မိတ်ဆွေဖွဲ့တဲ့အနေနဲ့ ဒါကို ခင်ဗျားကိုပေးမယ်
Vol. 4 Ch. 48
"ဒါကြီးက မဖြစ်နိုင်တာ"
ပွဲကြည့်သူများသာမက ဆရာသုံးယောက်ကိုယ်တိုင်ပင် အံ့ဩထိတ်လန့်ဟန်အမူအရာများ ပြသလာကြသည်။
ထိုအရိုင်းတုံးက ကျောက်စိမ်းမပါဝင်နိုင်ခြေ တစ်ရာရာခိုင်နှုန်းလောက် သေချာနေပြီး သူတို့သုံးယောက်လုံးလည်း ထိုအချက်ကို သဘောတူကြသည်။ ယုတ္တိရှိရှိပြောရပါလျှင် ယခုလိုကိစ္စမျိုးက ဖြစ်မလာသင့်ပေ။
"ဟီးဟီးဟီး.. ကြည့်ရတာတော့ ငါ အမှတ်အသားကိုသတိမမူမိလိုက်ပုံပဲ"
ဆရာယွီကတော့ ထိုကိစ္စကို တအုံနွေးနွေးဖြစ်မနေချေ။ သူ့လုပ်ငန်းနယ်ပယ်တွင် သဘောထားကြီးတတ်ဖို့ကလည်း အရေးကြီးဆုံးပင်။
"တော်ဝင်ခရမ်းရောင်တဲ့။ ဒီလိုအရောင်မျိုးနဲ့အရည်အသွေးကတော့ အရမ်းရှားတာ"
"ဆက်ဖြတ်လိုက်စမ်းပါ။ ဒီတစ်ခုက အခုလေးတင်မြင်ထားတဲ့ ရေခဲကျောက်စိမ်းထက်တောင် ပိုကြီးနိုင်လောက်တယ်"
"ဒါက တကယ့်ရတနာအစစ်ပဲ။ ကျောက်စိမ်းလောင်းကစားလောကမှာ ဒီလိုကောင်းမွန်လှတဲ့ကျောက်စိမ်းမျိုး မမြင်ရတာ ကြာလှနေပြီ"
"ဓာတ်ပုံရိုက်ထားကြ။ ဗီဒီယိုရိုက်ထားကြဦး"
လူစုကွဲတော့မည့်ဆဲဆဲမှာပင် လူတိုင်းက တစ်ဖန်ဝိုင်းအုံလာကြပြန်သည်။ ထိုသတင်းကလည်း တောမီးအလား ပျံ့နှံ့သွားပြီး ခန်းမထဲရှိ လူတိုင်းနီးပါးကို ဆွဲဆောင်လိုက်နိုင်လေရာ ကျောက်အရိုင်းတုံးဖြတ်တောက်ရေးနေရာမှာ အတွင်းရောအပြင်ပါ လူအပြည့်ဖြစ်သွားလေသည်။
"အရမ်းလှတာပဲ"
ကျန်းမုန့်လောင်ကိုယ်တိုင်ပင် ဤကျောက်စိမ်းတုံးက အံ့မခန်းလှပလွန်းကြောင်း ဝန်ခံရပေလိမ့်မည်။ သူသာ အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့ပါက ရူးသွပ်သွားနိုင်လောက်သည်။
ဝမ်လင်ကတော့ သွားရည်တမြားမြားဖြစ်လုမတတ်ပင်။
"ငါတို့ ချမ်းသာတော့မယ် ကျန်းမုန့်လောင်။ မင်းကတော့ ဒီနေ့လည်း အပီအပြင်အောင်မြင်ခဲ့တာပဲ"
ဝမ်လင်က မနာလိုအားကျစွာဖြင့် ပြောလိုက်လေသည်။
