အခုခေတ်မှာ streamerတွေက ဒီလောက်တောင်အာဏာရှိတာလား
Vol. 4 Ch. 54
"ကောင်းပြီလေ။ အဲ့လိုဆိုရင် ငါ မင်းကိုကူညီပေးပါ့မယ်"
ဝမ်လင်က တခစ်ခစ်ရယ်မောလျက် ဖုန်းချလိုက်သည်။
"ငါ့ကိုကူညီပေးမှာလား။ အဲ့ဒါက ဘာအဓိပ္ပာယ်လဲ"
ကျန်းမုန့်လောင်ခမျာ စိတ်ရှုပ်ထွေးသွားရသည်။
"ဘာဖြစ်တာလဲ။ တစ်ခုခုဖြစ်လို့လား"
လုရီယောင်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
"ဘာမှမဟုတ်ပါဘူး။ ဥက္ကဋ္ဌဝမ်က ငါနာမည်ကြီးနေပြီဆိုတဲ့အကြောင်း ဖုန်းဆက်ပြီးပြောပြတာပါ"
ကျန်းမုန့်လောင်က ကျီစယ်ဟန်အပြုံးတစ်ပွင့်ဖြင့် ပြောလာလေသည်။
"ပြီးတော့ မင်းရောပဲ။ မင်းလည်း အခုနာမည်ကြီးနေပြီ"
"ကျန်းမုန့်လောင်.. အဲ့ဒါတွေအကုန် နင့်အပြစ်တွေချည်းပဲ"
လုရီယောင်က ကျန်းမုန့်လောင်၏ခါးတစ်ဝိုက်ရှိ ဗိုက်ကြောကို ဆွဲလိမ်လိုက်သည်။
"ဟေး စိတ်မပူပါနဲ့။ ငါပြောထားတဲ့အတိုင်း တကယ်လို့ ငါတကယ်နာမည်ကြီးလာတယ်ဆိုရင်တောင် ဝေးပေါ်ကိုဝယ်လိုက်မယ်ဆိုရင် ငါမမြင်စေချင်တဲ့အရာကို ဘယ်သူမှမြင်ရမှာမဟုတ်ဘူး"
"ငါတို့နိုင်ငံထဲမှာ ဝေးပေါ်တင်ရှိတာမဟုတ်ဘူးလေ။ တူထျန်းတို့ ထန်ရွှင်းသတင်းတို့ ဝမ်ယိသတင်းတို့ကိုရော ဘယ်လိုလုပ်မှာလဲ။ နင် ဝေးပေါ်ကိုဝယ်လိုက်ရင်တောင် တခြားဟာတွေက ဘယ်လိုလုပ်မလဲ"
ကျန်းမုန့်လောင်က မရိုးဖြောင့်ဟန်ဖြင့် သွားဖြဲလျက်ပြုံးလိုက်လေသည်။
"ဒါဆိုရင် ငါ အဲ့ဒါတွေအကုန်လုံးကို ဝယ်လိုက်မှာပေါ့။ တစ်ခုမှတောင်မချန်ထားဘူး"
"နင်က နင့်ကိုယ်နင် ဧကရာဇ်တစ်ပါးများမှတ်နေလား"
လုရီယောင်က အော်ရယ်လိုက်သည်။ တစ်ခုချင်းစီက အမေရိကန်ဒေါ်လာ တစ်ဘီလီယံ သို့မဟုတ် ဘီလီယံရာဂဏန်းနှင့်ချီ၍ တန်ဖိုးရှိသည့် ထိုထိပ်သီးလုပ်ငန်းစုများကို သူက ဘယ်လိုလုပ်ပြီးတော့များ ဝယ်နိုင်မှာတဲ့လဲ။
