လူချောလေးတွေနဲ့ မိန်းမလှလေးတွေ ပိုက်ဆံများလိုအပ်နေကြလား
Vol. 4 Ch. 50
"တောင်းပန်ပါတယ်။ ဒါက ကျွန်တော့်ဘာသာ သောက်ဖို့အတွက်ပါ။ ခင်ဗျားတို့တွေးနေသလိုမဟုတ်ပါဘူး"
ကျန်းမုန့်လောင်က ထိုသို့ပြောရင်း တစ်ဝက်သောက်ထားပြီးဖြစ်သော Red Bullကို ခပ်မြန်မြန်လှမ်းယူ၍ မော့သောက်ပစ်လိုက်သည်။ ထို့နောက် အနီးအနားရှိအမှိုက်ပုံးထဲသို့ လှမ်းပစ်လိုက်သည်။ "နို့လက်ဖက်ရည်သကြားနှစ်ဆ"သာ ဤမြင်ကွင်းကို မြင်သွားလျှင် မြင့်မားပြီး အထင်ကြီးဖွယ်ကောင်းသော သူ့ပုံရိပ်လည်း လုံးဝပြိုလဲသွားရပေလိမ့်မည်။
ကျန်းမုန့်လောင်၏ လေးနက်လှသည့်အပြုအမူကို မြင်သောအခါ ထိုမိန်းကလေးနှစ်ယောက်က အနည်းငယ်စိတ်ပျက်သွားသော်ငြား လက်မလျှော့သွားကြပေ။ ကူစူးတက္ကသိုလ်ဝင်ပေါက်တွင် ဇိမ်ခံကားများ မကြာခဏပေါ်လာတတ်သော်လည်း ယခုလိုကားမျိုးကိုတော့ ယခင်က လုံးဝမမြင်ဖူးပေ။
ဤနေရာသို့ ဖြတ်လျှောက်လာခဲ့စဉ်က ကျောင်းပေါက်ဝ၌ရပ်ထားသည့် ကားတစ်စီးအကြောင်း လူတစ်ယောက် ပြောနေသည့်အသံကို သူတို့ကြားခဲ့ရသည်။ ဤကားက တစ်ကမ္ဘာလုံးမှာပင် မြင်ရခဲသောကားမျိုးဖြစ်ပြီး ဒေါ်လာသန်းတစ်ရာကျော်တန်ဖိုးရှိသည့် ထိပ်တန်းပြိုင်ကားတစ်စီးပင်။
ဤကားကိုဝယ်စီးနိုင်သူမှာ သာမန်လူတစ်ယောက်ဖြစ်နိုင်မည်တဲ့လား။ သူတို့သာ သူနှင့် မရှင်းမရှင်းဆက်ဆံရေးတစ်ခု ရှိခဲ့မည်ဆိုပါက သူ့ဆီမှ အကျိုးအမြတ်ပါးပါးလေးရမည်ဆိုလျှင်ပင် သူတို့တစ်ဘဝလုံး အသာထိုင်နေဖို့ လုံလောက်သွားပြီဖြစ်၏။
အကောင်အထည်ပြနိုင်သော အကျိုးအမြတ်များ သူတို့မရလျှင်ပင် ဤကားထဲကိုဝင်ပြီး ဓာတ်ပုံတစ်ပုံလောက်ရိုက်လိုက်ရမည်ဆိုပါက သူတို့၏လူမှုအဆင့်အတန်းမှာ မိုးထိထိုးတက်သွားပေလိမ့်မည်သာ။ နောက်ပိုင်းတွင် ထိုအကြောင်းကို ကြွားဖို့အတွက်လည်း အခွင့်အရေးများစွာရှိသေးသည်။
"အချောလေး.. သူငယ်ချင်းလုပ်ရအောင်လေ။ ကျွန်မတို့ မဟုတ်ဘူးဆိုရင်လည်း ရှင် ဒီမှာ ဘယ်သူ့ကိုစောင့်နေတာလဲ။ ကျွန်မတို့နှစ်ယောက်စလုံး ဒီညအားတယ်လေ။ ပြီးတော့ ရေခဲမုန့်လည်း စားဖို့အချိန်ရတယ်။ ရှင့်ရဲ့လိုင်စင်နံပါတ်ပြားကို ကြည့်ရသလောက်တော့ ရှင်က ကျန်းနန်မြို့က လာလည်တာပဲဖြစ်ရမယ် ဟုတ်တယ်မလား"
