← Chapters

လူယုတ်မာကောင် မင်းနာမည်ကြီးနေပြီကွ

Vol. 4 Ch. 53

လူယုတ်မာကောင် မင်းနာမည်ကြီးနေပြီကွ

Vol. 4 Ch. 53

"ငါတို့ ဒီနေရာမှာ အရမ်းများထင်းလွန်းနေလား"

သူတို့ဘေးပတ်ပတ်လည်ရှိ လူအုပ်ကြီးက လူစုမခွဲသေးသည့်အပြင် ပိုပိုပြီးတိုးလာလေသည်။ ဤနှုန်းအတိုင်းသာဆိုပါက လုရီယောင်တစ်ယောက် မကြာခင်မှာပင် ကျောင်း၌ ဆယ်လီတစ်ယောက်ဖြစ်လာပေတော့မည်။

"ဟုတ်တယ်။ ငါလည်း တကယ်တော့ တော်တော်ရှက်နေတာ။ လူတွေအများကြီးကြည့်နေကြတော့ ငါလည်း နည်းနည်းရှက်နေတာ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"နင်က ရှက်တယ်ပေါ့"

လုရီယောင်က ကျန်းမုန့်လောင်အား တစ်ချက်ကြည့်လိုက်သည်။

"ပေါက်ကရပြောဖို့ဆိုရင် ကျွဲရိုင်းဆယ်ကောင်လာတားတောင် မရတာက ဘယ်သူပါလိမ့်"

"ဟုတ်သားပဲ။ ငါ နင့်ကိုမိတ်ဆက်ပေးရဦးမယ်။ ဒါက ငါ့အခန်းဖော်ကွမ်ယွီချန်တဲ့"

လုရီယောင်က သူ(မ)ဘေးရှိ ကောင်မလေးကို အနားဆွဲခေါ်လိုက်လေသည်။

"မင်္ဂလာပါ"

သူ(မ)က လုရီယောင်၏သူငယ်ချင်းဖြစ်နေသည့်အတွက် ကျန်းမုန့်လောင်ကလည်း သူ(မ)အား လျစ်လျူရှုမည်မဟုတ်။

"မင်းရော ငါတို့နဲ့အတူ တစ်ခုခုလိုက်စားချင်လား"

"တကယ်အဆင်ပြေလို့လား"

ကွမ်ယွီချန်က ထိုင်ခုံနှစ်နေရာစာသာပါသည့် မလှမ်းမကမ်းရှိ ပြိုင်ကားကြီးကို လှမ်းကြည့်လိုက်သည်။ ထို့ပြင် ဤသည်မှာ သူတို့၏ပထမဆုံးတွေ့ဆုံမှု ဖြစ်နေလေရာ ဝင်နှောင့်ယှက်၍ မသင့်တော်သလို ခံစားမိသည်။

"ငါ့မှာ လုပ်စရာတချို့ရှိနေသေးလို့။ နောက်မှပေါ့"

တကယ်တမ်းတွင် ကွမ်ယွီချန်က သူတို့နှင့်အတူ တကယ်လိုက်ချင်မိသည်။ ကျန်းမုန့်လောင်က မည်မျှချမ်းသာသလဲဆိုသည်ကို သူ(မ) အတိအကျမသိသော်လည်း သူနှင့်အတူ တစ်ခုခုလိုက်စားပါက သူ(မ)စားခဲ့ဖူးသမျှ အဆင့်မြင့်ညစာစားပွဲများထက် သာလွန်လိမ့်မည်ဖြစ်ကြောင်း အတပ်သိသည်။ ထိုမျှသာမက ပြိုင်ကား၏ ခရီးသည်တင်ထိုင်ခုံတွင်လည်း ထိုင်ဖူးချင်မိသည်။

သို့သော် ယနေ့ကတော့ အချိန်ကောင်းမဟုတ်ပေ။ ရိုးရိုးရှင်းရှင်းအကြောင်းပြချက်ပေးရလျှင် သူ(မ)က လုရီယောင်၏အခန်းဖော်သက်သက်တင် မဟုတ်ပါဘဲ သူ(မ)၏သူငယ်ချင်းကောင်းလည်းဖြစ်၏။ ကျန်းမုန့်လောင်က မကောင်းသောလူတစ်ယောက် ဖြစ်နေမည်ကို သူ(မ) တကယ်စိုးရိမ်မိသည်။

