ဆန့်ကျင်တဲ့ဘယ်သူမဆို ငါ သူ့ကုမ္ပဏီကိုဝယ်ပစ်မယ်
Vol. 4 Ch. 60
"မစ္စတာကျန်း.. လုရီယောင်ဆိုတဲ့မိန်းကလေးကို ပြောတာလား"
"သေလိုက်ပါတော့..ခင်ဗျား သူ့နာမည်ကိုသိပြီးသားလား"
ကျန်းမုန့်လောင် အံ့အားသင့်သွားရသည်။
"မစ္စတာကျန်း... ခင်ဗျားက အင်တာနက်ရဲ့အစွမ်းကိုလျှော့တွက်ထားတာပဲ။ မိန်းကလေးလုရီယောင်နဲ့ ခင်ဗျားရဲ့ဓာတ်ပုံတွေ အွန်လိုင်းမှာတက်လာပြီးတဲ့နောက် သူ့ရဲ့ကိုယ်ရေးအချက်အလက်တွေကို ဖော်ထုတ်ဖို့ နာရီဝက်တောင်မကြာလိုက်ဘူး။ သူ့နာမည်မပြောနဲ့..ခင်ဗျားဆန္ဒရှိရင် သူ့အိမ်ထောင်စုဇယားကိုတောင် ရှာနိုင်တယ်"
"သေစမ်း။ ကျွန်တော် သတိလက်လွတ်ဖြစ်သွားတယ်"
ကျန်းမုန့်လောင်ဟာ အင်တာနက်အသုံးပြုသူများ၏ စွမ်းဆောင်ရည်ကို သိသိသာသာပင် လျှော့တွက်ခဲ့မိသည်။
သို့သော် ထပ်စဉ်းစားကြည့်လိုက်ပါက ဤသည်မှာ ပုံမှန်ပင်။ ကျန်းမုန့်လောင်က နိုင်ငံ့အသည်းကျော်ဟူသည့် ဝမ်လင်၏နေရာကို အစားထိုးဝင်ရောက်လုနီးနီးဖြစ်နေလေရာ သူနှင့်အတူ တွဲမြင်လိုက်ရသည့် အမျိုးသမီးတိုင်းကလည်း ဘိုးစဉ်ဘောင်ဆက်အကြောင်းအရာတစ်ခုလုံးကို စုံစမ်းခံရမည်သာ။
ယခင်ကဆိုလျှင် ဝမ်လင်တွဲခဲ့ဖူးသည့် မိန်းကလေးတိုင်းက ဆိုရှယ်မီဒီယာမှာ ချက်ချင်းနာမည်ကြီးသွားခဲ့ကြသည်။ ဤအင်တာနက်ဆယ်လီများ၏ သတင်းအချက်အလက်များကလည်း နေရာတိုင်းမှာပျံ့နေခဲ့ပြီး နောက်ဆုံးမှာ သူတို့ချင်း သဘောမကျကြတော့လျှင်တောင် ဤနာမည်ကြီးမှုက ကြော်ငြာများထိုင်လုပ်နေရုံမျှဖြင့် သူတို့၏နေထိုင်စရိတ်အတွက် လုံးဝမစိုးရိမ်ရတော့လောက်အောင် အာမခံပေးနိုင်သည်။
ယခုမူ ဝမ်လင့်အား စကားတစ်ခွန်းမျှပင်မပြောဘဲ ပိုက်ဆံသာသုံး၍ ဝေးပေါ်မှာ တိုက်ရိုက်တောင်းပန်လာအောင် လုပ်ဆောင်နိုင်သူတစ်ယောက် ရှိလာလေပြီ။ ထိုကဲ့သို့သော လူတစ်ယောက်ဟာ ပေါက်ကွဲစေလောက်သော အကြောင်းအရာတစ်ခုကို ဖြစ်တည်လာစေနိုင်သည့်အတွက် ဆန်းကြယ်လှသော သူ့ချစ်သူကလည်း အင်တာနက်အသုံးပြုသူများ၏ စုံစမ်းစစ်ဆေးမှုမှ မလွတ်မြောက်နိုင်သည်မှာ အံ့သြစရာတော့မဟုတ်ချေ။
