← Chapters

မင်းကိုရှာဖို့အတွက်ဆိုရင် ဘယ်လောက်ပေးရပေးရ တန်ပါတယ်

Vol. 4 Ch. 51

မင်းကိုရှာဖို့အတွက်ဆိုရင် ဘယ်လောက်ပေးရပေးရ တန်ပါတယ်

Vol. 4 Ch. 51

ကူစူးတက္ကသိုလ်ရှိ မိန်းကလေးအဆောင်တစ်ခုအတွင်း၌ မိန်းကလေးတစ်ယောက်က သူ(မ)၏ဖုန်းကို စိုးရိမ်တကြီးစစ်ဆေးနေပုံမှာ ထိုဖုန်းဟာ သူ(မ)၏ဘဝမှာ အရေးအကြီးဆုံးအရာတစ်ခု ဖြစ်နေသည့်အလားပင်။

ထိုမိန်းကလေးမှာ အလွန်အရပ်ရှည်ပြီး ၁၇၀စင်တီမီတာနီးပါးရှိသည်။ သူ(မ)၏ဆံနွယ်များကလည်း ထူထဲရှည်လျားပြီး ခြေထောက်အစုံကလည်း သွယ်လျလေသည်။ မျက်ဝန်းအစုံမှာ လှပသော်လည်း မျက်ဝန်းထဲတွင်မူ ဖော်ပြ၍မစွမ်းသာသော ဝမ်းနည်းမှုအရိပ်အယောင်တစ်ခုကို သယ်ဆောင်ထားသည်။

သူ(မ)၏စားပွဲက သန့်ရှင်းသပ်ရပ်နေပြီး မှန်၊ မိတ်ကပ်သေတ္တာ၊ စာအုပ်များနှင့် ကွန်ပျူတာတို့ကို စနစ်တကျထားထားချေသည်။ စားပွဲဘေးတွင် အနက်ရောင်ဂီတာတစ်လက်ကိုလည်း မှီထားသေးသည်။ ထိုဂီတာသည် သူ(မ)၏သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်ဟန်တူသည်။

"ကျွီ"ဟူသောအသံနှင့်အတူ အဆောင်တံခါးပွင့်လာပြီး အခြားမိန်းကလေးတစ်ယောက်က အထဲသို့ အလောတကြီးဝင်ရောက်လာသည်။

"ရီရီ.. နင် ဒီနေ့ အွန်လိုင်းသူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့မယ်လို့ ပြောထားတာမဟုတ်ဘူးလား။ ဘာလို့ အဆောင်မှာပဲ ရှိနေသေးတာလဲ။ မနက်စောစောတုန်းက နင် မိတ်ကပ်ပြင်နေတာကို ငါမြင်မိပါတယ်။ ဘာဖြစ်လို့လဲ။ တစ်ယောက်ယောက်က နင့်ကိုလှည့်စားသွားလို့လား။ငါ နင့်ကိုပြောသားပဲ။ အွန်လိုင်းမှာချိန်းတွေ့တာက စိတ်မချရပါဘူးဆိုမှ..."

"အဲ့လိုမဟုတ်ဘူး။ ငါ့ဖုန်းက ရုတ်တရက်ကြီး ပါဝါပိတ်သွားလို့လေ။ သူနဲ့တွေ့ရမဲ့နေရာကိုတောင် အခုထိမပြောရသေးဘူး။ ငါ့ကို နင့်ဖုန်းလေး မြန်မြန်ငှားပေးပါ့လား"

"ရီရီ"ဟုခေါ်သော မိန်းကလေးက ကယ်တင်ရှင်တစ်ဦးကို တွေ့လိုက်ရသည့်အလား ဖြစ်သွားလေသည်။

"ရီရီ..ငါလေ နင့်ကို မကူညီချင်လို့တော့မဟုတ်ဘူး။ ဒါပေမဲ့ နင် ဒီအခွင့်အရေးမျိုးကိုသာ လက်လွတ်သွားခဲ့ရင် ဘဝမှာ ဒီလိုငွေရပေါက်ရလမ်းမျိုး နောက်တစ်ခါထပ်မရနိုင်တော့ဘူး"

