သန့်ရှင်းရေးသမားလုပ်ဖို့ ရုံးချုပ်ကိုလာခဲ့လိုက်တော့
Vol. 5 Ch. 62
"မစ္စတာကျန်း.. ဒေါသမထွက်သေးပါနဲ့ဦး"
ကျန်းမုန့်လောင် ဤသို့တုံ့ပြန်လာမည်ကို ချာဗီ ကြိုတွေးထားသည်။ စဉ်းစားဆင်ခြင်တတ်သူတိုင်း ယခုလို များပြားလှစွာသော ဈေးနှုန်းကို ကြားလိုက်ရလျှင် ပေါက်ကွဲကြလိမ့်မည်သာ။
"စီးပွားရေးအကြောင်း ပြောနေတာဆိုတော့ ညှိနှိုင်းဆွေးနွေးလို့ရတာပဲလေ"
"အဲ့ဒါက ခင်ဗျားမှာ အရည်အချင်းရှိမရှိဆိုတဲ့အပေါ် မူတည်တယ်လေ။ ဈေးကွက်တန်ဖိုးသုံးဆယ်ရာခိုင်နှုန်းကတင် တော်တော်လေးရက်ရောလွန်းနေပြီ။ ခင်ဗျား မရောင်းချင်ဘူးဆိုရင်လည်း ကျုပ်ကလည်း တခြားနည်းလမ်းတွေ ထုတ်သုံးရုံပဲပေါ့"
"မစ္စတာကျန်း.. ခင်ဗျား ကျုပ်ကို လာခြိမ်းခြောက်နေတာလား။ ဒီလိုပြောရတာတော့ အားနာပေမဲ့ အဲ့ဒီလိုနည်းဗျူဟာမျိုးက ကျုပ်အပေါ် ဘာသက်ရောက်မှုမှမရှိဘူး"
"ကျုပ်အထင်တော့ ခင်ဗျားရဲ့စွန့်ဦးတီထွင်လုပ်ငန်းစုကြီးကိုတောင် တိုက်ရိုက်ဝယ်ချလိုက်လို့ရတယ်ထင်တာပဲ။ ပြီးရင်တော့ ခင်ဗျား လစ်လိုက်တော့ပေါ့"
"ဟားဟားဟား"
ချာဗီက ကျယ်လောင်စွာရယ်မောလိုက်လေသည်။
"မစ္စတာကျန်း.. ခင်ဗျားက အရမ်းချမ်းသာမှန်း ကျုပ်သိပါတယ်။ ဒါပေမဲ့ ကျုပ်တို့ရဲ့လုပ်ငန်းစုက လူသိရှင်ကြားစာရင်းသွင်းထားတဲ့ အများပိုင်ကုမ္ပဏီတစ်ခုမဟုတ်ဘူး။ ခင်ဗျား တစ်ကမ္ဘာလုံးမှာရှိတဲ့ပိုက်ဆံတွေကို ပိုင်ဆိုင်ထားတယ်ဆိုရင်တောင် ကျုပ်တို့ကို ဝယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"အိုး.. သာမန်ကုမ္ပဏီလေးတစ်ခုက ဒီလောက်များတဲ့ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့အတွက် ရင်းနှီးငွေအများကြီးရှိမှာတဲ့လဲ"
ကမ်မိုရာ၏ ပြင်ပရင်းနှီးမြှုပ်နှံမှုမှာ စုစုပေါင်းအမေရိကန်ဒေါ်လာ၅ဘီလီယံကျော်ရှိသည်ဟု ယခုလေးတင် ဟုန်းရီက သူ့ကို ပြောပြထားသည်။ အများပိုင်ကုမ္ပဏီတစ်ခုမဟုတ်ပါလျှင် ထိုမျှရင်းနှီးငွေအများကြီးရှိနေဖို့ဆိုသည်မှာ ဘယ်လိုဖြစ်နိုင်မည်တဲ့လဲ။
