← Chapters

သူတို့တွေအကုန်ကြောက်နေကြတာပဲ

Vol. 5 Ch. 65

သူတို့တွေအကုန်ကြောက်နေကြတာပဲ

Vol. 5 Ch. 65

"အားလုံးပဲ... အခုချက်ချင်းအွန်လိုင်းအစည်းအဝေးကို စလိုက်ကြတော့။ ငါတို့မှာ အရေးကြီးတာဝန်တစ်ခုရှိတယ်။ ဆယ်မိနစ်အတွင်း အစည်းအဝေးမှာ ပေါ်မလာတဲ့လူတွေ မနက်ဖြန်ကျရင် အလုပ်ထွက်စာပြင်ထားလိုက်တော့"

ထန်ရွှင်းကုမ္ပဏီ၏ အကြီးတန်းအလုပ်အမှုဆောင်များအားလုံးထံသို့ မာဟွားဆီမှပေးပို့သော မက်ဆေ့ချ်က တစ်ပြိုင်တည်းဝင်ရောက်လာသည်။

ငါးမိနစ်မပြည့်သေးခင်မှာပင် အကြောင်းကြားခံရသော အလုပ်အမှုဆောင်များမှာ အွန်လိုင်းအစည်းအဝေးတွင် ပေါ်လာချေသည်။

"ဥက္ကဋ္ဌမာ.. ကျွန်တော်တို့တွေအကုန်လုံးကို အရေးတကြီးနဲ့တစ်ပြိုင်တည်းခေါ်ရလောက်အောင် ဘာတွေများဖြစ်နေတာလဲ"

နည်းပညာပိုင်းဆိုင်ရာ ဒါရိုက်တာတစ်ယောက်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်လေသည်။

"အခုကစပြီး ငါတို့ရဲ့ထန်ရွှင်းမှာရှိသမျှ ပလက်ဖောင်းတွေကနေ ကျန်းမုန့်လောင်ရဲ့မိန်းကလေးသူငယ်ချင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေအားလုံးကို ပိတ်ပင်ပြီး ဆင်ဆာဖြတ်ထားလိုက်"

"ဥက္ကဋ္ဌမာ.. ဒီလိုလုပ်ဖို့လိုလို့လား။ ခင်ဗျား ကျန်းမုန့်လောင်ဆိုတဲ့လူငယ်လေး ခြိမ်းခြောက်နေတာကို တကယ်ကြီးကြောက်နေတာတော့ မဟုတ်ဘူးမလား"

ထန်ရွှင်း၏ ရှယ်ယာရှင်တစ်ယောက်က ပြောလာခြင်းပင်။

သတင်းအချက်အလက်ကို ပိတ်ပင်ခြင်းမှာ သူတို့အတွက်ရော သူတို့၏နည်းပညာအသင်းအတွက်ပါ လွယ်ကူလွန်းလှသဖြင့် အချိန်တိုလေးအတွင်း ကိုင်တွယ်ဖြေရှင်းနိုင်သည်။

သို့သော် ထိုကဲ့သို့အရေးယူပေးလိုက်ခြင်းအားဖြင့် သူတို့က ကျန်းမုန့်လောင်ကို ကြောက်နေပါသည်ဟု ဝန်ခံလိုက်ခြင်း ဖြစ်မသွားပေဘူးလား။

ဈေးကွက်တန်ဖိုးဟွာရှားငွေကြေးထရီလီယံတန်ဖိုးရှိ လူသိရှင်ကြားစာရင်းတင်ထားသော အင်တာနက်လုပ်ငန်းလောက၏ထိပ်တန်းကုမ္ပဏီတစ်ခုက အသက်နှစ်ဆယ်အရွယ်လူငယ်လေးတစ်ယောက်ကို ဦးညွှတ်လိုက်ရခြင်းမှာ အလွန်ရယ်ဖွယ်ရာကောင်းသွားပေတော့မည်။ နောက်ပိုင်းဆိုလျှင် ထိုအဖြစ်က သူတို့၏ သမိုင်းဝင်အတိတ်ဆိုးကြီးတစ်ခု ဖြစ်လာနိုင်သည်။

"အမှန်ပဲ။ ဥက္ကဋ္ဌမာ.. သူ့ဘာသာ ဝေးပေါ်ကို တကယ်ဝယ်နိုင်ခဲ့တယ်ဆိုရင်တောင် အရင်းငွေဒီလောက်အများကြီးကိုသုံးပြီးသွားမှတော့ သူ အားနည်းနေလောက်ပြီလေ။ ထန်ရွှင်းဘက်က ဝေးပေါ်ကိုဝယ်ချင်ခဲ့တုန်းကတောင် မဝယ်ခင်မှာ ခဏလောက်တော့ပြန်အရှိန်ယူဖို့ လိုသေးတယ်မလား။ သူက ကမ္ဘာ့အချမ်းသာဆုံးလူမို့လို့လား"