"ဘယ်လိုငွေရပေါက်ရလမ်းမျိုးက နင့်ညီအစ်မထက် ပိုအရေးကြီးနေတာလဲ"

"နင်မသိပါဘူးဟာ။ ငါတို့ကျောင်းပေါက်ဝမှာ အရမ်းချမ်းသာတဲ့သူဌေးတစ်ယောက် ရောက်နေတယ်။ သူက လုံးဝကို လူချမ်းသာဒုတိယမျိုးဆက်တစ်ယောက်ပဲ။ ကြည့်ရတာတော့ သူက ငါတို့ကျောင်းကမိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားနေပုံပဲ။ အခုဆိုရင် တစ်ကျောင်းလုံးနီးပါး သူ့ကိုလိုက်ရှာနေကြတာ။ ဆရာတွေတောင်မှ သူ့ကိုကူညီပေးနေကြတယ်လေ"

"ဘယ်သူကများ အဲ့လိုလုပ်နိုင်စွမ်းရှိတာလဲ"

ထိုမိန်းကလေးက အံ့အားသင့်သွားလေသည်။

"ငါတို့ကျောင်းမှာ ကျောင်းသားတွေနဲ့ ဆရာတွေက သောင်းဂဏန်းလောက်ရှိတယ်လေ"

"ငါပြောတာက အပိုတွေလို့ ထင်ချင်ထင်ရလိမ့်မယ်။ ဒါပေမဲ့ ထောင်ဂဏန်းလောက်ရှိတယ်ဆိုတာတော့ သေချာတယ်။ ငါ နင့်ကိုပြောပြရင်တောင် နင် ယုံမှာမဟုတ်လောက်ဘူး။ အဲ့ဒီလူကို ကူရှာပေးရင် ချက်ချင်းလက်ငင်း ဆုကြေးတစ်သိန်းရမယ်။ သဲလွန်စတစ်ခုခုရှာပေးနိုင်ခဲ့ရင် နောက်ထပ်တစ်သိန်းထပ်ရမယ်။ အဲ့ဒီလူကို တကယ်ရှာတွေ့ခဲ့ရင် တစ်သန်းရမယ်တဲ့။ ငါတို့သာ အဲ့ဒီတစ်ယောက်ကို သိတယ်ဆိုရင် ပိုက်ဆံ၁.၂သန်းက ချက်ချင်းရမှာ။ ဒီငွေနဲ့ဆိုရင် စျေးသက်သာတဲ့နေရာတစ်ခုမှာ တိုက်ခန်းလေးတစ်လုံးတောင် ဝယ်လို့ရတယ်"

"ဒီလိုထူးဆန်းတဲ့လူတစ်ယောက်ကလည်း ရှိသေးတာလား"

"ဟုတ်တယ်နော်။ ဒီလူ အခုလောက်ဆိုရင် ပိုက်ဆံသန်းတစ်ရာဝန်းကျင်လောက် သုံးပြီးနေပြီဆိုတာ ငါလောင်းရဲတယ်။ ငါတို့သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ လူတိုင်းက အဲ့ဒီလူကိုရှာဖို့အတွက် စခရင်ရှော့တွေ မျှဝေနေတာကြောင့်သာမဟုတ်ရင် ငါလည်း ယုံမှာမဟုတ်ဘူး။ အိုး.. ငါ့မှာ အပိုဖုန်းတစ်လုံးရှိတယ်။ မြန်မြန်ယူသွား။ အခုပြောနေတာ ပိုက်ဆံတစ်သိန်းနော်။ လက်လွှတ်မခံနဲ့"

"နင့်မှာ ဖုန်းအပိုရှိတာလား။ ဘာလို့ စောစောကမပြောတာလဲ။ ငါ့ကို မြန်မြန်ငှားဦး"

"ကောင်းပြီလေ။ ငါ့ဟာက နင့်ဟာပဲကို"

ထိုမိန်းကလေးက ထိုသို့ပြောပြီး အံဆွဲထဲမှ ဖုန်းအဟောင်းတစ်လုံးကို ထုတ်ယူလိုက်သည်။

"ဒါက လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်တုန်းက ဖုန်းအဟောင်းလေးလေ။ အထင်တော့မသေးလိုက်နဲ့နော်"

