ဆိုင်ထဲက အဝတ်အစားတွေအကုန်လုံးကို ငါဝယ်လိုက်ပြီ
Vol. 4 Ch. 55
"မင်း ဘာဖြစ်နေတာလဲ။ ပြောနေတာကို နားမလည်ဘူးလား။ ဒီအဝတ်အစားတစ်ထည်က သုံးသောင်းကျော်တယ်။ မင်းဝယ်နိုင်မှာလား"
အမျိုးသမီးလက်ထောက်က စိတ်မရှည်တော့ပေ။ မီနာ၏ တိုက်ရိုက်ထုတ်လွှင့်မှုအချိန်က အကန့်အသတ်ရှိပြီး ထုတ်ကုန်တစ်ခုချင်းစီအတွက် ရှင်းပြပေးရမည့်အချိန်ကလည်း သတ်မှတ်ထားလေသည်။ တစ်မိနစ်နောက်ကျပါက တစ်မိနစ်ဆုံးရှုံးရလိမ့်မည်သာ။
ဤတိုက်ရိုက်ထုတ်လွှင့်မှုက တည်နေရာကို ကျပန်းရွေးချယ်ထားသည်ဆိုသော်ငြား မီနာ၏စတူဒီယိုနှင့် LVအေဂျင်စီတို့က စာချုပ်ချုပ်ဆိုထားပြီးဖြစ်လေရာ ဤကုတ်အင်္ကျီက ဤအစီအစဉ်အတွက် ရွေးချယ်ထားသော ကုန်ပစ္စည်းများထဲက တစ်ခုပင်။ ကြော်ငြာကြေးတစ်ခုတည်းက ရှစ်သောင်းကုန်ကျသည်ဖြစ်ရာ အချိန်ပြဿနာကြောင့်သာ ရောင်းအားထိခိုက်သွားခဲ့လျှင် မီနာ၏စတူဒီယိုက ဆုံးရှုံးမှုများအတွက် လျော်ကြေးပြန်ပေးရမည်ဖြစ်၏။
"ငါဝယ်နိုင်တာ မဝယ်နိုင်တာ မင်းနဲ့မဆိုင်ပါဘူး။ ကျေးဇူးပြုပြီး ခပ်ခွာခွာနေပေးပါ။ ငါ့နားထဲမှာ ၆၀ဒက်စီဘယ်ထက်ကျော်တဲ့ အသံတိုင်းက ဆူညံသံပဲ။ မင်းက ငါ့မျက်လုံးတွေကိုပါ အနှောင့်အယှက်လာပေးနေတာပဲ"
ကျန်းမုန့်လောင်က အိုင်ဒေါလ်ဒရမ်မာများထဲက နာမည်ကြီးဒိုင်ယာလော့များကို အတုခိုးပြီး ပြောလိုက်ချေသည်။
"ဘာဖြစ်နေတာလဲ။ ဘာလို့အဆင်သင့်မဖြစ်သေးတာလဲ"
"ငါ ဒီနေ့ ဒီကိုလာတာက ဒီမော်ဒယ်အသစ်ကိုကြည့်ဖို့လေ။ မြန်မြန်လုပ်စမ်းပါ"
"မင်းတို့တွေ ကိုယ့်အလုပ်ကိုယ် သေချာမလုပ်ဘူးလား။ မလုပ်ရင်လည်း အဖွဲ့ပြောင်းလိုက်တော့"
"ကြည့်မနေတော့ဘူးဟေ့။ ထွက်ပြီ။ သက်သက်အချိန်ကုန်တယ်"
နှစ်မိနစ်အတွင်း ဘာမှလုပ်မပြသည့်အတွက် မှတ်ချက်ပေးသည့်ဧရိယာထဲမှာ သဘောထားကွဲလွဲမှုများ စတင်ပေါ်ပေါက်လာပြီး မီနာ၏အမူအရာကလည်း ချက်ချင်းဆိုသလို လေးနက်တည်ကြည်သွားချေသည်။
"တောင်းပန်ပါတယ်။ အချစ်တို့ရေ.. ပြဿနာနည်းနည်းလေးတက်နေလို့ပါ။ ကျွန်မ သွားစစ်ကြည့်လိုက်ဦးမယ်နော်"
"ဘာဖြစ်နေတာလဲ။ ဘာလို့မပြင်ဆင်ရသေးတာလဲ။ ပရိတ်သတ်တွေစောင့်နေတာကို မသိဘူးလား"
မီနာ၏မျက်နှာပေါ်ရှိ လေပြေလေညင်းလေးနှင့် အလားသဏ္ဌာန်တူသောအပြုံးက လျှပ်တပြက်ပျောက်ကွယ်သွားသည်။ ပရိတ်သတ်များကို ပြသထားသည့် ဖော်ရွေမှုများနှင့် အပြုံးများအားလုံးဟာ ဟန်ဆောင်မှုသက်သက်ပင် ဖြစ်၏။
"အစ်မနာ..သူတို့က အဝတ်အစားကို လက်မလွှတ်နိုင်ဘူးတဲ့"
လက်ထောက်လေးက ပြောလာသည်။
