ပိုက်ဆံက ကိုယ်လုပ်ချင်တာမှန်သမျှ လုပ်ခွင့်ပေးတယ်
Vol. 4 Ch. 57
"ဆရာ..အဲ့ဒါက ဘာကိုဆိုလိုတာလဲ"
မီနာက ဒေါသထွက်နေသော်ငြား သူ(မ)၏စိတ်ခံစားချက်ကိုတော့ ထိန်းထားဆဲပင်။
"အိုး.. ဘာမှမဟုတ်ပါဘူး။ ဒီနေ့ စိတ်ကြည်နေလို့ ဒီမှာရှိတဲ့လူတွေကို အချိုပွဲနဲ့ဧည့်ခံချင်လို့လေ"
ကျန်းမုန့်လောင်က အလွန်ခေါင်းမာသူတစ်ယောက်ပင်။ သူတို့က အဝတ်ဆိုင်ထဲမှာ အဝတ်အစားများကို အေးအေးဆေးဆေးစမ်းဝတ်ကြည့်နေချိန်မှာ ရိုင်းပျစွာနှောင့်ယှက်ခံခဲ့ရပြီး သူ စိတ်ကောင်းဝင်နေတာကို လမ်းခုလတ်မှာ ပျက်စီးစေခဲ့သည်။
ကောင်းပြီ။ ဒီတော့ မင်းက နာမည်ကြီးချင်တာမလား။ ငါမင်းကို နာမည်ကြီးအောင်လုပ်ပေးမယ်။ ဒီနေ့ မင်းရဲ့တိုက်ရိုက်ထုတ်လွှင့််မှုထဲမှာ ဘာတစ်ခုမှမလုပ်နိုင်စေရဘူး။
အဓိကတိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်အနေနှင့် သူ(မ)၏တိုက်ရိုက်ထုတ်လွှင့်မှု အကြောင်းအရာအားလုံးဟာ ကြိုတင်ကြေညာထားခြင်းဖြစ်ပြီး ပြင်ပတိုက်ရိုက်ထုတ်လွှင့်မှုဆိုသည်မှာလည်း အစီအစဉ်တကျပြင်ဆင်ထားသည့် ဇာတ်ညွှန်းသက်သက်ပင်။ ကျန်းမုန့်လောင် စစ်ဆေးကြည့်လိုက်သည့်အခါ သူ(မ)၏ခရီးစဉ်နှင့် ယနေ့အတွက် ကြေညာရမည့်ပစ္စည်းများအားလုံးကို သိလိုက်ရသည်။ သူသာ အလိုရှိပါက သူ(မ)အနေနှင့် ယနေ့ ဘာပစ္စည်းတစ်ခုမှ ကြော်ငြာနိုင်မည်မဟုတ်။
"ကျန်းမုန့်လောင်... နင် ဒီလောက်အထိရက်စက်လိမ့်မယ်လို့ ငါမထင်ခဲ့ဘူး"
လုရီယောင်ခမျာ ဘာတွေဖြစ်နေသလဲဆိုသည်ကို တဖြည်းဖြည်းနားလည်လာသည်။
"ဒါပေမဲ့ နင် ဒီလောက်အထိလုပ်ဖို့မလိုဘူးလေ။ ဒီလိုလူတစ်ယောက်ကို ဒေါသထွက်ရတာက မတန်ပါဘူး။ သက်သက်ပိုက်ဆံကုန်တာပဲရှိတယ်။ နင် အခုလေးတင် ပစ္စည်းတွေအများကြီးဝယ်ပစ်လိုက်တာနော်။ ဒါတွေအကုန်လုံးကို ဘယ်လိုလုပ်မလို့လဲ"