လုရီယောင်က ယခုတော့ ကျန်းမုန့်လောင်တစ်ယောက် မိသားစုစည်းစိမ်ကို ဆက်ဆံထားရကြောင်း ယုံကြည်လိုက်ပြီဖြစ်၏။ သို့သော် ကျန်းမုန့်လောင်၏မိဘများ ချန်ထားရစ်ခဲ့သည့် စမ်းသပ်မှုလေးတစ်ခုကပင် အမေရိကန်ဒေါ်လာတစ်ရာဘီလီယံတန်ဖိုးရှိကြောင်း သူ(မ) လုံးဝတွေးမိမည်မဟုတ်။
"မင်းပြောတာ အမှန်ပဲ"
ကျန်းမုန့်လောင် ရယ်မောလိုက်လေသည်။
"အိုး.. စကားမစပ် မင်း အခုလေးတင်ပြောလိုက်တဲ့ အဲ့ဒီတူထျန်းက ငါ့အပိုင်ပဲ။ ငါက Unicornနည်းပညာရဲ့ဥက္ကဋ္ဌလေ"
လုရီယောင်ခမျာ ထိတ်လန့်မှုကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
"သွားကြစို့။ တစ်ခုခုသွားစားရအောင်"
ကျန်းမုန့်လောင်က လုရီယောင်၏ပခုံးကို ပုတ်လိုက်လေသည်။
"ငါ့နားမှာနေရင် အခုလိုအံ့ဩရမဲ့အခွင့်အရေးတွေ အများကြီးရှိလာဦးမှာ။ မင်း ဒါလေးကိုတောင် မကိုင်တွယ်နိုင်ရင် ငါတို့ သူငယ်ချင်းတောင် လုပ်လို့ရမှာမဟုတ်ဘူး"
"ဘယ်သူက နင့်နားမှာနေမယ်လို့ပြောလဲ"
ကျန်းမုန့်လောင်ပြောလိုက်သည့် စကားများထဲမှ သွယ်ဝိုက်ညွှန်းဆိုမှုများကို လုရီယောင် ရိပ်စားမိလိုက်သည်။
"ဟီးဟီးဟီး"
ကျန်းမုန့်လောင်က ပေါကြောင်ကြောင်ရယ်မောလိုက်လေသည်။ သူဟာ လုရီယောင်နားတွင် ရှိနေရချိန်တိုင်းမှာ စိတ်သက်သာအေးချမ်းနေရသည်သာ။
...
သောကြာနေ့ညဖြစ်လေရာ ဝမ်တာ့ပလာဇာသည် ပုံမှန်မဟုတ်ဘဲ လူထူထပ်နေလေသည်။ သာမန်လူများအဖို့တော့ ညစာစားဖို့အတွက် အနည်းဆုံးနှစ်နာရီသုံးနာရီမျှ ကြာမြင့်မည်ဖြစ်သော်ငြား ဝမ်လင်၏ဗီအိုင်ပီကတ်ကြောင့် ကျန်းမုန့်လောင်က လူအုပ်ကြီးကိုကျော်နိုင်ခဲ့ရုံသာမက ခပ်မြန်မြန်ပင်စားသောက်ပြီးစီးခဲ့သည်။
"ဟားဟားဟား... လူတန်းကြီးတစ်ခုရှိပါတယ်လို့ ငါ နင့်ကိုမပြောခဲ့ဘူးလား။ ဒါပေမဲ့ နင်က အထဲဝင်ဖို့ ဗီအိုင်ပီကတ်ကိုပဲ ဇွတ်သုံးချင်နေခဲ့တာလေ။ အခု ရှက်ရကောင်းမှန်းသိပြီလား"
ဟိုင်တိလောင်စားသောက်ဆိုင်ရှိ အထူးတန်းထိုင်ခုံတစ်ခုတွင် လုရီယောင်က ခွက်ထိုးခွက်လန်ရယ်မောလိုက်သည်။