"နားထောင်..ခင်ဗျား ဘယ်လိုလုပ်လုပ် ကျွန်တော်ဂရုမစိုက်ဘူး။ ဒါပေမဲ့ နောက်နာရီဝက်အတွင်း Unicornနည်းပညာရဲ့ ထုတ်ကုန်တစ်ခုခုမှာ သူ့ဓာတ်ပုံ ဒါမှမဟုတ် ကိုယ်ရေးအချက်အလက်တွေကို မြင်နေရသေးရင် ခင်ဗျား ဒါရိုက်တာအဖြစ်က နှုတ်ထွက်လို့ရပြီ"
"နာရီဝက်လား"
ရှုဖုန်းခမျာ ချက်ချင်းဆိုသလို စိုးရိမ်ကြောင့်ကြသွားရသည်။
"ဘာလဲ။ မလုပ်နိုင်ဘူးလား"
"ကောင်းပါပြီ။ နာရီဝက်ပဲပေါ့"
"တကယ်လို့ ခင်ဗျား နာရီဝက်အတွင်းလုပ်နိုင်ရင် နှစ်ကုန်ဘောနပ်စ်ကိုလည်း နှစ်ဆပေးမယ်"
ကျန်းမုန့်လောင်က ထပ်ဖြည့်ပြောလိုက်သည်။
"မစ္စတာကျန်း"
ရှုဖုန်းဟာ ဤတဒင်္ဂလေးမှာ ဝမ်းသာရမလား၊ ဝမ်းနည်းရမလားဆိုသည်ကိုပင် မသိတော့ချေ။ ဤသည်မှာ ခက်ခဲလှသော အလုပ်ဖြစ်သော်ငြား ဆုလာဘ်ကလည်း ရက်ရောလွန်းပြန်လေသောအခါ နှစ်လိုဖွယ်လည်းကောင်းသလို မုန်းစရာလည်းကောင်းလှသည်။
"ခင်ဗျားက ခင်ဗျားရဲ့ဝန်ထမ်းတွေကိုတောင် ငွေနဲ့ပစ်ပေါက်နေတာပဲ"
"အခုချက်ချင်း သွားလုပ်တော့"
ရှုဖုန်းက ဖုန်းချပြီးပြီးချင်း ထိပ်တန်းအလုပ်အမှုဆောင်များနှင့် ဗီဒီယိုကောလ်အစည်းအဝေးတစ်ခု ချက်ချင်းစတင်ခဲ့သည်။ အကြောင်းအရာကတော့ ရိုးရိုးလေးပင်။ လုရီယောင်နှင့်ပတ်သက်သည့် အချက်အလက်များကို နာရီဝက်အတွင်း Unicornနည်းပညာထုတ်ကုန်များမှ ပျောက်ကွယ်သွားအောင် ဘယ်လိုလုပ်မလဲဆိုသည့် အကြောင်းပင်။
"အဲ့ဒီစကားလုံးတွေကို စည်းကမ်းချိုးဖောက်မှုအဖြစ် သတ်မှတ်ခိုင်းလိုက်လေ။ ပထမတစ်ကြိမ်မှာ သတိပေးပြီး ဒုတိယအကြိမ်ကျရင်တော့ အကောင့်ကိုဘန်းပစ်လိုက်"
"ဗီဒီယိုတွေနဲ့ဓာတ်ပုံတွေကျတော့ရော"
"မှုန်ဝါးနေတဲ့ဓာတ်ပုံတွေကတော့ အရေးမကြီးဘူး။ ကြည်လင်ပြတ်သားနေတဲ့ ဓာတ်ပုံတွေအတွက်ဆိုရင် မျက်နှာခွဲခြမ်းစိတ်ဖြာရေးနည်းပညာကိုသုံးပြီး ဆက်စပ်အကြောင်းအရာမှန်သမျှကို ပိတ်ပင်ပစ်လိုက်"
"ဒါရိုက်တာ နာရီဝက်အတွင်းကတော့ မဖြစ်နိုင်ဘူး"
"မလုပ်နိုင်ရင်လည်း ထွက်သွားလိုက်တော့"
ရှုဖုန်းက လုပ်ရပ်နှင့်သာ သက်သေပြတတ်သူပင်။
"နောက်ထပ်မေးစရာရှိသေးလား"
"မရှိပါဘူး"
"အခုချက်ချင်းသွားလုပ်တော့"
...