"နင့်ကိုယ်နင် ဂရုစိုက်နော်။ ဒီည နင် အဆောင်ကိုပြန်မလာလို့ကတော့ ငါ ရဲခေါ်လိုက်မှာ"

ကွမ်ယွီချန်က လုရီယောင်၏နားထဲသို့ တီးတိုးကပ်ပြောလိုက်သည်။

"နားလည်ပါတယ်။ ညဆယ်နာရီမတိုင်ခင် ပြန်လာခဲ့မယ်လို့ ကတိပေးတယ်"

လုရီယောင်က ကတိပေးလိုက်သည်။

"အဲ့လိုဆိုရင်တော့ ကောင်းတာပေါ့"

ယခုလိုအခြေအနေမျိုးမှာ ကျန်းမုန့်လောင်လည်း အနှောင့်အယှက်ပေးမည့် တစ်စုံတစ်ယောက်ပါလာမည်ကို မလိုလားချေ။ အစောပိုင်းက မေးလိုက်သည့်စကားမှာ ယဉ်ကျေးမှုအရသာဖြစ်၏။

"နောက်တစ်ခေါက်ကျရင် မင်းတို့တစ်ဆောင်လုံးကို တစ်ဝိုင်းပြုစုပါ့မယ်"

"ကောင်းပြီလေ။ ငါ အဲ့ဒါကိုမှတ်ထားလိုက်မယ်။ နောက်မှ ပြန်မရုပ်သိမ်းကြေးနော်"

"ပြန်ရုပ်သိမ်းရင် လုရီယောင်က ငါ့ခေါင်းကို လိမ်ချိုးမှာပေါ့"

ကျန်းမုန့်လောင်က စနောက်လိုက်သည်။

"ငါက ဘယ်တုန်းက အဲ့လိုအကြမ်းဖက်ဖူးလို့လဲ"

လုရီယောင်ကတော့ ရုတ်ခြည်းမကျေမနပ်ဖြစ်သွားလေသည်။

"နောက်ဆုံးတစ်ခေါက်တုန်က ငါ့ခေါင်းကိုလိမ်ချိုးပြီး ဦးခေါင်းခွံကိုဖွင့်ပစ်မယ်လို့ပြောတာ ဘယ်သူပါလိမ့်"

"အဲ့ဒါက နင် တအားညံ့နေလို့ ပြောလိုက်တာမဟုတ်ဘူးလား။ နင် 'ကရုဏာတရား'ကို ကျင့်သုံးနေတာလား၊ ဒါမှမဟုတ် မျက်စိရှေ့မှာတင် ရန်သူတစ်ယောက်ကိုတောင် မသတ်နိုင်တဲ့နည်းလမ်းများ ကျင့်သုံးနေတာလားဆိုတာ ငါမသိဘူးလေ"

"အဲ့ဒါ မင်း လိုက်ရှုပ်လို့ ဖြစ်ရတာကို"

နှစ်ယောက်သားမှာ ဘာမဟုတ်တာလေးကို ထပ်ငြင်းခုံနေကြသည်။ ဤသည်မှာ သူတို့၏တရားဝင်ပထမဆုံးအကြိမ်တွေ့ဆုံမှုဆိုသော်ငြား နှစ်ပေါင်းများစွာသိကျွမ်းလာခဲ့ဖူးသည့် သူငယ်ချင််းများနှင့်ပင် တူနေချေသည်။

"စကားပြောတာတော်လောက်ပြီ။ ကားထဲကိုဝင်တော့လေ"

