← Chapters

မင်္ဂလာပါ။ ငါ့နာမည်က လုရီယောင်ပါ

Vol. 4 Ch. 52

မင်္ဂလာပါ။ ငါ့နာမည်က လုရီယောင်ပါ

Vol. 4 Ch. 52

"အနောက်ကလူတွေကို ကျွန်တော်တောင်းပန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ရှာနေတဲ့လူကို ရှာတွေ့ပါပြီ။ ကျွန်တော့်ကို စိတ်အားထက်ထက်သန်သန်ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ကျန်းမုန့်လောင်လည်း "နို့လက်ဖက်ရည်သကြားနှစ်ဆ"ထံမှ မက်ဆေ့ချ်ရလိုက်သည့်အတွက် ရင်ဘတ်ထဲက လေးလံမှုများ ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

"အာ...အဲ့ဒါတွေအကုန် နင့်ကြောင့်ပဲ။ ငါနဲ့အတူ ဈေးဝယ်ထွက်ဖို့ လိုက်ခဲ့ပါလို့ ခေါ်နေတာကို။ နင်ကတော့ ဗီဒီယိုဂိမ်းပဲ ကစားနေတာလေ။ ငါတို့သာ နည်းနည်းလောက်စောပြီးထွက်လာခဲ့လိုက်ရင် အဲ့ဒီပိုက်ဆံကိုတော့ ရဦးမှာ"

"အား..နောက်တစ်ခါကျရင် ငါ မိတ်ကပ်အကြာကြီးမလိမ်းတော့ဘူး။ ယွမ်တစ်သိန်းရေ... ငါ့ရှေ့မှာ လူလေးယောက်ပဲလိုတော့တာကို"

"ဟားဟားဟားဟား.. ငါက နောက်ဆုံးတစ်ယောက်ပဲ။ ငါက ကံအရမ်းကောင်းတာပဲ"

"အဲဒီလူကိုရှာတွေ့ပြီး ၁.၂သန်းရသွားတဲ့လူက ဘယ်သူပါလိမ့်။ အဲ့ဒီပိုက်ဆံရဖို့အတွက်ဆိုရင် ဆယ်နှစ်လောက်အလုပ်လုပ်ရင်တောင် မရဘူး"

"အချောလေး.. တခြားတစ်ယောက်ယောက်ကိုများ ရှာဦးမလား"

...

ဤသတင်းကို ကြားလိုက်ရသောအခါ ကျောင်းပေါက်ဝ၌ စုဝေးနေကြသော လူအုပ်ကြီးမှာ ဝမ်းသာမှုနှင့် ဝမ်းနည်းမှုတို့ကို ယှဉ်တွဲခံစားလိုက်ရလေသည်။ လူတော်တော်များများဆိုလျှင် ယွမ်တစ်သိန်းရဖို့ ခြေတစ်လှမ်းစာမျှသာ လိုတော့သည်။ တချို့ဆိုလျှင် ဤနေရာကိုလာဖို့အတွက် အရေးကြီးကိစ္စများကိုပင် ရွှေ့ဆိုင်းခဲ့ရသော်ငြား ယခုတော့ အချည်းနှီးပင်။

သို့သော် ကျန်းမုန့်လောင်က သူရှာနေသူကို ရှာတွေ့သွားပြီဖြစ်လေရာ သူတို့ကလည်း အရှက်မရှိ ပိုက်ဆံသွားတောင်း၍ မရပေ။ သို့မဟုတ်ပါက အလကားကုန်းဆင်းနေသလို ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် သူတို့လည်း နောင်တတပွေ့တပိုက်ဖြင့် တဖြည်းဖြည်းလူစုခွဲလိုက်ရုံသာ တတ်နိုင်လေသည်။

"နောက်တစ်ခေါက်ကိုစောင့်နေပေးပါ အားလုံးပဲ။ ခင်ဗျားတို့တွေအားလုံးက အခုလိုကူညီပေးဖို့ ရောက်လာကြတာဆိုတော့ ကိစ္စတော်တော်များများကို ပစ်ထားခဲ့ရမှာပဲ။ ခင်ဗျားတို့ကို လက်ဗလာနဲ့ပြန်လွှတ်လိုက်ရရင် သိပ်အဆင်မပြေလောက်ဘူး။ အဲ့ဒါကြောင့် စေတနာကိုအသိအမှတ်ပြုတဲ့အနေနဲ့ပေးတဲ့ ကျွန်တော့်ရဲ့လက်ဆောင်သေးသေးလေးကို လက်ခံပေးကြပါဦး"