"ခင်ဗျားပြောတာမှန်ပါတယ် မစ္စတာကျန်း။ ကျုပ်တို့က သာမန်ကုမ္ပဏီလေးတစ်ခု မဟုတ်ပါဘူး။ ကျုပ်တို့က ကိုင်ဒိုအုပ်စုရဲ့မူပိုင်ကုမ္ပဏီခွဲတစ်ခုပါ။ ခင်ဗျား ကိုင်ဒိုအုပ်စုဆိုတာကိုတော့ ကြားဖူးမယ်ထင်တာပဲ"
"ကိုင်ဒိုလား"
ကျန်းမုန့်လောင် ထိုနာမည်ကို ယခင်က ကြားဖူးသည်။ ထိုကုမ္ပဏီမှာ အင်တာနက်လုပ်ငန်းနှင့် ဘဏ္ဌာရေးလုပ်ငန်းတို့ဖြင့် စတင်ခဲ့သော ကုမ္ပဏီတစ်ခုဖြစ်ပြီး ယခုဆိုလျှင် ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ၄၀၀ဘီလီယံကျော် ရှိနေလေပြီ။ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် အလွန်ကြီးမားလှသော လုပ်ငန်းစုတစ်ခုပင်။
"ဒါပေါ့။ မစ္စတာကျန်းသာ ဒီလိုကုမ္ပဏီတစ်ခုကို ဝယ်ယူနိုင်တဲ့ အစွမ်းအစရှိမယ်ဆိုရင်တော့ ကျုပ်လည်း ဘာမှပြောစရာမရှိတော့ပါဘူး"
ချာဗီက ပြုံးလျက် လူသိရှင်ကြား စာရင်းသွင်းထားပါသည့် အမေရိကန်ဒေါ်လာ၄၀၀ဘီလီယံတန်ဖိုးရှိ နိုင်ငံခြားကုမ္ပဏီတစ်ခုကို ကျန်းမုန့်လောင်က ဝယ်နိုင်မှာတဲ့လားဟု တွေးနေချေသည်။
သူသာ ဝေးပေါ်ကို အပြည့်အဝဝယ်ယူပိုင်ဆိုင်ချင်သည်ဆိုပါက သူတို့ဆီမှ ရှယ်ယာများကို ဝယ်ယူဖို့အတွက် ဈေးနှစ်ဆပေးရလိမ့်မည်သာ။
"ကောင်းပြီလေ။ ဒါဆို ကျုပ် အဲ့ဒီကုမ္ပဏီကို ဝယ်လိုက်မယ်"
ကျန်းမုန့်လောင်က အေးစက်စွာ ပြောလိုက်သည်။
"ကျုပ်ဆီကနေ အမြတ်ထွက်အောင်ကြိုးစားပြီး ကျုပ်ရဲ့လမ်းကို လာပိတ်နေတယ်ပေါ့။ ကျုပ် ဘယ်သူလဲဆိုတာတောင် ခင်ဗျားသိလို့လား"
ကျန်းမုန့်လောင်က ဖြန်းခနဲ ဖုန်းကိုချပစ်လိုက်သည်။
ဖုန်းတစ်ဖက်တွင်မူ ချာဗီက ယုံကြည်မှုပြည့်ဝနေသော အမူအရာကို ဆင်မြန်းထားဆဲဖြစ်၏။ သိပ်မကြာခင်မှာ ကျန်းမုန့်လောင်တစ်ယောက် သူ့ဆီကို ပြန်ရောက်လာလိမ့်မည်ဖြစ်ကြောင်း သူ သိထားသည်။ သို့သော် ထိုအချိန်ကျလျှင် ဝယ်ဈေးမှာ ဈေးကွက်တန်ဖိုးထက် ၁၀၀ရာခိုင်နှုန်းကျော် ပေးဆောင်ရတော့မည်ဖြစ်၏။
