ခင်ဗျားရဲ့ရှယ်ယာတွေကို ရောင်းမှာလား
Vol. 5 Ch. 63
ထိုနေ့က စတော့ဈေးကွက်ပိတ်သိမ်းသွားချိန်မှာ ထိုသတင်းက ဗုံးတစ်လုံးအလား ပေါက်ကွဲသွားခဲ့သည်။
ယနေ့တွင် ဝေးပေါ်၏ရှယ်ယာများကို ဆန်းကြယ်လှသော ဒိတ်ဒိတ်ကြဲစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က အကုန်ဝယ်သွားခဲ့သည်။ ထို့ပြင် စာရင်းဖယ်ရှားခြင်းလုပ်ငန်းစဉ်ကလည်း အလွန်လျင်မြန်စွာဖြင့် ပြီးစီးသွားလေသည်။ ယခု ဝေးပေါ်ဟာ တစ်ဦးတည်းပိုင်ကုမ္ပဏီတစ်ခု ဖြစ်သွားလေပြီ။
"ဘာတွေဖြစ်နေတာလဲ။ တစ်ရက်တည်းနဲ့ ဝေးပေါ်ကို ဝယ်ပစ်လိုက်တာလား"
"ဝေးပေါ်က ဈေးကွက်တန်ဖိုးတင် အမေရိကန်ဒေါ်လာ၉၀ဘီလီယံကျော်ရှိတယ်။ အဲ့ဒါကို စာရင်းကဖယ်ထုတ်ဖို့ဆိုရင် ကိုယ်ပိုင်ရှယ်ယာ ၇၅ရာခိုင်နှုန်းကျော်လိုမှာ။ အမေရိကန်ဒေါ်လာ၇၀ဘီလီယံကို ငွေသားလက်ငင်းအဖြစ် ပိုင်ဆိုင်ထားတဲ့လူ တကယ်ရှိတယ်ပေါ့"
"မင်း အဲ့လိုတွက်လို့မရဘူးလေ။ အဲ့ဒီရှယ်ယာရှင်တွေကလည်း ငတုံးတွေမှမဟုတ်တာ။ သူတို့က အဲ့ဒီလောက်များတဲ့ရှယ်ယာတွေကို ဈေးကွက်တန်ဖိုးနဲ့တင် ရောင်းမှာမဟုတ်ဘူး။ ဝယ်လိုက်တဲ့လူရဲ့ကုန်ကျစရိတ်က အဲ့ဒီထက်ပိုနိုင်လောက်တယ်"
"ဘယ်သူကများ အဲ့လိုလုပ်လိုက်တာလဲ"
"ကျန်းမုန့်လောင်ဆိုတဲ့ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးများလား"
"ဟုတ်တယ်။ ၁၂နာရီထိုးလို့မှ သူ့မိတ်ဆွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို မထိန်းချုပ်ပေးထားတဲ့ ပလက်ဖောင်းတွေကို အကုန်ဝယ်ပစ်မယ်လို့ ပြောထားတယ်မဟုတ်လား။ သူက နောက်နေတာမဟုတ်ဘူးပဲ"
ထိုအင်တာနက်သုံးစွဲသူများ၏ ခန့်မှန်းချက်များကို အတည်ပြုပေးလိုက်သည့်အလား ကျန်းမုန့်လောင်က သူ့ဝေးပေါ်အကောင့်တွင် ဝေးပေါ်ရှယ်ယာအသိအမှတ်ပြုလက်မှတ်ကြီးကို တင်ပေးလိုက်သည်။ ထိုအထဲတွင် ကျန်းမုန့်လောင်က ရှယ်ယာ၁၀၀ရာခိုင်နှုန်းကို တရားဝင်ပိုင်ဆိုင်ထားကြောင်း ဖော်ပြထားသည်။
"ငါက ပြောတဲ့အတိုင်း ဖြစ်အောင်လုပ်တဲ့လူပဲ"
ထိုစကားလုံးငါးလုံးတည်းကိုသာ ဓာတ်ပုံနှင့်အတူ တွဲတင်ထားသည်။
ဤဝေးပေါ်ပို့စ်မှာ ကျန်းမုန့်လောင်က ဝေးပေါ်ကို နေ့တစ်ဝက်အတွင်း ရအောင်ဝယ်ပြနိုင်သည်ဟု အဓိပ္ပာယ်ရလေရာ အင်တာနက်တစ်ခွင်လုံး ထိတ်လန့်အံ့ဩသွားခဲ့သည်။
သူ ဘယ်လိုတောင်လုပ်လိုက်တာလဲ။
"ဓာတ်ပုံကိုပြုပြင်ထားတာများလား"