လူအများကြီးရှိနေသည်ဖြစ်ရာ ကျန်းမုန့်လောင်အနေနှင့် ထိုနေရာမှာရှိနေသော ကျောင်းသားအမြောက်အများကို ငွေလွှဲထားပြီးဖြစ်၏။ ထိုကျောင်းသားတစ်ယောက်ချင်းစီမှာ လုပ်အားခအဖြစ် တစ်ယောက်ကို ယွမ်တစ်သိန်းရထားပြီးဖြစ်သည်။

"ဒီမှာရှိတဲ့လူတိုင်းကို ယွမ်တစ်သောင်းစီလွှဲပေးဖို့အတွက် မင်းတို့ကို ဒုက္ခပေးရတော့မှာပဲ။ ဒါပေမဲ့ နောက်မှရောက်လာတဲ့လူတွေကိုတော့ ပေးဖို့မလိုဘူးနော်"

"နားလည်ပြီ"

ကျောင်းသားများကလည်း ခေါင်းညိတ်လိုက်ကြပြီး စိတ်ထဲမှာတော့ ကျန်းမုန့်လောင်က ပိုက်ဆံအများကြီးရှိသည့် အရူးတစ်ယောက်ပင်ဖြစ်ကြောင်း တွေးနေကြလေသည်။

ဒီလူတွေက ဘာမှလုပ်မပေးတာတောင် သူက ပိုက်ဆံပေးနေသေးတယ်။ သူက ဒီကို လူလာရှာတာလား။ ပရဟိတလုပ်ဖို့ရောက်လာတာလား။

နောက်ထပ်ပိုက်ဆံထပ်ရှိဦးမည်ဖြစ်ကြောင်း ကြားလိုက်ရသောအခါ စိတ်ပျက်လက်ပျက်ဖြစ်သွားကြသည့် ကျောင်းသားများ၏ မျက်နှာမှာ ချက်ချင်းဝင်းပလာကြသည်။ ယွမ်တစ်သိန်းမဟုတ်သော်ငြား ဘာမှမလုပ်ဘဲ ယွမ်တစ်သောင်းရလိုက်သည်ကပင် ကောင်းကင်ပေါ်က ပိုက်ဆံများပြုတ်ကျလာသည့်အလား ကောင်းနေလေပြီ။

မကြာခင်မှာပင် လူတိုင်းက သူတို့ရလိုက်သော ပိုက်ဆံများကြောင့် ကျေနပ်သွားကြသော်လည်း ပြန်မသွားကြသေးပေ။ ကျန်းမုန့်လောင်က ကျောင်းပေါက်ဝတွင် မတ်တတ်ရပ်နေဆဲဖြစ်ပြီး မပြန်သေးပေ။ ဤသည်မှာ သူရှာနေသူက ဤနေရာသို့ အချိန်မရွေးရောက်လာနိုင်သည် ဟူသောသဘောပင်။

အကြမ်းဖျင်းခန့်မှန်းကြည့်ရပါလျှင် ကျန်းမုန့်လောင်က ကျောင်းသားပေါင်းတစ်ထောင်ကျော်ထံမှ အကူအညီရယူခဲ့သည်ဖြစ်ရာ တစ်ယောက်ကိုတစ်ထောင်နှင့်တွက်လိုက်လျှင်ပင် ယွမ်တစ်ဘီလီယံဖြစ်နေချေပြီ။ တစ်ဘီလီယံပေးပြီး ရှာရလောက်သည်အထိ အရေးပါသူက ဘယ်သူများလဲ။