ဟိုက်တိလောင်သည် မှော်ဆန်လှသော နေရာတစ်ခုဖြစ်၏။ အကယ်၍ သင်သာ သင့်မွေးနေ့ကို ထိုနေရာတွင် လာကျင်းပပါက ကိတ်မုန့်နှင့် အခြားပစ္စည်းများကို ကိုင်ဆောင်ထားသော လူတစ်စုက သင့်စားပွဲဆီသို့ လာရောက်၍ သင့်အား မွေးနေ့ပွဲကျင်းပပေးလိမ့်မည်ဖြစ်၏။ ထိုမြင်ကွင်းမျိုးဟာ မရေမတွက်နိုင်သော ဖောက်သည်များကို အရှက်ရစေခဲ့ဖူးသည်။
သူတို့က စားသောက်ဆိုင်သို့ အစားတစ်နပ်ကောင်းကောင်းစားရန်သာ အလိုရှိပါသော်ငြား စားသောက်ဆိုင်ဝန်ထမ်းများကတော့ KPI ရဖို့အတွက် သင်လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ ဘာမှဂရုမစိုက်ဘဲ သင့်ခေါင်းပေါ်တွင် သရဖူတစ်ခုဆောင်းပေးပြီး ထိုလူတစ်ခုက သင့်အနားဝိုင်း၍ မွေးနေ့ဆုတောင်းသီချင်းဆိုပေးကြပေလိမ့်မည်။
VIPတစ်ယောက်ဖြစ်သည့် ကျန့်မုန့်လောင်ကတော့ ဧကရာဇ်ကဲ့သို့သော ဧည့်ခံကြိုဆိုမှုကို ရရှိခဲ့သည်။.
မည်သည့်မြို့တွင်မဆို ထိုVIPကတ်ကို ကိုင်ဆောင်ထားသူမှာ ဆယ်ယောက်ထက်မပိုပေ။ ကူစူးမြို့ကဲ့သို့သော မြို့တစ်မြို့မှာပင် ထိုကတ်ကို ပိုင်ဆိုင်သူဟာ အနည်းဆုံးအယောက်နှစ်ဆယ်မှ အယောက်သုံးဆယ်ခန့်သာရှိပြီး ထိုကတ်သည် ရာထူးဂုဏ်သိမ်နှင့် အဆင့်အတန်းကို ဖော်ပြသည့် သင်္ကေတတစ်ခုဖြစ်သည်။
သူတို့ ဟိုင်တိလောင်ထဲသို့ လှမ်းဝင်လာလိုက်သည်နှင့်တစ်ပြိုင်နက် မန်နေဂျာကိုယ်တိုင် သူတို့အား လာရောက်ကြိုဆိုခဲ့သည့်အပြင် ကိတ်မုန့်နှင့် သရဖူကိုပါ ပြင်ဆင်လာပြီး ဝန်ထမ်းတစ်သိုက်ကလည်း ကျန်းမုန်းလောင်အား သူ့ခုံနေရာသို့ လိုက်လံပို့ဆောင်ပေးခဲ့သည်။ ထို့ပြင် စားသောက်ဆိုင်တစ်ခုလုံးရှိ လူအားလုံးကြားနိုင်ရန်အတွက်လည်း သုံးကြိမ်တိုင်တိုင် ကြေညာချက်ထုတ်ပြန်ခဲ့သေးသည်။
"ငါမရှက်သရွေ့ ရှက်ရမှာက သူတို့ပဲ"
ကျန်းမုန့်လောင်က ထိုင်နေရာမှ ရုတ်တရက်ထရပ်လိုက်သည်။
"ထုံးစံအတိုင်း ငါ သခင်လေးကျန်းက ဒီညအတွက် ကုန်ကျစရိတ်ကိုရှင်းပေးမယ်။ အဲ့ဒါကြောင့် အားလုံးပဲ စိတ်တိုင်းကျသုံးဆောင်ကြပါ"