ဤတော်ဝင်ခရမ်းရောင်ပင် မဆိုထားနှင့်။ ရေခဲကျောက်စိမ်းအမျိုးအစားထက် သာလွန်လှသော ကျောက်စိမ်းအမျိုးအစားကတင် ရှားပါးလွန်းသည်။ ထိုကျောက်စိမ်း၏တန်ဖိုးကို ဂရမ်ဖြင့် တိုင်းတာနိုင်သည်။ ယခုလိုကျောက်စိမ်းအကြီးကြီးဆိုပါက ပေါ်ပေါက်လာသည့်အပိုင်းကို အခြေခံကြည့်လိုက်လျှင် တစ်ရာ့ရှစ်ဆယ်ကီလိုဂရမ်လေးသည်ဆိုလျှင်ပင် ဖြစ်နိုင်လိမ့်မည်မဟုတ်။
"သေစမ်း.. ငါက အောင်မြင်အောင်လုပ်ဖို့ ရောက်လာတာမဟုတ်ဘူး။ ဒီကျောက်က တကယ်ပဲတန်ဖိုးရှိတယ်ဆိုရင် ငါ ဒါကို အလေးသွားတဲ့အခါ ခြေထောက်တင်ဖို့အတွက် ငါ့သန့်စင်ခန်းထဲမှာထားမယ်"
"မင်း..သားရဲကောင်ကြီး"
ဝမ်လင်က ကျန်းမုန့်လောင်အား အံတင်းတင်းကြိတ်လျက် ကြည့်လိုက်သည်။ ကျန်းမုန့်လောင်သာလျှင် ဤကဲ့သို့လုပ်နိုင်စွမ်းရှိသည်။
ဤကျောက်စိမ်းက အလွန်တန်ဖိုးကြီးမားလှသည်ဖြစ်ရာ ဤနယ်ပယ်ထဲတွင် ရာစုနှစ်ပေါင်းများစွာ အလုပ်လုပ်လာခဲ့သည့် ဝန်ထမ်းများပင်လျှင် ဤကျောက်စိမ်းကို ယခင်က လုံးဝမမြင်ခဲ့ဖူးပေ။ မည်သူတစ်ဦးတစ်ယောက်ကမှ ဤလုပ်ငန်းစဉ်ကို ကူညီဆောင်ရွက်မပေးနိုင်သော်ငြား အချိန်ကြာပြီးရှုပ်ပွနေသော ကျောက်စိမ်းဖြတ်တောက်ရေးနေရာမှ ထွက်မသွားကြပေ။ အကြောင်းမှာ ယခုလိုမြင်ကွင်းမျိုးမှာ ရာစုနှစ်ပေါင်းများစွာအတွင်း တစ်ကြိမ်ပင် တွေ့ရခဲလှသည့် အခွင့်အရေးတစ်ခုမှန်း သိနေကြသောကြောင့်ပင်။
နောက်ဆုံးမှာတော့ စိတ်ဝင်တစားကြည့်ရှုနေကြသော လူအုပ်ကြီး၏အကြည့်အောက်မှာပင် တော်ဝင်ခရမ်းရောင်ကျောက်စိမ်းက တင့်တယ်မွန်မြတ်လှသည့် အသွင်အလုံးစုံကို ဖော်ထုတ်ပြသလာချေသည်။ ထို့ပြင် အရွယ်အစားကလည်း လူတိုင်းကို အံ့ဩမှင်တက်သွားစေခဲ့သည်။
၎င်းကို အလေးချိန်စက်ပေါ်တင်ဖို့အတွက်ပင် အလုပ်သမားတချို့ အင်အားပူးပေါင်းပြီး မတင်လိုက်ရသည်။
"၁၅၄ကီလိုဂရမ်"
"ဝိုး"
အံ့ဩမှင်တက်လေဟန် ရေရွတ်သံတစ်ခုက လူအုပ်ကြီးထံမှတစ်ဆင့် ပျံ့နှံ့လာလေသည်။
ယခုအချိန်အထိ ကျောက်စိမ်းလောင်းကစားလောကတွင် ပေါ်ပေါက်ခဲ့ဖူးသည့် အကြီးမားဆုံးသောကျောက်စိမ်းမှာ ၁၈၀ကီလိုဂရမ်လေးပြီး အမေရိကန်ဒေါ်လာ၂၀ဘီလီယံဖြင့် ရောင်းချခဲ့သည်ဟု ဝမ်လင်ကပြောပြလေသည်။
