ကျုပ်မှာ ပိုက်ဆံရှိတယ်ဆိုပေမဲ့ အရူးလို့တော့ ထင်မနေနဲ့
Vol. 5 Ch. 61
"ကျန်းမုန့်လောင် ငါတို့မတွေ့တာက တစ်နာရီတောင်မပြည့်သေးဘူး။ နင်က သတင်းထူးကြီးတစ်ခုကို ဖန်တီးလိုက်ပြီပေါ့လေ"
မကြာခင်မှာပင် ကျန်းမုန့်လောင်ထံသို့ လုရီယောင်က ဖုန်းခေါ်လာသည်။
"အဲ့ဒါက မင်းကိုကာကွယ်ဖို့အတွက် လုပ်ခဲ့တာလေ"
ကျန်းမုန့်လောင်က ရယ်လိုက်လေသည်။
"ငါ့ရည်းစားလောင်းရဲ့ကိုယ်ရေးကိုယ်တာတွေကို လူတိုင်းက နေ့တိုင်း စောင့်ကြည့်နေမှာမျိုး မလိုလားဘူးလေ"
"အရှက်မရှိဘူးလား။ ဘယ်သူက နင့်ရည်းစားလောင်းလုပ်မယ်လို့ သဘောတူခဲ့လို့လဲ"
လုရီယောင်က ပြောလိုက်လေသည်။
"ချန်ချန် ဝေးဝေးသွားစမ်းပါ။ ငါစကားပြောတာကို ခိုးနားထောင်မနေနဲ့"
"ဟားဟားဟား..မင်းတို့အဆောင်မှာ ဒီည တော်တော်လေးသက်ဝင်လှုပ်ရှားနေပုံပဲ"
ကျန်းမုန့်လောင်က မိန်းကလေးတစ်စု စကားပြောနေသည့်အသံများကို ကြားလိုက်ရသည်။
"အဲ့ဒါတွေအကုန်လုံး နင့်ကြောင့်လေ"
လုရီယောင်က ဒေါသတကြီးပြောလာချေသည်။
"နင် ငါ့ကို ဒီအတိုင်းလာတွေ့လည်းရတာကို။ တစ်ကမ္ဘာလုံးမသိမှာကြောက်နေတဲ့ပုံစံမျိုးနဲ့ ကိစ္စကိုပိုကြီးအောင်လုပ်လိုက်တာလေ"
"မင်း ဒုက္ခရောက်နေမှာစိုးလို့လေ"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"စကားမစပ် မင်းရဲ့အခန်းဖော်တွေကို ညစာဝယ်ကျွေးဖို့ ဘယ်တော့ဖိတ်ပေးမှာလဲ။ ငါ သူတို့ကိုလာဘ်ထိုးရမယ်။ အဲ့ဒါမှ ငါတို့ နောက်တစ်ခေါက်ချိန်းတွေ့တဲ့အခါ မင်းကို သူတို့ပိတ်ပင်တားမြစ်နေတာမျိုးမရှိမှာလေ"
"အိပ်မက်မက်နေလိုက်"
"ခဏနေဦး။ အဲ့ဒါ နင်ဆုံးဖြတ်ရမှာမဟုတ်ဘူးလေ"
ရုတ်ခြည်းဆိုသလို ဆန္ဒပြသံလှိုင်းလုံးကြီးတစ်ခုက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။
"အချောလေးကျန်း.. ငါတို့ နင်ပြောတာကို ကြားလိုက်တယ်"
"မင်းက ကွမ်ယွီချန်လား"
လုရီယောင်၏အခန်းဖော်တစ်ယောက်က ထိုကဲ့သို့သောနာမည်မျိုးရှိကြောင်း ကျန်းမုန့်လောင်သိထားသည်။