မည်သို့ပင်ဖြစ်စေ ဤသည်မှာ ဝမ်လင်၏ပိုက်ဆံဖြစ်၏။ မသုံးဘဲနေလျှင် ဖြုန်းတီးရာကျပေလိမ့်မည်။ အထူးသဖြင့် ဝမ်လင်က တစ်ညတာရောင်းအားကုန်ကျစရိတ်ကို သတိပင်ထားမိမည်မဟုတ်။
သို့သော် ထိုအော်ဟစ်သံက ရှက်ဖွယ်ကောင်းသောလေထုကို ဖျောက်ဖျက်နိုင်ခဲ့ရုံသာမက စားသောက်ဆိုင်တစ်ခုလုံးကိုပါ တက်ကြွပျော်ရွှင်စေခဲ့ပြီး ရှက်ဖွယ်ကောင်းသော အခိုက်အတန့်ကို ပျော်ရွှင်ဖွယ်ပါတီတစ်ခုအဖြစ် ပြောင်းလဲသွားစေခဲ့သည်။
"သခင်လေးကျန်းက အံ့ဩဖို့ကောင်းလိုက်တာ"
"ဟားဟားဟား.. ကျေးဇူးပါပဲ သခင်လေးကျန်းရေ"
"စားပွဲထိုး.. ဟင်းပွဲတွေထပ်ဖြည့်ပေးပါဦး"
"ဟားဟားဟား.. အားလုံးပဲထပ်ဖြည့်ကြပါ။ ကျွန်တော်အကုန်ရှင်းမှာပါ"
ကျန်းမုန့်လောင်က အနားရှိစားပွဲမှ လူများနှင့် ရယ်ကာမောကာ စကားလက်ဆုံကျနေသည်မှာ ထိုနေရာရှိလူတိုင်းက သူ့မိတ်ဆွေများအလားပင်။
"တွေ့လား။ ငါ့မှာ နည်းလမ်းရှိတာပဲမဟုတ်ဘူးလား"
ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။
နေရခက်သော အခိုက်အတန့်များက မျက်စိတစ်မှိတ်အတွင်းမှာပင် ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
"နင်က အရမ်းအထင်ကြီးဖို့ကောင်းတာပဲ"
လုရီယောင်က ကျန်းမုန့်လောင်ကို မျက်ဆန်လည်ပြလိုက်သည်။
စိတ်ကျေနပ်ဖွယ်ကောင်းသော ညစာစားအပြီးမှာ ကျန်းမုန့်လောင်က သူ့ဗိုက်ကိုပုတ်လျက် လုရီယောင်နှင့်အတူ စားသောက်ဆိုင်ထဲမှ လျှောက်ထွက်လာခဲ့လိုက်သည်။ မန်နေဂျာကတော့ အပြုံးကြီးပြုံး၍ သူ့အား လိုက်လံပို့ဆောင်ပေးသည်။
"မင်းရဲ့အခန်းဖော်ကို ကတိပေးထားတဲ့အချိန်ကိုမရောက်ခင် တစ်နာရီကျော်တော့ အချိန်ရှိသေးတယ်။ နည်းနည်းလောက်ပတ်ကြည့်မယ်ဆိုရင်ရော ဘယ်လိုလဲ"
ကျန်းမုန့်လောင်က အချိန်ကိုတစ်ချက်ကြည့်လိုက်လေရာ ညရှစ်နာရီသာရှိသေးသည်ကို တွေ့လိုက်ရသည်။
"ဒါပေါ့။ ငါ ဈေးဝယ်မထွက်ဖြစ်တာ တော်တော်ကြာပြီ"
ဈေးဝယ်ထွက်ခြင်းဟူသည်မှာ အမျိုးသမီးတိုင်း၏ဗီဇဖြစ်လေရာ လုရီယောင်လည်း ခြွင်းချက်မရှိချေ။
...
