← Chapters

ယွမ်တစ်ထောင်နဲ့ ကစားမလား။ မကစားဘူးလား

Vol. 4 Ch. 49

ယွမ်တစ်ထောင်နဲ့ ကစားမလား။ မကစားဘူးလား

Vol. 4 Ch. 49

"မုန့်လောင်..မင်းရဲ့ဘွဲ့ကြိုစာတမ်းကို ငါ ပြန်စစ်ဆေးပေးထားပြီးပြီနော်။ အဲ့ဒါကြောင့် မင်း ကျောင်းမလာချင်ရင်လည်း လာစရာမလိုတော့ဘူး။ အချိန်ကျလာတဲ့အခါမှ ဘွဲ့နှင်းသဘင်အခမ်းအနားကိုလာရုံပဲ"

"နားလည်ပါပြီ စီနီယာ။ စီနီယာကတစ်ဆင့် တခြားစီနီယာတွေကိုပါ ကျေးဇူးတင်တယ်လို့ပြောပေးပါဦး။ အဲ့ဒီအချိန်ကျရင် အကုန်လုံးကို ကျွန်တော် တစ်ဝိုင်းပြုစုပါ့မယ်"

တစ်လခွဲအတွင်းမှာပင် ကျန်းမုန့်လောင်ဟာ အခြားလူများ သုံးလေးလအတွင်း မပြီးနိုင်လောက်သည့် ဘွဲ့စာတမ်းကို ပြီးစီးသွားခဲ့လေသည်။ ထို့ပြင် ဒေတာဇယားများနှင့် စကားလုံးတိုင်းကိုလည်း ဂရုတစိုက်စိစစ်ထားသည်။ ဤသည်မှာ ဘွဲ့ကြိုစာတမ်းများအကြား လုံးဝကွက်တိကျသော စံပုံစံတစ်ခုပင်။

"ဟားဟား..ဂျူနီယာညီလေးရေ။ မင်းကတော့ အရမ်းယဉ်ကျေးလွန်းနေပါပြီ။ မင်းကြောင့်သာမဟုတ်ရင် ငါတို့လည်း အခုလိုချမ်းသာကြွယ်ဝတဲ့ဘဝမျိုးနဲ့ နေနိုင်မှာမဟုတ်ဘူးလေ"

ကျူးမုန့်ချောင်က လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။

"မင်းသိလား။ ဒီနှစ်မှာ ငါတို့သုတေသနအဖွဲ့ကို ကြိုတင်စာရင်းသွင်းထားတဲ့ ကျောင်းသားအရေအတွက်က စုစုပေါင်းတစ်ရာကျော်သွားပြီ။ ငါတို့ဌာနတစ်ခုလုံးမှာ တစ်နှစ်ကို ကျောင်းသားအယောက်၁၂၀ကပဲ စာရင်းသွင်းကြတာလေ။ အဲ့ဒါက ဒီသတင်းမပျံ့ခင်ကပေါ့"

ကျန်းမုန့်လောင်က ဆရာဟန်၏ သုတေသနအဖွဲ့အတွင်း တရားဝင်တွေ့ဆုံမေးမြန်းသည့်နေ့ရောက်လျှင် ဘယ်လောက်တောင် အလုပ်ရှုပ်လိုက်လေမလဲဆိုသည်ကိုပါ မြင်ယောင်လိုက်မိသည်။

"ကောင်းပြီလေ။ ငါ မင်းကိုမနှောင့်ယှက်တော့ဘူး။ ငါတို့ လက်တွေ့စမ်းသပ်မှုတွေ လုပ်ရဦးမယ်။ သုတေသနအဖွဲ့ကို အချိန်မရွေးလာလည်လို့ရတယ်ဆိုတာ မမေ့နဲ့နော်"

"သေချာတာပေါ့"

ကျန်းမုန့်လောင်က ဖုန်းချလိုက်ပြီး သူ့ဘေးရှိ လက်ရာမြောက်ထုပ်ပိုးထားသည့် သေတ္တာသေးသေးလေးကို ကောက်ယူလိုက်သည်။

သေတ္တာထဲမှာ ခရမ်းရောင်ကျောက်စိမ်းလက်ပတ်ကြိုးတစ်ကွင်းရှိပြီး နေရောင်အောက်မှာ အလွန်တရာလှပပြီး ခရမ်းရောင်တလက်လက်တောက်ပနေချေသည်။