"မင်းကြိုက်တာလေးတွေ ရွေးထုတ်လိုက်။ ကျန်တာတွေကို ဝေးပေါ်ထဲမှာ လက်ဆောင်ပေးလိုက်မယ်"
"ဒါက သန်းဆယ်ဂဏန်းလောက်ရှိတဲ့ပစ္စည်းတွေနော်"
"ဘာဖြစ်လဲ။ မင်းက ငါ့ရည်းစားတောင်မဖြစ်သေးဘဲနဲ့ ငါ့ပိုက်ဆံကို စုခိုင်းချင်နေပြီလား"
ကျန်းမုန့်လောင်က စနောက်လိုက်သည်။
"အိမ်မက်မက်နေလိုက်။ ဘယ်သူက နင့်ရည်းစားဖြစ်ချင်နေလို့လဲ။ ယောက်ျားတွေက ချမ်းသာလာရင် တစ်ယောက်မှ ကောင်းတာမရှိဘူး"
"မဟုတ်ဘူး။ မဟုတ်ဘူး။ ငါကတော့မတူဘူး"
သူတို့နှစ်ယောက်ဟာ ဘေးမှာ ဘယ်သူမှမရှိသည့်အလား စကားတပြောပြောနှင့် ရယ်မောနေကြပြီး မျက်နှာဖြူဖပ်ဖြူရော်ဖြစ်နေရှာသည့် မီနာနှင့် တခြားလူများကို လုံးဝဂရုမစိုက်ကြပေ။
"အစ်မနာ...အေဂျင်စီက ဖုန်းခေါ်နေတယ်"
ရုတ်ခြည်းဆိုသလို မီနာ၏ပရိသတ်တစ်ယောက်က သူ(မ)အား သုန်သုန်မှုန်မှုန်မျက်နှာထားဖြင့် ဖုန်းကို လှမ်းပေးလိုက်သည်။
"မီနာ မင်းဘယ်မှာလဲ"
"ဟွ.. ဥက္ကဋ္ဌဟွားလား"
ဖုန်းတစ်ဖက်ရှိ အသံမှာ Talentအေဂျင်စီ၏ ဥက္ကဋ္ဌဖြစ်နေလေသည်။
မီနာစာချုပ်ချုပ်ထားသောကုမ္ပဏီက ကုမ္ပဏီသေးသေးလေးတစ်ခုမဟုတ်ပေ။ သူတို့၏သူဌေးဟာ ဖျော်ဖြေရေးလောကမှာ လွှမ်းမိုးမှုရှိသူတစ်ယောက်ပင်။ သူပြောလိုက်သည့် စကားတစ်ခွန်းက ဖျော်ဖြေရေးလောကကြီးတစ်ခုလုံးကို မလှုပ်ခါနိုင်သော်ငြား သူ့စကား၏အရေးပါမှုက လေးနက်လှသည့် အကျိုးသက်ရောက်မှုများကို ဖြစ်စေနိုင်လောက်သည်အထိ အားပြင်းလှ၏။
"ဥက္ကဋ္ဌဟွား..ကျွန်မက အခု ကူစူးမြို့က ဝမ်တာ့ပလာဇာမှာ ရှိနေတာပါ"
ဥက္ကဋ္ဌဟွား၏အသံက အနည်းငယ်တုန်ယင်နေသလိုပင်။
"မင်း တစ်ယောက်ယောက်ကို စော်ကားမိသေးလား"
"ဥက္ကဋ္ဌဟွား ကျွန်မရှင်းပြတာကိုနားထောင်ပါဦး။ ကျွန်မ..."