"အချောလေး..ဒီတိုက်ရိုက်ထုတ်လွှင့်မှုက ကျွန်မအတွက် အရမ်းအရေးကြီးလို့ပါ"
မီနာက ပြောလိုက်လေသည်။
"ဒီလိုလုပ်ရအောင်လေ။ ဒီအဝတ်အစားကို ကျွန်မ ရှင့်ဆီကဝယ်လိုက်တယ်လို့ သဘောထားလိုက်ပါလား။ သုံးသောင်းပေးမယ်။ ဘယ်လိုလဲ"
"သိပ်မပြေဘူး"
ကျန်းမုန့်လောင်က ခေါင်းခါပြလိုက်သည်။
"ငါ့သူငယ်ချင်းက ဒါကို ကြိုက်နေတာ"
"မန်နေဂျာ.. သူတို့ငွေရှင်းပြီးပြီလား"
မီနာက မေးလိုက်၏။
"မရှင်းရသေးဘူး"
"ဟမ့်"
မီနာက အေးစက်စက်ရယ်သံပေးလျက် ပြောလိုက်လေသည်။
"သူတို့ငွေမရှင်းသေးဘူးဆိုမှတော့ ဒီအဝတ်အစားက သူတို့နဲ့ ဘာမှမဆိုင်သေးဘူး။ အခု ကျွန်မ ဒါကိုဝယ်လိုက်ပြီ။ မင်း.. ငွေရှင်းလိုက်တော့"
"ကောင်းပါပြီ အစ်မနာ"
"ခဏနေဦး"
ကျန်းမုန့်လောင်၏အသံက ပိုမိုအေးစက်သွားသည်။
"ပစ္စည်းဝယ်တယ်ဆိုတာက ဦးရာလူစနစ်လေ။ ငါတို့က ဒီအဝတ်အစားကို အရင်စမ်းဝတ်ကြည့်ထားတာ။ မင်းတို့ဝယ်ချင်ရင်တောင် ငါတို့မဝယ်ဘူးလို့ ဆုံးဖြတ်ပြီးမှ ဝယ်လို့ရမှာ။ ဟုတ်တယ်မလား"
"ကျန်းမုန့်လောင်..ငါ အဝတ်အစားလဲပြီးပြီ။ ဘယ်လိုနေလဲ"
ထိုအချိန်မှာ လုရီယောင်က အဝတ်လဲခန်းထဲမှ ထွက်လာလေသည်။
လုရီယောင်၏ ခန္ဓာကိုယ်အချိုးအစားက အလွန်ကောင်းမွန်လှပြီး ဤကုတ်အင်္ကျီကလည်း သူ(မ)အတွက် အထူးသီးသန့်ပြုလုပ်ထားသည့်အလား သူ(မ)၏ ပိန်ပါးပါးကောက်ကြောင်းတို့ကို ပိုပြီးပေါ်လွင်စေသည်။
"လှတယ်။ အရမ်းလှတာပဲ"
ကျန်းမုန့်လောင် အံ့အားသင့်သွားရချေသည်။
"ဘာဖြစ်နေတာလဲ။ ဘာလို့ လူတွေအများကြီးဖြစ်နေတာလဲ"
လုရီယောင်ခမျာ လူအများကြီး အပြင်ဘက်မှာရုတ်တရက်ပေါ်ပေါက်လာသည်ကို သတိမထားမိခဲ့ပေ။
"ဘာမှမဟုတ်ပါဘူး။ သာမညောင်ညStreamerတစ်ယောက်ပါ။ သူတို့ကိုဂရုစိုက်မနေနဲ့"
ကျန်းမုန့်လောင်က ပြုံးရင်းပြောလိုက်သည်။
"သာမညောင်ညတဲ့လား"
မီနာက ယခုထိ ဝင်မပါလာသေးသော်လည်း သူ(မ)၏လက်ထောက်ကမူ စိတ်မထိန်းထားနိုင်တော့ပေ။
"တောသား.. မင်းက ဘယ်သူ့ကို သာမညောင်ညလို့ လာခေါ်နေတာလဲ။ ငါတို့အစ်မနာက နာမည်ကြီးထိပ်တန်းstreamerတစ်ယောက်ပဲ။ မင်းက တအားတွေနာမည်ကြီးချင်နေတာနဲ့ပဲ ငါတို့ တိုက်ရိုက်ထုတ်လွှင့်နေတာကို မသိချင်ယောင်ဆောင်နေတာလား"
"ငါထင်တာတော့ နာမည်ကြီးချင်နေတဲ့လူက မင်းတို့ပဲ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ငါတို့က ကိုယ့်ကိစ္စကိုယ်အာရုံစိုက်ပြီး အဝတ်အစားစမ်းဝတ်ကြည့်နေတာ။ မင်းတို့က အဲ့ဒါကို လာချွတ်ခိုင်းနေတာလေ။ ဒီဆိုင်က မင်းတို့ပိုင်တာလား..ဘာလဲ"
"ဟေး..မင်းဘယ်လိုလုပ်ပြီး..."
