ရန်အတွက် အသုံးပြုလိမ့်မည်သာ။

အဲ့ဒါက အရမ်းကြည်နူးစရာမကောင်းဘူးလား။

"ကောင်းပြီလေ။ တော်သင့်ပြီ။ ငါတို့သာဆက်ဝယ်နေရင် သူများတွေကို ဘာမှလုပ်စားလို့မရအောင် လုပ်မိသွားလိမ့်မယ်"

ကျန်မုန့်လောင်က သူ့လက်ဖဝါးထက်ရှိ ဖုန်မှုန့်များကို ခါချလိုက်သည်။

"သွားရအောင်။ ကျောက်အရိုင်းတုံးတွေကို ဖြတ်တောက်ရမဲ့အချိန်ပဲ။ အခုအချိန်က အံ့ဖွယ်ဖြစ်ရပ်တစ်ခုကို မျက်မြင်တွေ့ရမဲ့အချိန်ပဲ"

"ငါကတော့ အဲ့ဒီအံ့ဖွယ်ဖြစ်ရပ်ကြီးကိုကြည့်ဦးမယ်။ မင်းသာ ဒီနေ့ အဲ့ဒီပိုက်ဆံငါးဆယ်ဘီလီယံကို ပြန်ရခဲ့ရင် ငါ ဒီကျောက်တုံးတွေကိုစားပြမယ်"

ဆရာသုံးယောက်က "ကျောက်စိမ်းဖြစ်လာလိမ့်မည်မဟုတ်"ဟု ပြောထားသော ကျောက်စိမ်းအရိုင်းတုံးများမှာ သေဒဏ်ပေးခံရသည်နှင့် မခြားပေ။ သူတို့လည်း အမှားလုပ်မိနိုင်သော်ငြား သူတို့၏အမှားများမှာ ကျောက်စိမ်းမပြောင်းနိုင်သောကျောက်က ကျောက်စိမ်းထွက်လာခြင်းမျိုးသာ ရှိ၏။ ပြောင်းပြန်ဖြစ်နိုင်ခြေကတော့ တစ်ရာခိုင်နှုန်းထက်ပင် နည်းပါးလှသည်။

ကျန်းမုန့်လောင်မှာ ကြွယ်ဝချမ်းသာခြင်းနတ်ဘုရား၏ ကံကောင်းမှုမျိုးသာ မရှိပါက သူ့ပိုက်ဆံငါးဆယ်ဘီလီယံမှာအချည်းနှီးဖြစ်ရတော့မည်မှာ သေချာပေါက်ပင်။

"လာခဲ့။ ငါ့ကိုကူညီဦး"

ကျန်းမုန့်လောင်က အကူအညီလှမ်းခေါ်လိုက်သည်။

"ပွပေါက်တိုးခဲ့ရင် ကျွန်တော် ခင်ဗျားတို့တစ်ယောက်ချင်းစီတိုင်းကို အခကြေးငွေတစ်သောင်းစီပေးမယ်"

"တစ်ယောက်ကို တစ်သောင်းလား"

ကျောက်ရိုင်းဖြတ်သမားက ဤသတင်းကိုကြားသောအခါ မျက်ဝန်းတို့ တောက်ပသွားရလေသည်။ ယခုလိုရက်ရောလှသည့် ဖောက်သည်တစ်ယောက်ကို ဘယ်တုန်းကများ သူတို့တွေ့ခဲ့ရဖူးသလဲ။ သူဟာ ကြွယ်ဝချမ်းသာခြင်းနတ်ဘုရားပင်။

သူတို့က စိတ်အားထက်သန်စွာဖြင့် သန္နိဋ္ဌာန်ချလိုက်ပြီး ကျန်းမုန့်လောင်အား ဤကျောက်ရိုင်းတုံးနှစ်ရာကျော်ကို လုပ်ငန်းစနိုင်ဖို့အတွက် လေးလေးနက်နက်ကူညီကြလေတော့သည်။