ဤအရာများကို မနက်အစောပိုင်းက ယွမ်မုယဲ့ ပို့ပေးခဲ့ခြင်းပင်။ ဧရာမဧကရာဇ်ခရမ်းရောင်ကျောက်စိမ်းအရိုင်းတုံးကြီးကို လက်ဝတ်ရတနာလည်ဆွဲအမြောက်အများ ဖန်တီးခဲ့သည်။ ရှေးဟောင်းဆန်သော်ငြား ကျောက်စိမ်းအသုံးအဆောင်ပစ္စည်းများကို ခေတ်နောက်ကျသည်ဟု ယူဆကြသော်ငြား...

ယွမ်မုယဲ့၏ကုမ္ပဏီရှိ ဒီဇိုင်နာများနှင့် လက်မှုပညာရှင်များဟာ စင်စစ်ထူးခြားလှသည်။ ဤလက်ရာများဟာ တန်ဖိုးကြီးပစ္စည်းများနှင့် ပြည့်နှက်နေရုံသာမက ခေတ်မီပြီးနုပျိုသော ဒြပ်စင်များလည်း ပါဝင်နေကာ အသက်နှစ်ဆယ်အရွယ်များအတွက်ပင် အလွန်ခေတ်မီစေသည်။

ဤလက်ပတ်ကြိုးက ကျန်းမုန့်လောင် သဘောအကျဆုံးအရာဖြစ်ပြီး လက်ပတ်အတွင်းဘက်ရှိ အချင်းမှာ ၁၄စင်တီမီတာဖြစ်ပြီး ညက်ညောစွာအချောသတ်ထားသည့် ကျောက်စိမ်းလုံးများနှင့် တန်ဆာဆင်ထားပြီး အဖိုးတန်ရှားပါးသတ္တုများနှင့်လည်း အလှဆင်ထားသည်။ ဤသည်မှာ အသက်အရွယ်မရွေး၊ ကျားမမရွေး ပထမဆုံးအကြည့်မှာတင် လူတိုင်း၏အာရုံကို ဆွဲဆောင်နိုင်သော လက်ရာမျိုးဖြစ်၏။

ဤလက်ပတ်က ကုန်ကြမ်းပစ္စည်းအမြောက်အများ မသုံးထားသော်လည်း ကျောက်စိမ်းတုံးတစ်ခုလုံး၏ အကောင်းဆုံးအပိုင်းဖြင့် လုပ်ထားခြင်းဖြစ်ကြောင်း ယွမ်မုယဲ့က သူ့ကိုပြောပြလေသည်။ စျေးကွက်မှာတင်ရောင်းလျှင် အနည်းဆုံးသန်းဆယ်ဂဏန်းမျှ ကုန်ကျမည်ဖြစ်၏။

"ဟုန်းရီ ငါ သွားတော့မယ်။ နောက်ရက်ပိုင်းလောက်အတွင်း ဒီနေရာကို မင်းလက်ထဲအပ်ခဲ့မယ်နော်"

ကျန်းမုန့်လောင်က သူ့အိတ်ထဲသို့ သေတ္တာငယ်လေးကိုထည့်ပြီး အခန်းထဲကထွက်လာရင်း ပြောလိုက်သည်။

"မစ္စတာကျန်း..စိတ်ချပါ။ ကျွန်မ ဒီကကိစ္စအဝဝကို ကိုင်တွယ်ပေးထားပါ့မယ်။ ကူစူးမြို့မှာ ပြဿနာတစ်ခုခုကြုံရရင်လည်း ကျွန်မပေးထားတဲ့နံပါတ်ကိုသာ ဖုန်းဆက်လိုက်ပါ"

"သိပြီ"

"ဒီတစ်ခေါက်တော့ မစ္စတာကျန်း...ရည်းစားကို အိမ်ခေါ်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီအိမ်ကြီးထဲမှာ တစ်ယောက်တည်းနေရတာက တော်တော်လေးလစ်ဟာနေသလိုမျိုး ခံစားရတယ်မလား"

"ဟားဟား..ဒါကို နိမိတ်ကောင်းတစ်ခုလို့ပဲ ယူဆလိုက်ပါ့မယ်"

ကျန်းမုန့်လောင်ခမျာ ပါးစပ်နားရွက်တက်ချိတ်တော့မတတ်ပင်။ နောက်ဆုံးတော့ သူတို့ အကြာကြီးစောင့်မျှော်နေသောနေ့ကို ရောက်ရှိလာလေပြီ။

...