"ဥက္ကဋ္ဌမာ.. ဒီလိုလုပ်ဖို့ မလိုပါဘူး"

"တော်လိုက်တော့"

မာဟွားက စားပွဲကို ခပ်ကြမ်းကြမ်းရိုက်ချလိုက်သည်။

"သူက ကမ္ဘာ့အချမ်းသာဆုံးလူမဟုတ်ဘူး။ သူက ကမ္ဘာ့အချမ်းသာဆုံးလူထက် ပိုပြီးပိုက်ဆံရှိတယ်ကွ။ သေစမ်း"

သူ့လက်အောက်ငယ်သားများနှင့် ရှယ်ယာရှင်များထံမှ မေးခွန်းပေါင်းများစွာဖြင့် ရင်ဆိုင်လိုက်ရသောအခါ မာဟွား၏ ဒေါသကလည်း ရုတ်ခြည်းမြင့်တက်လာသည်။ ကျန်းမုန့်လောင်က ယခုလေးတင် သူ့ကိုဖုန်းခေါ်ပြီး သူ၏ထန်ရွှင်းရှယ်ယာများအားလုံးကို ဈေးကွက်တန်ဖိုးထက်၄၀ရာခိုင်နှုန်းပိုပေး၍ ဝယ်မည်ဟု အဆိုပြုသွားသည်။

အားလုံး တိတ်ဆိတ်သွားကြသည်။ မာဟွားကို ယခုလိုမျိုး ထိန်းချုပ်မှုလွတ်သွားသည့်ပုံစံဖြင့် ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။

"မဖြစ်နိုင်တာ။ သူ့မှာ အဲ့လောက်ပိုက်ဆံအများကြီး ဘယ်လိုလုပ်ရှိနိုင်မှာလဲ။ ကမ္ဘာ့အကြီးဆုံးကုမ္ပဏီတောင် အဲ့လိုမလုပ်နိုင်ဘူး"

"ငတုံးတွေ.. သူကဖြင့် ငါ့ဘဏ်အကောင့်ထဲကို အမေရိကန်ဒေါ်လာ၅၀၀ဘီလီယံကို ဒီအတိုင်းလွှဲထည့်လိုက်တာကို။ မင်းတို့က ငါနောက်နေတယ်များ ထင်နေတာလား"

မာဟွားခမျာ တစ်မျိုးတစ်ဖုံစိတ်ကစဉ့်ကလျားဖြစ်နေဟန်ပင်။

"၅၀၀ဘီလီယံလား"

"အမေရိကန်ဒေါ်လာနဲ့လေ"

"ရှယ်ယာငါးဆယ်ရာခိုင်နှုန်းကျော်ဝယ်နိုင်လောက်တဲ့ပမာဏကြီးပဲ"

"အဲ့ဒီလိုပိုက်ဆံတွေအများကြီးကို ပြန်အမ်းလိုက်တယ်ဆိုရင်တောင်မှ လုပ်ငန်းစဉ်ပြီးမြောက်ဖို့အတွက် နာရီပေါင်းများစွာအချိန်ယူရမှာကို မိနစ်ပိုင်းလေးအတွင်းမှာပင် ငါတစ်ယောက်တည်းတင်မဟုတ်ဘူး။ လီဟုန်းကလည်း အမေရိကန်ဒေါ်လာ၅၀၀ဘီလီယံရထားတယ်လို့ ပြောတယ်လေ"

ဤနေရာအရောက်တွင် လူတိုင်းက ကြက်သေသေသွားကြလေရာ ဗီဒီယိုအစည်းအဝေးကြီးတစ်ခုလုံးမှာ အပ်ကျသံကြားရလောက်သည်အထိ တိတ်ဆိတ်သွားလေတော့သည်။

ဒီတော့ မာဟွားပြောပုံအရဆိုရင် မိနစ်ပိုင်းအတွင်းမှာတင် ကျန်းမုန့်လောင်က ငွေသားအမေရိကန်ဒေါ်လာ၁ထရီလီယံကို ထုတ်သုံးပြခဲ့တာပေါ့။

Amaxonပင်လျှင် စုစုပေါင်းပိုင်ဆိုင်မှု ၁.၆၅ထရီလီယံရှိသည်။

မာဟွားတစ်ယောက် ယခုနောက်ပိုင်း အလုပ်အလွန်အကျွံလုပ်နေရသောကြောင့် ထင်ယောင်ထင်မှားဖြစ်နေသလားဟုပင် သူတို့ သံသယဝင်နေမိကြတော့သည်။