လူများကလည်း တစ်စထက်တစ်စဝိုင်းအုံလာကြသည်။ ဤအဖြစ်မှာ စိတ်လှုပ်ရှားစရာဟူ၍ မရှိနိုင်သော်ငြား ပိုက်ဆံအားလုံးဆုံးရှုံးသွားပြီဟု သိလိုက်ရသည့်အခါ ဤလူချမ်းသာလူငယ်လေး ဘယ်လိုအမူအရာဖြစ်နေလိမ့်မလဲဆိုသည်ကို သူတို့အားလုံး မြင်ချင်လှသည်။

"ဘာမှတန်ကြေးမရှိတဲ့ကျောက်ရိုင်းတုံးကြီး"

ငါးရာကီလိုဂရမ်လေးသော ပထမဆုံးအရိုင်းတုံးမှာ ကြမ်းပြင်ထက်တွင် အုတ်ကျိုးအုတ်ပဲ့များအဖြစ် ပြောင်းလဲသွားလေသည်။ ဤအဓိပ္ပာယ်မှာ ကျန်းမုန့်လောင်၏ ရင်းနှီးမြှုပ်နှံငွေ၁၈သန်းဟာ ဆုံးရှုံးလိုက်ရပြီဟူသော အဓိပ္ပာယ်ပင်။

လူအပေါင်းက ကျန်းမုန့်လောင်၏အမူအရာကို လှည့်ကြည့်လိုက်သော်လည်း သူကတော့ ဖြုံပင်မဖြုံဘဲ ရယ်ချလုမတတ်ပင် ဖြစ်နေချေသည်။

ပိုက်ဆံ၁၈သန်းက အလကားဖြစ်သွားသည့််တိုင် ကျန်းမုန့်လောင်ကတော့ ဘာတုံ့ပြန်မှုမှမပြုချေ။

"ဒီသေမျိုးတွေကတော့.. ငါ့အတွက် ပိုက်ဆံသုံးရတယ်ဆိုတာက လုပ်ငန်းတာဝန်တစ်ခုမှန်း ဘယ်လိုလုပ်သိနိုင်မှာလဲ"

တချို့ကမူ ကျန်းမုန့်လောင်ကို ဦးနှောက်မရှိသူဟုသာ ထင်ချင်ထင်ကြပေလိမ့်မည်။ သိုသော် သူ့လုပ်ရပ်များ၏နောက်ကွယ်ရှိ သဘောတရားကိုမူ သူတို့ ဘယ်လိုလုပ်သိနိုင်မည်တဲ့လဲ။

"တန်ဖိုးမရှိတဲ့အရိုင်းတုံးပဲ"

"နောက်ထပ်တန်ဖိုးမရှိတဲ့အရိုင်းတုံးပဲ"

အရိုင်းတုံးတစ်ခုပြီးတစ်ခု ခွဲခြမ်းစိတ်ဖြာပြီးသွားပြီဖြစ်ရာ အမှုန်များနှင့် အကျိုးအပဲ့အပျက်အစီးများက ကြမ်းပြင်ပေါ်၌ စုပုံနေချေသည်။ ဝန်ထမ်းများကလည်း ထိုကျောက်အပိုင်းအစများကို တွန်းလှည်းများဖြင့် စတင်ရှင်းလင်းလေတော့သည်။

စုစုပေါင်းအရိုင်းတုံးအတုံး၂၀ပြီးသွားသည့်နောက်မှာ ကျောက််စိမ်းကား လားလားမျှပင် ထွက်မလာသလို အစိမ်းရောင်အစအနလေးမျှပင် မမြင်ရပေ။

"ကျန်းမုန့်လောင်.. မင်းရဲ့ကံကောင်းမှုကတော့ သွားရှာလေပြီပဲ"

ဝမ်လင်က ပြဿနာကို မီးမွှေးသည့်အနေနှင့် ပြောလိုက်သည်။

"မင်း အဲ့ဒီစကားကို ပြန်ပြောလိုက်စမ်း"

ကျန်းမုန့်လောင်က ဝမ်လင်ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်သည်။

"ယုံချင်ယုံ မယုံချင်နေ။ ငါ မင်းမိသားစုရဲ့ဝမ်တာ့ကုမ္ပဏီကိုဝယ်ပစ်ပြီး မင်းကို အဲဒီနေရာမှာတင် အလုပ်ဖြုတ်ပစ်မှာနော်"