"ဟုန်းရီ.. ကိုင်ဒိုအုပ်စုကိုပါ ဝယ်ပစ်လိုက်"
ကျန်းမုန့်လောင်က ထိုသို့အမိန့်ပေးလိုက်သည်။
"မစ္စတာကျန်း.. အဲ့လိုလုပ်ဖို့မလိုပါဘူး"
ဟုန်းရီက ဆိုလာ၏။
"ကျွန်မ အခုလေးတင် စစ်ဆေးပြီးပါပြီ။ ကိုင်ဒိုအုပ်စုက ဘရက်ဒလေမိသားစု ထိန်းချုပ်ထားတာပါ။ သူတို့ကိုင်ထားတဲ့ရှယ်ယာက ၉၇ရာခိုင်နှုန်းကျော်ရှိပါတယ်"
"ကိုင်ဒိုအုပ်စုကလည်း ငါ့အပိုင်ပဲလို့ ပြောနေတာလား"
"ဟုတ်ပါတယ်"
"သေလိုက်ပါတော့။ မင်း ငါ့ကို ဒီလိုမျိုးလန့်အောင်လုပ်နေတာတွေ တော်လိုက်ပါတော့လား။ ငါက ကုမ္ပဏီဘယ်နှခုလောက်ပိုင်တာလဲဟ"
"အရေအတွက်တိတိကျကျကိုတော့ ကျွန်မ မတွက်ချက်ထားပါဘူး။ ဒါပေမဲ့ ရှင့်ပိုင်ဆိုင်မှုတွေက နှစ်တိုင်းတိုးပွားနေတာဆိုတော့ ခြေရာခံဖို့အတွက်ကျတော့လည်း အရမ်းဒုက္ခများတယ်လေ။ အဲ့လိုလုပ်ဖို့လည်း မလိုပါဘူး"
"ဒါဆိုလည်း ကောင်းပြီလေ။ မင်း ဘာလုပ်ရမယ်ဆိုတာသိပါတယ်။ အဲ့ဒီစွန့်ဦးတီထွင်လုပ်ငန်းစုရဲ့ တာဝန်ရှိသူကို ပြောင်းလဲပစ်ဖို့ အချိန်တန်ပြီ။ အဲ့ဒီချာဗီဆိုတဲ့လူကို အိမ်သာသန့်ရှင်းရေးလုပ်ဖို့သာ လွှတ်လိုက်တော့"
"မစ္စတာကျန်း.. ရှင်ကတော့ တကယ်အန္တရာယ်များတဲ့လူပဲ"
ဟုန်းရီက ရယ်မောလျက် ပြောလာလေသည်။
ဒါပေမဲ့ သူ့လုပ်ငန်းအတွေ့အကြုံနဲ့ဆိုရင် တခြားဘဏ္ဌာရေးလုပ်ငန်းစုတွေမှာ စီနီယာရာထူးတစ်နေရာကို ရဖို့ဆိုတာ သူ့အတွက် အလွယ်လေးရယ်"
"အဲ့လိုလား။ ဒါဆိုရင် သူ့ကို ဘန်းပစ်လိုက်။ သူ့ကို အလုပ်ခန့်ရဲတဲ့လူရှိရင် အဲ့ဒီကုမ္ပဏီကိုပါ ဒေဝါလီခံရအောင်လုပ်ပစ်လိုက်"
ဖုန်းတစ်ဖက်တွင်မူ ဟုန်းရီခမျာ ဆွံ့အသွားရချေသည်။ အရှက်မဲ့သည့်ကိစ္စမျိုးတွင်တော့ ကျန်းမုန့်လောင်က အတော်ဆုံးပါပင်။
"နားလည်ပါပြီ မစ္စတာကျန်း။ ဒီကိစ္စကို အများဆုံးနာရီဝက်အတွင်း ကိုင်တွယ်လိုက်ပါ့မယ်"
...