"မင်းရှင်းပြတာကို ငါမကြားချင်ဘူး"
ဥက္ကဋ္ဌဟွား၏အသံမှာ ငြင်းဆန်၍မရနိုင်သည့်လေသံမျိုးကို ဖော်ထုတ်လာသည်။
"ဒီညအတွင်း မင်းသာ တစ်ဖက်လူကို စိတ်ကျေနပ်အောင် လုပ်မပေးနိုင်ရင် မင်းမပြောနဲ့... ငါ့ကုမ္ပဏီတောင် ချက်ချင်းပိတ်ရနိုင်တယ်ကွ"
မီနာ တုန်လှုပ်သွားလေသည်။ ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ရှိနေရလောက်အောင်အထိ၊ သူတို့သူဌေးကိုယ်တိုင် ဤမျှအတိုင်းအတာအထိ ထိတ်လန့်နေရလောက်အောင် ဤလူငယ်လေးက ဘယ်သူများလဲ။
"သူဌေး...ဒီလူငယ်လေးက ဘယ်သူလဲ"
"သူဘယ်သူလဲဆိုတာ ငါ သိခွင့်မရှိဘူး။ ဒါပေမဲ့ မင်း ဒီကိစ္စကို ဒီနေ့မဖြေရှင်းနိုင်ဘူးဆိုရင် မနက်ဖြန်ကျရင် ငါ ဟွမ်ဖူမြစ်ထဲပစ်ချပြီး ငါးစာကျွေးခံရနိုင်တယ်ဆိုတာကိုတော့ သိတယ်"
ဥက္ကဋ္ဌဟွား၏အသံက ပိုမိုအုံ့မှိုင်းလာသည်။
"ငါသာ အထိနာရင် မင်းရဲ့ကံကြမ္မာကလည်း ငါ့ထက် အဆတစ်ရာပိုဆိုးလိမ့်မယ်ဆိုတာ ငါအာမခံတယ်"
"တီ တီ တီ..."
ဖုန်းတစ်ဖက်မှ မအားသေးပါဟူသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ခွမ်း"
မီနာ၏ဖုန်းက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သူ(မ)၏မျက်နှာကလည်း ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။ သူ့သူဌေးဘက်က ယခုလိုစကားမျိုးပြောလာခြင်းဟာ လက်ရှိအခြေအနေ၏ပြင်းထန်မှုမှာ အဆိုးဝါးဆုံးအဆင့်အထိ ရောက်ရှိသွားပြီဟူသော သဘောပင်။
"ကျန်းမုန့်လောင်... သူ ဘာလို့ ရုတ်တရက်ကြီး ဖြူဖပ်ဖြူရော်ဖြစ်သွားတာလဲ။ နင် သူ့ကို ဘာမှမလုပ်လိုက်ဘူးမလား"
လုရီယောင်က သူတို့ဘေးတွင် အတုန်တုန်အယင်ယင်ဖြစ်နေသည့် မီနာ့ကို သတိထားလိုက်မိသည်။ သူ(မ)၏ပုံစံမှာ ကျန်းမုန့်လောင်ကို ပြောစရာရှိနေသော်ငြား တွေဝေတုံ့ဆိုင်းနေဟန်တူသည်။
"ငါလည်းမသိဘူးလေ။ သူ မကောင်းတာတစ်ခုခုစားမိပြီး အလေးစွန့်ချင်နေတာလည်း ဖြစ်နိုင်တာပဲ"
"အလေးစွန့်ချင်နေတဲ့လူက နင်လို့ထင်တာပဲ"