"ဝိုး.. မင်းက ရက်စက်လိုက်တာ"

ဝမ်လင်က ကျန်းမုန့်လောင် စနောက်နေမှန်းသိသော်လည်း သူ့မှာ ထိုသို့လုပ်နိုင်စွမ်းရှိကြောင်းကိုမူ ကောင်းကောင်းသိထားသည်။

"အစိမ်းရောင်ထွက်လာပြီ။ အစိမ်းရောင်ထွက်လာပြီ"

ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့ အချင်းချင်းစနောက်နေကြချိန်မှာပင် အားပေးသံတစ်သံက လူအုပ်ထဲမှ ထွက်ပေါ်လာသည်။

ကျောက်စိမ်းတွေ့နိုင်ခြေအလားအလာကို တွက်ဆကြည့်ပါက အရိုင်းတုံးအတုံးနှစ်ဆယ်ထဲမှ တစ်တုံးထွက်လာခြင်းမျိုးမှာ လက်ခံနိုင်ဖွယ်ရာရှိသော်ငြား ကျောက်စိမ်းက ဘယ်လောက်ကြီးမလဲဆိုသည်ကို မမြင်ရသေးပေ။

"အဲ့ဒါက ရေခဲကျောက်အမျိုးအစားပဲ။ အရောင်က တော်တော်လှတယ်"

"ကျောက်စိမ်းက ဘယ်လောက်ကြီးမလဲသိချင်လှပြီ"

"တော်တော်ကြီးမဲ့ပုံပဲ"

ဝန်ထမ်းများ၏လှုပ်ရှားမှုကလည်း ပိုမိုသတိထားလျက် ပိုမိုနှေးကွေးလာလေသည်။ အညစ်အကြေးနောက်ဆုံးအလွှာကို ဖယ်ထုတ်လိုက်သည့်အခါ ကျောက်စိမ်း၏အသွင်အပြင်တစ်ခုလုံး ရုပ်လုံးပေါ်လာလေတော့သည်။

"ဒီတစ်ခေါက်တော့ ငါတို့ ပွပေါက်တိုးတာပဲ"

"ဒါက အနည်းဆုံးတစ်ဆယ်ကီလိုဂရမ်လောက်တော့လေးမှာပဲ ဟုတ်တယ်မလား"

"ဒီလိုပုံစံမျိုး ဒီလိုအရည်အသွေးမျိုးနဲ့သာဆိုရင် သန်းရှစ်ဆယ်အောက်တော့မလျော့ဘူး"

"အဲ့ဒီတော့ရော ဘာအကျိုးရှိမှာလဲ။ အဲ့ဒီအရိုင်းတုံးအတုံးနှစ်ဆယ်ရဲ့တန်ဖိုးကတင် သန်းရာဂဏန်းကျော်တယ်လေ။ ဒီသန်းရှစ်ဆယ်ကို ပြန်ရခဲ့ရင်တောင် အဲ့ဒါက ရေပုံးထဲကိုကျတဲ့ ရေတစ်စက်သာသာပဲရှိမှာ။ သူတော့ ဒီနေ့ သေချာပေါက်အရှုံးပေါ်မှာပဲ"

"လူငယ်လေး.. မင်း ဒီကျောက်စိမ်းကို ငါ့ကိုရောင်းပါ့လား"

ထိုအချိန်မှာပင် တုတ်ခိုင်သန်မာသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က အနားကိုလျှောက်လာလေသည်။

"တောင်းပန်ပါတယ်။ ကျွန်တော် ဒီကျောက်စိမ်းကို ရောင်းဖို့မရည်ရွယ်ထားပါဘူး

ကျန်းမုန့်လောင်က ချက်ချင်းပင် ခေါင်းခါယမ်းလိုက်သည်။

လာနောက်နေတာမလား။ သူ့အနေနှင့် သန်းတစ်ရာလောက်သုံးဖို့အတွက်ပင် လွယ်ကူလှသည်မဟုတ်။ သူသာ ဤကျောက်စိမ်းကိုရောင်းလိုက်ပါက နောက်ထပ်သန်းတစ်ရာထပ်သုံးနေရပေဦးမည်ဖြစ်၏။ ရူးနေသူမှသာလျှင် ရောင်းပေလိမ့်မည်။