"ချန်ချန်.. ငါ နင့်ကို သေလောက်အောင်ချစ်တယ်ဟာ"

ထိုမိန်းကလေးက ချန်ချန်ကို ပွေ့ဖက်ပြီး သူ(မ)၏မျက်နှာကို နမ်းပစ်လိုက်သည်။

"မြန်မြန်သွား။ ဒါက ငါတို့ချမ်းသာနိုင်မဲ့ အခွင့်အရေးတစ်ခုနော်။ ဒီငွေတွေနဲ့သာဆိုရင် ငါတို့ ဆောင်းရာသီအားလပ်ရက်မှာ အိုက်စလန်ကိုသွားပြီး ဥတ္တရအလင်းတန်းတွေ သွားကြည့်လို့ရပြီ။ နင့်အိပ်မက်က အဲ့ဒါမလား"

"ငါသိပါတယ်။ မတွန်းနဲ့လေ"

ရီရီက ချက်ချင်းပင် သူ(မ)၏ဆင်းကတ်ကို ထုတ်ယူပြီး အပိုဖုန်းထဲသို့ ထည့်လိုက်သည်။ ကံကောင်းစွာပင် ဖုန်းက အားအနည်းငယ် ကျန်နေသေးသည်။ အများကြီးမကျန်တော့သော်လည်း သူ(မ) ကျန်းမုန့်လောင်နှင့် ဆက်သွယ်နိုင်ရုံလောက်တော့ လုံလောက်ပါသည်။

"ဘယ်မိန်းကလေးကများ ဒီလိုချမ်းသာတဲ့ဒုတိယမျိုးဆက်လူငယ်တစ်ယောက်ဆီက စိတ်ဝင်စားခံရတာပါလိမ့်။ ဒါက ပိုက်ဆံတွေကို အလကားပေးပစ်နေသလိုကြီးလေ။ ငါတော့ လူချမ်းသာတွေရဲ့ကမ္ဘာကို နားမလည်နိုင်ဘူး"

"ဘာဖြစ်လို့လဲ။ နင် မနာလိုဖြစ်နေတာလား။ ငါကတော့ နည်းနည်းလေးတောင် မနာလိုမဖြစ်ပါဘူး"

"တော်စမ်းပါ။ အခုလောလောဆယ်တော့ နင် တအားတွေချစ်စိတ်မွှန်နေတာပဲ။ နောက်ပိုင်းကျရင် သတိထားနော်။ ငါတို့နဲ့ အဆက်အသွယ်မပြတ်အောင်နေ။ ဒီကျန်းမုန့်လောင်ဆိုတဲ့တစ်ယောက်က လူထူးဆန်းတစ်ယောက်ဖြစ်နေခဲ့ရင် ငါတို့ပြေးလာပြီး နင့်ကိုကူညီပေးမယ်"

"ငါသိပါတယ်။ သူက အဲ့လိုလူစားမျိုးမဟုတ်ဘူး"

"ပေါက်ကရတွေ"

'ချန်ချန်'ဟုခေါ်သော မိန်းကလေးက အမှုမထားဟန်ဖြင့် ပြောလာလေသည်။

"နင်တို့တွေက အမြဲတမ်း စကားအကျယ်ကြီးပြောနေကြတာလေ။ ငါတို့ကို နားကန်းနေတယ်လို့များ ထင်နေတာလား။ ငါ နင့်ကို တကယ်ပြောနေတာနော် ရီရီ... နင်က မိန်းကလေးလေ။ တွေ့တောင်မတွေ့ဖူးတဲ့ ယောကျ်ားတစ်ယောက်နဲ့ တစ်ချိန်လုံး ပေါက်ကရပေါင်းစုံ​လျှောက်ပြောနေတာ။ နင် နည်းနည်းလောက်ပိုပြီး ထိန်းထိန်းသိမ်းသိမ်းနေလို့မရဘူးလား။ ပြီးတော့ နင်တို့ပြောတဲ့အကြောင်းအရာတွေကြောင့် ငါ့မှာ မျက်နှာတောင်ပူတယ်။ ညစ်ညမ်းဝတ္ထုထဲက စာလုံးပေါင်းတစ်သိန်းကိုတောင် သွားသတိရမိတယ်"

"အာ.. ချန်ချန် မပြောပါနဲ့တော့ဟာ"

ကောင်မလေးခမျာ သူ(မ)အခန်းဖော်၏ပါးစပ်ကို လှမ်းပိတ်လိုက်ရင်း...