ယခုလိုကားထဲတွင် စီးရဖို့ဆိုပါက အသားယူခံရမည်ဆိုလျှင်ပင် သူတို့ လိုလားသည်။
"ဒီနေ့ခေတ်ကျောင်းသူတွေက ဘယ်လိုတွေဖြစ်နေတာလဲ"
ကျန်းမုန့်လောင်လည်း ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။
"တောင်းပန်ပါတယ်။ ကျွန်တော်က ကျွန်တော့်ချစ်သူကိုစောင့်နေတာပါ။ ခင်ဗျားတို့ကိုသာမြင်သွားရင် သူ စိတ်ဆိုးသွားလိမ့်မယ်"
ကျန်းမုန့်လောင်မှာ ချစ်သူရှိကြောင်း ကြားလိုက်ရသောအခါ မိန်းကလေးနှစ်ယောက်က ချက်ချင်းဆိုသလို စိတ်ဓာတ်ကျသွားလေသည်။ သူ့မှာ ချစ်သူရှိပြီးသားဆိုတော့ရော ဘာအရေးလဲ။ သူတို့ကျောင်းက ဘယ်မိန်းကလေးကများ ယခုလိုရည်းစားမျိုးကိုရထားရလောက်သည်အထိ ကံကောင်းသလဲဆိုသည်ကို သူတို့ သိချင်မိသည်။ စင်စစ်မနာလိုချင်စရာပင်။
"ခဏနေဦး"
ကျန်းမုန့်လောင်က သူတို့အား ရုတ်ခြည်းလှမ်းခေါ်လိုက်သည်။ ယခုလိုစောင့်နေခြင်းမှာ အကျိုးမရှိပေ။ အကယ်၍များ "နို့လက်ဖက်ရည်သကြားနှစ်ဆ"က တကယ်ပြဿနာတက်နေသည်ဆိုပါလျှင် သူ သည်အတိုင်းထိုင်စောင့်နေနိုင်ပါဦးမလား။
"ဘာဖြစ်လို့လဲ အချောလေး။ စိတ်ပြောင်းသွားတာလား"
မိန်းကလေးနှစ်ယောက်က မျှော်လင့်ချက်ပြည့်ဝနေသော အပြုံးများကို ချက်ချင်းဆင်မြန်းလိုက်သည်။
"မင်းတို့က ဒီကကျောင်းသူတွေလား"
"ဟုတ်တယ်လေ"
မိန်းကလေးများက ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို မင်းတို့ ဒီနေရာနဲ့ တော်တော်ရင်းနှီးနေမှာပေါ့ ဟုတ်တယ်မလား"
"ကျွန််မတို့ ဒီမှာ သုံးနှစ်ကျော်လောက်နေခဲ့တာလေ။ သေချာပေါက် ရင်းနှီးတာပေါ့"
ပိုပွင့်လင်းသောမိန်းကလေးက ပြောလာလေသည်။
"အချောလေး.. မင်းက စိတ်လှုပ်ရှားစရာလေးတွေလိုက်ရှာနေတာမလား။ နေ့ဘက်တော့ အဆင်မပြေဘူး။ ဒါပေမဲ့ ညဘက်ဆိုရင်တော့...ကျွန်မ နေရာကောင်းတချို့ကိုသိတယ်"
"မဟုတ်ပါဘူး။ ငါ မင်းတို့ကိုမေးချင်လို့..။ မင်းတို့ ပိုက်ဆံလိုအပ်နေလား"
"ဟင်"