"လူငယ်လေး.. ငါ့ကို အလျင်စလိုမငြင်းလိုက်ပါနဲ့။ ဒီမှာ ငါ့ရဲ့လုပ်ငန်းကတ်ပြားပါ"

သက်လတ်ပိုင်းအရွယ်အမျိုးသားကြီးက ရွှေရောင်ဖောင်းကြွကတ်တစ်ခုကို လှမ်းပေးလာသည်။

"ယီရွေးရတနာကုမ္ပဏီရဲ့ဥက္ကဋ္ဌ ယွမ်မုယဲ့"

"ဘုရားရေ... အဲ့ဒါက တကယ်ကြီး ယီရွေးရတနာကုမ္ပဏီရဲ့ဥက္ကဋ္ဌကြီးကိုး။ သူ လူကိုယ်တိုင်ရောက်လာတာဟ"

"အမလေး ငါတော့ အံ့ဩနေမိပြီ။ ယီရွေးရတနာကုမ္ပဏီက ငါတို့နိုင်ငံထဲက ထိပ်ဆုံးလုပ်ငန်းငါးခုထဲကတစ်ခုမလား"

"ဒီကျောက်စိမ်းတုံးလေးကိုဝယ်နိုင်တဲ့ ယုံကြည်မှုမျိုးရှိနေတာ မထူးဆန်းတော့ပါဘူး"

ပတ်ပတ်လည်ရှိလူများမှာ ထိုသက်လတ်ပိုင်းအရွယ်အမျိုးသား၏ သရုပ်မှန်ကို ခပ်မြန်မြန်သတိပြုမိသွားကြသည်။

"အခုလေးတင်ပဲ လူတစ်ယောက်က သန်းရှစ်ဆယ်လို့ ဈေးခေါ်တာကို ငါကြားလိုက်တယ်။ လူငယ်လေး.. အဲ့ဒီဈေးနှုန်းက နိမ့်တယ်လို့ထင်ရင် ငါ သန်းကိုးဆယ်အထိ တိုးပေးနိုင်တယ်"

ချက်ချင်းဆိုသလို ပတ်ပတ်လည်မှ အံ့အားသင့်ဟန် တီးတိုးသံများ သံပြိုင်ထွက်ပေါ်လာလေသည်။ ဤသည်မှာ ဆယ်သန်းကို တစ်ချီတည်းနှင့်တိုးပေးလိုက်ခြင်းဖြစ်သည်။ ယခုလိုလုပ်ရပ်မျိုးမှာ ထိပ်တန်းအဆင့်ကုမ္ပဏီပိုင်ရှင်များသာ အေးအေးလူလူလုပ်နိုင်လေသည်။

"တောင်းပန်ပါတယ်။ တစ်ဘီလီယံပေးရင်တောင် ကျွန်တော်မရောင်းပါဘူး"

ကျန်းမုန့်လောင်က ယဉ်ယဉ်ကျေးကျေးပြောလိုက်လေသည်။

"ကျွန်တော်က ဒီကျောက်စိမ်းလောင်းကစားဝိုင်းကို ပိုက်ဆံရှာဖို့ ရောက်လာတဲ့ပုံပေါက်နေလို့လား"

လူတိုင်း ခေါင်းခါယမ်းလိုက်ကြသည်။ မတိုင်မီက ကျန်းမုန့်လောင်၏လုပ်ရပ်ကို အားလုံးနီးပါး မြင်တွေ့ထားကြပြီးဖြစ်၏။ သူက ဤနေရာကို ကျောက်စိမ်းလောင်းကစားလုပ်ဖို့ ရောက်လာခြင်းမဟုတ်သလို ပစ္စည်းစုဖို့အတွက် ရောက်လာခြင်းလည်းမဟုတ်ပေ။ သူက ပိုက်ဆံဖြုန်းရုံသက်သက် ရောက်လာခြင်းသာ။