"ဟားဟားဟား...မိန်းကလေးတစ်ယောက်ဖြစ်ပြီး အလေးတို့ အပေါ့တို့လိုမျိုး ပေါက်ကရတွေပြောနေရင် ရည်းစားရမှာမဟုတ်ဘူးနော်"
"ကိုယ့်ကိစ္စသာကိုယ်ဂရုစိုက်စမ်းပါ"
"သူက ဘာလို့ ဒီလောက်တောင်ကြောက်လန့်သွားတာလဲ"
ကျန်းမုန့်လောင်ကလည်း မီနာ့ကို လှမ်းကြည့်လိုက်သည်။ ဤထိပ်တန်းအဆင့်တိုက်ရိုက်ထုတ်လွှင့်သူကို သတိပေးဖို့အတွက်သာ သူ ဟုန်းရီကို ပြောထားခြင်းဖြစ်၏။ ကျန်းမုန့်လောင်ကို စော်ကားထားခြင်းက မတူသော်ငြား လုရီယောင်ကို စော်ကားခြင်းကတော့ သည်အတိုင်းထားလိုက်၍မဖြစ်ချေ။
ထို့ပြင် ဤကိစ္စဖြစ်ပြီးကတည်းက ကျန်းမုန့်လောင်အနေနှင့် တောင်းပန်စကားကို တစ်ဝက်တစ်ပျက်မျှပင် မကြားရသေးပေ။ တိုက်ရိုက်ထုတ်လွှင့်ရေးလောကထဲတွင် ဘယ်သူကမှ ကိုယ့်အပြုအမူကိုယ် ပြုပြင်ရန် မလိုလားကြသောကြောင့် သူ့ဘက်ကလည်း ပါဝင်အားဖြည့်ပေးဖို့ လိုလားသည်။ အထူးသဖြင့် သူက ယခုအချိန်မှာ နာမည်ကြီးနေပြီဖြစ်သောကြောင့် ပို၍နာမည်ကြီးလာမည့်အရေးကိုလည်း မကြောက်ချေ။
သို့သော် ဟုန်းရီ၏ အဆက်အသွယ်များက ကျန်းမုန့်လောင်ထင်ထားသည်ထက် ပို၍အကျယ်ချဲ့နေပုံရသဖြင့် သူကိုယ်တိုင်လည်း ဘာဖြစ်နေမှန်း အတိအကျမသိပေ။
ဤအခိုက်အတန့်လေးမှာ ဖုန်းချလိုက်ပြီဖြစ်သော ဥက္ကဋ္ဌဟွား၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေလေတော့သည်။
"ဥက္ကဋ္ဌဟွား ဘာဖြစ်တာလဲ။ ရုတ်တရက်ကြီး ဘာလို့ ဒီလောက်ဒေါသထွက်နေတာလဲ"
ဟွားယွင်ရှန်း၏အတွင်းရေးမှူးဖြစ်သူက မေးလိုက်သည်။
"မီနာက လူတစ်ယောက်ကို စော်ကားရိုင်းပျခဲ့တယ်လို့ ကြားထားတာပဲ။ သူကဘယ်သူလဲ။ သူတို့ရဲ့နောက်ခံအင်အားက ကြီးမားလို့လား"
ဟွားယွင်ရှန်းနှင့်အတူ ဖျော်ဖြေရေးလောကထဲတွင် နှစ်ပေါင်းများစွာ အတူတကွအလုပ်လုပ်လာခဲ့သော သူ့အတွင်းရေးမှူးဟာ သူ့သူဌေး ဤမျှအထိ စိတ်တိုနေခြင်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။ သိရသလောက်ဆိုလျှင် ဟွာရှားဖျော်ဖြေရေးလောက၌ သူ့အား ဤမျှအထိ စိုးရိမ်ပူပန်စေနိုင်သူက အများကြီးမရှိပေ။