"ဟုတ်တယ်။ ပိုက်ဆံပေးမယ်ဆိုရင်တောင် တစ်ဖက်လူတွေကလည်း ရောင်းချင်ဦးမှလေ"
"နေ့တစ်ဝက်တည်းနဲ့ ဝေးပေါ်ကိုဝယ်လိုက်တာတဲ့လား။ အဲ့ဒါကြီးက တအားအတုအယောင်ဆန်လွန်းတယ်မလား"
အံ့အားသင့်နေဟန် စကားများသာမက သံသယဝင်ဟန် စကားများကလည်း ပွထလို့နေသည်။
သို့သော် မိနစ်အနည်းငယ်အတွင်းမှာပင် ဝေးပေါ်အသုံးပြုသူတိုင်းဆီကို ဝေးပေါ်ပလက်ဖောင်းမှပေးပို့သည့် တရားဝင်စနစ်အသိပေးစာတစ်စောင် ရောက်ရှိလာသည်။
ဝေးပေါ်ကြေညာချက် : အသုံးပြုသူများအားလုံးကို တစ်နာရီအတွင်း မစ္စတာကျန်းမု့န်လောင်ရဲ့မိတ်ဆွေနဲ့ပတ်သက်တဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်များအားလုံးကို ဖျက်ပေးဖို့ တောင်းဆိုပါတယ်။ အဲ့လိုမလုပ်ဘူးဆိုရင် စနစ်က အကောင့်ကို နှစ်ငါးထောင်ကြာအောင် ဘန်းပစ်မှာပါ"
"မိုက်..မိုက်ချက်"
"သေစမ်း။ တကယ်ကြီးဟ။ ကျန်းက အခုဆိုရင် အာဏာရှိတဲ့အသုံးပြုသူတစ်ယောက်ဖြစ်သွားပြီ"
"နှစ်ငါးထောင်ဘန်းမယ်တဲ့လား။ သူက ငါတို့ကို မသေမျိုးမကောင်းဆိုဝါးတွေများ ထင်နေတာလား"
"ငါ့အကောင့်က ဖော်လိုဝါတစ်သောင်းရနေပြီ။ ဘန်းခံရလို့မဖြစ်ဘူး"
"ကြောက်လိုက်တာ။ ကြောက်လိုက်တာ။ ရန်မစရဲတော့ပါဘူး။ ရန်မစရဲတော့ပါဘူး။ ဒါကြီးက သံပြားကြီးတောင်မဟုတ်ဘူး။ သံမှိုပြားကြီးပဲ။ သူ့ကို သွားရန်စတဲ့လူကတော့ ကံဆိုးတာပဲ"
လုရီယောင်နှင့်ပတ်သက်သည့် မက်ဆေ့ချ်များက ချက်ချင်းပျက်သွားလေတော့သည်။ ဟွာရှား၏ အကြီးမားဆုံးဆက်သွယ်ရေးပလက်ဖောင်းတစ်ခုဖြစ်သည့်အတွက် မည်သူကမှ အကောင့်ဘန်းခံရမည့်အဖြစ်ကို မလိုလားကြချေ။
"မင်း တအားမိုက်တာပဲ"
ကျန်းမုန့်လောင်ထံသို့ ဝမ်လင်ဆီမှ မက်ဆေ့ချ်ဝင်လာလေသည်။
"ဒီအတိုင်းလူမသိသူမသိလေးပဲနေစမ်းပါ"
ကျန်းမုန့်လောင်က ရယ်မောလျက် ပြန်ဖြေလိုက်သည်။
သို့သော် ဤကိစ္စမှာ အစသာရှိသေးသည်။ ဝေးပေါ်၏နာမည်ကြီးမှုက ကြီးမားသော်လည်း အင်တာနက်လုပ်ငန်းတစ်ခုလုံးနှင့်ယှဉ်ပါက သေးငယ်သော အစိတ်အပိုင်းလေးတစ်ခုမျှသာ ရှိသေးသည်။
ကျန်းမုန့်လောင် စစ်ကြေညာထားသည်မှာ ဝေးပေါ်တစ်ခုတည်းမဟုတ်ဘဲ အခြားအဓိကပလက်ဖောင်းများလည်း ပါဝင်ကြောင်း သူတို့ မှတ်မိသေးသည်။ ဤစစ်မီးဟာ ယခုအထိ မငြိမ်းသေးပေ။
"မင်း ဆက်လုပ်မှာတော့မဟုတ်ဘူးမလား"
ဝမ်လင်က မေးလိုက်ချေသည်။
"ငါက ဒီအတိုင်းလျှောက်နောက်နေတဲ့ပုံပေါက်လို့လား"
ကျန်းမုန့်လောင်ကလည်း ပြန်ပြောလိုက်လေသည်။