ထိပ်တန်းလုပ်ငန်းစုသုံးခုနှင့်ပင် ယှဉ်ပြိုင်နိုင်သော ပလက်ဖောင်းတစ်ခုအနေနှင့် Unicornနည်းပညာမှထုတ်လုပ်ထားသည့် ပလက်ဖောင်းများ၏လူကြိုက်များမှုဟာ လွန်ခဲ့သည့်နှစ်နှစ်ကျော်လုံးလုံး ရေပန်းစားခဲ့သည်သာ။ သူတို့၏ပလက်ဖောင်းများတွင် ကျန်းမုန့်လောင်နှင့် လုရီယောင်တို့နှင့်ပတ်သက်သော သတင်းအချက်အလက်များက နာမည်ကြီးအကြောင်းအရာတစ်ခုဖြစ်နေလေပြီ။
မိနစ်နှစ်ဆယ်အကြာမှာတော့ ဤအကြောင်းအရာက နာမည်ကြီးရေပန်းစားမှုစာရင်းမှ ပျောက်ကွယ်သွားခဲ့သည်။
နှစ်ဆယ့်တစ်မိနစ်မှာမူ သူတို့၏ဓာတ်ပုံများအားလုံးကို မမြင်ရတော့သည့်အပြင် ဗီဒီယိုအားလုံးလည်း ဖြုတ်ချခံလိုက်ရသည်။
နှစ်ဆယ့်နှစ်မိနစ်မှာမူ လုရီယောင်နှင့်ပတ်သက်သော အချက်အလက်တိုင်းက ပိတ်ပင်ခံထားရသော အဓိကစကားလုံးတစ်ခု ဖြစ်လာခဲ့သည်။
နှစ်ဆယ့်ငါးမိနစ်တွင် အချက်အလက်၈၀ရာခိုင်နှုန်းကျော် ပျောက်ကွယ်သွားခဲ့သည်။
သုံးဆယ်မိနစ်မှာတော့ လုရီယောင်နှင့်ပတ်သက်သည့် သတင်းအချက်အလက်အားလုံးဟာ သူ(မ) ဘယ်တုန်းကမှ မရှိခဲ့ဖူးသည့်အလား ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ကျန်းမုန့်လောင်နှင့်ပတ်သက်သည့် အခြားသတင်းအချက်အလက်များကတော့ ဆက်လက်ရေပန်းစားနေဆဲသာ။
"သေစမ်း..ဘာဖြစ်နေတာလဲဟ။ ငါ အခုလေးတင် တင်လိုက်တဲ့ဗီဒီယိုက ဘယ်ရောက်သွားတာလဲ"
အသုံးပြုသူတော်တော်များများက ကျန်းမုန့်လောင်နှင့် လုရီယောင်တို့အကြောင်း သူတို့တင်ထားပါသည့် ဓာတ်ပုံများနှင့် ဗီဒီယိုများအားလုံး ပျောက်ဆုံးသွားကြောင်း သိရှိသွားကြသည်။
"ဘာလဲဟ။ ငါ့ဗီဒီယိုက ပထမဆုံးအကြိမ်အဖြစ် ကြည့်ရှုသူ သန်းဂဏန်းရထားတာလေ။ ဒါကို ဘန်းလိုက်တယ်ပေါ့။ ငါ့ကို လာနောက်နေတာလား"
"ဘာတွေဖြစ်နေတာလဲ။ လုရီယောင်ဆိုတဲ့နာမည်ကို ပိတ်ပင်ထားတယ်ပေါ့"