ထိုမေးခွန်းကြောင့် မိန်းကလေးနှစ်ဦးမှာ ကြောင်အသွားရလေသည်။ ယနေ့ခေတ်မှာ ပိုက်ဆံလိုအပ်မနေသောသူဟူ၍ ရှိနိုင်ပါမည်လား။ လူချမ်းသာများကိုယ်တိုင်ကပင် သူတို့မှာ ပိုက်ဆံလုံလောက်သည်ဟု မတွေးကြပေ။
"မင်းတို့ရဲ့ငွေလွှဲနံပါတ် ငါ့ကိုပေး"
"ရှင်ဘာလုပ်နေတာလဲ"
မိန်းကလေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်ဟန်အကြည့်မျိုးဖြင့် ကြည့်လိုက်ကြသော်လည်း သူတို့၏ငွေပေးချေမှုQR codeပေးဖို့အတွက် သူတို့ဖုန်းများကို ထုတ်နေဆဲသာ။ ပိုက်ဆံမပို့မချင်း သူတို့ကို ကုတ်ပြလိုက်လည်း ဘာအန္တရာယ်မှမရှိချေ။
"ဒင်.. ကျီဖုပေါင်မုန့်ဖိုးယွမ်တစ်သိန်း လက်ခံရရှိပါတယ်"
"ဒင်.. ကျီဖုပေါင်မုန့်ဖိုးယွမ်တစ်သိန်း လက်ခံရရှိပါတယ်"
သာယာဖွယ်ကောင်းသော သတိပေးချက်အသံက နှစ်ယောက်လုံး၏ဖုန်းမှ ထွက်ပေါ်လာသည်။
"အချောလေး ဒါက ဘာအတွက်လဲ...."
"ငါ မင်းတို့ကို လူတစ်ယောက်ကိုရှာခိုင်းချင်လို့ပါ။ မင်းတို့ဘက်ကသာ အသုံးဝင်တဲ့အချက်အလက်တစ်ခု ရှာပေးမယ်ဆိုရင် ငါ နောက်ထပ်တစ်သိန်းထပ်ပေးမယ်"
"ပြောလေ။ ကျွန်မတို့သာ သူ့ကိုသိတယ်ဆိုရင် ရှင့်အတွက် သေချာပေါက်ရှာပေးမယ်။ ကျွန်မတို့က ကျောင်းမှာရှိတဲ့လူတော်တော်များများကို သိတယ်လေ။ အဲ့ဒါကြောင့် ရှင့်အတွက် ကူစုံစမ်းပေးလို့ရတယ်"
"ဟုတ်တယ်။ အဲ့ဒီလူရဲ့နာမည်ကိုသာ ကျွန်မတို့ကိုပြောလိုက်။ ကျောင်းကန်တင်းမှာရှိတဲ့ အန်တီကြီးတွေဆိုရင်တောင် ကျွန်မတို့ ရအောင်ရှာပေးမယ်"
"ငါ သူ့နာမည်ကိုမသိဘူး"
"ဟင်"
ကောင်မလေးနှစ်ယောက်ခမျာ ကြက်သေသေသွားရလေသည်။ နာမည်မသိပါဘဲ သူတို့က ဘယ်လိုသွားရှာရလေမလဲ။
"ဒါဆို ရှင့်မှာ သူ့ဓာတ်ပုံရှိလား"
ဤလူချမ်းသာလေးမှာ သူတို့ကျောင်းရှိ တစ်စုံတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားခြင်းဖြစ်ရမည်ဟု ကောင်မလေးနှစ်ယောက် တွေးလိုက်မိကြသည်။ ထို့ကြောင့်လည်း သူ့ကိုရှာဖို့အတွက် ဤမျှအများကြီးသုံးစွဲဖို့ရာ လိုလားနေခြင်းပင်။ သူ(မ)ကိုရှာပေးရုံသက်သက်နှင့် ပိုက်ဆံတစ်သိန်းကို ပေးလာခဲ့ပြီး အောင်မြင်သွားလျှင်လည်း တစ်သိန်းထပ်ပေးဦးမည်ဖြစ်၏။ လေးနက်ပြင်းထန်လှသော ရင်းနှီးမြှုပ်နှံမှုတစ်ခုအလားပင်။