"ဝေးပေါ်ကိုဝယ်လိုက်တာက သတိပေးချက်တစ်ခုသက်သက်ပဲ။ အနာဂတ်အတွက် လှည့်သာပြောင်းသာအခြေအနေလေးတော့ ချန်ထားရမယ်မဟုတ်လား"
"တကယ်တမ်း မင်းမှာ ပိုက်ဆံဘယ်လောက်တောင်ရှိတာလဲကွာ"
ကျန်းမုန့်လောင်၏ စကားအရဆိုလျှင် သူသာဆန္ဒရှိပါက ဝယ်ယူ၍မရနိုင်သည့် ကုမ္ပဏီဟူ၍ ရှိဟန်မတူပေ။
"ငါလည်းသေချာမသိဘူး။ ဒါပေမဲ့ မင်းတို့မိသားစုရဲ့ဝမ်တာ့အုပ်စုကို ဝယ်ရတာက ရေပုံးထဲကိုကျသွားတဲ့ ရေတစ်စက်သာသာပဲဆိုတာတော့ သေချာတယ်။ မင်းနဲ့ ဒီလောက်အကြာကြီး စကားပြောနေတဲ့အချိန်အတွင်းမှာတောင် ငါ အမေရိကန်ဒေါ်လာဘီလီယံနဲ့ချီပြီး ဝင်နေလောက်ပြီ"
"တော်လိုက်တော့။ တော်လိုက်တော့။ ငါ မင်းကို ရန်မစမိပါဘူးနော်။ ငါ့မိသားစုကိုတော့ ချန်ထားပေးပါကွာ"
ဝမ်လင်ခမျာ ကျန်းမုန့်လောင်နှင့် သာမန်ဆန်သည့် စကားလေးနည်းနည်းပင် မပြောနိုင်တော့ပေ။
ဒီကောင်က သားရဲကောင်ကြီးပဲ။
ဝမ်လင်အဖို့တော့ ဤနှစ်များအတွင်းမှာ ဆယ်ဘီလီယံလောက်ရဖို့ပင် အသည်းအသန်ရုန်းကန်ခဲ့ရသည်။ သို့သော် ကျန်းမုန့်လောင်ကတော့ စကားအနည်းငယ်ပြောရုံမျှဖြင့် သူ့နှစ်စဉ်ဝင်ငွေကို ရနိုင်သည်တဲ့။ သူက ဘယ်လိုလုပ်ပြီးတော့များ ယှဉ်နိုင်မည်လဲ။
"ကောင်းပြီလေ။ ငါ တခြားကုမ္ပဏီတွေကိုလည်း တံခါးသွားခေါက်လိုက်ဦးမယ်။ အခုလောလောဆယ်တော့ မင်းနဲ့ စကားမပြောတော့ဘူး"
ကျန်းမုန့်လောင်က ဖုန်းချလိုက်ပြီး အင်တာနက်လုပ်ငန်းအကျော်အမော်များ၏ တရားဝင်အကောင့်များကို မန်းရှင်းလိုက်သည်။
"မနက်ဖြန်ကျရင် ငါ ဘယ်တစ်ခုကိုဝယ်ရမလဲ။ @ဆိုဟု @ထန်ရွှင်း @ပိုင်တု..."
"ထိပ်တိုက်တွေ့တော့မယ်ပေါ့ ဟမ်.. ဘော့စ်ကျန်းက ပြိုင်ဘက်ကင်းပါပေတယ်။ ဒါကြီးကတော့ တိုက်ရိုက်စစ်ကြေညာလိုက်တာပဲ"
"ငါ မင်းကို အသန်မာဆုံးလို့သတ်မှတ်လိုက်ချင်ပါတယ်"
"ကျန်းမုန့်လောင်က ထာဝရနတ်ဘုရားပါပဲ"
"@ထန်ရွှင်း မာဟွားရေ ထွက်လာပြီး ရိုက်ချက်လေးခံယူပါဦး"
"ထန်ရွှင်းကိုဝယ်ဖို့ ဘော့စ်ကျန်းကိုထောက်ခံပါတယ်။ ကံစမ်းပွဲပေါက်နိုင်ခြေလေးမြှင့်ပေးပါ။ စုပေါင်းရန်ပုံငွေထည့်ဆိုလည်း ထည့်နိုင်ပါတယ်"
"ငါ မစ္စတာကျန်းကို ဆယ်ဒေါ်လာထည့်ဝင်ကူညီချင်ပါတယ်"
"အကုန်လုံး ပါးစပ်ပိတ်ထားကြစမ်း။ ဘော့စ်ကျန်းက ဒီလောက်ပိုက်ဆံလေးကို လိုအပ်နေတဲ့ပုံပေါက်လို့လား"
"ဘော့စ်ကျန်း.. အိမ်မှာ သန့်ရှင်းရေးတစ်ယောက်များ လိုအပ်နေလားဟင်"
...