"ကျန်းမုန့်လောင်.. မင်း ဒီနေ့ အိမ်မှာလား။ မင်းဆီကို တော်ဝင်ခရမ်းရောင်ကျောက်စိမ်းနဲ့လုပ်ထားတဲ့ လက်ဝတ်ရတနာတွေ ရောက်လာပြီလို့ကြားတယ်။ ငါ့စတိုင်လ်ကို မြှင့်တင်ဖို့အတွက် မင်းအိမ်ကိုလာလည်ချင်လို့"

ကျန်းမုန့်လောင် သူ့ကားထဲသို့ ဝင်ပြီးပြီးချင်းမှာပင် ဝမ်လင်က မက်ဆေ့ချ်ပို့လာလေသည်။

"သေစမ်း..ဒီကောင်က အစွဲကြီးတဲ့တစ္ဆေတစ်ကောင်လိုမျိုး ဘာလို့တွယ်ကပ်နေရတာလဲ။ သူက လိင်တူနှစ်သက်သူများလား။ ကျန်းမုန့်လောင်က တစ်ကိုယ်တည်း ခပ်တိုးတိုးရေရွတ်လိုက်သည်။ သူ့ကိုတွေ့ပြီးကတည်းက ဝမ်လင်ဟာ တမင်တကာဖြစ်စေ မရည်ရွယ်ဘဲဖြစ်စေ သူ့အား ဆက်တိုက်ဆက်သွယ်နေဟန်တူသော်ငြား သူ့အား ဘာအန္တရာယ်မှပေးမည့် အရိပ်အယောင်မျိုးမမြင်ချေ။

"တောင်းပန်ပါတယ် ဥက္ကဋ္ဌဝမ်ရေ.. ငါ ခဏနေရင် ကူစူးမြို့ကို သွားတော့မှာ။ ငါပြန်လာတဲ့အခါကျမှပဲ မင်းနဲ့လျှောက်လည်တော့မယ်"

"ဘာ.. ကူစူးမြို့ကိုသွားမလို့လား။ မကြာခင် အဲ့ဒီမှာ နိုင်ငံတကာအနုပညာပြပွဲတစ်ခု ကျင်းပမယ်လို့ကြားတယ်။ သူတို့က အကျော်အမော်ဆရာကြီးတွေရဲ့ လက်ရာတွေကို လေလံတင်တော့မှာတဲ့။ မင်း အဲဒီကိုပါသွားပြီး ပိုက်ဆံတွေဖြုန်းမလို့လို့တော့ မပြောနဲ့နော်"

"အိုး.. ဒီလိုပွဲမျိုးရှိတာလား"

ကျန်းမုန့်လောင်က ဤအကြောင်းကို ချက်ချင်းမှတ်ထားလိုက်သည်။

"သတင်းပေးလို့ကျေးဇူးပဲ။ ပြန်လာရင် မင်းကြိုက်တဲ့နေရာမှာ စိတ်ကြိုက်ပြုစုမယ်ကွာ။ ဒါပေမဲ့ မင်းပြောတာတော့မှားတယ်။ ငါ ဒီနေ့ လူတစ်ယောက်နဲ့ သွားတွေ့မလို့"

"ဟေး..မင်းရဲ့လေသံကို နားထောင်ရတာ အရေးကြီးတဲ့လူတစ်ယောက်နဲ့ သွားတွေ့တာပဲဖြစ်ရမယ်နော်"

ဝမ်လင်က ရယ်လိုက်သည်။

"မင်းရဲ့စိတ်ထဲကိုတောင် ဝင်ရောက်နိုင်တဲ့လူတစ်ယောက်ဆိုတော့.. ဆရာကျန်းရေ.. အနည်းဆုံးတော့ လျူယီဖေးလိုမျိုး နတ်သမီးတစ်ပါးအဆင့်လောက်တော့ ဖြစ်မယ်ထင်တယ်"

"အွန်လိုင်းပေါ်က မိန်းကလေးသူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့မှာ။ ဒါပေမဲ့ ငါ သူ့ကို အပြင်မှာမမြင်ဖူးဘူး။ ဒါက ပထမဆုံးအကြိမ်ပဲ"

