ရဲစွမ်းသတ္တိ
Vol. 1 Ch. 53
ပိုင်ရှောင်ချန်း၏ မျက်နှာသည် ဖြူဖျော့နေပြီး ရင်တဒိန်းဒိန်း ခုန်နေသည်။ အသက်အန္တရာယ် ရှိနေပြီဆိုသော အသိကြောင့် အချိန်မရွေး သူသေသွား နိုင်သည်ဟု ခံစားနေရသဖြင့် တစ်ကိုယ်လုံး တုန်ယင်ကာ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ ဖြစ်နေသည်။
သူ့ဘဝ တစ်လျှောက်လုံးတွင် ယခုအခါလောက် ထိတ်လန့်နေရမှုမျိုး တစ်ခါမှ မတွေ့ကြုံဖူးသေးပေ။ ရွာတွင် အမွှေးတိုင် ထွန်းခဲ့စဉ် လျှပ်စီးများလက် မိုးကြိုးများ ပစ်တုန်းကလည်း ခံနိုင်ရည် ရှိခဲ့သည်။ လီချင်းဟောက်က မြွေတစ်သောင်း တောင်ကြားသို့ ခေါ်သွားစဉ် တုန်းကလည်း ခရီးသွားနေတုန်းကလို အံ့သြစရာ ကောင်းပြီး ထူးခြားသော မြင်ကွင်းများကို မမြင်ခဲ့ရပေ။
ထိုအခြေအနေများ အားလုံးတွင် ကြောက်လန့် တုန်လှုပ်ခဲ့ရသော်လည်း သေလောက်သည့် အထိ မဖြစ်ဘူး ဆိုသည်မှာ သူ့ကိုယ်သူ သေချာလေသည်။
သို့သော် ယနေ့သည် အရင်နှင့်မတူဘဲ အမှန်တကယ် သေတော့မည် ဟူသော အာရုံမျိုးကို ရနေသည်။
သူ ပျံသန်းလာရင်း တစ်ယောက်တည်း ဖြစ်နေသည်ကို ရုတ်ခြည်း သတိပြုမိလာသည်။ နောက်ဘက်သို့ ကြောက်အား လန့်အားနှင့် ပြန်လှည့်ကြည့် လိုက်သောအခါ မီတာပေါင်းများစွာ အကွာတွင် လောချိန်မျိုးနွယ်စုမှ လူခုနစ်ယောက်က တုလင်ဖေးနှင့် ဟိုယွင်ဖေးတို့အား ဝိုင်းရံထားသည့် မြင်ကွင်းကို မြင်လိုက်ရသည်။
တုလင်ဖေးက သွေးတွေ အန်နေသည် ကိုလည်း လှမ်းမြင် လိုက်ရသည်။ ဤကဲ့သို့ အခြေအနေတွင် တုလင်ဖေးနှင့် ယိုယွင်ဖေးတို့က ကြာကြာ မဆွဲနိုင်ဘဲ ပြုတ်ကျမည် ဆိုသည်ကို မည်သူမဆို ပြောနိုင်လေသည်။
ပိုင်ရှောင်ချန်းသည် ရပ်ကြည့်နေရင်းနှင့်ပင် တုန်လှုပ်လာသည်။ သွေးပျက်နေပြီး မျက်ဝန်းတစ်ခုလုံး နီရဲလာသည်။ သူ့စိတ်ဝိညာဉ်သည် မြန်နိုင်သမျှ မြန်အောင် သူ့ကိုပြေးတော့ဟု အော်ဟစ် စေခိုင်းနေသည်။
တကယ်တော့ ပိုင်ရှောင်ချန်းသာ သည်အမြန်နှုန်း အတိုင်း ဆက်ပြေးမည် ဆိုပါက တုလင်ဖေးနှင့် ဟိုယွင်ဖေးတို့က ရန်သူများကို အချိန် ဆွဲထားပေးလျှင် လွတ်မြောက်မည်မှာ ကျိန်းသေသည်။