"ဆန်းကြယ်တဲ့ချစ်သူ။ ဒါကိုလည်း ခွင့်မပြုဘူးလား။ ကူစူးတက္ကသိုလ်က မိန်းကလေးတွေ.. ဒါကိုလည်း ပိတ်ထားတာပဲလား။ လာနောက်နေတာလား"
Unicornနည်းပညာ၏ထုတ်ကုန်များကို သုံးစွဲသူအားလုံး စိတ်ရှုပ်သွားကြချိန်မှာ ကျန်းမုန့်လောင်၏ ဝေးပေါ်ထက်၌ အကြောင်းအရာအသစ်တစ်ခု ပြန်ပေါ်လာသည်။
"အားလုံးပဲ..အခုကစပြီး ကျွန်တော့်သူငယ်ချင်းရဲ့ အချက်အလက်တွေကို အွန်လိုင်းပေါ်မှာ တက်မလာစေချင်ဘူး။ ကျွန်တော် သူ့အကြောင်းအရာမှန်သမျှကို Unicornနည်းပညာရဲ့ ထုတ်ကုန်အားလုံးမှာ ပိတ်ပင်ခိုင်းထားပါတယ်။ တခြားကုမ္ပဏီထုတ်ကုန်တွေကို သတိပေးချင်တာတစ်ခုက ဒီသတင်းအချက်အလက်ကို မနက်ဖြန်နေ့လယ်မတိုင်ခင် ဖျက်ချပေးပါ။ အဲ့လိုမှမဟုတ်ရင်တော့ ခင်ဗျားတို့ နောက်ဆက်တွဲအကျိုးသက်ရောက်မှုကို ရင်ဆိုင်ရလိမ့်မယ်"
"66666.. ဘော့စ်က အရမ်းမိုက်တာပဲ"
"သေလိုက်ပါတော့။ ဘော့စ်က ဘာလုပ်လိုက်တာလဲဟ။ Unicornနည်းပညာကိုတောင် သတင်းအချက်အလက်အားလုံး ပိတ်ခိုင်းထားတယ်ပေါ့။ သူက Unicornနည်းပညာရဲ့ပိုင်ရှင်များလား"
"အမှန်တရားတွေ ဖွင့်ချပြပါတော့မယ်။ ငါက အဲ့ဒီဘော့စ်ရဲ့အတန်းဖော်ပါ။ ဘော့စ်ရဲ့နာမည်က ကျန်းမုန့်လောင်လို့ခေါ်ပြီး မင်းတို့သိတဲ့အတိုင်း သူက Unicornနည်းပညာရဲ့လက်ရှိဥက္ကဋ္ဌပဲ"
"ဘာ..ဘော့စ်က Unicornနည်းပညာရဲ့ဥက္ကဋ္ဌလား"
"ကျန်းမုန့်လောင်လား။ ငါတို့မူလတန်းကျောင်းတုန်းက ကျန်းမုန့်လောင်ဆိုတဲ့ အတန်းဖော်တစ်ယောက်ရှိတယ်။ ဒါပေမဲ့ သူက အရှုံးသမားတစ်ယောက်ပဲ"
"ငါ ရှုံးကြောင်းဝန်ခံပါတယ်"
"အထင်ကြီးစရာပဲ။ ဒါက တခြားကုမ္ပဏီတွေကို စစ်ကြေညာလိုက်တဲ့ သဘောပဲနော်။ သူတို့ဘက်က မလိုက်နာရင် ဘာများဖြစ်မှာပါလိမ့်"
"ဘော့စ်က ဒီကုမ္ပဏီတွေအကုန်လုံးကို ဝယ်ဖို့စီစဉ်နေတာများလား။ ဟားဟားဟား"
"ကျန်းရဲ့ပင်ကိုယ်စရိုက်ကို အခြေခံကြည့်မယ်ဆိုရင် သူ တကယ် အဲ့လိုလုပ်နိုင်လိမ့်မယ်လို့ထင်တယ်"