"ဘာ..အွန်လိုင်းသူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့မှာလား။ ဒါကြီးကတော့ လွန်တာပေါ့။ အွန်လိုင်းသူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့မှာတဲ့လား။ တစ်ဖက်လူက ချောင်းပိလောင် ဖြစ်နေမှာမကြောက်ဘူးလား။ ဝမ်လင်က အန်တီချောင်း၏အီမိုဂျီကိုပင် ပို့လာလေသည်။

"ဓာတ်ပုံရောရှိလား။ အဲ့ဒီဓာတ်ပုံကိုကြည့်ချင်နေတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်"

"ဟင့်အင်း။ သူ့အသံကလွဲရင် တခြားဘာမှသိထားတာမရှိဘူး"

"မင်းကတော့ မင်းပါပဲ"

ဝမ်လင်က လက်မထောင်ပြလိုက်သည်။

"ဒီနေ့ခေတ်မှာ အသံပြောင်းစက်နဲ့ လူတစ်ယောက်ကို"မောင်လေး"လို့ တစ်ချက်ခေါ်လိုက်ရုံနဲ့တင်ပြီးတယ်။ မိန်းမတစ်ယောက်ရဲ့အသံကို မျက်စိစုံမှိတ်ပြီး မယုံလိုက်နဲ့"

"မင်း ဘာမှမသိပါဘူး။ ဒါက စိတ်ဝိညာဉ်ရဲ့ဆက်သွယ်မှုတစ်ခုပဲ။ သူက ချိုးပိလောင်ဆိုရင်တောင် ငါလက်ခံနိုင်တယ်"

"သိပ်စိတ်ဓာတ်ခိုင်မာတာပဲ ကိုယ့်လူ"

ဝမ်လင်က သူ့အား ချီးကျူးလိုက်သည်။

"ငါ့လို သာမန်သေမျိုးတစ်ယောက်က မင်းရဲ့အဆင့်ကို လိုက်မမီပါဘူးကွာ။ အိုး.. တကယ်လို့ တိုင်ကီကြီးဖြစ်နေခဲ့ရင်လည်း ငါ့ကိုအရင်အသိပေးလေ။ မင်းရဲ့တင်ပါးဆုံရိုးမကျိုးရအောင်လို့ ငါ အကောင်းဆုံးအရိုးကုဆေးရုံနဲ့ချိတ်ပေးမယ်"

"လစ်စမ်းပါ"

ကျန်းမုန့်လောင်က အထင်သေးစက်ဆုပ်ဟန် အီမိုဂျီတစ်ခုပို့လိုက်ပြီး ကားမောင်းခြင်းအမှုကိုသာ အာရုံစိုက်လိုက်သည်။

ကျန်းနန်မြို့မှ ကူစူးမြို့အထိ ကီလိုမီတာတစ်ရာကျော်မျှသာ ဝေးသည်။ ကျန်းမုန့်လောင်၏ တိုးတက်လာသော ကားမောင်းကျွမ်းကျင်မှုကြောင့် ကူစူးမြို့ပြဒေသထဲကိုရောက်ဖို့ နှစ်နာရီပင်မကြာလိုကိပေ။

တကယ်တမ်းတွင် မည်သူကမှ သူ့ဘေးမှာ ကပ်မမောင်းရဲခြင်းပင်။ koenigsegg CCVRကားရှေ့တွင် မည်သည့်ကားကမှ လမ်းကြောင်းပြောင်းရဲခြင်း မရှိသောကြောင့်ပင်။ ထိုကားကို ခြစ်ရာတစ်ခုလေး ထင်အောင်လုပ်မိသွားလျှင်တောင် ပြန်လျော်ဖို့အတွက် အိမ်တစ်လုံးစာတန်ဖိုးထက်မက ပိုကုန်ကျနိုင်သောကြောင့်ပင်။

ကားက ကူစူးမြို့ရှိ ဂုဏ်သတင်းအကြီးမားဆုံးတက္ကသိုလ်ဖြစ်သော ကူစူးတက္ကသိုလ်၏ဝင်ပေါက်ရှေ့တွင် ရပ်တန့်လိုက်သည်။ "Starbucks Double Sweet"က ဤနေရာတွင် သူ(မ) ပညာသင်ကြားနေကြောင်းနှင့် ယခုနှစ်တွင် သူ(မ)က မဟာဘွဲ့ပထမနှစ်ကျောင်းသူဖြစ်ကြောင်း ပြောပြထားသည်။