"ငါ့မှာ ဓာတ်ပုံလည်းမရှိဘူး"
"ဒါဆို ကျွန်မတို့က ရှင်ရှာနေတဲ့လူကို ဘယ်လိုလုပ်ပြီးရှာပေးရမှာလဲ။ ရှင့်မှာ သဲလွန်စတစ်ခုခုတော့ရှိတယ်မလား"
"ရှင်ရှာနေတဲ့လူက ဒီထဲမှာပါမပါ ကြည့်ကြည့်လိုက်ပါ့လား"
ကောင်မလေးတစ်ယောက်က မကြာသေးခင်ကမှ သူတို့တက္ကသိုလ်တွင် ကျင်းပခဲ့သော အလှမယ်ပြိုင်ပွဲတစ်ခုကို သူ့အား ချက်ချင်းထုတ်ပြလိုက်သည်။ ဤသည်မှာ ကျောင်းသားများက ရွေးချယ်ထားခြင်းဖြစ်လေရာ ကျန်းမုန့်လောင် စိတ်ဝင်စားနေသူမှာ ဤလူများထဲကတစ်ယောက် ဖြစ်နိုင်ခြေရှိသည်
"ငါ သူ့ကို တစ်ခါမှမမြင်ဖူးဘူး။ အကယ်၍ သူ ငါ့ရှေ့မှာပေါ်လာရင်တောင် ငါ သူ့ကိုမှတ်မိမှာမဟုတ်ဘူး"
ကျန်းမုန့်လောင်က ကူကယ်ရာမဲ့စွာပြုံးလိုက်ချေသည်။
"ဒါဆို ရှင့်မှာ အသုံးဝင်တဲ့အချက်အလက်တစ်ခုခုများမရှိဘူးလား။ အရပ်အမောင်းတို့ ကိုယ်အလေးချိန်တို့ပေါ့"
"ငါသိတာဆိုလို့ သူ့အသံက ချိုတယ်ဆိုတာရယ်။ သီချင်းဆိုတော်တယ်ဆိုတာရယ်။ သူ့နာမည်ပြောင်က "နို့လက်ဖက်ရည်သကြားနှစ်ဆ"ဆိုတာရယ်ပဲ"
"အိုကေ ကျွန်မတို့သိပြီ။ ဒါပေမဲ့ သူ့ကိုရှာတွေ့မယ်လို့တော့ အာမမခံနိုင်ဘူးနော်။ ရှင့်ရဲ့သတင်းအချက်အလက်က အရမ်းသာမန်ဆန်လွန်းတယ်။ ကျွန်မတို့သာ သူ့ကိုရှာမတွေ့ဘူးဆိုရင် ဒီပိုက်ဆံက..."
"စိတ်မပူပါနဲ့။ မင်းတို့ဘက်က သူ့ကို အတတ်နိုင်ဆုံးကြိုးစားပြီး ရှာပေးသရွေ့ ပိုက်ဆံက မင်းတို့အပိုင်ပါပဲ"
"သဘောတူတယ်"
လူတစ်ယောက်ကို ယွမ်တစ်သိန်းတဲ့လေ။ သူတို့ ဘွဲ့ရပြီးနောက် အလုပ်လုပ်လျှင်ပင် တစ်နှစ်အတွင်းမှာ ဤပမာဏကို ရအောင်ရှာနိုင်မည်မဟုတ်။ လူတစ်ယောက်ကို ကူရှာပေးရုံမျှဖြင့် ဤပိုက်ဆံပမာဏကိုရနိုင်သည်တဲ့။ ယခုလိုကံကောင်းမှုမျိုးမှာ နေ့တိုင်းရောက်လာတတ်သည်မဟုတ်ပေ။
သူတို့လည်း ဖုန်းကိုယ်စီထုတ်၍ ဤပုဂ္ဂိုလ်ကိုရှာရန် သူတို့၏အသိမိတ်ဆွေများဆီသို့ စတင်ဆက်သွယ်ပါတော့သည်။