သူသာ လွတ်မြောက်သွားလျှင် ကျင့်ကြံခြင်းကို ဆက်လက် လေ့ကျင့်နိုင်မည်။ ထို့ပြင် သူလိုချင်တာ မှန်သမျှကို ပြည့်ဝအောင် ဖြည့်ဆည်း နိုင်မည်။ အဆုံးအစမရှိသော ထာဝရ ရှင်သန်ခြင်းကို ပိုင်ဆိုင်နိုင်မည်။ ဘယ်တော့မှလည်း သေမည် မဟုတ်တော့။ ဂိုဏ်းက သူ့ကို အပြစ်မပေးသည့်အပြင် ဆုလာဘ်တွေပင်လျှင် ရရှိဦးမည်။
သို့သော်လည်း သူသာ ကိုယ်လွတ်ရုန်း ပြေးမည်ဆိုပါက တုလင်ဖေးနှင့် ယိုယွင်ဖေး နှစ်ယောက်လုံး သေမည်ဖြစ်ပြီး သူ့ဘဝ တစ်လျှောက်လုံးတွင် အပြစ်ရှိသလို ခံစားနေရမည် ဖြစ်သည်။ သူ့စိတ်သည် နှစ်ခြမ်းကွဲနေပြီး ခုချက်ချင်း အမြန်ဆုံးနှုန်းနှင့် လွတ်အောင် ပြေးစမ်းဟု စေခိုင်းနေသည့် မကောင်းစိတ်နှင့် မင်းသာ ပြေးလို့တော့ ဂိုဏ်းတူအစ်ကိုနှင့် အစ်မတို့ သေပြီး တစ်သက်လုံး နောင်တရနေရမှာ ဟူသည့် ကောင်းသော စိတ်တို့က လွန်ဆွဲနေကြသည်။
သူသည် ဝေခွဲမရဖြစ်နေပြီး မချင့်မရဲ ဖြစ်နေသည့်စိတ်ကြောင့် ဒေါသထွက်လာသည်။ သူ့နဖူးမှ အပြာရောင် သွေးကြောများ ထောင်ထလာပြီး သေတော့မလို တုန်လှုပ်လာသည်။ ထိုအချိန်တွင် အခြေအနေနှင့် ပတ်သက်ပြီး ဖြစ်လာနိုင်သည့် အကျိုးဆက်များကို အများကြီး ဆက်စဉ်းစား မနေတော့ဘဲ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အတွေး တစ်ခုတည်းသာ လွှမ်းမိုး သွားတော့သည်။
"ငါကသေရမှာ ကြောက်တယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ ဘယ်တော့မှ ကိုယ်လွတ်ရုန်း မပြေးဘူးကွ''
သူ့ရင်ဘတ်ကို လက်သီးဆုပ်နှင့် ထုလိုက်ရင်း ပြောသည်။ သူ့မျက်လုံးများသည် ပေါက်ကွဲလုမတတ် နီရဲတွတ်နေသည်။ သူသည် မိုးခြိမ်းသံကဲ့သို့ ကြုံးဝါးလိုက်ပြီး တုလင်ဖေးနှင့် ဟိုယွင်ဖေးတို့ဆီသို့ ပြန်လှည့်ပြေး လေသည်။
သူက အင်မတန် လျင်မြန်စွာ ပြေးနေသည်ဖြစ်ရာ တဝီဝီမြည်သံများက အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်နေသည်။ ဟိုယွင်ဖေးသည် ပိုင်ရှောင်ချန်းက စိတ်ပြောင်းပြီး သူတို့ဆီသို့ ပြန်လာနေသည်ကို မြင်လိုက်ရသောအခါ ရုတ်ခြည်း တုန်လှုပ်သွားကာ ဖော်ပြရန် ခက်ခဲသည့် မျက်ဝန်းတွေနှင့် လှမ်းကြည့် လိုက်သည်။ သူ အင်မတန် တအံ့တဩ ဖြစ်ခြင်းနှင့်အတူ ကျေးဇူးတင်မိ သွားသည်။ ရုတ်ခြည်းပင် သူတဟားဟား ရယ်လိုက်သည်။ ထို့နောက် ဆုံးဖြတ်ချက် တစ်ခုချလိုက်ဟန်ကို သူ့မျက်ဝန်းတွင် အထင်းသား မြင်လိုက်ရသည်။ သူသည် ခုခံကာကွယ်ရန် စဉ်းစားမနေတော့ဘဲ လောချိန် မျိုးနွယ်စုဝင်များဆီသို့ အင်တိုက် အားတိုက် ပြေးဝင် သွားတော့သည်။