"သူ့မှာရှိတဲ့ပိုက်ဆံနဲ့သာဆိုရင် ငါ့ရှယ်ယာကိုဝယ်ဖို့ဆိုတာအသာထား။ ငါတို့ကုမ္ပဏီတစ်ခုလုံးကိုတောင် ဝယ်ပစ်လိုက်နိုင်တယ်"

မာဟွားက ခြောက်လှန့်ရေးသမားတစ်ယောက်မဟုတ်ပေ။ ကျန်းမုန့်လောင်၏ အထက်တန်းဆန်လှသော အပြုအမူများနှင့် စိုးရိမ်ကြောင့်ကြကင်းသော သူ့စရိုက်ကို ထောက်ရှုလိုက်ပါက ဤသည်မှာ မဖြစ်နိုင်တာတော့မဟုတ်ပေ။

"ငါ တစ်နာရီအတွင်း ရလဒ်ထွက်လာတာမြင်ချင်တယ်။ ချက်ချင်းအလုပ်လုပ်ကြ"

"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌမာ... ကျွန်တော်တို့ ချက်ချင်းလုပ်လိုက်ပါ့မယ်"

"သောက်ကျိုးနည်း... ငါတော့ ရူးတော့မှာပဲ"

"အလုပ်သွားလုပ်ကြတော့။ အလုပ်သွားလုပ်ကြတော့"

အလားတူဖြစ်ရပ်တစ်ခုက ပိုင်တုဘက်မှာလည်း ဖြစ်ပွားနေချေသည်။

နာရီဝက်အကြာတွင် လုရီယောင်၏ သတင်းအချက်အလက်မှန်သမျှက ဟွာရှား၏ အကြီးမားဆုံးသော ရှာဖွေရေးဝက်ဘ်ဆိုက်ဖြစ်သည့် ပိုင်တုပေါ်မှ အစအနပင်မကျန်တော့လောက်အောင် ပျောက်ကွယ်သွားသည်မှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးသည့်အလားပင်။ ထို့ပြင် ထန်ရွှင်းသတင်း၊ ထန်ရွှင်းဝေ့ပေါ်နှင့် ထိပ်သီးသတင်းခေါင်းစီးများကလည်း အကုန်ဖြုတ်ချသွားခဲ့သည်။

ပို့စ်များနှင့် ဆက်စပ်အကြောင်းအရာများကို ဖျက်ချပေးရန် ငြင်းဆိုထားသည့် အကောင့်များကိုမူ ချက်ချင်းဘန်းပစ်လိုက်သည်။ အရာအားလုံးက Unicornအုပ်စု၏လက်အောက်ရှိ ထုတ်ကုန်များနှင့် တစ်ပုံစံတည်းပင်။

"ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါတယ် လူကြီးမင်းတို့။ ကျွန်တော် အရမ်းကျေနပ်သွားပါပြီ။ ဒါကြောင့် အခုလောလောဆယ်တော့ ထန်ရွှင်းနဲ့ပိုင်တုကိုဝယ်ဖို့ မစီစဉ်သေးဘူး"

ကျန်းမုန့်လောင်က ထိတ်လန့်ဖွယ်ရာ နောက်ထပ်သတင်းတစ်ခုကို ဝေးပေါ်၌ တင်လိုက်ချေသည်။

"သူ.. သူ တကယ်ကြီး အဲ့လိုလုပ်လိုက်တာလား။ သူတို့တွေအကုန် အနိုင်ပိုင်းခံလိုက်ရပြီပေါ့"

"သူ ဘာတွေများလုပ်လိုက်တာလဲ။ ပိုင်တုနဲ့ထန်ရွှင်းပေါ်က သတင်းအချက်အလက်တွေအကုန်လုံး မရှိတော့ဘူး"

"နေပါဦး။ "အခုလောလောဆယ်"ဆိုတာက ဘာသဘောလဲ။ ငါ့စိတ်အစဉ်တော့ ပြိုလဲကုန်ပါပြီနော်"

"သောက်ကျိုးနည်း... ဒီတစ်ခေါက်တော့ ငါ တကယ်ယုံသွားပြီ"

"ပိုင်တုက သူငယ်ချင်းတစ်ယောက်က ငါ့ကိုပြောပြတယ်။ သူတို့ အခုလေးတင် အရေးပေါ်အစည်းအဝေးတစ်ခုလုပ်ခဲ့တာတဲ့။ သိရသလောက်ဆိုရင်တော့ ဘော့စ်ကျန်းက ဘော့စ်မာနဲ့ ဘော့စ်လီတို့ကို ရွေးချယ်စရာနှစ်ခုပေးခဲ့တယ်ဆိုပဲ။ သူတို့ရဲ့ကုမ္ပဏီကိုဝယ်ပစ်လိုက်ရမလား။ ဒါမှမဟုတ် သတင်းကို ပိတ်ပင်ပေးမလားပေါ့။ ငါက သူ ပေါက်ကရတွေပြောနေတာလို့ ထင်နေတာ"