"ဟယ်လို အမှိုက်ချာဗီ"
"မစ္စတာကျန်း ကျုပ်နာမည်က ချာဗီပါ"
ချာဗီက ဘဝင်ခိုက်နေလေဟန် အပြုံးတစ်ပွင့်ကို ထုတ်ဖော်ပြသလိုက်ချေသည်။ ထင်ထားသည့်အတိုင်း ကျန်းမုန့်လောင်ဘက်က လက်ဦးမှုရယူ၍ သူ့ဆီကို ပြန်လာရသည်သာ။
"ခင်ဗျား အဲ့ဒီရှယ်ယာတွေကို ဈေးကွက်တန်ဖိုး၁၀၀ရာခိုင်နှုန်းနဲ့ရောင်းချင်တယ်လို့ ပြောထားတယ်နော်"
ကျန်းမုန့်လောင်က ထပ်မေးလိုက်သည်။
"မဟုတ်ဘူး။ မဟုတ်ဘူး။ မဟုတ်ဘူး။ အဲ့ဒီ၁၀၀ရာခိုင်နှုန်းက ကြမ်းခင်းဈေးလေ။ အခုလေးတင် ခင်ဗျားရဲ့ ရိုင်းစိုင်းတဲ့အပြုအမူကြောင့် ၁၂၀ရာခိုင်နှုန်းကမှ ပိုသင့်တော်လိမ့်မယ်လို့ ကျုပ်ထင်တယ်"
```
"သွားသေလိုက်လေ"
ကျန်းမုန့်လောင်ခမျာ အော်မရယ်ဘဲ မနေနိုင်တော့ချေ။
"ကျုပ်က ခင်ဗျားနဲ့ လုပ်ငန်းအကြောင်းပြောဖို့ ရောက်လာတာမဟုတ်ဘူး။ ဒီနေ့ကစပြီး ခင်ဗျားက ကမ်မိုရာလုပ်ငန်းစုရဲ့ အထွေထွေမန်နေဂျာမဟုတ်တော့ဘူးဆိုတာကိုပြောဖို့ ရောက်လာတာ။ ခဏနေရင် ရုံးချုပ်ကနေ သတိပေးစာရောက်လာလိမ့်မယ်"
"ဂွက်"
ကျန်းမုန့်လောင်က ချက်ချင်းဖုန်းချပစ်လိုက်သည်။
"အဓိပ္ပာယ်မရှိလိုက်တဲ့တရုတ်လူမျိုးပဲ"
ချာဗီက ဖုန်းကိုချလိုက်ပြီး ကျန်းမုန့်လောင်ပြောသွားသည့် နောက်ဆုံးစကားကို အရေးမလုပ်ချေ။
သို့သော် မိနစ်အနည်းငယ်အတွင်းမှာပင် ချာဗီ၏ဖုန်းက မြည်လာလေသည်။ ဖုန်းနံပါတ်ကိုမြင်သောအခါ သူ ချက်ချင်းဆိုသလို လှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။ ဤသည်မှာ သူတို့၏ ကိုင်ဒိုအုပ်စုရုံးချုပ်ရှိ ဥက္ကဋ္ဌ၏ဖုန်းနံပါတ်ပင်။
"ဥက္ကဋ္ဌ.. ကျွန်တော့်ကိုရှာတာလား"
ချာဗီက မတိုင်မီက မောက်မာဟန်လေသံကို ဖယ်ရှားလိုက်ပြီဖြစ်၏။ ရုံးချုပ်ရှိ အကြီးတန်းအရာရှိကြီးနှင့်ပတ်သက်လာလျှင် သူ မလေးမစားမလုပ်ရဲချေ။
"ချာဗီ.. မင်း ကုမ္ပဏီအတွက် နှစ်ပေါင်းများစွာလောက် တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲ့တယ်နော်"