ကျန်းမုန့်လောင်က သူ့ကားဆီသို့ လမ်းပြခေါ်ဆောင်လာချေသည်။

ကံကောင်းချင်တော့ လုရီယောင်က ယနေ့ စကတ်ဝတ်မလာခဲ့ပေ။ ထို့ကြောင့် ဟိုပေါ်သည်ပေါ်ဖြစ်မှာကို စိုးရိမ်စရာမလိုပေ။ သူ(မ)ဟာ ကျန်းမုန့်လောင်နှင့်ပတ်သက်၍ သိချင်စိတ်ပြင်းပြနေလေသည်။ သူ(မ) သူ့အား သိလာခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်၏။ သို့သော် ယခင်က သူ့ပုံစံကြောင့် သူ ဤမျှချမ်းသာနေလိမ့်မည်ဟု သူ(မ) ထင်မထားပေ။

သူ့မိသားစုထံမှ ရုတ်တရက်အမွေဆက်ခံလိုက်ရသည်ဟူသော သူပြောခဲ့သည့်စကားကများ မှန်နေလေမလား။ သို့သော် ထိုကဲ့သို့သောဇာတ်လမ်းများက ဝတ္ထုထဲတွင်သာ ရှိသည်မဟုတ်ပါလား။

"အဆင်သင့်ပဲ။ ဒရိုင်ဘာအိုကြီးကလည်း ကားမောင်းပါတော့မယ်"

ကျန်းမုန့်လောင်က နံဘေးရှိ အအေးဘူးကို လှမ်းယူလိုက်သည်။

"တလဲသီးဒိန်ချဉ်.. မင်းအကြိုက်ဆုံးဟာလေ"

"ကျေးဇူး"

လုရီယောင်ကလည်း ရှက်မနေပေ။ ကျန်းမုန့်လောင်က သူ(မ)၏အကြိုက်ဆုံးအသီးကို တကယ်မှတ်မိနေလေသည်။

"ဗရွန်း"

ကျယ်လောင်လှသော ဟိန်းဟောက်သံတစ်ခုနှင့်အတူ Koenigsegg CCVRကားက အရှိန်တင်၍ ပြေးထွက်သွားချေသည်။

စီရင်စုမြို့တော်တစ်ခုဖြစ်သည့်အတွက် ကူစူးမြို့မှာ လူဦးရေပေါများမှုဖြင့် နာမည်ကြီးသည်။ သို့သော် ယခုလိုအရည်အသွေးမျိုးရှိသည့် ကားတစ်စီးကိုတော့ တွေ့ရခဲသည်။ ဟွာရှားတစ်ပြည်လုံးဆိုလျှင် ပြောနေစရာပင် မလိုတော့လောက်အောင် ထိုKoenigseggကားကို ပိုင်ဆိုင်ထားသူမှာ လူနည်းစုမျှသာ ရှိ၏။ ဝယ်ယူနိုင်ရန်အတွက် တင်းကျပ်လှသည့် စည်းကမ်းချက်များနှင့်ပြည့်စုံဖို့လိုသည့် ဤlimited editionမော်ဒယ်လ်ဆိုလျှင် ဝေလာဝေးပင်။

"ကျစ် ကျစ် ကျစ်.. ငါသာ ဒီကားကို တစ်ခါလောက်စီးလိုက်ရရင် သေပျော်ပါပြီ"

"အိပ်မက်မက်မနေနဲ့။ ကြည့်လိုက်ဦး။ ခရီးသည်တင်ထိုင်ခုံမှာ အလှလေးတစ်ယောက်ကဖြင့် နေရာယူထားပြီးပြီ"

"သေစမ်း... ကြည့်လိုက်ဦး။ သူ့နှုတ်ခမ်းမှာ အရည်လဲ့နေတာပဲ။ ဒီနေ့ခေတ်ကလေးတွေက ဘယ်လိုပျော်ရမလဲဆိုတာကို ကောင်းကောင်းသိကြတာပဲ"

"ဘုရားရေ.. ဘာလို့နီနေတာလဲ။ ငါတော့ သွေးထွက်တာလောက်ပဲသိတာနော်။ ဒါပေမဲ့ ဒါက တကယ်ကြီး..."

...