"ရပ်လိုက်..ငါတို့ တိုက်ရိုက်ထုတ်လွှင့်နေတုန်းပဲနော်"
မီနာက သူ(မ)၏လက်ထောက်ကို တားသည့်အနေနှင့် ရုတ်တရက်အော်ဟစ်လိုက်လေသည်။ ဤကိစ္စတွင် အမှားလုပ်သူက သူတို့သာဖြစ်ပြီး ပရိတ်သတ်များသာ ဤအကြောင်းကိုသိသွားလျှင် သူ(မ)၏နာမည်ဂုဏ်သတင်းကို ကြီးကြီးမားမားထိခိုက်စေလိမ့်မည်သာ။
Streamerတစ်ယောက်က နာမည်ဂုဏ်သတင်းကျဆင်းသွားပါက ကြည့်ရှုသူအရေအတွက်လည်း ထိုးကျသွားနိုင်ပြီး ကြည့်ရှုသူမရှိလျှင် streamingလောကထဲမှာ ဆက်လက်ရပ်တည်နိုင်မည်မဟုတ်။
"ဘာဖြစ်နေတာလဲ။ မီနာက တစ်ယောက်ယောက်နဲ့ စကားများနေသလိုပဲ"
"သေတော့မသေချာဘူး။ ဟိုအဝတ်အစားကြောင့်လို့ ထင်တာပဲ"
"တကယ်လား"
"ခဏနေဦး။ ဒီလူငယ်လေးက ရင်းနှီးနေတယ်လို့ မထင်ကြဘူးလား"
"ဟုတ်တယ်။ သူ့ကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ"
"သောက်ကျိုးနည်း... ငါမှတ်မိပြီ။ ဒီနေ့ ရှာဖွေမှုအများဆုံးစာရင်းဝင်နေတဲ့သူလေ။ သူက ကူစူးတက္ကသိုလ်ရှေ့မှာ လူတစ်ယောက်ကိုရှာဖို့အတွက် ပိုက်ဆံတစ်သန်းကျော်သုံးခဲ့တဲ့လူပေါ့"
"ဟုတ်တယ်။ ဟုတ်တယ်။ ငါ မှတ်မိပြီ။ သူက ဒီအင်္ကျီကိုပဲ ဝတ်ထားတာ"
"အခုလေးတင် ဥက္ကဋ္ဌဝမ်က ဝေးပေါ်မှာ ပို့စ်တင်ထားတယ်။ သူ့မျက်နှာကို ငွေနဲ့ပစ်ပေါက်ခဲ့တဲ့လူက ဒီလူပဲတဲ့"
"ဘာ.. ငါ ဝေးပေါ်ကို တစ်နေ့လယ်ခင်းလုံး မကြည့်ရသေးဘူး။ အဲ့ဒီအချိန်အတွင်းမှာ ဒီလူက ပေါ်ပေါက်လာတာတဲ့လား"
"သူက မီနာတို့အုပ်စုနဲ့ စကားများနေတဲ့ပုံပဲ"
"ဟမ့်..သူ့သရုပ်မှန်ကို သိလိုက်ပြီဆိုတော့ အမှားလုပ်တဲ့လူက သူတော့မဖြစ်နိုင်ဘူး"
"ဟားဟား.. အပေါ်ထပ်ကလူလိုပဲ ငါလည်း အဲ့လိုပဲခံစားမိတယ်"
"ယောကျ်ား..အဲ့ဒါ ငါ့ယောကျ်ားပဲ"
"လစ်စမ်းပါ။ သူက ငါ့ဒယ်ဒီပါနော်"
မူလက အေးဆေးတည်ငြိမ်နေခဲ့သော အွန်လိုင်းမှတ်ချက်ပေးဧရိယာမှာ ရုတ်တရက်ဆိုသလို အလွန်အမင်းစည်ကားသွားလေသည်။