"ဟုတ်တယ်။ အချောလေးကျန်း.. နင်က မှတ်ဉာဏ်ကောင်းသားပဲ"
ကွမ်ယွီချန်က လုရီယောင်ဆီမှ ဖုန်းကို လုယူလိုက်သည်။
"စနေနေ့ညကျရင် ငါတို့ကို ညစာလိုက်ကျွေးနိုင်မဲ့ အခွင့်အရေးတစ်ခု နင့်ကိုပေးမယ်။ ငါတို့ အရမ်းစိတ်ကျေနပ်သွားရင် ရီရီကို အပြင်ထွက်ခွင့်ပေးလိုက်ရုံတင်မကဘဲ သူ့ကို အရက်မူးအောင်တိုက်ပြီး နင့်အိပ်ရာပေါ်အရောက်ပို့ပေးချင်လည်း ပို့ပေးမှာနော်"
"ဟားဟားဟား.. အမှန်ပဲ။ အမှန်ပဲ"
အခြားအသံများစွာကလည်း ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။
"နင်သာလိုချင်ရင် ငါတို့က သူ့အိမ်ထောင်စုစာရင်းစာအုပ်ကိုပါ ခိုးပေးဦးမှာ"
"နင်တို့တွေတော့နော်။ အား.. ငါ နင်တို့ကိုသတ်ပစ်မယ်"
"သောက်ကျိုးနည်း.. လုရီယောင် နင်က ငါတို့ကိုကန်ရဲတယ်ပေါ့လေ။ နင့်မှာ ခြေတံရှည်တွေရှိတယ်ဆိုတာနဲ့ပဲ နင့်ကိုယ်နင် ထူးခြားသွားပြီလို့ ထင်နေတာလား"
"ခြေတံရှည်တွေပိုင်ဆိုင်ထားတာက ထူးခြားတာပဲလေ"
"အား.. ချန်ချန် ပေါက်ကရလျှောက်လုပ်မနေနဲ့"
"အချောလေးကျန်း.. တချို့လူတွေကလေ တော်တော်ကိတ်တာနော်။ တအားနူးညံ့နေရောပဲ"
"ချန်ချန်.. နင် လူရမ်းကား"
"သေပေတော့..."
ကျန်းမုန့်လောင် ခေါင်းထဲ မြင်ယောင်မိမတတ်ပင်။ အစတုန်းကမူ ယောကျ်ားလေးအဆောင်မှာသာ ယခုလိုကိစ္စမျိုးရှိသည်ဟု သူ ထင်ထားခဲ့သည်။ သို့သော် မိန်းကလေးအဆောင်က ပိုရှုပ်ထွေးနက်နဲပုံပေါ်၏။
"ဒါဆိုလည်း ကောင်းပြီလေ။ သဘောတူလိုက်ပြီနော်။ စနေ့နေ့ကျရင် ငါ နင်တို့အားလုံးကို ညစာလိုက်ကျွေးဖို့ လာခေါ်မယ်။ အိတ်တစ်လုံးသယ်လာကြဖို့ မမေ့ကြနဲ့။ ငါ နင်တို့ကို လာဘ်ထိုးမဲ့ပစ္စည်းတွေကို နင်တို့မသယ်နိုင်မှာစိုးလို့"
"ဟားဟား.. ဒါပေါ့။ ဒါပေါ့"
မိန်းကလေးအဆောင်ဘက်မှာ ဘာဖြစ်နေသလဲဆိုသည်ကို မသိပါဘဲ ဖုန်းခေါ်ဆိုမှုကို ရပ်တန့်လိုက်ရသည်။
"ဘဝဆိုတာ တကယ်လှပတာပဲ"
ကျန်းမုန့်လောင်က အံ့အားသင့်စွာ ရေရွတ်လိုက်ပြီး ရေပင်ကူးနိုင်လောက်သည့် ရေချိုးခန်းအကျယ်ကြီးထဲသို့ ဝင်သွားလိုက်သည်။
...