သူတို့၏ပတ်ပတ်လည်ရှိ ပွဲကြည့်ပရိသတ်များကလည်း အရေအတွက်တိုးတိုးလာချေသည်။ သူတို့ဟာ ကျန်းမုန့်လောင်၏ကားကို စွဲမက်နေကြခြင်းသာ။
ထိုအခိုက်အတန့်မှာပင် ကျန်းမုန့်လောင်က ထိုလူတစ်သိုက်ဆီသို့ လျှောက်သွားလိုက်သည်။
"လူချောလေးတို့ မိန်းမလှလေးတို့.. ပိုက်ဆံများမလိုကြဘူးလား"
လူတိုင်းက ကျန်းမုန့်လောင် ဘာပြောချင်နေသလဲဆိုသည်ကို သဘောမပေါက်သည့်အတွက် ဤလူချမ်းသာမျိုးဆက်သစ်လေးကို ပဟေဠိဖြစ်နေဟန်အမူအရာနှင့် ကြည့်လိုက်ကြသည်။
"ကျွန်တော့်ကို လူတစ်ယောက်လောက်ကူရှာပေးပါလား။ ကျွန်တော် ခင်ဗျားတို့တစ်ယောက်ချင်းစီတိုင်းကို တစ်သိန်းပေးပါ့မယ်။ ခင်ဗျားတို့ဘက်က အသုံးဝင်တဲ့သတင်းတစ်ခုခုပေးနိုင်ခဲ့တယ်ဆိုရင် နောက်ထပ်တစ်သိန်းထပ်ပေးပါ့မယ်။ တကယ်လို့ သူ့ကိုရှာပေးနိုင်ခဲ့တယ်ဆိုရင်တော့ အပိုဆုကြေးတစ်သန်း ဆုချမှာပါ"
"သောက်ကျိုးနည်း.. ဒီလူ ရူးသွားပြီလား"
"မဖြစ်နိုင်တာ.. ဒီလိုကောင်းမွန်တဲ့အပေးအယူမျိုးလည်း ရှိသေးတာလား။ တကယ်ကြီးလား"
"သူက ငါတို့ကျောင်းက အလှဘုရင်မကိုလာရှာတာများလား"
"သူသာ အလှဘုရင်မကိုရှာနေတာဆိုရင် ဒီလိုလုပ်တာက တအားဒုက္ခမများလွန်းဘူးလား။ ဒီအတိုင်း ဖုန်းထဲမှာရှာကြည့်လိုက်ရင်ရနေတာကို..."
"လူချောလေး.. ငါတို့တွေအကုန်လုံး မင်းအတွက် ကူရှာပေးမယ်ဆိုရင် တစ်ယောက်ကို တစ်သိန်းပေးမယ်ဆိုတဲ့သဘောလား"
တစ်စုံတစ်ယောက်က မေးလိုက်လေသည်။
"ဟုတ်ပါတယ်"
ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။
"ဝိုး"
သူ့ထံမှ ဤစကားထွက်လာသည်နှင့် လူအုပ်ကြီးလည်း အုန်းအုန်းကျက်ကျက်ဖြစ်သွားလေသည်။
ဤနေရာတွင် လူအယောက်တစ်ရာနီးပါးလောက် ရှိချေလိမ့်မည်သာ။ တစ်ယောက်ကို တစ်သိန်းပေးမည်ဆိုပါက ဆယ်သန်းပင်။ လူတစ်ယောက်ကိုရှာဖို့အတွက် ပိုက်ဆံဆယ်သန်းသုံးမည်တဲ့လား။ ဤသည်မှာ မယုံကြည့်နိုင်စရာပင်။
"တကယ်လို့ ခင်ဗျားတို့ရဲ့သူငယ်ချင်းတွေကိုပါ လှမ်းခေါ်ပြီး သူ့ကိုကူရှာပေးမယ်ဆိုရင် သူတို့ကို ပိုက်ဆံပေးမှာပါ"
"ကျွန်မ ရှင့်ကို ကူရှာပေးမယ်"
ကောင်မလေးတစ်ယောက်က သူ့ရည်းစား၏လက်ကို လွှတ်ပစ်လိုက်ပြီး ရှေ့ကိုတိုးလာလေသည်။