ထိုအချိန်အတွင်းမှာ တော်တော်များများက ကျန်းမုန့်လောင်နှင့် စကားပြောဆိုဖို့ ကြိုးစားခဲ့ကြသည်။ ထိုလူများထဲတွင် တက္ကသိုလ်၏အလှဆုံးစာရင်းဝင်အမြောက်အများလည်း ပါဝင်လေသည်။ သို့သော် သူကတော့ နှစ်ခါပြန်မကြည့်ပါချေ။ ထို့ကြောင့် ဤပုဂ္ဂိုလ်၏သရုပ်မှန်ကို လူတိုင်က ပြင်းပြင်းပြပြသိချင်သွားရလေသည်။

"ရီရီ.. ငါ့ကိုစောင့်ပါဦး။ မပြေးနဲ့တော့။ အဲ့ဒီသူဌေးက သူရှာနေတဲ့လူကို တွေ့သွားပြီလို့ ရှီရှီ ငါ့ကိုလှမ်းပြောနေတယ်။ ငါတို့ အခုသွားရင်တောင် ဘာပိုက်ဆံမှရမှာမဟုတ်တော့ဘူး"

သို့သော် ထိုမိန်းကလေးကတော့ အရှိန်လျှော့မသွားဘဲ ရှေ့ကိုဆက်ပြေးနေဆဲသာ။

"အဲ့ဒါ သူများလား။ ဒါမှမဟုတ် သူများလား"

ကျန်းမုန့်လောင်၏အကြည့်က ဤနေရာသို့ သုတ်သုတ်ပျာပျာရောက်လာသည့် အနီးအနားရှိလူများဆီသို့ ဝေ့ဝဲနေချေသည်။ သို့သော် ထိုသူတို့မှာ ဘာပိုက်ဆံမှ မရနိုင်တော့မှန်း သိသွားသည်နှင့် သူတို့၏မျက်နှာထက်၌ စိတ်ပျက်မှုများဖြင့် ပြည့်နှက်သွားလေတော့သည်။

သူတို့၏အမူအရာကို ကြည့်ရုံမျှဖြင့် သူတို့က သူရှာနေသောလူမဟုတ်ကြောင်း ကျန်းမုန့်လောင် သိလိုက်သည်။

ရုတ်ခြည်းပင် မိန်းကလေးတစ်ယောက်က သူ့မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။ သူ(မ)က မိတ်ကပ်ပါးပါးလိမ်းခြယ်ထားပြီး အမောတကောအသက်လုရှူနေချေသည်။ သူ(မ)၏ဆံပင်များကလည်း လေအဝှေ့ကြောင့် ရှုပ်ပွနေပြီး သူ(မ)၏အကြည့်ကလည်း ဟိုဟိုသည်သည်ဝေ့ဝဲလှည့်လည်နေပြီးမှ သူ့ထံသို့ ရောက်ရှိလာသည်။

သူတို့ အကြည့်ချင်းဆုံလိုက်သည့် အခိုက်အတန့်မှာ လျှပ်စီးကြောင်းတစ်ခု သူ့ခန္ဓာကိုယ်ထဲ စီးဆင်းသွားသလို ခံစားလိုက်ရသည်။

"သူပဲ"

ကျန်းမုန့်လောင်က သူ့မက်စ်ကိုချွတ်လိုက်ပြီးနောက် လူအများကြီးရှေ့တွင် သူ့မျက်နှာကို ပထမဆုံးအကြိမ်အဖြစ် ပြသလိုက်သည်။

"အမလေး..သူက ချမ်းသာရုံတင်မကဘူး။ တော်တော်လည်းချောတာပဲနော်"

"ဝူး.. ငါ အရမ်းအားကျနေပါပြီနော်။ ဘယ်သူကများ ဒီလောက်တောင်ကံကောင်းရတာလဲ"

"အခုကစပြီး ငါဆုံးဖြတ်ချက်ချလိုက်ပြီ။ သူက ငါ့ယောက်ျားပဲ"

"ဘယ်သူက ငါ့ယောကျ်ားကို ခိုးချင်နေတာလဲ။ ငါ သူနဲ့သေအောင်တိုက်ခိုက်ပစ်မယ်"

"နေဦး.. ကြည့်လိုက်ကြ.. သူ တစ်ယောက်ယောက်ဆီကို သွားနေတယ်"

"အဲ့ဒါက လုရီယောင်မလား"

"နင် သူ့ကိုသိလို့လား"

