ပူပူနွေးနွေးအင်တာနက်ဆယ်လီလေး ကျန်းမုန့်လောင်
Vol. 4 Ch. 58
အပြန်လမ်းမှာ ကျန်းမုန့်လောင်က ကူစူးတက္ကသိုလ်ကို တည့်တည့်မောင်းသွားလိုက်သည်။ လုံခြုံရေးကလည်း ဤမျှခမ်းနားထည်ဝါသော ပြိုင်ကားကိုမြင်သောအခါ သူ့ကို မတားရဲသဖြင့် ဖြတ်သွားခွင့်ပေးလိုက်သည်။ ကျန်းမုန့်လောင်ကလည်း လုရီယောင်ကို သူ(မ)၏အဆောင်ရှေ့အထိ လိုက်ပို့ပေးလိုက်သည်။
"ကောင်းပြီ။ ငါ မင်းကိုပြန်ပို့ပေးပြီးပြီနော်"
ယနေ့ ပထမဆုံးတွေ့ဆုံမှုဟာ ပျော်စရာကောင်းသင့်သော်လည်း အမျိုးသမီးထုတ်လွှင့်သူတစ်ယောက်ကြောင့် ပျက်စီးခဲ့ရသဖြင့် ကျန်းမုန့်လောင် စိတ်မကြည်မလင်ဖြစ်နေခဲ့သည်။
"ငါ့ကို ပြန်ပို့ပေးတဲ့အတွက် ကျေးဇူးပါပဲ"
လုရီယောင်က ကျန်းမုန့်လောင်ရှေ့မှာရပ်ရင်း အနည်းငယ်စိတ်လှုပ်ရှားနေပုံရ၏။
"ငါက မင်းကို ပြန်ပို့ချင်တာမဟုတ်ဘူး"
ကျန်းမုန့်လောင်၏ပါးစပ်က ရောက်တတ်ရာရာများ ထပ်ပြောလာသည်။
"ကူစူးမှာ ငါ့ရဲ့ဗီလာတွေ အများကြီးရှိတယ်။ ချစ်စရာကောင်းတဲ့ တိရစ္ဆာန်လေးတွေအများကြီးလည်း မွေးထားတာ။ မင်းစိတ်ဝင်စားရင် ကြောင်လေးတွေကိုကြည့်ဖို့ လိုက်ခဲ့လို့ရတယ်လေ။ ပြီးတော့ ငါ့အိပ်ခန်းကိုလည်း လှည့်ပတ်ကြည့်လို့ရတာပေါ့..."
"တော်လိုက်တော့ တော်လိုက်တော့"
လုရီယောင်က ကျန်းမုန့်လောင်၏ လက်သုံးအီစီကလီစကားများကို ကျင့်သားရနေပြီဖြစ်ရာ ကြားဖြတ်ပြောလိုက်သည်။
"ဘာတွေ လာဟန်ဆောင်နေတာလဲ။ နင့်အကြောင်း ငါသိသားပဲ။ နင်က အပြောပဲရှိတာ"
"ဟားဟားဟား.. မင်းက ငါ့အကြောင်း တကယ်သိတာပဲ"
ကျန်းမုန့်လောင်က ရယ်လိုက်သည်။
"နင် ဘယ်တော့ပြန်မှာလဲ"
လုရီယောင်က အနည်းငယ်စိတ်လှုပ်ရှားနေဟန်ဖြင့် မေးလိုက်ချေသည်။
"မင်းရဲ့အချစ်ကိုရမှ ပြန်မှာလေ"
ကျန်းမုန့်လောင်က တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။
"နင့်ပိုင်ဆိုင်မှုတွေနဲ့သာဆိုရင် လူတွေက နင့်ချစ်သူဖြစ်ချင်လို့ ဒီနေရာကနေ မြို့တော်အထိတောင် တန်းစီနေကြမှာ"
လုရီယောင်က နှုတ်ခမ်းစူလိုက်ပေသည်။
"အဲ့ဒါက မတူဘူးလေ"
ကျန်းမုန့်လောင်၏အသံကား ရုတ်ခြည်းလေးနက်သွားလေသည်။