"ငါ့ယောကျာ်းက အရမ်းချောတာပဲ။ ဝူးဝူး..ငါ မနာလိုလိုက်တာ။ ငါလည်း ဒီလိုမျိုးကာကွယ်ပေးတာခံချင်လိုက်တာ"
"အပေါ်ထပ်ကလူရေ.. ငါ့ကို vxမှာလာအပ်ပေးပါ။ ငါ မင်းကိုကာကွယ်ပေးမယ်"
"ဒါက ဒဏ္ဍာရီလာစီအီးအိုလိုပဲ။ မဖြစ်နိုင်ဘူး။ ငါ ကြွေမိတော့မယ်"
သို့သော် ထိုအချိန်မှာပင် ကျန်းမုန့်လောင်က နောက်ထပ်သတင်းစကားတစ်ခု ထုတ်ပြန်ခဲ့သည်။
"လူတစ်ယောက်က ကျွန်တော် ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မလဲလို့ မေးလိုက်တယ်နော်။ ကျွန်တော်က တဲ့တိုးဆန်တဲ့ လူတစ်ယောက်ပါ။ ကျွန်တော်ပြောတဲ့အတိုင်း မလုပ်ဘဲ ကျွန်တော့်သူငယ်ချင်းရဲ့သတင်းအချက်အလက်တွေကို အထိန်းအကွပ်မဲ့ဆက်လက်ဖော်ပြနေမယ်ဆိုရင် အဲ့ဒီပလက်ဖောင်းကို ထုတ်လုပ်ထားတဲ့ကုမ္ပဏီကို ချက်ချင်းဝယ်ပစ်လိုက်မှာပါ။ ကျွန်တော့်စကားကို သံသယမဖြစ်လေနဲ့"
"မိုက်တယ်ဟေ့။ ဒါပေမဲ့ ငါတော့မယုံဘူး"
"ဟားဟားဟား ကျန်း... ဒါတော့ ခင်ဗျားလွန်သွားပြီ။ ဒီထုတ်ကုန်တွေက ဒီနိုင်ငံထဲက အကြီးဆုံးအင်တာနက်ကုမ္ပဏီတွေနော်။ တကယ်လို့များ ခင်ဗျား အဲဒါတွေကို တကယ်ဝယ်မယ်ဆိုရင်တောင် အမေရိကန်ဒေါ်လာဘီလီယံရာဂဏန်းလောက် လိုအပ်မှာမဟုတ်ဘူးလား။ ခင်ဗျားက ကမ္ဘာ့အချမ်းသာဆုံးလူမို့လို့လား"
"ငါ မင်းကိုမယုံဘူး။ ညစ်ပတ်တဲ့အဘိုးကြီး အရမ်းဆိုးဝါးတာပဲ"
ဤသတင်းကြောင့် ပို့စ်အောက်ရှိ မှတ်ချက်များမှာ လှောင်ပြောင်စကားများနှင့် ပြည့်နှက်သွားခဲ့သည်။
အခြားဘာမှပင်ထည့်တွက်စရာမလို။ ဝေးပေါ်၏ လက်ရှိစျေးကွက်တန်ဖိုးက အမေရိကန်ဒေါ်လာဆယ်ဘီလီယံနီးပါးရှိသည်။ ဤကုမ္ပဏီကို အပြည့်အဝပိုင်ဆိုင်နိုင်ဖို့ဆိုလျှင် ကမ္ဘာ့အချမ်းသာဆုံးလူကိုယ်တိုင်ပင် ဤမျှငွေအများကြီးကို ချက်ချင်းမထုတ်နိုင်ပေ။