"ငါတို့ရဲ့ဆက်ဆံရေးကို နင်နားမလည်ပါဘူး"

"ကောင်းပါပြီ။ ကောင်းပါပြီ။ ငါနားမလည်ပါဘူး။ ဒါပေမဲ့ သွားရအောင်။ ဟုတ်ပြီလား။ အဲ့လိုမှမဟုတ်ရင် ချက်ပြီးပြုတ်ပြီးဘဲက ပျံထွက်သွားလိမ့်မယ်"

အဆုံးမှာတော့ ကောင်မလေးက WeChatထဲကို ဝင်လာလိုက်သည့်အခါ ကျန်းမုန့်လောင်၏ပရိုဖိုင်းမှာ ၉၉+မက်​ဆေ့ချ်များကို ပြသနေချေသည်။ ထိုမက်ဆေ့ချ်များကိုမြင်လိုက်ရသောအခါ ထိုမိန်းကလေးက ဆွဲဆောင်မှုရှိသောအပြုံးတစ်ပွင့်ကို ချက်ချင်းလှစ်ဟပြလိုက်သည်။

"ကြည့်စမ်းပါဦး။ ပြုံးဖြီးနေတာပဲ။ နင်..ဟေး.."

"ငါ့ဖုန်းက အခုလေးတင်ပျက်သွားလို့။ တောင်းပန်ပါတယ်။ နင် အခု ဘယ်မှာလဲ။ ငါထွက်လာပြီး နင့်ကိုလာရှာမယ်လေ"

သူ(မ)က ကျန်းမုန့်လောင်ကို မက်​ဆေ့ချ်ပို့လိုက်သည်။

"အိုး ဘုရားရေ.. မင်း ပြန်ပေးဆွဲခံလိုက်ရပြီလို့ ထင်နေတာ။ ငါ့မှာ သေလောက်အောင်လန့်သွားတာပဲ"

ကျန်းမုန့်လောင်ကလည်း သူ(မ)၏မက်ဆေ့ချ်ကို လက်ခံရရှိလိုက်ပြီး အဆုံးမှာတော့ စိတ်သက်သာရာရဟန် သက်ပြင်းချနိုင်သွားသည်။

"တောင်းပန်ပါတယ်။ တမင်လုပ်တာမဟုတ်ပါဘူး"

"ငါ အခု မင်းတို့ကျောင်းပေါက်ဝမှာ... အမြင်သာဆုံးတစ်ယောက်က ငါပဲ"

"ဟုတ်ပါလိမ့်မယ်။ နင်က ဓာတ်ခွဲခန်းထဲမှာ အမြဲနေနေရတဲ့ အင်ဂျင်နီယာကျောင်းသားတစ်ယောက်ဆိုတာ လူတိုင်းသိပြီးသားပဲ။ အခုလောက်ဆိုရင် ထိပ်ပြောင်နေလောက်ရောပေါ့"

ကျန်းမုန့်လောင်ကို ထိုသို့နှယ် စနောက်နေသော်ငြား သူ(မ)၏ခြေလှမ်းများကတော့ ပိုမိုမြန်ဆန်သွားလေသည်။

"စကားမစပ်.. ငါတို့ကျောင်းပေါက်ဝမှာ လူတစ်ယောက်ကိုလာရှာတဲ့ သူဌေးတစ်ယောက်ရှိတယ်တဲ့။ သူက လူတစ်ယောက်ကို ယွမ်တစ်သိန်းပေးနေတာဆိုပဲ။ နင် သူ့ကိုမြင်မိသေးလား"

"သူ့ကိုမြင်မိလားတဲ့။ ဒါပေါ့"

ကျန်းမုန့်လောင်က ရယ်လိုက်ချေသည်။

"ဘယ်လိုအရူးမျိုးက အဲ့လိုလုပ်တာပါလိမ့်။ လူတစ်ယောက်ကိုရှာဖို့အတွက် အဲ့လိုလုပ်ဖို့လိုလို့လား"