"သိတယ်လေ။ ဒါပေမဲ့ သူကတော့ ငါ့ကိုမသိဘူး။ ငါ ဒီနှစ်ရဲ့ထိပ်တန်းဆယ်ယောက်သီချင်းဆိုပြိုင်ပွဲကို သွားခဲ့သေးတယ်။ သူက အဲ့ဒီမှာ ချန်ပီယံလေ"

"တကယ်လား။ သူက လှတယ်ဆိုပေမဲ့ ငါတို့ကျောင်းက အလှဘုရင်မတွေနဲ့ ယှဉ်ရင်တော့ တော်တော်လေးကွာတယ်မဟုတ်ဘူးလား"

"သောက်ကျိုးနည်း..နင်ကရော သူ့လောက်လှလို့လား။ သူ့ကို ဆယ်မှတ်မှာ ခုနစ်မှတ်ပေးရင်တောင် အပိုလုပ်တာမဟုတ်ဘူး နားလည်လား"

လုရီယောင်၏ ပေါ်ထွက်လာမှုက လူတိုင်း၏ အာရုံစူးစိုက်မှုကို ရုတ်ခြည်းဆွဲဆောင်ပစ်လိုက်လေသည်။ ဤလူချမ်းသာလေးက သူ(မ)အတွက် ရောက်လာတာများလား။

ထိုအခိုက်အတန့်လေးမှာ လုရီယောင်၏အခန်းဖော်က နောက်ကျမှ ရောက်လာလေသည်။ သူ(မ)၏အကြည့်က ကျန်းမုန့်လောင်ထံတွင် အတော်ကြာသည်အထိ မြဲမြံနေခဲ့သည်။ သူငယ်ချင်းစက်ဝန်းအတွင်းမှာ ဘာဓာတ်ပုံမှ တင်ထားခြင်းမရှိသော်လည်း သူက ကျောင်းပေါက်ဝရှိ ထိုလူချမ်းသာဟုတ်မဟုတ်ဆိုသည်ကို အတည်ပြုရန်မှာ မခက်ခဲလှပေ။

"ဒါက.. တိုက်ဆိုင်တာတော့မဟုတ်ဘူးမလား"

ကွမ်ယွီချန်ခမျာ ယနေ့ လုရီယောင်ကိုလာတွေ့သည့် အွန်လိုင်းသူငယ်ချင်းက ဤလူငယ်လေးဖြစ်နေလိမ့်မည်ဟု လုံးဝထင်မထားပေ။ သူက လုရီယောင်နှင့်တွေ့ဖို့သက်သက် ယခုလိုအုံးအုံးကျက်ကျက်ဖြစ်အောင် လုပ်လိုက်တာများလား။

အလွန်ကံကောင်းလှသော ထိုပုဂ္ဂိုလ်ကို သူ(မ) အားကျနေခဲ့ခြင်းပင်။ ယခုတော့ ထိုကံကောင်းသူမှာ သူ(မ)၏အခန်းဖော်ကိုယ်တိုင် ဖြစ်နေလေသည်။

တကယ်တမ်းမှာ ကျန်းမုန့်လောင်က extrovertဆန်လှသည်ဖြစ်ရာ သူစိမ်းပင်ဖြစ်စေ အသိအကျွမ်းပင်ဖြစ်စေ မည်သည့်အပေါင်းအသင်းနှင့်မဆို လွယ်လင့်တကူအဆင်ပြေပြေနေနိုင်သည်။ သို့သော် သူနှစ်သက်သည့် မိန်းကလေးရှေ့ကို ရောက်သွားပါက ခွေးပေါက်လေးတစ်ကောင်အဖြစ် ရုတ်ခြည်းပြောင်းလဲသွားပြီး စကားပင် ကောင်းကောင်းမဟရဲတော့ချေ။

သူ(မ)က ဘယ်လိုမျိုးဖြစ်လေမလဲဆိုသည့်အကြောင်း သူ တစ်လမ်းလုံးစဉ်းစားလာခဲ့သော်ငြား သူ(မ)ကို လူကိုယ်တိုင်မြင်လိုက်ရချိန်မှာတော့ အံ့ဩမှင်တက်သွားမိဆဲသာ။ လုရီယောင်က အင်တာနက်ဆယ်လီများလို မျက်နှာမျိုးမဟုတ်ပါဘဲ သူ(မ)၏အလှတရားက အံ့ဖွယ်ကောင်းလောက်အောင် သဘာဝဆန်လွန်းလှသည်။