"ငါ မင်းနဲ့စတွေ့တုန်းက ငါက ဆင်းရဲသားလေးတစ်ယောက်သက်သက်ပဲ။ အဲ့ဒါတောင် မင်းက ငါနဲ့စကားပြောပြီး ငါနဲ့အတူ သီချင်းဆိုပေးတယ်။ ငါ့ရဲ့အခက်ခဲဆုံးအချိိန်တွေကို ကျော်ဖြတ်နိုင်ဖို့ ကူညီပေးခဲ့တယ်လေ။ မင်းကို ဘယ်သူမှယှဉ်လို့မရဘူး"
လုရီယောင်၏မျက်နှာထက်ဝယ် အနီရောင်အရိပ်လေးတစ်ခုက လျင်မြန်စွာယှက်သန်းသွားသည်။
"ကောင်းပြီ။ ကောင်းပြီ။ ကောင်းပြီ။ တော်လိုက်တော့။ ငါ အခု အပေါ်တက်မှဖြစ်တော့မယ်။ ရှီရှီ စိတ်ပူနေတော့မှာ"
"ကောင်းပြီလေ။ ဒါဆို ငါလည်းပြန်တော့မယ်"
ကျန်းမုန့်လောင်က ထိုသို့ပြောရင်း သူ့အမူအရာမှာ အင်တင်တင်ဖြစ်နေချေသည်။
"ကျန်းမုန့်လောင်.."
ကျန်းမုန့်လောင် ပြန်တော့မည့်ဆဲဆဲမှာပင် လုရီယောင်က သူ့အား ရုတ်တရက်လှမ်းခေါ်လိုက်သည်။ သူ(မ)က လက်နှစ်ဖက်ကို နောက်ပစ်ထားလျက် အနည်းငယ်ရှက်နေပုံပေါ်၏။
"နောက်ရက်ကျရင် ကူစူးမှာ နိုင်ငံတကာပန်းချီပြပွဲတစ်ခု ကျင်းပမှာ။ မနက်ဖြန်တော့ ငါ စာမေးပွဲရှိတယ်။ ဒါပေမဲ့ သန်ဘက်ခါကျရင် နင် ငါနဲ့အတူလိုက်ခဲ့ချင်လား"
"ဒါပေါ့"
ကျန်းမုန့်လောင်၏ မျက်နှာထက်ဝယ် အပြုံးတစ်ပွင့်ပေါ်ပေါက်လာသည်။ သူလည်း ယခုလေးတင် လုရီယောင်ကို ဘယ်လိုထပ်ချိန်းရမလဲဆိုသည့် ကိစ္စနှင့်ပတ်သက်ပြီး တွေးပူနေခြင်းဖြစ်၏။ တစ်ရက်တည်းကိုတော့ သူ စောင့်နိုင်သည်သာ။
"ဒါဆို သန်ဘက်ခါကျရင် တွေ့မယ်နော်"
"သန်ဘက်ခါကျမှ တွေ့မယ်"
လုရီယောင် ဧည့်ခန်းမကျယ်ကြီးထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေရင်း ကျန်းမုန့်လောင် လက်သီးတင်းတင်းဆုပ်ထားမိသည်။ ထို့နောက်မှာတော့ ကားဖြင့် မောင်းထွက်သွားလိုက်သည်။
"အရူးကောင်"
လုရီယောင်က လသာဆောင်မှတစ်ဆင့် ကျန်းမုန့်လောင်တစ်ယောက် ပျော်တပြုံးပြုံးဖြင့် ထွက်သွားသည့်ပုံစံကို စောင့်ကြည့်ရင်း ရှားပါးလှသော အပြုံးတစ်ပွင့်ကို လှစ်ဟပြလိုက်ချေသည်။
ရုတ်ခြည်းဆိုသလို လုရီယောင်၏ဖုန်းက တုန်ခါလာသည်။ ဖုန်းနံပါတ်ကိုမြင်လိုက်ရသောအခါ သူ(မ)၏အပြုံးက ချက်ချင်းပျောက်ကွယ်သွားလေသည်။
...