တစ်ဆက်တည်းမှာပင် ဓားပျံတစ်ချက် ထိထားသော ဒဏ်ရာမှသွေးများ စီးကျနေသည့် တုလင် တုလင်ဖေးသည် အော်ဟစ်ကြုံးဝါးရင်း သူတို့ဆီသို့ ပြေးလာသော မျက်လုံးနီကြီးနှင့် ပိုင်ရှောင်ချန်းကို ငေးကြည့်နေသည်။
သူမသည် မိုးကြိုးပစ်လိုက်သလို ခံစားလိုက်ရပြီး ပါးစပ် အဟောင်းသား ဖြစ်သွားသည်။ သူမ၏ ပါးပြင်လေးများထက်သို့ မျက်ရည်များက ပိုးပိုးပေါက်ပေါက် ကျလာသည်။ တုလင်ဖေးသည် ပိုင်ရှောင်ချန်းကြောင့် စိတ်လှုပ်ရှားခြင်း၊ တုန်လှုပ်ခြင်းနှင့် စိတ်နှလုံး ထိခိုက်ရခြင်းတို့ ခံစားလိုက်ရသည်။
တုလင်ဖေးသည် ပိုင်ရှောင်ချန်းက သေရမှာ ဘယ်လောက်တောင် ကြောက်တတ်လဲ ဆိုတာ သိထားသည်။ သို့သော်လည်း ပိုင်ရှောင်ချန်းက သူတို့ဆီကို ပျံသန်းလာသည်ကို တွေ့လိုက်ရသောအခါ ဘယ်လောက်တောင် သတ္တိမွေးပြီး ပြန်လာခဲ့ရသည်ကို ကောင်းစွာ ပုံဖော် ကြည့်နိုင်သည်။ သူက ထွက်ပြေးနေရာမှ ရပ်တန့်လိုက်ပြီး သူတို့ဆီသို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။
“ဒီကနေ ခုချက်ချင်း ထွက်သွားစမ်း အရူးရဲ့။ ပြေး…ကိုယ့်သေတွင်းကိုယ် တူးနေတာလား''
မျက်ရည်များက သူမ၏ ပါးပြင်ထက်သို့ တသွင်သွင် စီးကျလာသည်။ ပိုင်ရှောင်ချန်းသည် သူတို့ဆီသို့ ရှိသမျှအားသုံးကာ အသံကုန်အော်ဟစ်ပြီး ပြန်လာနေသဖြင့် တုလင်ဖေးသည် သူမ၏နောက်ကျောသို့ ချီစုစည်းမှု အဆင့်ခြောက်ရှိသည့် လောချိန်ဂိုဏ်း တစ်ယောက်က လက်ဝါးဖြင့် ရိုက်ချလာသည်ကိုပင် အမှုမထားနိုင်တော့ပေ။
ဘုန်းခနဲ မြည်သံနှင့်အတူ တုလင်ဖေးပါးစပ်မှ သွေးများ ယိုစီးကျလာသည်။ မြေကြီးပေါ်သို့ လဲကျသွားကာ အမြင်အာရုံများ ဝေဝါးသွားသည်။ ထို့နောက် လောချိန်မျိုးနွယ်စုဝင် တစ်ယောက်၏ ဓားပျံတစ်ချောင်းက လေကိုခွင်းကာ သူမ၏၏ ဦးခေါင်း တည့်တည့်ဆီသို့ ပျံသန်းလာသည်။