"ဒီနေ့ ဒီကိုရောက်လာတာက ကျွန်တော် ဘယ်လောက်ကံကောင်းသလဲဆိုတာကို သိချင်တာရယ်၊ ဆရာသုံးယောက်ရဲ့ ကျောက်စိမ်းအကဲဖြတ်ပညာကို တွေ့ကြုံခံစားကြည့်ချင်တာရယ်ကြောင့်ပါ။ ပိုက်ဆံအတွက်ကတော့ ကျွန်တော် လုံးဝဂရုမစိုက်ပါဘူး"

ကျန်းမုန့်လောင်က အပြုံးတစ်ပွင့်ဆင်မြန်းရင်း ပြောလိုက်လေသည်။

"ဒါက ကျွန်တော်ရဖူးတဲ့ ပထမဆုံးကျောက်စိမ်းဆိုတော့ ဒါကို တစ်ခုခုပေါ်မှာခင်းကျင်းပြီး ကျွန်တော့်စာကြည့်ခန်းထဲမှာ အမှတ်တရပစ္စည်းအနေနဲ့ သိမ်းထားဖို့ စီစဉ်ထားတယ်"

"ဒါက.."

သက်လတ်ပိုင်းအရွယ်အမျိုးသားကြီးမှာ ပြောစရာစကားရှာမရတော့ချေ။ သူ့ဘဝတွင် ပိုက်ဆံမလိုချင်သောလူတစ်ယောက်ကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။

"ကဲ အဲ့လိုဆိုရင်လည်း ထပ်မတိုက်တွန်းတော့ပါဘူး"

ယခုလိုကျောက်စိမ်းအရွယ်အစားမျိုးက မြင်ရခဲလှသောကြောင့် သူ့စိတ်ထဲမှာ အလွန်နောင်တရနေမိသည်။

ကျောက်စိမ်းဖြတ်တောက်ရေးလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး သိပ်မကြာခင်မှာပင် အရိုင်းတုံးနှစ်ရာကျော်ထဲမှ တစ်ဒါဇင်ခန့်သာ ကျန်ရှိတော့သည်။ ဤအတောအတွင်း ကျောက်စိမ်းများ ထပ်ရှာတွေ့ခဲ့သော်လည်း တစ်ခုကမှ ထိုကျောက်စိမ်းတုံးလောက် အရွယ်အစားမကြီးသလို အရည်အသွေးလည်းမကောင်းကြပေ။

နောက်ဆုံးမှာတော့ တစ်မီတာရှည်သော အရိုင်းတုံးအကြီးကြီးကို စက်ပေါ်သို့ မတင်လိုက်ကြသည်။ ဤသည်မှာ ကျန်းမုန့်လောင်ဝယ်ခဲ့သည့်အထဲတွင် အကြီးဆုံးအရိုင်းတုံးဖြစ်ပြီး ၁.၈တန်လေးသည်။ ထိုအတွက်လည်း သူ ၆၂သန်းသုံးခဲ့ရသည်။ သို့သော် ဆရာသုံးယောက်ကတော့ ဤကျောက်အရိုင်းတုံးထဲတွင် ဘာကျောက်စိမ်းမှမရှိကြောင်း ကြေညာထားပြီးဖြစ်၏။

"လူစုခွဲကြတော့။ ဘာမှကြည့်နေစရာမရှိတော့ဘူး"

လူအများစုကလည်း အတော်အတန်ကြာအောင် စောင့်ကြည့်ပြီးနောက်မှာ သိချင်စိတ်တို့ လျော့ကျသွားခဲ့သည်။

"ခဏနေပါဦး"

"မဟုတ်ဘူး။ ဒါကြီးက မဖြစ်နိုင်ဘူး"

"ဒါက တကယ်ကြီးကို တော်ဝင်ခရမ်းရောင်ပဲ"

"ဘုရားရေ.. ဆရာသုံးယောက်က တကယ်ကြီးအမှားလုပ်ခဲ့မိကြတာပဲ"

…….

All Chapters