ရုံးချုပ်၏ ဥက္ကဋ္ဌက နားလည်ရခက်သည့်လေသံမျိုးဖြင့် ပြောလာလေသည်။
"အဲ့ဒါက ကျွန်တော့်တာဝန်ပါပဲဗျာ"
ဥက္ကဋ္ဌ ယနေ့ဖုန်းခေါ်သည်မှာ ရာထူးတိုးကိစ္စပင် ဖြစ်ရမည်ဟု ချာဗီ ရုတ်တရက်တွေးလိုက်မိသည်။
သူဟာ ဤဘဏ္ဌာရေးလုပ်ငန်းစု၏ အထွေထွေမန်နေဂျာဖြစ်သော်ငြား ပုံသေလစာတစ်ခုသာ ရထားခြင်းဖြစ်၏။ နှစ်စဉ်ဝင်ငွေအမေရိကန်ဒေါ်လာငါးသိန်းကို သူ ကျေနပ်ရောင့်ရဲခြင်း မရှိတော့ပေ။ သူသာ ရုံးချုပ်ကို ပြောင်းရွှေ့နိုင်ပါက သူ့ဝင်ငွေကလည်း နှစ်ဆမြင့်တက်သွားလိမ့်မည်သာ။
"ငါ မင်းကို ဒီနေ့ ဖုန်းခေါ်လိုက်တာက မနက်ဖြန်ကစပြီး မင်း ကမ်မိုရာမှာ ဆက်လုပ်စရာမလိုတော့ဘူး။ ရုံးချုပ်ကို လာအလုပ်လုပ်တော့လို့ ပြောမလို့ပဲ"
"တကယ်လားဗျ"
ချာဗီခမျာ စိတ်လှုပ်ရှားလွန်းသဖြင့် ထခုန်မိမတတ်ပင်။ ဤနေ့ရောက်လာဖို့အတွက် သူ အချိန်အတော်ကြာအောင် စောင့်ဆိုင်းခဲ့ရသည်။
"ဒါပေါ့။ နောက်နှစ်ရက်အတွင်း လုပ်ငန်းကိစ္စလွှဲပြောင်းမှုတွေကို ပြီးစီးအောင်လုပ်ထား။ နောက်တစ်ပတ်ကျရင် မင်း ရုံးချုပ်ကို လာတင်ပြလို့ရပြီ"
"ကျေးဇူးတင်ပါတယ် သူဌေး.. ကျေးဇူးတင်ပါတယ် သူဌေး"
ချာဗီက သူ့အား ရက်ရက်ရောရောကျေးဇူးတင်နေချေသည်။
"သူဌေး.. ကျွန်တော် ရုံးချုပ်ကိုရောက်ရင် ဘယ်ဌာနကို လာတင်ပြရမလဲဗျ"
"သန့်ရှင်းရေးဌာနကို"
"သန့်..သန့်ရှင်းရေးဌာနလား"
ချာဗီခမျာ ကြောင်အသွားရလေသည်။
"သူဌေး.. ကျွန်တော့်ကိုနောက်နေတာမလား"
Ivy Leagueကျောင်းမှ ဘွဲ့ရထားပြီး ကိုယ်ရေးအကျဉ်းပြည့်စုံပါသော ချာဗီဟာ ဘဏ္ဌာရေးလုပ်ငန်းစုထဲတွင် အထက်တန်းလွှာတစ်ယောက်ဖြစ်၏။ သူတို့၏သူဌေးက သူ့အား သန့်ရှင်းရေးဌာနမှာ အလုပ်လုပ်ခိုင်းချင်နေသည်တဲ့လား။
"ငါ့ပုံစံက နောက်နေတဲ့ပုံပေါ်လို့လား။ မင်းက မစ္စတာကျန်းကိုတောင် မတန်တဆဈေးနှုန်းတွေ ခေါ်ရဲတဲ့သတ္တိရှိနေတယ်ပေါ့။ မင်း အသက်ရှင်ရတာ ပင်ပန်းနေပြီလား"
"မစ္စတာကျန်းလား။ ဟွာရှားက မစ္စတာကျန်းလား"