ထိုအရာများကို ပိုင်ရှောင်ချန်း မြင်လိုက်ရသောအခါ နောက်တစ်ခါထပ် ကြုံးဝါးလိုက်ပြီး သူပြေးနိုင်သမျှထက် ကျော်လွန်ကာ အရှိန်ကို ပိုမိုမြှင့်တင် လိုက်သည်။ သူသည် လေကိုခွင်းကာ အလင်းတန်း တစ်ခုကဲ့သို့ တုလင်ဖေးဆီ ပြေးသွားသည်။ ထိုဓားပျံက တုလင်ဖေးကို ထိုးခါနီး အချိန်တွင် သူက တုလင်ဖေးကို လက်တစ်ဖက်နှင့် ပွေ့ချီလိုက်ရင်း ရှေ့ကနေ ဝင်ကာကွယ်လျက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ဓားပျံကို ထိုးပစ်လိုက်သည်။
ဝုန်းခနဲ အသံကြီး ပေါ်ထွက်လာပြီး ပိုင်ရှောင်ချန်း၏ အားကြောင့် ဓားက လည်ထွက်သွားသည်။
လောချိန်မျိုးနွယ်စုဝင်များ အကြီးအကျယ် အံ့ဩတုန်လှုပ် သွားကြသည်။ ချိန်ယွဲ့၏ မျက်လုံးများသည် အံ့သြမှုများနှင့် ပြည့်နှက် သွားသော်လည်း သူ့ကိုယ်မှ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ချက်ချင်း ထွက်လာသည်။
“ကောင်းတယ်။ အစွမ်းကို ဖုံးကွယ်ထားတဲ့ ပညာရှင်။ အရိပ်ငရဲဝင်္ကပါထဲက မင်းကို သတိထားခဲ့မိသင့်တယ်။ အားလုံး နားထောင်ကြစမ်း။ ဟိုနှစ်ယောက်ကို ခဏထားပြီး ဒီဂြိုဟ်ကောင်ကို သတ်စမ်း''
အမိန့်ပေးသံ ဆုံးသည်နှင့် လောချိန် ဂိုဏ်းသားများ၏ အကြည့်များသည် ပိုင်ရှောင်ချန်းဆီသို့ ရောက်လာကြပြီး ဝိုင်းရံပိတ်ဆို့ ထားလိုက်ကြသည်။
တုလင်ဖေးသည် ပိုင်ရှောင်ချန်း၏ အပွေ့ခံလိုက်သဖြင့် ကြက်သေသေ နေလေသည်။ တုလင်ဖေး ဘာမှမလုပ်နိုင်ခင်မှာပင် ရှောင်ချန်းက ဘေးနားတွင် ချထားလိုက်ပြီး လောချိန်ဂိုဏ်းသားများ ဆီသို့ ပြေးဝင်သွားသည်။
ရှောင်ချန်း၏ မျက်လုံးများ နီရဲနေသည်။ သူ့ခေါင်းထဲတွင် တခြား အတွေးများ လုံးဝမရှိဘဲ ရန်သူများကို တစ်ယောက်မကျန် သတ်ပြီး တုလင်ဖေးနှင့် ဟိုယွင်ဖေးကို လွတ်အောင် ကယ်ရန်သာ ရှိနေသည်။
အနီးဆုံးမှာ ရှိနေသော ရန်သူသည် ချီစုစည်းမှု အဆင့်ခြောက်မှာ ရှိပြီး လက်ကွက်ကို လျင်မြန်စွာ ဖော်လိုက်ရာ စူးတစ်ချောင်း ပေါ်ထွက်လာပြီး ရှောင်ချန်းဆီသို့ ဦးတည် သွားသည်။
"ဖယ်စမ်း'' ပိုင်ရှောင်ချန်းက မာန်သွင်းလိုက်ပြီး လက်ဝါးနှင့် စူးကို ကြမ်းကြမ်းတမ်းတမ်း ရိုက်ချလိုက်ရာ စူးနှင့် လက်ဝါးတို့ ပက်ပင်း ထိပ်တိုက် တွေ့သွားသည်။ လက်ခနဲ အလင်းရောင် တစ်ချက် လက်သွားပြီး စူးက ချာခနဲ လည်ထွက်သွားသည်။