"သေချာပေါက်ပဲ။ သူတို့တွေ တစ်ယောက်မှ ငါ့စကားကို အလေးအနက်မထားကြဘူးပဲ"
နောက်တစ်ရက်တွင် ကျန်းမုန့်လောင်က သူ့ဖုန်းကို ဖွင့်ကြည့်လိုက်လေရာ Unicornနည်းပညာ၏ ထုတ်ကုန်များမှလွဲ၍ အခြားဝက်ဆိုက်များနှင့် appများတွင် သူနှင့်လုရီယောင်၏သတင်းတို့က ပြန့်နေဆဲပင်။
အင်တာနက်ကုမ္ပဏီကြီးများ၏ ဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်တချို့က ထိုကိစ္စနှင့်ပတ်သက်၍ လူသိရှင်ကြားမှတ်ချက်ပေးခဲ့ကြပြီး ကျန်းမုန့်လောင်က အာရုံစိုက်မှုကို ဆွဲဆောင်ဖို့ကြိုးစားနေခြင်းသာဖြစ်သည်ဟု တစ်ညီတစ်ညွတ်တည်း ထင်မြင်ယူဆခဲ့ကြပြီး ပေါက်ကရဆန်လှသော သူ့အပြုအမူကိုပင် မရှက်မရွံ့လှောင်ပြောင်ထားကြသည်။
ဆယ့်နှစ်နာရီထိုးတော့မည်ဖြစ်လေရာ သူတို့တင်သာမက အင်တာနက်အသုံးပြုသူတစ်သိုက်ကလည်း အခြေအနေများ ဘယ်လိုဖြစ်သွားလေမလဲဆိုသည်ကို စောင့်ကြည့်နေကြ၏။ ကျန်းမုန့်လောင်က အပြောသက်သက်လေလား၊ သို့တည်းမဟုတ် ထိုသို့လုပ်စွမ်းရှိလားဆိုသည်ကို သူတို့သိချင်နေကြသည်။
ထိုအချိန်ရောက်မှ သူ ဘာမှမလုပ်နိုင်ပါလျှင် အင်တာနက်တစ်ခွင်လုံးက သူ့အား လှောင်ရယ်ကြပေလိမ့်မည်။
"အခုစလိုက်တော့ ဟုန်းရီ"
ကျန်းမုန့်လောင်က ဟုန်းရီဆီသို့ မက်ဆေ့ချ်တစ်စောင်ပို့လိုက်သည်။
"ဟုတ်ကဲ့ပါ မစ္စတာကျန်း.. ဒီနေ့အတွက် ဝေးပေါ်ရဲ့ဈေးကွက်တန်ဖိုးက အမေရိကန်ဒေါ်လာ၉.၂၁၂ဘီလီယံရှိပါတယ်။ ရှယ်ယာသုံးဆယ်ရာခိုင်နှုန်းကို ဟုန်းမူမြို့တော်လို့ခေါ်တဲ့ ပြည်တွင်းကုမ္ပဏီက ထိန်းချုပ်ထားပြီး ကျန်ရှယ်ယာခုနစ်ဆယ်ရာခိုင်နှုန်းကတော့ ပြည်တွင်းပြည်ပမတည်ငွေစွန့်စားရေးအဖွဲ့အစည်းတွေရဲ့ လက်ထဲမှာရှိပါတယ်။ အစုရှယ်ယာနှုန်းထားက ၁.၄ရာခိုင်နှုန်းနဲ့ ၁၇.၃ရာခိုင်နှုန်းအထိ ရှိပါတယ်"
"အဲ့လိုကိစ္စတွေ ငါနားမလည်ဘူး။ မင်းဘာသာပဲ ကြည့်လုပ်လိုက်တော့"
"ကောင်းပါပြီ မစ္စတာကျန်း.. ကျွန်မကို အချိန်နှစ်နာရီပေးပါ"
ကျန်းမုန့်လောင် ဖုန်းချလိုက်ချိန်မှာပင် ဝမ်လင်က ဖုန်းခေါ်လာသည်။