"ကျန်းမုန့်လောင်.. နင် တမင်လုပ်လိုက်တာပဲ"

မီးပွိုင့်စောင့်နေရင်းဖြင့် လုရီယောင်က အနီးအနားရှိ ကားများဘက်က ပြောနေသံများကို ကြားလိုက်ရသည်။

"ဟီးဟီးဟီး... ဒါပေမဲ့ မင်းမှာ ဘာသက်သေမှမရှိဘူးလေ"

ကျန်းမုန့်လောင်က လှောင်ပြုံးပြုံးလိုက်၏။ တကယ်တမ်းတွင် သူ ထိုကိစ္စနှင့်ပတ်သက်ပြီး များများစားစားတွေးထားခြင်းမျိုး မရှိပေ။ လုရီယောင်က တလဲသီးနှင့် ဒိန်ချဉ်ကို ကြိုက်နှစ်သက်ပြီး ထိုအရာများမှာ ခန္ဓာကိုယ်နှင့် အစာအိမ်အတွက်လည်း ကောင်းသည်။ သူ့မှာ ညစ်ညမ်းသည့်အတွေးများနှင့် အကြံအစည်များမရှိခဲ့ကြောင်း ကျိန်ဆိုရဲသည်။

"ငါတို့ ဘယ်မှာသွားစားကြမလဲ"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ငါ မင်းကိုအကြာကြီးစောင့်နေရတာ။ သေလောက်အောင်ဗိုက်ဆာနေပြီ"

"ငါ့ကိုလာမမေးနဲ့။ ငါ့မှာ ဆုံးဖြတ်ချက်မချတတ်တဲ့ရောဂါရှိတယ်"

"ငါရောပဲ..."

ထိုရပ်ကွက်ထဲသို့ သူပြောင်းသွားပြီးကတည်းက ဟုန်းရီကသာ သူ့အတွက် နေ့စဉ်နေ့တိုင်းပြင်ဆင်စီစဉ်ပေးနေခဲ့သည့်အတွက် ကျန်းမုန့်လောင်အဖို့ ဦးနှောက်သုံးစရာမလိုချေ။ သို့သော် သူတစ်ယောက်တည်း အပြင်ထွက်လာလိုက်သည်နှင့် အထူးသဖြင့် လုရီယောင်နှင့် အတူရှိနေရချိန်မျိုးမှာ ဆုံးဖြတ်ချက်ချရာ၌ အခက်အခဲကြုံရတော့သည်။

"ဒါဆို ဝမ်တာ့ကိုပဲသွားကြတောပေါ့"

ကျန်းမုန့်လောင်က ဝမ်လင် သူ့အားပေးထားသည့် ဈေးဝယ်ကတ်တစ်ကတ်ကို ထုတ်လိုက်သည်။ ဝမ်လင်၏ ဝမ်တာ့လုပ်ငန်းစုတွင် ဈေးဝယ်နေသရွေ့ ကျန်းမုန့်လောင်ဘက်က တစ်ပြားမျှပင် ပေးစရာမလိုချေ။ ဤသည်မှာ သူဝယ်ပေးခဲ့သည့် ပြိုင်ကားအတွက် မေတ္တာတုံ့ပြန်လက်ဆောင်တစ်ခုပင်။

"ဒါမှမဟုတ် သာမန်ကာလျှံကာတစ်ခုခုပဲ သွားစားရအောင်ပါ။ ကုန်တိုက်ထဲကပစ္စည်းတွေက အရမ်းဈေးကြီးတယ်"

"စိတ်မပူပါနဲ့။ ဥက္ကဋ္ဌဝမ်ရဲ့ပိုင်နက်ဖြစ်နေသရွေ့ ငါ အလကားကုန်းဆင်းလို့ရတယ်"

လုရီယောင်၏မိသားစုနောက်ခံက အလွန်ချမ်းသာသည့်အသိုင်းအဝိုင်းမဟုတ်ကြောင်း ကျန်းမုန့်လောင် ရုတ်ခြည်းခံစားလိုက်ရသည်။

"နင်က ဥက္ကဋ္ဌဝမ်နဲ့သိတယ်ပေါ့"

"ထူးဆန်းလို့လား"

ကျန်းမုန့်လောင်က တခစ်ခစ်ရယ်လိုက်သည်။

"မင်း ယုံချင်မှယုံလိမ့်မယ်။ ဒါပေမဲ့ သူ့မျက်နှာကို ပိုက်ဆံနဲ့ပစ်ပေါက်ခဲ့တယ်ဆိုပြီး ပြီးခဲ့တဲ့တစ်ခေါက်တုန်းက နာမည်ကြီးသွားခဲ့တာ ငါပဲလေ"