ကျန်းမုန့်လောင်၏ကျောက်စိမ်းက အလေးချိန်ပိုနည်းသော်လည်း ထိုကျောက်စိမ်းတုံးမှာ ရေခဲကျောက်စိမ်းဖြစ်ပြီး ဤကျောက်စိမ်းက ထိပ်တန်းအဆင့်တော်ဝင်ခရမ်းရောင်ဖြစ်နေသည်ကိုတော့ မေ့လျော့ထား၍မဖြစ်ပေ။ လုံးဝမတူညီသောအမျိုးအစားနှစ်ခုပင်။
"ဒီမှာရှိတဲ့လူတစ်ယောက်မှ ဒီကျောက်စိမ်းကို ဝယ်နိုင်မှာမဟုတ်ဘူးလို့ထင်တာပဲ"
ထိုခေတ်တုန်းက ၂၀ဘီလီယံဆိုသည်မှာ ယနေ့ခေတ်၏၂၀ဘီလီယံကို မယှဉ်သာပေ။ အဆုံးမှာ ဤကျောက်စိမ်းတုံးကို ဘယ်လောက်ဈေးနှုန်းဖြင့် ရယူသွားမလဲဆိုသည်ကိုပင် ခန့်မှန်းကြည့်၍မရချေ။
"မစ္စတာယွီ..ကျွန်တော်တို့ကို ခန့်မှန်းခြေဈေးနှုန်းလေး တွက်ပေးပါဦး။ ကျွန်တော်တို့ မဝယ်နိုင်ဘူးဆိုပေမဲ့ ဒါက ဘယ်လောက်တန်လဲဆိုတာကိုတော့ သိချင်သေးတယ်လေ"
"ဟီးဟီးဟီး.. ငါ ယွီပင်းချိုးရဲ့ဘဝမှာ ဒီလောက်ကြီးတဲ့တော်ဝင်ခရမ်းရောင်ကျောက်စိမ်းကြီးကို တစ်ခါမှမမြင်ဖူးခဲ့ဘူး"
ဆရာယွီက သူ့မုတ်ဆိတ်ကို တသသလုပ်ရင်း ပြောလာချေသည်။
"ခန့်မှန်းကြည့်ရမယ်ဆိုရင် ဒီကျောက်စိမ်းတုံးရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာဘီလီယံရှစ်ဆယ်ထက်တော့ လျော့မှာမဟုတ်ဘူး"
"ဟင်"
ထိုကိန်းဂဏန်းကိုကြားသောအခါ မည်သူမှ တည်ငြိမ်မနေနိုင်တော့ပေ။ ကျန်းမုန့်လောင်တစ်ယောက် ယနေ့ အရှုံးပေါ်ပြီဟု လူတိုင်းက ထင်ထားခဲ့သော်ငြား ဤကျောက်စိမ်းတုံးကြီးက ရလဒ်ကိုပြောင်းပြန်ဖြစ်အောင်လုပ်ပေးနိုင်ခဲ့ပြီး ဘီလီယံပေါင်းများစွာ အမြတ်တင်အောင်ပင် လုပ်ပေးနိုင်ခဲ့သည်။
"ဟေး ဝမ်.. ငါ့အထင်တော့ ငါသာ ဒီလောင်းကြေးမှာနိုင်ခဲ့ရင် ဒီကျောက်တုံးတွေကိုစားပြမယ်ဆိုပြီး တစ်ယောက်ယောက်ကများ ပြောခဲ့သလားလို့"
ကျန်းမုန့်လောင်က တစ်မူထူးသောလေသံဖြင့် ပြောလိုက်သည်။
"အဲဒီလောက်တောင်သတ္တိရှိနေတာ ဘယ်သူလဲ။ ဒါက သက်သက် ကပ်ဖားရပ်ဖားလုပ်တာမဟုတ်ဘူးလား"
ဝမ်လင်က ထိုကဲ့သို့သောအဆိုပြုချက်မျိုးကို မပြောခဲ့ဖူးသည့်အလား ဟန်ဆောင်နေချေသည်။
"မင်း ဒီကျောက်စိမ်းတုံးကို ဘာလုပ်ဖို့စီစဉ်ထားလဲ"
ဝမ်လင်က မေးကြည့်လိုက်သည်။
"မင်း တကယ်ပဲ ဒါကို ခြေတင်ခုံအဖြစ် သုံးမလို့လား။ ငါ စိတ်မကောင်းတောင်ဖြစ်နေမိပြီ"
"စဉ်းစားကြည့်ရအောင်.."