စူးကို ပစ်လွှတ်လိုက် သူသည် ပင့်သက် ရှိုက်လိုက်သည်။ သူ့မျက်နှာတွင်လည်း တော်တော်လေး တုန်လှုပ်သွားဟန် ပေါ်သည်။ သူက နောက်လှည့် ပြန်ပြေးရန် ကြိုးစားလိုက်သော်လည်း ပိုင်ရှောင်ချန်းက လက်ကွက်ဖော်ကာ သူ့ဆီသို့ ညွှန်လိုက်သည်။ သူ၏သစ်သားဓား ပေါ်လာပြီး လျှပ်ပြက်သည့်အလား ပြေးဝင်သွားသည်။ ပြိုင်ဘက်သည် ချီစုစည်းမှု အဆင့်ခြောက် ရှိသော်လည်း ရှောင်ပြေးဖို့ပင် မတတ်နိုင်တော့ဘဲ ဓားကသာ သူ့နဖူး တည့်တည့်သို့ စိုက်ဝင် သွားလေသည်။
ကြောက်လန့်တကြား အော်သံက စီခနဲထွက်လာသည်။ ဓားက ထုတ်ချင်းပေါက် ဝင်သွားကာ ပေါက်ထွက်သွားသည့် ကျန်တစ်ဖက်မှ သွေးများ ပန်းထွက်လာသော၏။ ထို့နောက် ဓားက စက်ဝိုင်းပုံ လှည့်ပတ်ကာ နောက်ထပ် ရန်သူတစ်ယောက်ဆီသို့ ဦးတည် သွားသည်။
တစ်ချိန်တည်းမှာပင် လောချိန်မျိုးနွယ်စု အဖွဲ့ထဲက တစ်ယောက်က ချီစုစည်းမှု အဆင့်ခုနစ် လက်ကွက် ဖော်လိုက်ရာ သူ့ပတ်လည်တွင် မြူနှင်းများ ကျဆင်းလာပြီး ဧရာမနှင်းလူကြီး ဖြစ်သွားသည်။ သူက နီးကပ်လာစဉ်မှာပင် ပိုင်ရှောင်ချန်း၏ လက်တစ်ဖက် ရုတ်တရက် ထွက်ပေါ်လာပြီး လက်မနှင့် လက်ညှိုးတို့ ဆက်မိသွားသည်။ အနက်ရောင် အလင်းတစ်ခု ဖြာထွက်လာပြီး မြူနှင်းများဖြင့် ပြုလုပ်ထားသည့် အကာအကွယ်မှာ ထိုအလင်းကို ရပ်တန့်ခြင်းငှာ မစွမ်းသာ တော့ပေ။
လည်မျို ဖမ်းဆုပ်ကွက်…
နှင်းထု ကွဲအက်သံက ကျယ်လောင်စွာ ပေါ်လာပြီး တစ်ဆက်တည်းမှာပင် ထိုမျိုးနွယ်စုဝင်သည် သူ၏လည်ပင်းကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ကာ မျက်လုံးများ ပြူးနေလျက် ပိုင်ရှောင်ချန်းကို ကြည့်နေသည်။ သူ၏လည်ပင်းကား လုံးဝ ကွဲကြေ သွားခဲ့လေပြီ။
အရာအားလုံးက လျင်မြန်စွာ ဖြစ်ပျက် သွားကြသည်။ မျက်စိ တစ်ခတ် အတွင်းမှာပင် ပိုင်ရှောင်ချန်းက လောချိန်ဂိုဏ်းသား နှစ်ယောက်ကို သတ်ပစ်လိုက်ပြီး ဖြစ်သည်။
တုလင်ဖေး၏ ဘေးတွင် လဲကျနေသော ဟိုယွင်ဖေးသည် တအံ့တဩ ဖြစ်ကာ မျက်လုံးများ ပြူးကျယ်နေသည်။
တုလင်ဖေးမှာမူ ခြေလှမ်းများကို နောက်သို့ပင် ဆုတ်လိုက်မိသည်။ ယခု သူမ၏မျက်စိရှေ့တွင် မြင်တွေ့နေရသော ပိုင်ရှောင်ချန်းက သူမ သိထားသည့် ပိုင်ရှောင်ချန်းနှင့် လုံးဝကွဲပြားနေရာ မယုံကြည်နိုင်အောင် ဖြစ်နေသည်။ ပိုင်ရှောင်ချန်းဆိုသည့် ကောင်ကလေးက သေရမှာ ဖင်တုန်အောင် ကြောက်သော ကောင်ကလေး မဟုတ်ပါလော။