"တစ်ချီတည်းနဲ့ ပြိုင်ကားတစ်ဒါဇင်လောက်ဝယ်ခဲ့တယ်ဆိုတာက နင်လား"

လုရီယောင်ခမျာ အံ့ဩမှင်တက်သွားရလေသည်။

"အမှန်ပဲ။ နှိမ့်ချတတ်တဲ့ငါပါ"

"ဒါပဲလေ"

လုရီယောင်က သူ(မ)၏နဖူးကို သူ(မ)ကိုယ်တိုင် ပြန်ရိုက်ပစ်လိုက်သည်။

"ဒီနေ့ နင်နဲ့အတူထွက်လည်ရင် ငါလည်း ရှာဖွေမှုအများဆုံးစာရင်းထဲကို ရောက်သွားတော့မယ်ထင်တယ်"

"ဘာစိုးရိမ်နေစရာရှိလဲ"

ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။

"ဝေးပေါ်ကို ငါ ဝယ်ပစ်လိုက်ရင် ရှာဖွေမှုအများဆုံးစာရင်းမှာရှိနေတဲ့အရာမှန်သမျှက ငါ့အပေါ်ပဲမူတည်တော့မှာလေ"

"နင်.. ငါတော့ဆွံ့အသွားရပါပြီနော်"

...

"ဘယ်သူလဲကွ။ ဒီအချိန်ကြီးကျမှ ငါ့ကိုလာနှောင့်ယှက်နေတာ"

ကျန်းမုန့်လောင် ကားကို ပါကင်ထိုးပြီးချိန်မှာ သူ့ဖုန်းက ထမြည်လာခြင်းပင်။

"သေလိုက်ပါတော့။ ဝမ်လင်ပဲလား"

ကျန်းမုန့်လောင်၏မျက်နှာထက်တွင် မကျေနပ်မှုများ ယှက်သန်းနေလေတော့သည်။ သို့သော် ဖုန်းကိုတော့ ပြန်ဖြေလိုက်ပါသေးသည်။

"ငါပြောရဦးမယ် ဥက္ကဋ္ဌဝမ်.. မင်းရဲ့အင်တာနက်ဆယ်လီတွေနဲ့ပဲ အပြင်ထွက်လည်ပြီး ညစာစားနေလိုက်ပါ့လား။ ငါ့ကို ဘာလို့ တစ်ချိန်လုံးအနှောင့်အယှက်ပေးနေတာလဲ"

"သေစမ်း. မင်း ဒီနေ့ တကယ်ကြီး အွန်လိုင်းသူငယ်ချင်းတစ်ယောက်နဲ့တွေ့ဖို့ ကူစူးမြို့ကိုသွားတာပေါ့"

"ဟုတ်တယ်လေ။ ငါ မင်းကို စောစောကပဲပြောပြီးပြီမဟုတ်ဘူးလား။ ငါက မင်းကို ဘာလို့လိမ်ရမှာလဲ"

"မင်း ခွေးသူခိုးကောင်.. ဝေးပေါ်ကိုလည်းဖွင့်ကြည့်ဦး။ မင်း ရှာဖွေမှုအများဆုံးစာရင်းထဲမှာ ရောက်နေပြီ"

"ဘာ"

ကျန်းမုန့်လောင် အံ့ဩမှင်တက်သွားရလေတော့သည်။

"တကယ်ကြီးလား။ ငါက လူတစ်ယောက်နဲ့သွားတွေ့ရုံလေးပါ။ ကိစ္စသေးသေးလေးက ဝေးပေါ်မှာ ဘာလို့နာမည်ကြီးသွားရတာလဲ"

"ကိစ္စသေးသေးလေးတဲ့လား"