နာရီဝက်အကြာတွင် ကျန်းမုန့်လောင်ခမျာ မတိုင်မီက သူ့အကြံပြုမှုကို နောင်တနေမိတော့သည်။ အမျိုးသမီးများ၏ ဈေးဝယ်ထွက်နိုင်သည့် စွမ်းရည်မှာ စူပါဆိုင်ယန်ထက်ပင် ပိုကြောက်မက်ဖွယ်ကောင်းသေးသည်။ သူတို့က မမောနိုင်မပန်းနိုင်ဖြင့် အဝတ်အစားများကို စမ်းဝတ်ကြည့်နေပြီးနောက် တစ်ထည်ချင်းစီကိုလည်း သူတို့နှင့်လိုက်မလိုက် အမြဲလာမေးတတ်သည်။
"ကျန်းမုန့်လောင်..မြန်မြန်လာ နင် လုပ်နိုင်လားမလုပ်နိုင်ဘူးလား"
"ခန့်ခွဲနိုင်စွမ်းမရှိတဲ့ ယောက်ျားတစ်ယောက်ကမှ အဲ့လိုပြောမှာ။ မိန်းကလေးရေ.. မင်းက မီးနဲ့ကစားနေတာပဲ"
ကျန်းမုန့်လောင် ရုတ်ခြည်းဆိုသလို ခွန်အားတက်ကြွသွားရပြီး Louis Vuittonဆိုင်ထဲသို့ ဝင်သွားသော လုရီယောင်အနောက်က ခပ်မြန်မြန်လိုက်သွားလိုက်ချေသည်။
"ပုံမှန်ဆိုရင်တော့ ငါ ဒီလိုနေရာမျိုးကို ဝင်လာရဲမှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီနေ့ ဒီနေရာမှာ နင့်လို ထိပ်သီးပုဂ္ဂိုလ်ကြီးပါနေတော့ ငါလည်း စမ်းကြည့်ဖို့ ယုံကြည်မှုရှိသွားပြီ"
"ဟားဟားဟား.. မင်းသဘောကျရင် ငါ မင်းအတွက် တစ်ဆိုင်လုံးကအဝတ်အစားတွေ အကုန်ဝယ်ပေးမယ်"
"အဲ့လောက်အထိ လုပ်စရာမလိုပါဘူး။ ငါက ဒီကအဝတ်အစားတွေနဲ့ ဒေါ်လာရာဂဏန်းလောက်ပဲပေးရတဲ့ အဝတ်အစားတွေက ဘာကွာလဲဆိုတာ သိချင်ရုံသက်သက်ပါ"
လုရီယောင်က တန်ဖိုးကြီးပစ္စည်းများကို စင်စစ်စိတ်မဝင်စားချေ။ သူ(မ)က သိချင်ရုံသက်သက်သာ။
"ဆရာ.. ရှင့်ချစ်သူအတွက် အဝတ်အစားလာရှာတာလား"
ကျန်းမုန့်လောင်က ဘရန်းမဟုတ်သော အဝတ်အစားများဝတ်ထားသော်လည်း အရောင်းဝန်ထမ်းကမူ ထိုအဝတ်များက ထူးခြားလှသောကုန်ကြမ်းများနှင့် လက်မှုပညာရှင်များ ဖန်တီးထားမှန်း အတပ်သိသည်။
"ဒီအတိုင်းလျှောက်ပတ်ကြည့်ရုံပါပဲ"
လုရီယောင်က ခပ်မြန်မြန်ငြင်းချက်ထုတ်လိုက်သည်။
"ပြီးတော့ ကျွန်မတို့က အဲ့လိုစုံတွဲမျိုးမဟုတ်ပါဘူး"
"မင်းက အမြင်စူးရှသားပဲ"
သို့တိုင် ကျန်းမုန့်လောင်ကတော့ လုံးဝအရှက်မရှိပေ။ အရောင်းလက်ထောက်လေးက သူ့အား "ကျွန်မနားလည်ပါတယ်"ဟူသော အကြည့်တစ်ချက် ပေးလိုက်လေသည်။
"ဒီကုတ်အင်္ကျီက သုံးသောင်းကျော်တောင်လား"