"ကျန်းမုန့်လောင်.. မင်း ဘာလုပ်မှာလဲ။ ထွက်ပြေးသွားတာလား။ ဘာလဲ"
"ထွက်ပြေးတယ်ဟုတ်လား။ ငါ အလုပ်များနေတာကွ"
"ချီးကိုအလုပ်များ။ မနေ့ညတုန်းကတော့ မင်း ပွဲကြီးပွဲကောင်းနွှဲမယ်လုပ်သွားတာလေ။ အခု ၁၂နာရီထိုးတော့မယ်။ ခဏနေမှ မင်း ဘယ်လိုရှင်းချက်ထုတ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"
ကျန်းမုန့်လောင်ချမ်းသာကြောင်း ဝမ်လင်သိပါသည်။ သို့သော် ကုမ္ပဏီတစ်ခုကို ဝယ်ယူရန်မှာ ရိုးရှင်းလှသောအရာ မဟုတ်ပေ။ ပထမဆုံးအနေနှင့် တစ်ဖက်လူအား ရှယ်ယာများ ရောင်းချင်လာအောင် လုပ်ရမည်ဖြစ်၏။
ဝမ်တာ့ကုမ္ပဏီမှာဆိုလျှင် ရှယ်ယာအများစုက ဝမ်တာ့နှင့် သူ့အဖေလက်ထဲတွင် ရှိ၏။ ကျန်းမုန့်လောင်မှာ ပိုက်ဆံတစ်လှေကြီးရှိသည်ဆိုလျှင်ပင် တစ်ဖက်လူက မရောင်းချင်ကြောင်း ငြင်းလိုက်နိုင်သည်။ ထိုအခါ သူ့အနေနှင့်လည်း ဘာမှမတတ်သာဘဲ စီးပွားရေးအပြိုင်နည်းဗျူဟာများကိုသုံးပြီးမှသာ သူတို့ကို ရှယ်ယာရောင်းချင်လာအောင် ဖိအားပေးရတော့မည်ဖြစ်၏။ ဤသည်မှာလည်း အချိန်အမြောက်အများကြာနိုင်လေသည်။
"ဘာကိုအလုပ်များရမှာလဲ။ ဝေးပေါ်ကိုဝယ်ဖို့ အလုပ်များနေတာပေါ့"
"ဘာ..ဝေးပေါ်ကိုဝယ်မှာလား"
ဝမ်လင်၏နှုတ်ခမ်းထောင့်စွန်းတို့က တွန့်ရှုံ့သွားရလေသည်။
"ဝေးပေါ်ရဲ့ဈေးကွက်တန်ဖိုးက အမေရိကန်ဒေါ်လာ၁၀ဘီလီယံနားကို ကပ်တယ်နော်။ မင်းက တကယ်ဝယ်မလို့လား"
"ဘာဖြစ်လဲ။ ငါမဝယ်နိုင်တာမှမဟုတ်တာ"
ကျန်းမုန့်လောင်ကလည်း ခွန်းတုံ့ပြန်လိုက်သည်။
"မင်းက ကတိတည်တဲ့ယောကျ်ားစစ်စစ်ပါပဲ"
ဝမ်လင်ခမျာ ပြောစရာစကားများ ကင်းမဲ့သွားရလေသည်။
"မင်း အတည်ပေါက်ကြီးလားကွ"
"အတည်ဟုတ်မဟုတ် ခဏနေကျရင် သိရမှာပဲမဟုတ်လား"
ကျန်းမုန့်လောင်က ရယ်ကာမောကာဖြင့် ပြောလိုက်လေသည်။ ဟုန်းရီတစ်ယောက် ဝေးပေါ်ရှယ်ယာများကို မည်သို့နှယ်ဝယ်ယူလေမလဲဆိုသည်ကို သူမသိသော်ငြား သူ(မ)သုံးလိုက်သည့်နည်းလမ်းက သေချာပေါက်အောင်မြင်မည်ဖြစ်ကြောင်း သူ ယုံကြည်သည်။
...