ဝမ်လင်က ဖုန်းတစ်ဖက်မှ အော်ပြောလာသည်။

"မင်းက အဲ့ဒီKoenigsegg CCVRကားကြီးကို စီးသွားတာလေ။ ဘယ်သွားသွား သတင်းကနာမည်ကြီးမှာပဲ။ ဟုတ်ပြီလား။ မင်းက လူမသိသူမသိလေးနေတာလည်းမဟုတ်ဘဲ ကူစူးတက္ကသိုလ်မှာ ကောင်မလေးတစ်ယောက်ကိုရှာရင်း ပွက်ပွက်ရိုက်သွားအောင် လုပ်ခဲ့တာလေ။ အခုဆိုရင် မင်းရဲ့ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို တင်ထားကြတယ်။ မင်းတော့ နာမည်ကြီးပြီ"

"သောက်ကျိုးနည်း"

ကျန်းမုန့်လောင်လည်း ခပ်မြန်မြန်ပင် ဝေးပေါ်ကိုဖွင့်ကြည့်လိုက်သည်။ အမှန်ပင်။ ရှာဖွေမှုအများဆုံးပို့စ်မှာ သူ့ဗီဒီယိုဖြစ်ပြီး ဗီဒီယိုထဲတွင် သူက ဖုန်းတစ်လုံးကိုကိုင်ထားပြီး ငွေလွှဲပေးနေခြင်းပင်။ မက်စ်တပ်ထားပြီး မျက်နှာမပြထားသော်လည်း တခြားဓာတ်ပုံများကလည်း အွန်လိုင်းပေါ်မှာ ပျံ့နေပြီဖြစ်သောကြောင့် သူ့သရုပ်မှန်ကား ထပ်ပြီးဖုံးကွယ်မထားနိုင်တော့ချေ။

"ထိတ်လန့်တုန်လှုပ်စရာပဲ။ ဘီလျံနာတစ်ယောက်က သူ တစ်ဖက်သတ်ချစ်နေတဲ့လူကို ကူစူးတက္ကသိုလ်မှာလာရှာတာ။ သူ့ကိုကူညီပေးတဲ့လူတိုင်းကို ယွမ်တစ်သိန်းချက်ချင်းလွှဲပေးခဲ့တာတဲ့။ အကြမ်းဖျင်းတွက်ထားသလောက်ဆိုရင် အယောက်တစ်ထောင်လောက်ရှိတာဆိုတော့ သန်းတစ်ရာကျော်ကို သုံးပစ်ခဲ့တာ"

"ဟီးဟီးဟီး"

ဝမ်လင်က ဖုန်းတစ်ဖက်မှ လှောင်ပြောင်သရော်လိုဟန်ဖြင့် ရယ်နေချေသည်။

"အခုကစပြီး အင်တာနက်အသုံးပြုသူတွေက ငါ့ကို ထပ်ပြီးအာရုံစိုက်နေစရာ မလိုတော့ဘူး။ ဆက်ကြိုးစားထား။ သူ့တို့တွေ မင်းကိုပဲ ပစ်မှတ်ထားပါစေ"

"အဲ့လိုလား"

ကျန်းမုန့်လောင်ကတော့ ခဏမျှသာ အံ့ဩထိတ်လန့်လိုက်ပြီး သူ့တည်ငြိမ်အေးဆေးမှုကို ပြန်ရရှိလိုက်သည်။ မိသားစုစည်းစိမ်ကို အမွေဆက်ဆံခဲ့ရသည့်အတွက် သူ့သရုပ်မှန်နှင့် ချမ်းသာကြွယ်ဝမှုတို့ ဖော်ထုတ်ခံလိုက်ရမည်မှာ အနှေးနှင့်အမြန်ပင်။ ယခုမှာ သူထင်ထားသည်ထက် ပိုစောသွားခဲ့ခြင်းသက်သက်သာ။

"အဲ့လိုဆိုမှတော့ ငါလည်းထပ်ဖုံးကွယ်မနေတော့ပါဘူး"

ကျန်းမုန့်လောင်က ဝမ်လင်ကိုပြောလိုက်လေသည်။

"ဒီနေ့ကစပြီး ငါ ကျန်းမုန့်လောင် ကမ္ဘာပေါ်မှာ အတောက်ပဆုံးအမျိုးသားအဖြစ်နဲ့ပဲ နေသွားတော့မယ်"

…….

All Chapters