ဟွာရှားရှိ မြို့တိုင်းနီးပါးတွင် ကျန်းမုန့်လောင်ပိုင်ဆိုင်သောအိမ်ရာ အနည်းဆုံးတစ်ခုတော့ ရှိသည်။ သို့ဖြစ်လေရာ ကူစူးမြို့ကလည်း ခြွင်းချက်မရှိပါချေ။ သူက ဟုန်းရီ သူ့အားပေးလိုက်သည့် ဖုန်းနံပါတ်ကိုဆက်သွယ်လိုက်ပြီး တစ်ဖက်ကပြောသည့်လိပ်စာအတိုင်း လိုက်သွားလိုက်လေရာ ကူစူးတက္ကသိုလ်နှင့် မနီးမဝေးရှိ ဗီလာတစ်ခုသို့ အမြန်ရောက်ရှိလာခဲ့သည်။
"မစ္စတာကျန်း.. ဒါက ကူစူးမှာရှိတဲ့ ခင်ဗျားရဲ့နေအိမ်ပါ။ မစ္စဟုန်းရီက ကျွန်တော်တို့ကို ခင်ဗျားအတွက် အဆင်သင့်ပြင်ထားဖို့ မှာထားပါတယ်။ ခင်ဗျား လိုအပ်တာတစ်ခုခုရှိရင် ကျွန်တော့်ကို အချိန်မရွေးခေါ်လို့ရပါတယ်"
အသက်လေးဆယ်အရွယ် အမျိုးသားတစ်ယောက်က ကျန်းမုန့်လောင်ကို နှုတ်ဆက်လေသည်။
"ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ကျန်းမုန့်လောင်ကလည်း ပတ်ပတ်လည်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ သုံးထပ်ဗီလာကြီးဟာ ခန့်မှန်းခြေအားဖြင့် စတုရန်းမီတာ၁၅၀၀ကျယ်ဝန်းလေသည်။ ဝင်ပေါက်ရှိ ချင်မင်းဆက်နဂါးပန်းရိုက်ပန်းအိုးကြီးနှစ်လုံးက ဤဗီလာ၏ ခမ်းနားထည်ဝါမှုကို ပြသနေချေသည်။
သို့တိုင် ကျန်းမုန့်လောင်ကတော့ ယခုလိုအံ့အားသင့်စရာများနှင့် နေသားကျနေပြီးဖြစ်၏။ မည်သို့ပင်ဖြစ်စေ တစ်ကမ္ဘာလုံးက သူ့အပိုင်နီးနီးဖြစ်နေသည့်အလားပင်။
ကျန်းမုန့်လောင်က ပုံမှန်အတိုင်း အိမ်သာထက်ထိုင်ရင်း သူ့ဖုန်းကိုဆွဲထုတ်ကာ ဝေးပေါ်ထဲတွင် ဟိုကြည့်သည်ကြည့်လုပ်နေလေသည်။ ယနေ့ည ထိပ်တန်းအဆင့်တိုက်ရိုက်ထုတ်လွှင့်သူ မီနာနှင့်အချင်းများခဲ့သည့် ကိစ္စမှာ အင်တာနက်တစ်ခွင် ပွက်လောရိုက်နေပြီးဖြစ်၏။
"သောက်ကျိုးနည်း ဘာတွေဖြစ်နေတာလဲ"
ကျန်းမုန့်လောင် ဝေးပေါ်ကိုဖွင့်ဖွင့်ချင်း မရေမတွက်နိုင်သော မက်ဆေ့ချ်အသိပေးစာများက သူ့ဖုန်းထဲတွင် လုံးဝမွစာကြဲနေလေတော့သည်။