ကျန်းမုန့်လောင်က ဝမ်လင့်အပေါ် နှစ်ကြိမ်တိတိ ငွေမိုးရွာသွန်းပေးခဲ့ပြီး ဝေးပေါ်မှာ ပို့စ်တင်လာအောင်ပင် လုပ်နိုင်ခဲ့သည်။ ယနေ့မှာလည်း သူဟာ ကူစူးတက္ကသိုလ်တွင် ပေါ်လာခဲ့ပြီး လူတစ်ယောက်ကိုရှာဖို့အတွက်နှင့် ငွေအမြောက်အမြားသုံးစွဲခဲ့သည်။ အင်တာနက်လောကတစ်ခုလုံးက ဥက္ကဋ္ဌဝမ်ကိုယ်တိုင်ပင် လေးစားရပါသည့် ထိုလူ့အကြောင်း အသည်းအသန်သိချင်စိတ်ပြင်းပြနေခဲ့ကြသည်။ ယနေ့မှာမူ ထိုလူကိုယ်တိုင် ပေါ်ထွက်လာခဲ့လေပြီ။ ထို့အပြင် သူသည် တိုက်ရိုက်ထုတ်လွှင့်မှုမှာပါ ပါဝင်လာခြင်းပင်။
ထိုသတင်းက တစ်ယောက်မှ အယောက်တစ်ဆယ်၊ အယောက်တစ်ဆယ်မှ အယောက်တစ်ရာအထိ ပျံ့နှံ့သွားပြီး လူအရေအတွက် ပိုမိုများပြားလာသည်နှင့်အမျှ တိုက်ရိုက်ထုတ်လွှင့်မှုကို လာရောက်ကြည့်ရှုသူများလည်း တိုးပွားလာသည်။ မူလတုန်းက ကြည့်ရှုသူငါးသန်းသာရှိသော တိုက်ရိုက်ထုတ်လွှင့်မှုက မိနစ်ပိုင်းအတွင်း ဆယ်သန်းကျော်သွားခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ"
"ငါက ဖြတ်လျှောက်လေးပါ။ ဒီလူငယ်လေးက ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်တစ်ယောက်လား"
"ငါ့ယောကျ်ားက အရမ်းချောတာပဲ။ အမလေး..သူ့မှာ ပိုင်ရှင်ရှိတာတော့ နှမြောစရာပဲ"
"သူဌေးရေ.. ခင်ဗျားရဲ့ပေါင်မှာ ခိုထားပေးမဲ့လူတစ်ယောက်လိုသေးလား။"
"သူဌေးရေ..နောက်တစ်ခါလူရှာတဲ့အခါ ကျွန်တော့်ကို အသိပေးနော်။ ကျွန်တော် ငါးသောင်းနဲ့တင် ကျေနပ်ပါတယ်"
"သူတို့ ဘာတွေစကားများနေတာလဲ"
"သေချာတော့မသိဘူး။ မီနာရောင်းချင်တဲ့ အဝတ်အစားက တစ်ထည်ပဲကျန်တော့တဲ့ပုံပဲ။ အဲ့ဒီသူဌေးရဲ့ချစ်သူက အခု အဲ့ဒါကိုစမ်းဝတ်ကြည့်နေတာလေ။ အဲ့ဒီကိစ္စကြောင့် စကားများနေတာထင်တယ်"
"သေစမ်း။ ဒီStreamerတွေက သူတို့ကိုယ်သူတို့ မြင့်မြတ်တယ်များထင်နေကြတာလား"
"ဟုတ်တယ်။ ဒီလူတွေကို ငါ စိတ်အနှောင့်အယှက်ဖြစ်နေတာ ကြာပြီ။ သူတို့ကိုယ်သူတို့ နာမည်ကြီးတွေလို့ ထင်နေကြတာ။ ဟိတ်ကြီးဟန်ကျယ်ကလည်း နိုင်သေးတယ်။ သူတို့က မင်းတို့အဖေမို့လို့လား၊ သူတို့က ဘာကိစ္စနောက်ဆုတ်ပေးရမှာလဲ"
"ငါတို့မီနာက အရမ်းစိတ်ရှည်တတ်တာ။ သူက ဘယ်လိုလုပ်ပြီး စကားများမှာတဲ့လဲ။ ဒီကိစ္စက ကျိုးကြောင်းဆီလျော်မှုရှိတဲ့ အဲ့ဒီလူကြောင့်ပဲ"
"ဟုတ်တယ်။ ပိုက်ဆံရှိတယ်ဆိုတာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် သိပ်အံ့သြစရာကောင်းနေပြီလို့ ထင်နေတာလား"
...