လုရီယောင်က ဆောင်းတွင်းဝတ်ကုတ်အင်္ကျီကို ကိုင်ကြည့်လိုက်ပြီး ဈေးနှုန်းကတ်ပြားကို မြင်ချိန်မှာ သူ(မ)၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။
"စမ်းဝတ်ကြည့်လိုက်။ စမ်းဝတ်တာကတော့ အလကားပါ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"အမှန်ပဲ"
လုရီယောင်က အဝတ်လဲခန်းထဲသို့ တန်းတန်းမတ်မတ်ဝင်သွားလိုက်သည်။
"ဟင် ဘာဖြစ်တာလဲ။ ရုတ်တရက်ကြီး ဘာလို့လူတွေများလာတာလဲ"
ကျန်းမုန့်လောင်တစ်ယောက် အပြင်ဘက်မှလာသည့် ဆူဆူညံညံအသံများကို ရုတ်တရက်ကြားလိုက်ရသည်။
သိပ်မကြာခင်မှာပင် အမျိုးသမီးတိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်က ဆိုင်ထဲသို့ ကင်မရာမန်းတစ်ယောက်နှင့်အတူ ဝင်လာချေသည်။ ဝန်ထမ်းတစ်စုနှင့်အတူ ပရိသတ်ရာဂဏန်းလောက်ကလည်း လိုက်လာသည်ဖြစ်ရာ ဆိုင်ထဲတွင် ခပ်မြန်မြန်ပင် ပြည့်နှက်သွားလေတော့သည်။
ကျန်ုးမုန့်လောင်က အမျိုးသမီးstreamerကို ကြည့်လိုက်လေရာ သူ(မ)ဟာ မီနာဟုခေါ်သည့် အတန်အသင့်နာမည်ကြီးသော influencerတစ်ယောက်ဖြစ်နေလေသည်။ သူ့အခန်းဖော်တစ်ယောက်ဆိုလျှင် သူ(မ)၏ တိုက်ရိုက်ထုတ်လွှင့်မှုများကို အမြဲကြည့်သည်။ သို့သော် သူ(မ)က တင်ပါးလှုပ်၍ ကပြတာမျိုးသာ လုပ်တတ်ပြီး အနှစ်သာရဟူ၍ လုံးဝမပေးစွမ်းနိုင်ပေ။
လွန်ခဲ့သည့် နှစ်နှစ်အတွင်းမှာ live streamingစီးပွားရေးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းလာခဲ့ပြီး မီနာက ဂိမ်းstreamerတစ်ယောက်အဖြစ်မှ အရောင်းပိုင်းinfluencerတစ်ဦးအဖြစ်သို့ ကူးပြောင်းလာခဲ့သည်။ သိထားသလောက်ဆိုလျှင် သူ(မ)၏ရောင်းအားစွမ်းဆောင်ရည်က ထိပ်ဆုံးinfluencerဆယ်ယောက်စာရင်းထဲတွင် ပါဝင်နေပြီး သူ(မ)၏ဖော်လိုဝါအရေအတွက်ကလည်း သန်းငါးဆယ်ကျော်ရှိကာ ထို့ကြောင့်ပင် သူ(မ)က ထိပ်တန်းinfluencerတစ်ဦး ဖြစ်လာခဲ့သည်။
"မန်နေဂျာ ဒါက.."
အရောင်းဝန်ထမ်းလေးမှာ ရုတ်ခြည်းဆွံ့အသွားရသည်။
"ဘာမှမဖြစ်ဘူး။ ဝင်ပါစေ"
မန်နေဂျာ၏မျက်နှာမှာ ပျော်ရွှင်မှုကြောင့် ဝင်းလက်နေလေတော့သည်။ ယခုလိုinfluencerတစ်ယောက် ဆိုင်ထဲတွင် ရှိနေခြင်းမှာ အလကားကြော်ငြာပေးနေသလိုပင်။ မီနာ၏ရောင်းအားစွမ်းဆောင်ရည်မှာ အသိအမှတ်ပြုခံထားရပြီးဖြစ်သောကြောင့် ဤကာလအတွင်း ရောင်းအားမြင့်တက်လာနိုင်သည်ဟု သူ ခန့်မှန်းထားသည်။