ဖုန်းကြောင်နေသည့်အချိန်အတွင်း သူ့ဝေးပေါ်ဖော်လိုဝါများမှာ မျှော်လင့်မထားပါဘဲ ဂဏန်းလေးလုံးထက် ပိုနေပြီး ယူနစ်ကလည်း သန်းဂဏန်းဖြစ်နေသည်ကို ကျန်းမုန့်လောင်မြင်လိုက်ရ၏။
"သောက်ကျိုးနည်းပဲ။ ဒီရက်ပိုင်းထဲ ဘာတွေဖြစ်ထားလို့လဲ"
အစတုန်းက ကျန်းမုန့်လောင်တွင် ဖော်လိုဝါ၁၂ယောက်မျှသာ ရှိခဲ့ပြီး ထိုအထဲမှ တစ်ဝက်က သူ့သူငယ်ချင်းများဖြစ်သည်။ ယခုတော့ သူ့မှာ ရုတ်တရက်ကြီး ဖော်လိုဝါဆယ်သန်းကျော် ရှိနေပြီဖြစ်၏။ သူက သူစိမ်းများထံမှ ဝင်လာမည့် မက်ဆေ့ချ်များကို ဘယ်တုန်းကမှဘလော့မလုပ်ထားခဲ့သည့်အတွက် ပြုံတိုးနေသော ဤသတိပေးစာများ၏ ဆိုးဝါးလှသော အကျိုးသက်ရောက်မှုကို စိတ်ကူးကြည့်၍ပင် ရလေသည်။
ကျန်းမုန့်လောင်က လိုင်းဖုန်းကို အလျင်အမြန်ယူပြီး အကူအညီတောင်းရန်အတွက် ဟုန်းရီကို ဖုန်းခေါ်လိုက်သည်။ ယခုလိုအခြေအနေမျိုးနှင့်သာဆိုပါက ဝေးပေါ်ကိုဖွင့်ဖို့အတွက် ထရပ်ကားတစ်စီးစာရှိသည့် ဖုန်းများကို လိုအပ်လိမ့်မည်သာ။
"ဟုန်းရီ.. မက်ဆေ့ချ်ပေါင်းဘီလီယံနဲ့ချီပြီး ဝင်နေတာတောင် စက်မကြောင်သွားမဲ့ လုပ်ဆောင်ချက်သာလွန်တဲ့ ဖုန်းတစ်လုံးလုံးများရှိလား"
ကျန်းမုန့်လောင်က သူ့အခြေအနေကို ဟုန်းရီအား အကြမ်းဖျင်းရှင်းပြလိုက်သည်။
"မစ္စတာကျန်း... သာမန်ဖုန်းတစ်လုံးက အဲ့လောက်များတဲ့သတင်းအချက်အလက်တွေကို ကိုင်တွယ်နိုင်မှာမဟုတ်ပေမဲ့ ရှင့်အိမ်မှာ စူပါကွန်ပျူတာတစ်လုံးရှိတယ်လေ။ ဒီလောက်ဒေတာပမာဏကတော့ စူပါကွန်ပျူတာအတွက် အသာလေးပါပဲ"
"သူစိမ်းတွေဆီကဝင်ထားတဲ့ မက်ဆေ့ချ်တွေအကုန်လုံးကို ကူဖျက်ပေးပါဦး။ ခဏနေမှ ငါ မင်းကို အတည်ပြုကုတ်လှမ်းပို့ပေးမယ်"
ကျန်းမုန့်လောင်က အံဆွဲထဲမှ ဖုန်းအပိုတစ်လုံးကို ထုတ်ယူလိုက်လေသည်။
မကြာခင်မှာ ဟုန်းရီက ကျန်းမုန့်လောင်အတွက် အစစအရာရာဖြေရှင်းပေးလိုက်သည်။ ညခုနစ်နာရီမှစ၍ သူ့ဖော်လိုဝါက တစ်ရှိန်ထိုးမြင့်တက်လာပြီး ယခုထိလည်း အံ့ဩဖွယ်ကောင်းသည့်နှုန်းဖြင့် မြင့်တက်နေဆဲဖြစ်၏။