ချက်ချင်းပင် အံ့ဩတုန်လှုပ် နေကြသည့် ကျန်ရှိနေသော လောချိန်မျိုးနွယ်စု ဝင်များသည် ပိုင်ရှောင်ချန်းကို အသေသတ်ရန် သိုင်းကွက် ခင်းလိုက်သည်။ သူတို့၏ အင်အား အကြီးဆုံးသော လျှို့ဝှက် လက်နက်များ ဖြစ်သည့် ဓားပျံတစ်လက်၊ ပုလဲတစ်လုံးနှင့် ဒယ်အိုး ခပ်သေးသေး တစ်လုံး။ ထိုအရာများကို ပိုင်ရှောင်ချန်းဆီသို့ ဦးတည် ပစ်လွှတ် လိုက်ကြသည်။
အံ့သြစရာ ကောင်းစွာပင် သူတို့ သုံးယောက်က တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ထိုအဖွဲ့ထဲတွင် နှစ်ယောက်က ချီစုစည်းမှု အဆင့်ခြောက်ရှိပြီး ကျန်တစ်ယောက်က အဆင့်ခုနစ် ရှိလေသည်။ သူတို့သည် တတ်နိုင်သမျှ အားများကို ပေါင်းစပ်ကာ ပိုင်ရှောင်ချန်း သေစေနိုင်လောက်သော အရှိန်ဖြင့် ရှောင်တိမ်းချိန်ပင် မရအောင် ကြိုးစားလိုက်ကြခြင်း ဖြစ်သည်။
ပိုင်ရှောင်ချန်း၏ မျက်လုံးများက ပိုမိုနီရဲလာသည်။ မှော်ပစ္စည်းများက သူ့ထံသို့ ပြေးဝင်လာသည့်တိုင် သူသည် လက်များကို ကွေးကာ ခြေထောက်ကို အပေါ် မြှောက်လိုက်ပြီး ဘောလုံး တစ်လုံးကဲ့သို့ ဖြစ်နေသည်။ တုလင်ဖေးက ရယ်သွမ်းသွေးခဲ့သော မည်းနက်နေသည့် ဒယ်စောက်အိုးကြီးက ယခုမူ ပိုင်ရှောင်ချန်း၏ တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသည်။
ချီစုစည်းမှု အဆင့်ခုနစ်ရှိသော မျိုးနွယ်စုဝင် ပစ်လွှတ်လိုက်သည့် ဒယ်စောက်အိုးလေးမှာ ရှောင်ချန်း၏ ဒယ်စောက်အိုးကြီးနှင့် ထိပ်တိုက်တွေ့လိုက်ရာ အင်မတန် ကျယ်လောင်သော အသံကြီး ပေါ်ထွက်လာပြီး ကောင်းကင်နှင့် မြေကြီးတစ်ခွင်လုံး တုန်လှုပ် သွားလေသည်။ ထိုဒယ်စောက်အိုးလေး၏ မျက်နှာပြင်မှ အက်ကွဲရာများ ထွက်လာ၏။ သို့သော် ဒယ်စောက်အိုးကြီးကို ပြင်းထန်စွာ ဖိအားပေးထား နေဆဲပင်။
နောက်တစ်ခုဖြစ်သော ပုလဲလုံးသည် ဒယ်စောက်အိုးနှင့် ရိုက်ခတ်မိသောအခါ ဒယ်အိုးသည် ထပ်မံတားဆီးနိုင်ခြင်း မရှိတော့ဘဲ ပျက်စီးသွားကာ အနက်ရောင် အခိုးငွေ့နံ့များက အရပ်မျက်နှာ တစ်ခွင်သို့ ပျံ့လွင့်လာသည်။ ပိုင်ရှောင်ချန်းသည် ထိုလွင့်စဉ်မှုများကို ရှောင်တိမ်းလိုက်ပြီး ချီစုစည်းမှု အဆင့်ခုနစ်ရှိသော ကျင့်ကြံသူဆီသို့ ဦးတည် သွားလိုက်သည်။