ယနေ့တိုက်ရိုက်ထုတ်လွှင့်မှုမှာ သဘာဝဆန်သည့် ပြင်ပရိုက်ကူးမှုတစ်ခုဖြစ်ကြောင်း မီနာက ကြေညာထားသည်။ သို့သော် တကယ်တမ်းတွင်မူ သူ(မ)၏အေဂျင်စီက အစစအရာရာစီစဉ်ထားပြီးဖြစ်၏။ သို့သော် ပရိသတ်များနှင့် ဖောက်သည်များကတော့ ထိုအရာကို သတိမထားမိပေ။ သူ(မ)၏ရောက်ရှိလာမှုက မျက်လုံးပေါင်းများစွာကို ဆွဲဆောင်လိုက်နိုင်ပြီး ကြည့်ရှုသူအရေအတွက်ကလည်း ငါးသန်းကျော်အထိ ထိုးတက်သွားခဲ့သည်။
"အချစ်တို့ရေ.. LVက မကြာသေးခင်ကမှ ဆောင်းတွင်းဝတ်ကုတ်အင်္ကျီအသစ် ထုတ်ထားတယ်လို့ ကြားထားတယ်။ ဒီနေ့ အဲ့ဒါလေးကိုပြဖို့အတွက် မင်းတို့ကို အရောင်းဆိုင်ကို ခေါ်သွားပေးမယ်နော်။ တကယ်လို့ တိုက်ရိုက်ထုတ်လွှင့်မှုကို သဘောကျတယ်ဆိုရင် လိုက်ခ်နှိပ်ဖို့မမေ့နဲ့နော်"
"ဒီstreamerတွေက တကယ်ကြီးကို ဇာတ်ညွှန်းတစ်ခုတည်းကို လိုက်နာနေကြတာပဲ"
ကျန်မုန့်လောင်က ရွဲ့တဲ့တဲ့အပြုံးတစ်ခုဖြင့် ခေါင်းခါယမ်းလိုက်လေသည်။
"မန်နေဂျာ.. နောက်ဆုံးထွက်ဆောင်းတွင်းဝတ်ကုတ်အင်္ကျီ ရှိသေးလား"
မီနာက မေးလိုက်၏။
"ရှိပါတယ်။ ဒါပေမဲ့ တစ်ထည်တည်းပဲ ကျန်တော့တယ်ထင်တယ်။ မိန်းကလေးတစ်ယောက်က အဲ့ဒီကုတ်အင်္ကျီကို အဝတ်လဲခန်းထဲမှာ စမ်းဝတ်ကြည့်နေတယ်"
မီနာက ချက်ချင်းဆိုသလို သူ(မ)၏လက်ထောက်ကို မျက်ရိပ်ပြလိုက်လေရာ အမျိုးသမီးလက်ထောက်ကလည်း ချက်ချင်းသဘောပေါက်သွားပြီး လုရီယောင်ရှိရာ အဝတ်လဲခန်းဆီသို့ တည့်တည့်ထွက်လာလိုက်သည်။
"မင်း ဘယ်သွားမလို့လဲ"
ကျန်းမုန့်လောင်က ချက်ချင်းထရပ်လိုက်ပြီး အဝတ်လဲခန်းအပေါက်ဝကို ပိတ်ဆို့ထားလိုက်သည်။
"ဟေး. မီနာရောက်နေတာကို မမြင်ဘူးလား။ ငါတို့က အခု တိုက်ရိုက်ထုတ်လွှင့်မှုလုပ်နေတာနော်။ ဒါက တိုက်ရိုက်ထုတ်လွှင့်မှုအတွက် ငါတို့အသားပေးထားတဲ့ထုတ်ကုန်ပဲ။ အခု တစ်ထည်ပဲကျန်တော့တာဆိုတော့ ရှင့်ကောင်မလေးကို မြန်မြန်ချွတ်ခိုင်းလိုက်တော့"
"တကယ်ကြီးလား"
ကျန်းမုန့်လောင်ခမျာ ရုတ်ခြည်းဆိုသလို ရယ်ချင်သွားမိသည်။
"အဝတ်အစားစမ်းဝတ်ကြည့်နေတဲ့လူကို ချွတ်ခိုင်းတာမျိုး ပထမဆုံးအကြိမ်ကြုံဖူးတာပဲ။ အခုခေတ်မှာ streamerတွေက အဲ့ဒီလောက်တောင် အာဏာရှိတာလား"
……..