"ငါ မင်းကိုပြောမယ်။ မစ္စတာကျန်းက ငါတို့အုပ်စုရဲ့ အကြီးဆုံးရှယ်ယာရှင်ပဲ။ အဲ့ဒါကို သဘောပေါက်ထား"
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ချာဗီ၏လက်များမှာ အနည်းငယ်တုန်ယင်နေချေသည်။ ကျန်းမုန့်လောင် ပြောသွားသည့်စကားများမှာ ခြိမ်းခြောက်စကားမဟုတ်ပေ။ သူ့မှာ တကယ်လုပ်နိုင်စွမ်းရှိသည်သာ။ ပိုထိတ်လန့်ဖို့ကောင်းသည်မှာ သူက ကိုင်ဒိုအုပ်စုကို ဝယ်နေရန်ပင် မလိုအပ်ချေ။ ကိုင်ဒိုအုပ်စုက သူ့အပိုင်ဖြစ်နေပြီးသားပင်။
"မင်း မလုပ်ချင်ဘူးဆိုရင်လည်း နှုတ်ထွက်ဖို့ ရွေးချယ်လို့ရပါတယ်။ ဒါပေမဲ့ ဘဏ္ဌာရေးလုပ်ငန်းနယ်ပယ်ကြီးတစ်ခုလုံးမှာ မင်းကို အလုပ်ခန့်ရဲတဲ့ကုမ္ပဏီရယ်လို့ ရှိမှာမဟုတ်ဘူး။ ယုံချင်ယုံ မယုံချင်နေ မင်းကြိုးစားကြည့်လို့ရတယ်"
ဤသို့ဖြင့် ကိုင်ဒိုအုပ်စု၏ ဥက္ကဋ္ဌက ဖုန်းချသွားချေသည်။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ဥက္ကဋ္ဌ၏စကားကို ချာဗီ ဘယ်တုန်းကမှ သံသယမဖြစ်ခဲ့ဖူးပေ။ ဤနယ်ပယ်ထဲရှိ သူ၏ဩဇာတိက္ကမနှင့်သာဆိုပါက သူ စကားတစ်ခွန်းဟလိုက်သည်နှင့် ချာဗီ့ကို မည်သူကမှ အလုပ်ခန့်ရဲမည်မဟုတ်။
"သန့်ရှင်းရေးအလုပ်..."
ချာဗီတစ်ယောက် မျက်နှာကြက်ကို အကြောင်သားငေးကြည့်နေမိသည်။ သူ့မျက်လုံးများကား ဗလာကျင်းလျက်....
...
မိနစ်နှစ်ဆယ်မပြည့်သေးခင်မှာပင် ဟုန်းရီက ကျန်းမုန့်လောင်ကို ဖုန်းဆက်၍ ရှယ်ယာများအားလုံးကို ဝယ်ယူပြီးဖြစ်ကြောင်း ပြောလာသည်။
"အဲ့ဒါတွေအကုန်လုံးကို ငါ့နာမည်အောက်ကို ပြောင်းလိုက်"
ကျန်းမုန့်လောင်က ညွှန်ကြားလိုက်သည်။
"မစ္စတာကျန်း..လူတစ်ယောက်ရဲ့ရှယ်ယာပိုင်ဆိုင်မှုက ၇၅ရာခိုင်နှုန်းထက် ပိုသွားခဲ့ရင် အဲ့ဒီကုမ္ပဏီကို စာရင်းကနေ ဖယ်ရှားရပါလိမ့်မယ်"
"ဒါဆိုလည်း ဖယ်ရှားလိုက်ပေါ့။ အခုကစပြီး ဒီဝေးပေါ်က ငါ့ကိုယ်ပိုင်အရုပ်တစ်ခုဖြစ်လာတော့မှာ"
.......