တကယ်တမ်းတွင် ကျန်းမုန့်လောင်သာမက လုရီယောင်လည်း ထိုနည်းတူ ခံစားမိသည်။ သူ(မ)၏ပါးပြင်ထက်၌ အနီရောင်လှိုင်းတစ်ခု ဖြတ်ပြေးသွားပြီး သူတို့၏ပထမဆုံးတွေ့ဆုံမှုမှာလည်း ရုပ်ပြစာအုပ်များထဲက ဇာတ်ကွက်တစ်ခုအလား နွေးထွေးလွန်းလှ၏။

"ငါတို့ပတ်ပတ်လည်ကလေထဲမှာ အချစ်ရဲ့ချဉ်စူးစူးအနံ့အသက်တွေနဲ့ ပြည့်နေတာကို နင်တို့တွေခံစားမိကြလား"

"ငါ အဲ့ဒီအနံ့ကိုရတယ်။ ပြီးတော့ ပိုက်ဆံအနံ့ရောပဲ"

"ငါ ဒီလိုပြောရင် နင်တို့ယုံချင်မှယုံကြလိမ့်မယ်။ ဒါပေမဲ့ ငါ ဒီအတွဲကို တကယ်ပဲပေးစားချင်လာပြီ"

"ငါ စင်ဂယ်ဖြစ်လည်းရတယ်။ ဒါပေမဲ့ ငါပေးစားတဲ့အတွဲကတော့ သေချာပေါက်အတူရှိမှဖြစ်မယ်"

"စောင့်ကြည့်ဖို့အတွက် ဒီမှာဆက်နေနေတဲ့လူတွေကို ငါ ပြည်သူ့ရေးရာတရားရုံးကို အခုချက်ချင်းသွားတိုင်တော့မယ်"

...

"အာ.. မင်းက 'နို့လက်ဖက်ရည်သကြားနှစ်ဆ'လား"

ကျန်းမုန့်လောင်ခမျာ သူ့လက်ကို ဘယ်နားထားရလေမလဲဆိုသည်ကိုပင် မသိတော့ချေ။

"အဲ့လိုမထင်ရလို့လား"

လုရီယောင်က ရယ်မောလိုက်သည်။

"ငါတို့ ဒီလိုနည်းနဲ့တွေ့ရလိမ့်မယ်လို့ ငါထင်မထားဘူး"

"ငါလည်း ဘာတတ်နိုင်မှာလဲ"

ကျန်းမုန့်လောင်က ကူကယ်ရာမဲ့ဟန်ဖြင့် ပြုံးရင်း ပြောလာလေသည်။

"ငါ မင်းကို ဆက်သွယ်လို့မရလို့လေ။ ပြီးတော့ မင်းရဲ့ပုံစံကိုရော မင်းရဲ့နာမည်ကိုရော ကျောင်းရော အတန်းရော မသိဘူးလေ။ အဲ့ဒါကြောင့် မင်းကိုရှာဖို့အတွက် အခြေခံအကျဆုံးအဆင့်ကော်ဇောနီခင်းပြီး ရှာရတော့တာပေါ့"

"ဟင်း.."

လုရီယောင်က သူ(မ)၏လက်ကို ဆန့်ထုတ်လိုက်သည်။

"ဒါဆို ငါတို့ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးအောင်လုပ်ကြတာပေါ့။ ငါ့နာမည်က လုရီယောင်ပါ။ ကူစူးတက္ကသိုလ် ဂီတဌာနရဲ့စီနီယာကျောင်းသူတစ်ယောက်"

"တွေ့ရတာဝမ်းသာပါတယ်။ ငါ့နာမည်က ကျန်းမုန့်လောင်။ ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်ရဲ့ ပေါ်လီမာကုန်ကြမ်းဌာနရဲ့ စီနီယာကျောင်းသားတစ်ယောက်ပါ"

...

All Chapters