နောက်ထပ်ကြည့်ရှုသူများလည်း ထပ်မံဝင်ရောက်လာသည့်အတွက် နှစ်ဖက်ပရိသတ်များက မှတ်ချက်ဧရိယာထဲတွင် စတင်တိုက်ခိုက်ကြလေတော့သည်။
"ထားလိုက်တော့။ ထားလိုက်တော့။ ကြော်ငြာခကိုသာ ပြန်ပေးလိုက်တော့"
သူတို့အနေနှင့် အချိန်အများကြီးဖြုန်းပြီးသွားခဲ့ပြီဖြစ်၏။ သို့တိုင် ဤဆိုင်ကို ကြော်ငြာပေးနိုင်မည့် တခြားနည်းလမ်းများလည်း ရှိသေးသည်။ ယခုအချိန်မှာ အချိန်ကသာ အရေးအကြီးဆုံးပင်။
"ခွီး..ဆင်းရဲသားနှစ်ယောက်တော့..ပြီးမှ မင်းတို့ ဘယ်လိုပိုက်ဆံရှင်းမလဲဆိုတာ ကြည့်ကြသေးတာပေါ့"
လက်ထောက်ဖြစ်သူက အထင်သေးဟန်ဖြင့် ပြောလာလေသည်။
"ငါ ဘာနဲ့ပေးမှာလဲဆိုတာ မင်းစိတ်မပူနဲ့။ ဒါပေမဲ့ ဒီနေ့တော့ မင်းတို့ ဘာတစ်ခုမှ ရောင်းလို့မရစေရဘူး"
တစ်ခါတစ်ရံတွင် သူက အလွန်ဒေါသကြီးပြီး သူ့မျက်လုံးထဲသို့ မည်သည့်အမှိုက်ကိုမှ အဝင်မခံနိုင်ကြောင်း ကျန်းမုန့်လောင် ဝန်ခံပါသည်။
"ဆိုင်မန်နေဂျာ.. ကျွန်တော် ဒီဆိုင်မှာရှိတဲ့ အဝတ်အစားတွေ အကုန်ဝယ်မယ်။ ဆိုင်ထဲက လက်ကျန်ပစ္စည်းတွေရောပဲ"
"ဟင်"
ဆိုင်မန်နေဂျာက ရုတ်ခြည်းအံ့သြမှင်တက်သွားလေသည်။
"ဟားဟားဟား.. အရူးကောင် မင်းကိုယ်မင်း မာယွင်လို့များ ထင်နေတာလား"
လက်ထောက်ဖြစ်သူက လှောင်ပြောင်ရယ်မောလိုက်သည်။
မီနာကလည်း မျက်နှာထက်၌ လှောင်ပြောင်လိုဟန် အရိပ်အယောင်တစ်ခု ပြသလာသည်။
"သူ့ကို စိတ်ထဲထားမနေနဲ့။ ဆက်လုပ်ရအောင်"
ထိုသို့ပြောပြီးနောက် မီနာက နောက်ထပ်တစ်ထည်ကို လှမ်းယူလိုက်သည်။
သို့သော် ကျန်းမုန့်လောင်က သူ(မ)ကို ချက်ချင်းပိတ်တားလိုက်သည်။
"ဒီဆိုင်ထဲက အဝတ်တွေအကုန်လုံးကို ငါဝယ်လိုက်ပြီလို့ ပြောနေတယ်လေ"
ကျန်းမုန့်လောင်က ဟွာရှားဘဏ်၏ ဂုဏ်ထူးဆောင်ကတ်ကို ထုတ်ယူလိုက်သည်။
"မန်နေဂျာ.. ကတ်ဖြတ်လိုက်တော့"
……