"သိပ်ကောင်းတယ် ဝမ်လင်"
မကြာခင်မှာပင် ဤပြဿနာ၏အရင်းအမြစ်ကို ကျန်းမုန့်လောင် ဖော်ထုတ်လိုက်နိုင်လေသည်။
ယနေ့ ကူစူးတက္ကသိုလ်မှာ ကျန်းမုန့်လောင် ရှိနေခဲ့သည့်အချိန်တုန်းက တစ်စုံတစ်ယောက်က သူ့ဓာတ်ပုံကိုရိုက်ယူ၍ ဝေးပေါ်မှာ တင်လိုက်လေသည်။ ဝမ်လင်က ထိုဓာတ်ပုံကိုခိုးသွားပြီး သူ့ဝေးပေါ်မှာ တင်ပြီးနောက် ကျန်းမုန့်လောင်ကိုပါ tagလိုက်လေသည်။
ဝမ်လင်၏ဖော်လိုဝါများမှာ ထိပ်တန်းအဆင့်ဆယ်လီများဖြင့် ပြည့်နှက်နေခြင်းဖြစ်၏။ မိနစ်ပိုင်းအတွင်းမှာတင် ကျန်းမုန့်လောင်၏ဝေးပေါ်က အင်တာနက်ပေါ်၌ ပွထသွားလေတော့သည်။ အဝေးပြေးလမ်းမမှာ ဟယ်လီကော်ပတာကို ဆင့်ခေါ်လိုက်သူ၊ ပြိုင်ကားတစ်ဒါဇင်ကို တစ်ချီတည်းဝယ်ယူခဲ့သူ၊ ငွေကြေးချမ်းသာမှုဖြင့် ဝမ်လင်၏စိတ်အစဉ်ကို နှစ်ကြိမ်တိတိပြိုလဲအောင်လုပ်ခဲ့သူဟာ ကျန်းမုန့်လောင်ဖြစ်ကြောင်း လူတိုင်း သိသွားကြသည်။
"ဝိုး.. မီနာက နာမည်ပျက်စာရင်းသွင်းခံလိုက်ရတာလား"
ကျန်းမုန့်လောင်က ရှာဖွေမှုအများဆုံးစာရင်းထက်တွင် ရှိနေသော နာမည်ကြီးအကြောင်းအရာတစ်ခုကို ရှာဖွေတွေ့ရှိလိုက်သည်။
ကူစူးတက္ကသိုလ်ရှိဖြစ်ရပ်ကား အင်တာနက်အသုံးပြုသူများအကြား ပွက်လောရိုက်သွားခဲ့ပြီး ဤကိစ္စကပင် ကျန်းမုန့်လောင်အား ပိုမိုကျော်ကြားလာအောင် လုပ်ပေးခဲ့သည်သာ။ ယခုတော့ ကျန်းမုန့်လောင်က အလွန်နာမည်ကြီးနေလေပြီ။
ထိုအချိန်မှာ ကျန်းမုန့်လောင်၏ဖုန်းက ထမြည်လာသည်။ ခေါ်ဆိုသူမှာ ဝမ်လင်ဖြစ်၏။
"နောက်ကျောကိုဓားနဲ့ထိုးတဲ့သစ္စာဖောက်"
ကျန်းမုန့်လောင်က "သူ့အားကူညီမည်"ဟူသော ဝမ်လင်၏စကားကို သဘောပေါက်လိုက်သည့်အတွက် ဖုန်းကိုင်ပြီး ချက်ချင်းပင် ဆဲဆိုလိုက်၏။
"ဟားဟားဟား.. အင်တာနက်အကျော်အမော်ကြီးဖြစ်ရတာ ဘယ်လိုခံစားရလဲ"
ဖုန်းတစ်ဖက်ရှိ အသံကား နောက်ပြောင်ကျီစယ်လိုဟန်ဖြင့် ရယ်မောလိုက်သည်။