သေချာတာတစ်ခုကတော့ ဤကျောက်စိမ်းတုံးကို ကျန်းမုန့်လောင် ရောင်းလိမ့်မည်မဟုတ်။ ရောင်းခဲ့လျှင်လည်း အမေရိကန်ဒေါ်လာဘီလီယံနှင့်ချီပြီး သူ့အကောင့်ထဲသို့ ရောက်လာလိမ့်မည်ဖြစ်ရာ ယနေ့ သူကြိုးစားထားသမျှ အလကားဖြစ်သွားပေလိမ့်မည်။
"မစ္စတာယွမ်"
ကျန်းမုန့်လောင်က မလှမ်းမကမ်းရှိ ယွမ်မုယဲ့ကို လှမ်းခေါ်လိုက်သည်။
"ခင်ဗျာ ဒီကျောက်စိမ်းအရိုင်းတုံးကို စိတ်ဝင်စားလား"
ဘယ်သူက စိတ်မဝင်စားဘဲနေမှာလဲ။ ဤအရာကိုသာ ကောင်းကောင်းမွန်မွန်ကိုင်တွယ်လိုက်ပါက ရတနာဆိုင်၏ ရတနာတစ်ပါး ဖြစ်လာဖို့ဆိုတာအသာထား။ ဘိုးဘွားပိုင်ရတနာတစ်ခုအဖြစ်ပင် မျိုးဆက်အဆင့်ဆင့်လက်ဆင့်ကမ်းသွားနိုင်သည့်အပြင် ပြတိုက်ကိုသာ ပို့လိုက်ပါက နိုင်ငံ့ရတနာတစ်ခုအဖြစ် သတ်မှတ်ခံရမည်ဖြစ်၏။
သို့သော် အမေရိကန်ဒေါ်လာ၈၀ဘီလီယံဆိုသည်မှာ ကြမ်းခင်းဈေးမျှသာဖြစ်သည်။ မည်သူကများ ဝယ်ယူနိုင်မည်တဲ့လဲ။ ယွမ်မုယဲ့ပင် မဝယ်နိုင်ပေ။
သူ့ကုမ္ပဏီဟာ ဘီလီယံရှစ်ဆယ်ကျော် တန်ဖိုးရှိသော်လည်း အများစုမှာ ပုံသေပိုင်ဆိုင်မှုများ ပါဝင်သည်။ သူ့မှာ ငွေသားဆယ်ဘီလီယံပင် မရှိပေ။ အကယ်၍ ရအောင်စုစည်းနိုင်လျှင်တောင် အစုရှယ်ယာရှင်တစ်စုထံမှ သဘောတူညီမှုတောင်းခံဖို့ လိုအပ်လိမ့်မည်။ သူ့အနေနှင့် စင်စစ်ဆန္ဒရှိသော်ငြား လုပ်နိုင်စွမ်းတော့ မရှိပေ။
"လူငယ်လေး..ငါတစ်ယောက်တည်းတင် မဟုတ်ဘူး။ ဒီနေရာတစ်ခုလုံးမှာရှိတဲ့ လူတိုင်းကိုပါ ထည့်ပေါင်းလိုက်ရင်တောင် ဒီလောက်များတဲ့ပိုက်ဆံကို စုနိုင်မှာမဟုတ်ဘူး"
ယွမ်မုယဲ့က အပြုံးလေးဖြင့် ပြောလိုက်သည်။ တကယ်တမ်းတွင် အချိန်အတိုင်းအတာတစ်ခု ထပ်ပေးပါက ဘီလီယံရှစ်ဆယ်ကို စုဆောင်းနိုင်ဖို့ သူ့တွင် အခွင့်အလမ်းရှိနိုင်လောက်ပေသည်။
"ကျွန်တော် ခင်ဗျားကို ရောင်းချင်တယ်လို့ မပြောခဲ့မိပါဘူး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ကျွန်တော်က မိတ်ဆွေဖွဲ့ရတာကို သဘောကျတဲ့လူတစ်ယောက်ပါ။ ခင်ဗျားရဲ့စတိုင်လ်ကိုလည်း ကျွန်တော်သဘောကျတယ်။ ဒီတော့ အဲ့ဒီကျောက်စိမ်းကို ခင်ဗျားကိုပေးမယ်"