"မီနာက ဘယ်သူ့ကို စော်ကားမိခဲ့တယ်ဆိုတာတော့ ငါမသိဘူး"
ဟွားယွင်ရှန်းက သူ့အသံကို အေးဆေးတည်ငြိမ်နေအောင် ကြိုးစားရင်း ပြောလိုက်သည်။
"ဒါပေမဲ့ အခုလေးတင်ဆက်တဲ့ဖုန်းက မစ္စတာဟုန်းကိုယ်တိုင်ခေါ်တာ"
"မစ္စတာဟုန်းလား။ အဲ့ဒီမစ္စတာဟုန်းကို ပြောတာလား"
ဟွားယွင်ရှန်း၏ အတွင်းရေးမှူးလည်း တုန်လှုပ်သွားရချေသည်။
"ဟုတ်တယ်"
ဟွားယွင်ရှန်းက ထိုနာမည်ကို ထုတ်ပြောရာတွင် ရိုသေလေးစားမှုအပြည့်ဖြင့် ပြောလိုက်ခြင်းသာ ဖြစ်၏။ သူဟာ ဟုန်းမိသားစုက ထိန်းချုပ်ထားသော အင်အားနှင့် "စွမ်းအင်များ"အကြောင်း ကောင်းကောင်းသိထားသည်။
သာမန်လူများ၏အမြင်တွင်မူ ဟွာရှားရှိ အချမ်းသာဆုံးပုဂ္ဂိုလ်များမှာ သတင်းထဲတွင် မကြာခဏပေါ်လာတတ်သူများဟု သိထားကြသော်လည်း ဟွာရှားအတွင်းတွင် လူမသိသူမသိနေပြီး အလွန်သြဇာအာဏာကြီးမားသော မိသားစုတစ်စုရှိကြောင်း လူနည်းစုကသာ သိရှိထားကြသည်။
သူသည် ကံကောင်းထောက်မ၍ ဟုန်းမိသားစုဝင်တစ်ဦးနှင့် တွေ့ဆုံခွင့်ရခဲ့ဖူးသည်။ ထိုအချိန်မှသာ ဟွားယွင်ရှန်းဟူသော သူဟာ ဤမိသားစုရှေ့တွင် မည်မျှမထင်မပေါ်ဖြစ်နေလေကြောင်းနှင့် သူတို့ထံမှ စကားတစ်ခွန်းက ဟွာရှားဖျော်ဖြေရေးလောကကြီးတစ်ခုလုံးကို လျှပ်တပြက်အတွင်း ပြောင်းလဲပစ်နိုင်ကြောင်း သိရှိခဲ့ရသည်။
ယခုလေးတင် သူ့အား ဖုန်းခေါ်ဆိုခဲ့သူမှာ ဟုန်းမိသားစုဝင်တစ်ယောက်ဖြစ်၏။
"ဒီအရူးမ... ငါကတော့ သူ အောင်မြင်ဖို့အတွက် အရင်းအမြစ်တွေအများကြီး ရင်းနှီးမြှုပ်နှံခဲ့ရတာ။ အခု သူက အောင်မြင်မှုလေးတစ်ခုရသွားတာနဲ့ ငါ့အတွက် ပြဿနာအကြီးကြီးသယ်လာတာပဲ"
ဟွားယွင်ရှန်းက စားပွဲကို ရိုက်ချလိုက်သည်။
"မဖြစ်ဘူး။ ငါ သူနဲ့အဆက်အသွယ်ဖြတ်ရမယ်။ မီနာ့မှာ မသင့်လျော်တဲ့အပြုအမူမျိုးရှိပြီး လူထုစံပြပုဂ္ဂိုလ်ပုံရိပ်နဲ့ မကိုက်ညီကြောင်း ကြေညာချက်တစ်စောင်ရေးလိုက်။ ဒီနေ့ကစပြီး ယွင်ယိုမီဒီယာက သူ့ကို ဘန်းလိုက်ပြီ"
"ဟုတ်ကဲ့ ဥက္ကဋ္ဌဟွား။ ကျွန်တော် ချက်ချင်းလုပ်လိုက်ပါ့မယ်"
...