"မင်းက ငါ့ကို အရူးလို့ခေါ်နေတာလား"

ကျန်းမုန့်လောင်က ပြန်ပြောလိုက်ချေသည်။

"နင် ငါ့ကိုမနမ်းမချင်း ဒီကိစ္စကို ကျော်မသွားပေးနိုင်တော့ဘူး"

"ငါက နင့်ကို အရူးလို့ခေါ်နေတာမဟုတ်ပါဘူး။ ငါ ဆိုလိုချင်တာက..နေပါဦး သူတို့ပြောနေကြတဲ့လူက နင်တော့မဟုတ်ဘူးမလား"

"ငါမဟုတ်ရင် ဘယ်သူဖြစ်ရမှာလဲ"

ကျန်းမုန့်လောင် ဆိုလိုက်လေသည်။

"ငါ့မှာ မင်းနာမည်ကိုလည်းမသိဘူး။ မင်းပုံစံကိုလည်းမသိဘူး။ မင်းရဲ့နာမည်ပြောင်ကိုပဲသိတယ်လေ။ အဲ့ဒါကြောင့် ဒီလိုနည်းလမ်းနဲ့ပဲ လိုက်ရှာရတော့တာပေါ့"

"ချန်ချန်.. အဲ့ဒီလူလိုက်ရှာနေတာ ဘယ်သူတဲ့လဲ"

ကောင်မလေးက သူ(မ)၏အတန်းဖော်ကို မေးကြည့်လိုက်သည်။

"ငါလည်းမသိဘူး။ ဘာနာမည် ဘာဓာတ်ပုံမှမရှိဘူး။ "နို့လက်ဖက်ရည်သကြားနှစ်ဆ"ဆိုတဲ့ နာမည်ပြောင်ပဲရှိတယ်။ အဲ့ဒါလေးနဲ့ ဘယ်လိုလုပ်ပြီးရှာတွေ့မှာလဲ"

"အဲ့ဒါက တကယ်ကြီးနင်လား"

ကောင်မလေးဟာ ရုတ်တရက်ဆိုသလို အံ့အားသင့်ဟန်အမူအရာပြလာသည်။

"ဒါပေမဲ့ နင်က.."

"ငါ မင်းကိုပြောခဲ့သားပဲ။ ငါသာ မကြိုးစားရင် အိမ်ပြန်ပြီး အမွေဆက်ခံရမှာပါလို့။ ဒါပေမဲ့ ငါ ကြိုးစားလည်း အမွေဆက်ခံရဦးမှာပါပဲ။ ဘာမှမတတ်နိုင်ဘူးလေ။ ငါ့လုပ်နိုင်စွမ်းထက် ပိုကျော်လွန်တဲ့ကိစ္စကြီးဆိုတော့လည်း"

"ဘာလို့..ဘာလို့ အခုလိုမျိုးပိုက်ဆံဖြုန်းပစ်နေရတာလဲ"

"မင်းကိုရှာတွေ့ဖို့အတွက်ဆိုရင်တော့ ဘယ်လောက်ပေးရပေးရ တန်ပါတယ်"

"နင်ရူးနေပြီ"

ကောင်မလေးက ချက်ချင်းဆိုသလို စိုးရိမ်ပူပန်သွားရလေသည်။

"ဘယ်မှမသွားနဲ့။ ငါ အခုလာခဲ့မယ်"

ကောင်မလေးက သူ(မ)၏ဖုန်းကို ချက်ချင်းပိတ်ချပစ်လိုက်သည်။ ထို့နောက် သူ(မ)၏ဆံပင်ရှည်များကို သပ်ချလိုက်ပြီး ကျောင်းပေါက်ဝဆီသို့ အပြေးနှင်ပါတော့သည်။

"ရီရီ.. နင် ဘာလို့ တအားမြန်မြန်ကြီးပြေးနေတာလဲ။ ငါ့ကိုစောင့်ဦးလေ"

"နင့်မှာ ခြေတံရှည်တွေရှိနေတာ ဘာလုပ်ဖို့လဲ"

"ဝူးဝူးဝူး... ငါ့ဖုန်းလေး ယူသွားပေးဦး။ ငါ့အတွက် ပိုက်ဆံအရင်တောင်းထားပေးလေ"

......

All Chapters