ဟွာရှား၏ဖုန်းချန်မြို့ထဲရှိ ကြီးကျယ်မြင့်မြတ်သော အဆောက်အအုံကြီးတစ်ခုထဲတွင် ထန်ရွှင်း၏ဥက္ကဋ္ဌမာဟွားက ညစာစားပြီးသောက်ပြီးချိန်လေးမှာ သူ့သီးသန့်ဖုန်းက မြည်လာလေသည်။
ဤဖုန်းနံပါတ်မှာ လူတိုင်းကို အသိပေးမထားပေ။ သူ့ဆွေမျိုးနှင့် အရေးပါအရာရောက်သော လုပ်ငန်းပါတနာများသာ သိထားချေသည်။
"လီဟုန်းလား။ သူက ဒီအချိန်ကြီးကျမှ ဘာလို့ဖုန်းခေါ်နေတာလဲ"
ဈေးကွက်ထဲတွင် အပြိုင်အဆိုင်ရှိကြသော်ငြား သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးမှာ ကောင်းမွန်လှသည်။ မကြာခဏလည်း ထမင်းလက်ဆုံအတူစားပြီး လက်ဖက်ရည်လည်းသောက်ကာ လုပ်ငန်းအကြောင်း အကြံဉာဏ်များလည်း ဆွေးနွေးတတ်ကြသည်။
"ဥက္ကဋ္ဌမာ.. ခင်ဗျား အွန်လိုင်းပေါ်က သတင်းကိုမြင်ပြီးပြီလား"
လီဟုန်းက လိုရင်းကိုသာ တန်းဆိုလာသည်။
"ဘာသတင်းလဲ"
"ကျန်းမုန့်လောင်လို့ခေါ်တဲ့ အဲ့ဒီလူငယ်လေးလေ။ သူက ဝေးပေါ်ကို ရှယ်ယာအားလုံးအပိုင်နဲ့ ဝယ်ပြီးသွားပြီ"
ထိုသတင်းကို လီဟုန်းမြင်သောအခါ အစတုန်းကတော့ မယုံကြည်နိုင်ပေ။ ပိုင်တု၏အရွယ်အစားနှင့် အရင်းအမြစ်များနှင့်ပင် ဝေးပေါ်ကိုဝယ်ယူရန်မှာ ကြီးမားလှသောတာဝန်တစ်ခု ဖြစ်၏။ အကယ်၍ တကယ်တမ်းဝယ်ယူဖို့ စီစဉ်ခဲ့လျှင်တောင် နေ့တစ်ဝက်တည်းနှင့် လုပ်ဆောင်ရန်မှာ မဖြစ်နိုင်ပေ။
"ဘာ"
မာဟွားက တစ်နေ့လုံး ဂိမ်းထုတ်ကုန်အသစ်အတွက် စာရွက်စာတမ်းများကို ကြည့်ရှုစစ်ဆေးနေခဲ့ရပြီး ယခုလေးတင်မှ ညစာစားဖို့အတွက် နားလိုက်သည့်အချိန်မှသာ ယခုလိုပေါက်ကွဲဖွယ်သတင်းကို ကြားလိုက်ရခြင်းပင်။
မနေ့က ကျန်းမုန့်လောင် ဝေးပေါ်မှာ ပို့စ်တင်ခဲ့ချိန်ကမှ ဤလူငယ်လေးအကြောင်း သူတို့ ပထမဆုံးအကြိမ်အဖြစ် ကြားသိခဲ့ခြင်းဖြစ်၏။ သို့သော် သူ့စကားများကို သူတို့ အရေးတယူမလုပ်ခဲ့ကြပေ။ ပိုင်တုနှင့် ထန်ရွှင်းကို ဝယ်ယူလိုကြောင်း ကြွားဝါလာသည့် အသက်နှစ်ဆယ်အရွယ် အမျိုးသားတစ်ယောက်က တကယ်တမ်းလုပ်နိုင်မည်တဲ့လား"