"ဒီတော့.. မင်းက တောင်းပန်စကားတောင် မပြောဘူးလား"
ကျန်းမုန့်လောင်က မီနာ့ကိုကြည့်ရင်း အေးတိအေးစက်ပြောလိုက်သည်။
"ဆရာ.. ကျွန်မ... ကျွန်မတောင်းပန်ပါတယ်...။ ကျွန်မတို့ရဲ့အပြုအမူက တကယ်မကောင်းမွန်ခဲ့ပါဘူး။ လူထုရဲ့စံပြအနေနဲ့ ကျွန်မက အပြုသဘောဆောင်တဲ့စွမ်းအင်တွေကိုပဲ အားပေးအားမြှောက်လုပ်သင့်တာပါ။ ရှင်နဲ့ရှင့်သူငယ်ချင်းအပေါ် ကျိုးကြောင်းမညီညွတ်တဲ့ လုပ်ရပ်မျိုး မလုပ်သင့်ပါဘူး"
မီနာက ထိုကဲ့သို့သော ခြိမ်းခြောက်မှုမျိုးနှင့် ကြုံရသောအခါ ခါးကိုညွတ်ကိုင်းလိုက်သည်။
"သူကရော"
ကျန်းမုန့်လောင်က မီနာ၏လက်ထောက်ကို လှမ်းကြည့်လိုက်သည်။ ဤပဋိပက္ခ၏ မြစ်ဖျားခံရာနေရာမှာ စိတ်ကြီးဝင်နေသော ဤလက်ထောက်ပင် ဖြစ်၏။ အမှန်ပင်။ ဤကိစ္စမှတစ်ဆင့် သူတို့ဟာ ဘယ်လိုလူစားမျိုးလဲဆိုသည်ကို သူသိလိုက်ရသည်။ အချို့Influencerများကတော့ ပါးနပ်ကြသည်။
အကယ်၍ တိုက်ရိုက်ထုတ်လွှင့်သူတစ်ဦးတွင် အလွန်ဖြောင့်မတ်မှန်ကန်သော တန်ဖိုးတစ်ခုရှိပါက သူတို့လက်ထောက်ကလည်း သူတို့၏ပုံရိပ်ကို အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းပေးထားရမည်ဖြစ်ပြီး ယခုလိုကိစ္စမျိုးကို မလုပ်သင့်ပေ။
"ရှောင်ယို တောင်းပန်လိုက်"
"အစ်မနာ ကျွန်မ..."
"နင် ငါ့စကားကို နားမထောင်ဘူးလား။ နင့်ကို တောင်းပန်လိုက်လို့ ငါပြောနေတယ်လေ"
"ဆရာ တောင်းပန်ပါတယ်။ ခုနတုန်းက ကျွန်မရဲ့စရိုက်က တော်တော်ဆိုးဝါးသွားတယ်"
"ဟမ့်"
ကျန်းမုန့်လောင်က အေးတိအေးစက်သရော်လိုက်သည်။
"တစ်နေ့ကျရင် မင်းရဲ့လက်ထောက်က မင်းကို ဆွဲချလိမ့်မယ်"
"သွားကြစို့။ ငါတို့ ပြန်သင့်ပြီ။ အဲ့လိုမှမဟုတ်ရင် မင်းရဲ့အခန်းဖော်က ရဲခေါ်လိုက်လိမ့်မယ်"
ကျန်းမုန့်လောင်က လူငယ်လေးတစ်ယောက်အသွင်ကို ပြန်ပြောင်းလိုက်ပြီး လုရီယောင်ကို ပြောလိုက်သည်။
"ဟုတ်တယ်"
လုရီယောင်ကလည်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူတို့နှစ်ဦးသား ပခုံးချင်းယှဉ်လျက် မလှမ်းမကမ်းဆီသို့ လျှောက်သွားကြလေတော့သည်။
"အစ်မ..အစ်မနာ.."
မီနာ၏လက်ထောက်က ရုတ်ခြည်းတွေဝေသွားချေသည်။
"အခုကရော ဘာဖြစ်ပြန်တာလဲ"
"ကုမ္ပဏီက အခုလေးတင် စာထုတ်လိုက်တယ်။ အဲ့ဒီစာထဲမှာ အစ်မရဲ့အပြုအမူတွေက မသင့်တော်တဲ့အတွက် ကုမွဏီဘက်က အစ်မနဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီတဲ့။ ပြီးတော့..."
"ဘာ.. ဆက်ပြောစမ်းပါ"
"ပြီးတော့ သူတို့က ဒီလောကထဲကနေ အစ်မကို အမည်ပျက်စာရင်းသွင်းလိုက်ကြပြီ"
မီနာ၏ကမ္ဘာကြီးကား လုံးဝ မှောင်အတိကျသွားရလေသည်။
…….