တစ်နာရီမပြည့်သေးခင်မှာတင် ဟုန်းရီထံမှ ဖုန်းဝင်လာသည်။
"မစ္စတာကျန်း.. ကျွန်မတို့ အခု ရှယ်ယာ၈၅.၂၅ရာခိုင်နှုန်းကို အောင်အောင်မြင်မြင်ဝယ်ယူပြီးပါပြီ။ ဒီရာခိုင်နှုန်းက ရှင် လုံးဝယုံကြည်စိတ်ချထားလို့ရတဲ့ လူတွေရဲ့လက်ထဲမှာပါ"
"သေစမ်း.. အဲ့လောက်တောင်မြန်တာလား"
ကျနးမုန့်လောင်က ဤကိစ္စအကြောင်း ဂဃနဏမသိသော်လည်း ရှယ်ယာ၈၅.၂၅ရာခိုင်နှုန်းနှင့်ဆိုလျှင် ဝေးပေါ်က သူ့အာဏာအောက် ရောက်ရှိလာပြီဟု ဆိုနိုင်သည်။ ထိုကိုယ်စားလှယ်များက သူ့အလိုအတိုင်း လိုက်နာရမည်သာ။
"ကျန်တာတွေကရော"
"ကျန်တာကတော့ "ကမ်မိုရာ"လို့ခေါ်တဲ့ ဥရောမစွန့်ဦးတီထွင်လုပ်ငန်းစုဆီမှာပါ။ ဒါပေမဲ့ ဒီလူက တော်တော်ပါးနပ်တယ်။ ကျွန်မတို့ ဒီရှယ်ယာ၈၅.၂၅ရာခိုင်နှုန်းကို ဈေးကွက်တန်ဖိုးထက် ၁၅ရာခိုင်နှုန်းပိုပေးပြီး ဝယ်ထားတာ။ ကမ်မိုရာဘက်ကို သုံးဆယ်ရာခိုင်နှုန်းပိုပေးပြီး ကမ်းလှမ်းထားပေမဲ့ သူတို့က ရောင်းချင်တဲ့ဆန္ဒမရှိဘူးတဲ့။ သူတို့ဘက်က သေချာပေါက် အမြတ်ကြီးစားဖို့ ကြံစည်နေတာပဲ"
"ကမ္ဘာပေါ်မှာ ရတာနဲ့ မကျေနပ်မရောင့်ရဲနိုင်တဲ့လူတချို့ဆိုတာ သက်သက်ရှိတယ်"
ကျန်းမုန့်လောင်က သုံးဆယ်ရာခိုင်နှုန်းဈေးပိုပေးပြီး ဝယ်ရသည့်အကြောင်းကို သေချာနားမလည်ပေ။ ကျန်ရှယ်ယာများကို ၁၅ရာခိုင်နှုန်းဖြင့် ဝယ်ထားသည့်အချက်က ဤရာခိုင်နှုန်းမှာ မဖြစ်စလောက်ပမာဏလေး မဟုတ်ကြောင်း ပြသနေသည်။
"မစ္စတာကျန်း.. ကမ်မိုရာစွန့်ဦးတီထွင်လုပ်ငန်းစုဘက်က ရှင်နဲ့ စကားပြောချင်နေတယ်။ ရှင် ဆန္ဒရှိရင် ကျွန်မ ရှင့်ဆီကို ဖုန်းလွှဲပေးလိုက်ပါ့မယ်"
"လွှဲပေးလိုက်။ ဒီရရှားတွေ ဘယ်လောက်အထိ လောဘကြီးလဲဆိုတာ ငါနားထောင်ချင်သေးတယ်"
ဖုန်းဝင်သံအနည်းငယ်ထွက်ပေါ်လာပြီးနောက် ပါးနပ်သည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်၏ အသံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။