"မင်းရဲ့ငွေလွှဲနံပါတ်လေးပေးပါဦး"
"ဒင်.. သင့်ရဲ့'Support Treasure'အကောင့်ထဲမှာ ယွမ်တစ်သိန်းကို လက်ခံရရှိထားပါတယ်"
ကြည်လင်ပြတ်သားသော အသံတစ်သံက လူအုပ်ကြီးထဲမှ ပဲ့တင်ထပ်လာလေသည်။
"သူ တကယ်ပြောနေတာဟ.. သူက တကယ်ကြီး တစ်ယောက်ကို ပိုက်ဆံတစ်သိန်းပေးနေတာ"
လူအုပ်ကြီး၏အော်သံမှာ စိတ်လှုပ်ရှားမှုကြောင့် ပေါက်ကွဲထွက်လာချေသည်။
"လူချောလေး.. ငါ ကူရှာပေးမယ်"
"လူချောလေး..ငါက တက္ကသိုလ်သမဂ္ဂအဖွဲ့ကပါ။ လူတော်တော်များများနဲ့လည်းသိတယ်။ မင်းရှာနေတဲ့လူကို ငါ သေချာပေါက်ရှာပေးနိုင်တယ်"
"ငါက ကျောင်းသားကောင်စီကနော်။ ကျောင်းမှာရှိတဲ့ ဌာနတစ်ခုချင်းစီက လူတိုင်းကို ငါသိတယ်"
"ကိုယ့်လူ.. ငါက ဒီတက္ကသိုလ်ကဆရာတစ်ယောက်ပါ။ ငါလည်း မင်းကိုကူရှာပေးလို့ရမလား"
"တန်းစီကြပါ။ တန်းစီကြပါ။ အခုလိုမျိုးပွက်ပွက်ညံနေမယ်ဆိုရင် ကျွန်တော် ငွေလွှဲလို့ရမှာမဟုတ်ဘူး"
ကျန်းမုန့်လောင်က အော်ပြောလိုက်သည်။
ကူစူးတက္ကသိုလ်ရှေ့တွင် ရှည်လျားလှသော လူတန်းကြီးတစ်ခု ပေါ်ပေါက်လာလေသည်။ လူတိုင်းကလည်း အံ့ဩဖို့ကောင်းလောက်အောင် တစ်ညီတစ်ညွတ်တည်းလုပ်ဆောင်ခဲ့ကြလေသည်။ ပိုက်ဆံယူပြီးနောက် လူရှာဖို့အတွက် ဟိုဟိုသည်သည်ဖုန်းဆက်ကြ၏။ တချို့ဆိုလျှင် သူတို့၏မိတ်ဆွေများကိုပါ လှမ်းအသိပေးကြသည်။
"အဘိုးကြီးလျူ.. ထိပ်တန်းသူဌေးတစ်ယောက်က ငါတို့ကျောင်းက လူတစ်ယောက်ကိုလိုက်ရှာနေတာ။ မင်း သူ့ကို ရှာတွေ့တွေ့မတွေ့မတွေ့ တစ်ယောက်စာ ပိုက်ဆံတစ်သိန်းကတော့ သေချာပေါက်ရမှာ။ သဲလွန်စတစ်ခုခုပေးနိုင်ခဲ့ရင် နောက်ထပ်တစ်သိန်း။ လူကိုတကယ်ရှာပေးနိုင်ခဲ့ရင်တော့ တစ်သန်းတဲ့။ ပြီးမှ ပြောလည်းမပြောဘူးဆိုပြီး ငါ့ကို အပြစ်လာမတင်နဲ့နော်။ ကျောင်းပေါက်ဝမှာရှိတယ်"
...
မိနစ်ပိုင်းအတွင်းမှာပင် ကူစူးတက္ကသိုလ်ရှိ ကျောင်းသူကျောင်းသားများနှင့် ဆရာများမှာ စတင်လှုပ်ရှားကြပြီး 'နို့လက်ဖက်ရည်သကြားနှစ်ဆ'ဟု နာမည်ပြောင်ရှိသူတစ်ယောက်ကို လိုက်ရှာကြလေတော့သည်။
…….