"ပြီးတော့ မင်းရဲ့ဖုန်းနဲ့ ကွန်ပျူတာတွေရော အခြေအနေဘယ်လိုရှိလဲ။ မင်းရဲ့သီးသန့်မက်ဆေ့ချ်တွေရာ ပေါ်သေးရဲ့လား"
"ဟမ့်.. ဘာမဟုတ်တဲ့အစီအစဉ်လေးလောက်နဲ့ ငါ့ကို လာရှုပ်လို့ရမယ်လို့များ ထင်နေတာလား"
ကျန်းမုန့်လောင်က ရယ်မောလိုက်သည်။
"ငါ့အိမ်မှာ စူပါကွန်ပျူတာတစ်လုံးရှိတယ်။ မင်းရဲ့ဒေတာတွေကို အဆတစ်ရာမြှင့်လိုက်ရင်တောင် ငါ့ကွန်ပျူတာက တစ်ချက်မှဖြုံမှာမဟုတ်ဘူး"
"သောက်ကျိုးနည်း.. မင်းက အိမ်မှာ စူပါကွန်ပျူတာတစ်လုံး ဆင်ထားတာလား"
ယခုလိုကိစ္စမျိုးကို ဝမ်လင် ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်၏။ စူပါကွန်ပျူတာတစ်လုံးရဖို့အတွက် အရင်းအမြစ်ဘယ်လောက်များများ လိုအပ်လေမလဲ။
"ဟားဟား ထင်မထားဘူးမလား။ တအားတွေအားကျသွားလား။ ဂိမ်းဆော့ရင် ဒါက ရှယ်မြန်တာနော်"
"ငါတော့ ပြောစရာစကားမရှိတော့ဘူး။ စူပါကွန်ပျူတာကို ဂိမ်းဆော့ဖို့ သုံးတာတဲ့လား။ မင်းမှာ ဘာရည်မှန်းချက်မှမရှိဘူးလား"
"ကိုယ့်အလုပ်ကိုယ်သာ အာရုံစိုက်စမ်းပါ"
ကျန်းမုန့်လောင်ကလည်း ပြန်ပက်လိုက်သည်။
"ဝမ်လင်.. မင်းတော့ ဒီနေ့သေပြီပဲ"
"ဟားဟားဟား.. လူတိုင်း ခပ်ကြမ်းကြမ်းပြောတတ်တာပဲ။ မင်းမှာ အစွမ်းရှိရင် ငါ့ကို ပြန်လက်စားချေလေ။ ငါကတော့ သီးသန့်မက်ဆေ့ချ်တွေကို ပိတ်ထားလိုက်ပြီ"
"ဒါဆို ငါ လူတွေကို မင်းကိုtagပြီးပို့စ်တင်ခိုင်းပစ်မယ်"
ကျန်းမုန့်လောင်က ချက်ချင်းပင် သူ့ဝေးပေါ်ကိုဖွင့်ပြီး စာတစ်စောင်တင်လိုက်သည်။
"ဒီနေ့အတွက် လက်ဆောင်အခုငါးထောင်ရှိတယ်။ ငါ ဒီညဝယ်လာတဲ့ LVတွေပေါ့။ လိုချင်တဲ့လူက ဝမ်လင်ကို tagပြီး တစ်နာရီအတွင်း သူ့ကိုစော်ကားမော်ကားပြောရမယ်။ အဲ့လိုဆိုရင် နိုင်မှာပဲ။ အင်တာနက်ရဲ့ဟန်ချက်ကို ထိန်းသိမ်းဖို့အတွက် ရိုင်းပျတဲ့စကားလုံးတွေကို လက်ခံမှာမဟုတ်ဘူး။ တီထွင်နိုင်စွမ်းအရှိဆုံးလူက အကောင်းဆုံးကို ရမှာပဲ"
……