"ဘာဖြစ်တာပါလိမ့်။ အသံခေါ်ဆိုမှုကို မကိုင်တာလား။ တစ်ခုခုဖြစ်နေတာတော့ မဟုတ်လောက်ပါဘူးနော်"

ကျန်းမုန့်လောင် အနည်းငယ်ပူပန်မိသော်ငြား ဤအသံခေါ်ဆိုမှုကလွဲလျှင် သူ့မှာရှိတာဆိုလို့ သူ(မ)၏ WeChat IDသာ ရှိသည်။ သူ(မ) ဘာမေဂျာလဲ၊ ဘယ်အဆောက်အအုံမှာနေသလဲ သို့မဟုတ် starbucks Double Sweet၏ တကယ့်နာမည်အစစ်က ဘာလဲဆိုသည်ကိုပင် သူမသိသေးချေ။

"ဂလု... ဂလု"

ကျန်းမုန့်လောင်က Red bullဘူးတစ်ဝက်ကို မော့သောက်လိုက်ပြီး ကားပေါ်တွင် တင်ထားလိုက်သည်။ ထို့နောက် အသံခေါ်ဆိုမှုကို ထပ်မံလုပ်ဆောင်လိုက်သည်။

တက္ကသိုလ်ဝင်းအတွင်းသို့ ကြည့်ကောင်းလှသော ပြိုင်ကားတစ်စီး ဝင်ရောက်လာခြင်းမှာ လူအုပ်ကို ခပ်မြန်မြန်ဆွဲဆောင်နိုင်ခဲ့ပြီး အချို့ကလည်း ဓာတ်ပုံရိုက်ရန်အတွက် ကင်မရာများကိုပင် ထုတ်လိုက်ကြသည်။ ကျန်းမုန့်လောင်သာ နှာခေါင်းစည်းတပ်မထားခဲ့လျှင် သူ့သရုပ်မှန်က ထိုနေ့ကတည်းက ပေါ်သွားလောက်ပြီဖြစ်၏။

"အချောလေး..တစ်ယောက်ယောက်ကိုရှာနေတာလား"

ကျန်းမုန့်လောင်တစ်ယောက် ကြံရာမရဖြစ်နေခိုက်မှာ ဖက်ရှင်ကျကျဝတ်စားထားသည့် မိန်းကလေးနှစ်ယောက်က သူ့ဆီကို ရောက်လာကြသည်။

သူတို့၏မျက်လုံးအစုံက ကျန်းမုန့်လောင်၏ကားဆီကိုသာ တစ်ချိန်လုံး အကြည့်ရောက်နေလေသည်။

"ဟုတ်တယ်။ လူတစ်ယောက်ကို လိုက်ရှာနေတာ"

ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။

"ကျွန်မတို့ဆိုရင်ရော ဘယ်လိုနေလဲ"

"အာ.. မင်းတို့က ဘယ်လိုနေရမှာလဲ"

ကျန်းမုန့်လောင်မှာ လုံးဝစိတ်ရှုပ်ထွေးသွားရသည်။

"အချောလေး.. ရှင်က ကားထဲမှာတောင် Red Bullထည့်ထားတာကို ကျွန်မတို့ကို ပြန်မေးနေသေးတယ်ပေါ့"

ကောင်မလေးတစ်ယောက်က ရုတ်တရက်ထရယ်လေသည်။

"ရှင့်ကားနဲ့ဆိုရင် ကျွန်မတို့ တစ်ယောက်ကို ယွမ်တစ်ထောင်နဲ့လိုက်မယ်လေ။ အဆင်ပြေလား"

"အဆင်ပြေလားတဲ့"

ကျန်းမုန့်လောင်ခမျာ လုံးဝကြက်သေသေသွားရသည်။ ကားထဲမှာ အရက်သောက်ခြင်းက ဖော်ပြ၍မရနိုင်သော အဓိပ္ပာယ်တစ်ခုကို ဖော်ဆောင်သည်ဟု သူ ကြားထားဖူးသော်ငြား ကောလာဟလများဟုသာ ထင်ထားခဲ့သည်။

အဲ့ဒါက တကယ်များဖြစ်နေမလား။

ဤအချက်ကိုသဘောပေါက်လိုက်သောအခါ သူလည်း မဲ့တဲ့တဲ့မရယ်ဘဲ မနေနိုင်ချေ။

……….

All Chapters