"ဘာ"
"ကျန်းမုန့်လောင်.. မင်းရူးနေလား။ မင်း ငါ့ကိုသာ အလကားပေးလိုက်။ ငါယူမယ်"
ဝမ်လင်ဟာ ချက်ချင်းဆိုသလို ပူပန်သောကရောက်သွားရသည်။
အခြားသူများကတော့ သူ့အား ငတုံးငအတစ်ယောက်အလား ကြည့်နေကြသည်။ ဤသည်မှာ ဘီလီယံရှစ်ဆယ်တန်သည့် ကျောက်စိမ်းဖြစ်သည်။ သူကတော့ သူစိမ်းတစ်ယောက်ကို ပေါက်ကရနိုင်လှသည့် အကြောင်းပြချက်တစ်ခုဖြင့် ပေးနေသည်တဲ့လား။
"ဒါပေမဲ့ ကျွန်တော့်မှာ အပေးအယူတစ်ခုတော့ရှိတယ်"
ကျန်းမုန့်လောင် ထပ်ဖြည့်ပြောလိုက်သည်။
"မစ္စတာယွမ်.. ခင်ဗျားရဲ့ကုမ္ပဏီက အကြီးကြီးဆိုတော့ ခင်ဗျားမှာ တကယ်တော်တဲ့ လက်မှုပညာရှင်တွေနဲ့ ဒီဇိုင်နာတွေ ရှိတယ်မလား"
ယွမ်မုယဲ့ခမျာ အစောပိုင်းက အံ့အားသင့်မှုကြောင့် ထိတ်လန့်နေဆဲဖြစ်ပြီး သူ့မျက်နှာထက်ရှိ အံ့သြမှင်တက်နေသော အမူအရာကိုပင် သတိမထားမိခဲ့ပေ။
"မစ္စတာယွမ်.. မစ္စတာယွမ်"
"အိုး အိုး အိုး"
ယွမ်မုယဲ့က နောက်ဆုံးမှာတော့ ပြန်ဖြေလာခဲ့သည်။
"ကျွန်တော့်ကုမ္ပဏီက မစ္စတာကျန်းရဲ့ကုမ္ပဏီလောက် မကြီးပေမဲ့ ကျွန်တော့်ရဲ့ဒီဇိုင်နာတွေကတော့ ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ နာမည်ကြီးကြတဲ့လူတွေပါ။ လုံးဝကမ္ဘာ့အဆင့်မီပါပဲ"
"ဒီလိုလုပ်ရင်ရော ဘယ်လိုသဘောရလဲ မစ္စတာယွမ်... ဒီကျောက်စိမ်းတုံးကို တစ်ဝက်ခွဲပြီး ကျွန်တော့်အတွက် လက်ဝတ်ရတနာတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေလုပ်ပေး။ ကျန်တဲ့တစ်ဝက်ကိုတော့ လက်ခအဖြစ် ယူထားလိုက်ပေါ့။ ဘယ်လိုသဘောရလဲ"
"တကယ်ကြီးလား"
ယွမ်မုယဲ့ခမျာ အသက်ရှူသံပင် မြန်ဆန်သွားရသည်။ မိုးလောက်မြင့်သော ကျောက်စိမ်းဈေးနှုန်းနှင့်ယှဉ်ပါက လက်ခတန်ဖိုးမှာ မပြောပလောက်ပေ။ သို့ဖြစ်လေရာ ထိုကျောက်စိမ်းတစ်ဝက်မှာ အလကားရလိုက်သည့်အတိုင်းပင်။