ချီစုစည်းမှု အဆင့်ခုနစ်ရှိသော သူသည် သူ့ဆီသို့ ပိုင်ရှောင်ချန်း ပျံသန်းလာသည်ကို မြင်လိုက်ရသောအခါ သွေးပျက်ကာ ချောက်ချား သွားသည်။ နောက်သို့ ရုတ်ခြည်း ထွက်ပြေးရန် ကြိုးစားသော်လည်း အကြောင်းမထူးချေ။
ထိုလူသည် မှော်အတားအဆီးများကို သုံးထားသော်လည်း ပိုင်ရှောင်ချန်းကို မရပ်တန့်နိုင်ပေ။ ပိုင်ရှောင်ချန်းက သူ့ကို ထိုးနှက်လိုက်ရာ အရိုးကြေသံများ ထွက်ပေါ်လာသည်။ ထို့နောက် ရှောင်ချန်းက ခေါင်းနှင့် ထပ်တိုက်လိုက်သည်။
ဘုန်း…….။
“မလုပ်နဲ့''
ထိုသူက သံကုန် ခြစ်အော်လိုက်၏။ သူ့ပါးစပ်မှ သွေးများက ပွက်ပွက်ထလာပြီး မျက်လုံးထဲတွင် အားပျက်ကာ လက်လျှော့လိုသည့် အရိပ်အယောင်များ ပေါ်လာသော်လည်း ပိုင်ရှောင်ချန်းလက်မှ လွတ်ရန် အကြောင်း မရှိတော့ပေ။
ဘေးနားက ရပ်ကြည့်နေသော ချီစုစည်းမှု အဆင့်ခြောက်ရှိသည့် မျိုးနွယ်စုဝင်များ၏ စိတ်ထဲမှာ ထိတ်လန့် တုန်လှုပ်ခြင်းက နေရာယူလာသည်။ တစ်ယောက်ကမူ ကြောက်ကြောက် လန့်လန့်နှင့် ဓားကို ပစ်လွှတ်လိုက်သည်။
ပိုင်ရှောင်ချန်းသည် ဂရုမစိုက်ဘဲ သက်လတ်ပိုင်း အရွယ် လူဆီသို့သာ ဦးတည် လိုက်သည်။
ဓားပျံက ပိုင်ရှောင်ချန်းကို ထိမိသွားသောအခါ ကိုယ်တွင်းသို့ နစ်ဝင်သွားခြင်းမရှိဘဲ မှင်တက်စရာ ကောင်းလောက်အောင်ပင် ပြန်ကန် ထွက်လာကာ လည်ပြီးအောက်သို့ ပြုတ်ကျသွားသည်။
ပိုင်ရှောင်ချန်းသည် မာန်သွင်း ကြုံးဝါးလိုက်ရင်း သက်လတ်ပိုင်း အရွယ်လူကို ထပ်ခါထပ်ခါ ရိုက်နေသည်။ ကြောက်မက်ဖွယ်ရာ အသံနက်ကြီး ထွက်ပေါ်လာပြီး ထိုလူသေဆုံးသွား၏။
ကျန်သော ချီစုစည်းမှုအဆင့်ခြောက် မျိုးနွယ်စုဝင် နှစ်ယောက်အတွက် ပိုင်ရှောင်ချန်း၏ နီမြန်းနေသော မျက်လုံးများနှင့် စုတ်ဖွားနေသော ဆံပင်များကြောင့် သူ့ပုံစံက တောရိုင်း တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူတို့သည် ကျောချမ်းကာ ကြက်သီးများ ထနေပြီး တဖြည်းဖြည်းနှင့် တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် တုံ့ဆိုင်းခြင်း အလျှင်းမရှိ တစ်ချိုးတည်း လစ်ပြေးလေတော့သည်။
အတန်ငယ်ဝေးသော နေရာရှိ ချိန်ယွဲ့သည် တစ်ကိုယ်လုံး တုန်ယင်နေ၏။ သူ့မျက်စိ ရှေ့မှောက်တွင် မြင်တွေ့နေရသည့်တိုင် ဖြစ်ပျက်သမျှကို လက်ခံရန် ခက်ခဲနေတော့သည်။
***