သူတို့အနေနှင့် ကျန်းမုန့်လောင်ကို နာမည်ကြီးချင်ဇောဖြင့် အာရုံစိုက်မှုကို ရှာဖွေနေသည့် လူပြက်တစ်ယောက်သာသာ သဘောထားခဲ့ကြသည်။
သို့သော် ယခုတော့ သူက ဝေးပေါ်ကို ရှယ်ယာအပြည့်ဖြင့် တကယ်ဝယ်သွားခဲ့သည်။ ဤသည်မှာ သာမန်ကိစ္စလေးတစ်ခု မဟုတ်ချေ။
"သူပြောတာတွေက အမှန်ပဲလို့ ထင်လား"
လီဟုန်းက ထိုသို့မေးလာလေသည်။ အကြောင်းအရင်းကို မသိသော်လည်း ဤလူငယ်လေးနှင့်ပတ်သက်ပြီး ဆန်းကြယ်သည့်အရာတစ်ခုခု ရှိနေလေမှန်း သူ အမြဲခံစားမိနေသည်။
"အဲ့ဒါကြီးက မဖြစ်နိုင်ပါဘူး။ ဟုတ်တယ်မလား။ ကျုပ်တို့ရဲ့ကုမ္ပဏီနှစ်ခုစလုံးက အမေရိကန်ဒေါ်လာဘီလီယံရာဂဏန်းလောက်တန်တာလေ။ သူသာ ဥက္ကဋ္ဌဖြစ်ချင်တယ်ဆိုရင် ရှယ်ယာ၅၁ရာခိုင်နှုန်းကို ဝယ်ဖို့လိုလိမ့်မယ်။ အမေရိကန်ဒေါ်လာဘီလီယံရာဂဏန်းတောင်နော်။ သူက အဲ့ဒါကိုတတ်နိုင်မှာလား"
"အမှန်ပဲ။ ကျုပ် နည်းနည်းသံသယများသွားတာဖြစ်မှာပါ"
"ခဏနေပါဦး။ ကျုပ် ဒီဖုန်းကိုကိုင်လိုက်ဦးမယ်"
မာဟွား၏ဖုန်းထဲသို့ အမည်မသိနံပါတ်တစ်ခုဆီမှ ရုတ်ခြည်းဖုန်းဝင်လာသည်။
"မာရှီမာရှီလား"
ဖုန်းတစ်ဖက်မှ အလွန်ငယ်ရွယ်လှသော အသံတစ်သံထွက်ပေါ်လာသည်။
"ကျွန်တော် ဥက္ကဋ္ဌမာနဲ့ စကားပြောလို့ရမလား"
"ဘယ်သူပါလဲ"
"မင်္ဂလာပါ ဥက္ကဋ္ဌမာ.. ကျွန်တော်က ကျန်းမုန့်လောင်ပါ။ ခင်ဗျား ကျွန်တော့်အကြောင်းကြားဖူးထားလောက်မှာပါ"
"ကျန်းမုန့်လောင်လား။ မင်းက ငါ့နံပါတ်ကို ဘယ်လိုလုပ်ရတာလဲ"
မာဟွား၏ဖုန်းနံပါတ်ကား ထိပ်တန်းအဆင့်လျှို့ဝှက်ထားခြင်းဖြစ်ပြီး သီအိုရီကျကျပြောရမည်ဆိုလျှင် ကျန်းမုန့်လောင် ဤနံပါတ်ကို မသိသင့်ပေ။
"အဲ့ဒါက အရေးမကြီးပါဘူး။ ကျွန်တော် ဒီနေ့ဖုန်းခေါ်လိုက်တာက ဥက္ကဋ္ဌမာနဲ့ ကိစ္စတစ်ခုဆွေးနွေးစရာရှိလို့ပါ"
"ဘာများလဲ"
"ကျွန်တော် ထန်ရွှင်းမှာရှိတဲ့ ခင်ဗျားရဲ့ရှယ်ယာတွေအားလုံးကို ဝယ်ဖို့စိတ်ဝင်စားတယ်။ ခင်ဗျားရောင်းပေးချင်လား"
မာဟွား၏အသက်ရှူသံကား တဒင်္ဂမျှ ရပ်တန့်သွားရလေသည်။
"မင်း... မင်း တကယ်ပြောနေတာလား"
……….