"ကျောက်စိမ်းတုံးကို ခင်ဗျား အခုယူသွားလို့ရပြီ။ ဒါပေမဲ့ ကျွန်တော်လိုချင်တဲ့ပစ္စည်းတွေကိုတော့ တစ်ပတ်အတွင်း ရချင်တယ်။ ခင်ဗျား လုပ်ပေးနိုင်လား။ အိုး.. ပြီးတော့ အဲ့ဒီရေခဲကျောက်စိမ်းကိုတော့ Ultramanရုပ်တုလေး ထွင်းပေးပါ့လား။ အဲ့ဒါကိုတော့ အချိန်ပိုယူလို့ရပါတယ်။ မလောပါဘူး"
"ဒါက ဘယ်လိုပေါက်ကရဆန်လိုက်တဲ့ တောင်းဆိုမှုမျိုးလဲ"
ဝမ်လင်ခမျာ ရုတ်ခြည်းဆိုသလို မျက်နှာကို ကာထားလိုက်မိသည်။ လူအများကြီးရှေ့မှာ Ultramanရုပ်တုထွင်းပေးဖို့ တောင်းဆိုနေခြင်းမှာ အလွန်ရှက်စရာကောင်းလှသည်။
"ဟုတ်ကဲ့။ တစ်ပတ်ဆိုတဲ့အချိန်က အရမ်းပြင်းထန်လွန်းတယ်။ ဒီလိုရတနာတစ်ခုအတွက် တစ်လလောက်မြန်မြန်ဆန်ဆန်လုပ်ရတာက မထူးဆန်းပါဘူး။ ဒါပေမဲ့ ယွမ်မုယဲ့ရဲ့ကုမ္ပဏီမှာ အကောင်းဆုံးလက်မှုပညာသည်တွေနဲ့ ထိပ်တန်းအဆင့်ပစ္စည်းကိရိယာတွေ ရှိတာကြောင့် နေ့ရောညပါအလုပ်လုပ်မယ်ဆိုရင် တစ်ပတ်ဆိုတာ မတွေးနိုင်လောက်အောင်ပါပဲ"
"ဒါဆိုလည်း အဲ့လိုလုပ်လိုက်ပါ"
ကျန်းမုန့်လောင်က ထိုသို့ပြောပြီးနောက် နောက်ပြန်လှည့်မကြည့်ပါဘဲ ထွက်ခွာသွားလေတော့သည်။
"ကျန်းမုန့်လောင်.. မင်း ယွမ်မုယဲ့ကိုသိလို့လား"
ဝမ်လင်က သူ့နောက်ကို သုတ်သီးသုတ်ပျာလိုက်လာပြီး သိလိုစိတ်ပြင်းပြစွာ မေးလေသည်။ သူ ကျန်းမုန့်လောင်ကို နားလည်ထားသလောက်ဆိုလျှင် သူက အကြောင်းပြချက်မရှိဘဲ ယခုလိုကိစ္စမျိုးကို လုပ်မည်မဟုတ်။
"ဟင့်အင်း"
ကျန်းမုန့်လောင်က ခေါင်းခါပြလိုက်သည်။
"ဒါဆို မင်း..."
"ငါ ပိုက်ဆံထပ်မရှာချင်တော့ဘူး။ ပြီးတော့ သူ့ကိုလည်း တော်တော်သဘောကျတယ်"
"ဒါဆို ငါ့ကိုပေးလေ။ သူလုပ်နိုင်တာမှန်သမျှ ငါလည်း လုပ်ပေးနိုင်တယ်"
"ငါ မင်းရဲ့စတိုင်လ်ကို သဘောမကျဘူး"
ကျန်းမုန့်လောင်က ဝမ်လင်ကို အထင်သေးစက်ဆုပ်ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။
"မင်း အဲ့ဒီကျောက်တုံးတွေကို စားမပြမချင်းပေါ့"
"မင်းရဲ့ဝက်အရေခွံကို စားပြမယ်"
........