အခြားပလက်ဖောင်းများအဖို့တော့ ပိုင်တု၏ဈေးကွက်တန်ဖိုးမှာ အမေရိကန်ဒေါ်လာဘီလီယံတစ်ရာကျော်ရှိလေသည်။ အကယ်၍ ဤငွေပမာဏရှိခဲ့လျှင်ပင် ရှယ်ယာများကို ရှယ်ယာရှင်များဆီက ရယူရန်မှာ လွယ်ကူလိမ့်မည်မဟုတ်။
ကျန်းမုန့်လောင်က နောက်ပြောင်နေရုံသက်သက်ဟုသာ လူတိုင်းက ထင်နေကြသည်။ ဤကိစ္စကို သူမလုပ်နိုင်ပေ။
"ဟက်"
သံသယဖြစ်နေကြသော မှတ်ချက်များကိုကြည့်ရင်း ကျန်းမုန့်လောင်က လှောင်ပြောင်ရယ်မောလိုက်သည်။
"ဘာမှမသိနားမလည်တဲ့လူသားတွေ..မင်းတို့ ဘယ်သူ့ကိုလာလှောင်ပြောင်နေမှန်း တကယ်မသိရှာဘူးပဲ"
"ဟုန်းရီ"
ကျန်းမုန့်လောင်က ဟုန်းရီ၏ဖုန်းကို ချက်ချင်းခေါ်ဆိုလိုက်သည်။
"ငါ့ဝေးပေါ်ပို့စ်ကိုမြင်လား"
"မစ္စတာကျန်း..အဲ့ဒါတွေအကုန်လုံးကို ဝယ်ဖို့စီစဉ်နေတာလား။ တစ်ရက်တည်းနဲ့တော့ စီမံဖို့ခက်ခဲနိုင်ပေမဲ့ တစ်ပတ်လောက်ဆိုရင်တော့ ပြဿနာမရှိပါဘူး။ ပထမဆုံးတစ်ခုတည်းကိုပဲ အရင်ဝယ်ပြဖို့လိုတာဆိုရင် မနက်ဖြန်မှာတင် ဖြေရှင်းနိုင်ပါတယ်"
"ပြင်ဆင်ဖို့အတွက် အချိန်အများကြီးယူရမှာလား"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"ရှယ်ယာလွှဲပြောင်းမှုလုပ်ငန်းစဉ်က ရှုပ်ထွေးတဲ့အတွက် အချိန်နည်းနည်းတော့ကြာပါတယ်။ ဟွာရှားမှာပဲဖြစ်ဖြစ် နိုင်ငံခြားမှာပဲဖြစ်ဖြစ် ရှယ်ယာပမာဏနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေရှိတယ်လေ။ ကျွန်မတို့ ရှင့်အတွက် ယုံကြည်စိတ်ချရတဲ့ ရှယ်ယာရှင်တွေကိုရှာဖို့လိုတယ်။ ဒီရှယ်ယာတွေက ရှင့်ထိန်းချုပ်မှုအောက်မှာပဲ ရှိတာသေချာအောင် လုပ်ဖို့လိုတယ်လေ။ တကယ့်ရှယ်ယာရှင်အစစ်က ဘယ်သူလဲဆိုတာတော့ အရေးမကြီးပါဘူး"
"ကောင်းပြီ။ ငါနားလည်ပြီ"
ကျန်မုန့်လောင်က ပြောလိုက်သည်။
"ပြင်ဆင်စရာရှိတာ စလုပ်လိုက်တော့။ အင်တာနက်ကုမ္ပဏီကြီးတွေထဲက ဘယ်သူကမှ ငါ့စကားတွေကို အလေးအနက်ထားမယ်လို့ မထင်ဘူး။ မနက်ဖြန် ကုမ္ပဏီတစ်ခုခုနဲ့ စလိုက်ရအောင်။ ဝေးပေါ်နဲ့စလိုက်ရအောင်"
...