"ဟယ်လို.. မစ္စတာကျန်းလား"
"ကျုပ်ကို အင်္ဂလိပ်လို လာမပြောနဲ့"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"တရုတ်စကားပြောတတ်လား။ မပြောတတ်ရင် လစ်လိုက်တော့"
စွန့်ဦးတီထွင်လုပ်ငန်းစုသေးသေးလေးတစ်ခုကို မည်သို့နှယ်သိမ်းပိုက်ရမလဲဆိုသည်ကို ကျန်းမုန့်လောင်မသိသော်လည်း သူ့မှာရှိထားသည့် အရင်းအမြစ်များနှင့်ဆိုလျှင် ထိုကိစ္စကိုဖြေရှင်းဖို့ နည်းလမ်းပေါင်းတစ်သောင်းလောက် ရှိလိမ့်မည်ဖြစ်ကြောင်း ကျန်းမုန့်လောင် ယုံကြည်ထားသည်။
"ကျန်း..မစ္စတာကျန်း ကျုပ်က ကမ်မိုရာစွန့်ဦးတီထွင်လုပ်ငန်းစုခေါင်းဆောင်ချာဗီပါ။
"ဘာ..အမှိုက်ချာဗီလား။ ထားလိုက်ပါ။ အဲ့ဒါက အရေးမကြီးပါဘူး။ ကျုပ် ခင်ဗျားဆီက ကျန်တဲ့ဝေးပေါ်ရှယ်ယာတွေကို ဝယ်ချင်တယ်။ ခင်ဗျားလိုချင်တဲ့ဈေးနှုန်းကို ကြေးသတ်မှတ်လိုက်"
"မစ္စတာကျန်းက တဲ့တိုးသမားပဲ"
ဖုန်းတစ်ဖက်မှ ရယ်သံတစ်သံ ထွက်ပေါ်လာသည်။
"ကျုပ်တို့ရဲ့ရှယ်ယာတွေကလွဲရင် ကျန်တဲ့ရှယ်ယာတွေအားလုံးက သိပ်မကြာသေးခင်ကမှ လက်ပြောင်းလိုက်ပြီလို့ ကျုပ်ကြားထားတယ်။ အဲ့ဒါ မစ္စတာကျန်းရဲ့လက်အောက်က လူတစ်ယောက်ယောက်ကို ပြောင်းလိုက်တာဖြစ်မယ်။ ဟုတ်တယ်မလား"
"အဲ့တော့"
"မစ္စတာကျန်းမှာ ပိုက်ဆံမပြတ်လပ်ဘူးဆိုတာ ကျုပ်သိပါတယ်။ ကျုပ်က စီးပွားရေးသမားဆိုတော့ အမြတ်အစွန်းကို ပိုများချင်တာပဲသိတာ သဘာဝပဲမလား။ ကျုပ် ခင်ဗျားကို ဈေးကွက်ပေါက်ဈေး၁၀၀ရာခိုင်နှုန်းနဲ့ ရောင်းချင်ပါတယ်"
"နှစ်ဆလား"
ဤရုရှားသားက ဈေးနှုန်းကို ၅၀ရာခိုင်နှုန်းလောက်အထိ မြှင့်လိုက်နိုင်ကြောင်း ကျန်းမုန့်လောင် ကြိုတွေးထားသည်။ သို့သော် သူ့လောဘက ဤမျှအထိ ကြီးလိမ့်မည်ဟုတော့ ထင်မထားချေ။
"အမှိုက်ချာဗီ ဟုတ်လား။ ကျုပ်မှာ ပိုက်ဆံရှိတာမှန်တယ်။ ဒါပေမဲ့ ခင်ဗျား ကျုပ်ကို အရူးများ အောက်မေ့နေလား။ ၁၀၀ရာခိုင်နှုန်းတဲ့။ ခင်ဗျား အိပ်မက်မက်နေတာပဲဖြစ်ရမယ် ကိုယ့်လူ"
…….