"ပိုက်ဆံရှိရင် ကိုယ်ဆန္ဒရှိတာ ဘာမဆိုလုပ်လို့ရတယ်- လုရွှင်း"

"လုရွှင်းသာ ဒီစကားကိုကြားရင် ဖန်တစ်ရာဥယျာဉ်ကနေ ရသာသုံးမျိုးစာကြည့်ဆောင်အထိ ဆဲဆိုသွားမှာပဲ"

"အစ်ကိုရေ.. ကျွန်တော်အလေးပြုတာလေး ခံယူပေးပါဦး"

"ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ဘော့စ်ကျန်းမှာ ခွေးလေးတွေများ လိုအပ်နေသလားလို့ မေးခိုင်းထားတယ်။ သိတယ်မလား.. ခြေထောက်နှစ်ချောင်းနဲ့လမ်းလျှောက်တဲ့ ခွေးမျိုးလေ"

"ဟာသပဲ။ ငါ့သူငယ်ချင်းကလည်း အဲ့ဒါပဲမေးချင်နေတာ"

...

"ခင်ဗျားတို့ကရော"

ကိစ္စက အရှိန်တက်နေသည်ဖြစ်ရာ ဤအခိုက်အတန့်လေးမှာပင် ကျန်းမုန့်လောင်က အသေးစားကုမ္ပဏီတစ်စုကို tagလိုက်လေသည်။

"ဘော့စ်ကျန်း.. ညှာတာပေးပါဦး။ ကျွန်တော်တို့ အခုချက်ချင်းဖျက်ပစ်လိုက်ပါ့မယ်"

"ကျွန်တော့်အမှားပါ။ ကျွန်တော့်အမှားပါ။ ထပ်မလုပ်ရဲတော့ပါဘူး။ ထပ်မလုပ်ရဲတော့ပါဘူး"

"ခင်ဗျားကမှ အစ်ကိုကြီးပါဗျာ။ ကျွန်တော်တို့အနေနဲ့ ခင်ဗျားကို ရန်မစရဲပါဘူး"

အင်တာနက်ကုမ္ပဏီအမြောက်အများက လက်ရှောင်ရန်သာ ဆုံးဖြတ်လိုက်ကြသည်။ သူတို့ ဘာတတ်နိုင်မည်လဲ။ သူတို့ထက် များစွာအင်အားတောင့်သော ကုမ္ပဏီကြီးများပင် လက်မြှောက်သွားကြလေပြီဖြစ်ရာ သူတို့က လက်မမြှောက်ဘဲ နေနိုင်မည်တဲ့လား။ ဤအင်တာနက်ကုမ္ပဏီပိုင်ရှင်များကလည်း အရူးမဟုတ်ပေ။

"ကျန်းမုန့်လောင်ဆိုတာက ဘာကောင်လဲ။ ငါတို့ကတော့ မဖျက်နိုင်ဘူး။ မင်းမှာ သတ္တိရှိရင် ငါတို့ကုမ္ပဏီကို လာဝယ်လိုက်လေ"

Tear Soulနည်းပညာဟုခေါ်သော ကုမ္ပဏီတစ်ခုက ရှေ့တက်လာပြီး ကျန်းမုန့်လောင်ကို တိုက်ရိုက်စိန်ခေါ်ပစ်လိုက်သည်။

"သောက်ကျိုးနည်း.. ခင်ဗျားက အဲ့လောက်တောင်သတ္တိရှိနေတာလား။ ကိုယ့်လူရေ.. ခင်ဗျားရဲ့ကုမ္ပဏီတော့ သိပ်မကြာခင်မှာတင် ရေစုန်မျောရတော့မှာပဲ"

"အတန်းရှင်းလိုချင်နေတာလား။ ဘော့စ်ကျန်းက နောက်နေတယ်များထင်နေတာလား"

"အကြံပေးချက်လေးထုတ်ချင်ပါတယ်။ ဒူးထောက်ပြီးသာ တောင်းပန်လိုက်။ ဒါမှမဟုတ် ခင်ဗျား အောင်မြင်မအောင်မြင်တော့မသိဘူး။ ခင်ဗျားရဲ့ကုမ္ပဏီကတော့ ရှိတောင်ရှိတော့မှာမဟုတ်ဘူး"

"ငါနားလည်ပြီ။ မင်းတို့က အပေါ်ယံကိုပဲ မြင်ကြတာကိုး။ သူတို့ရဲ့ဘော့စ်က ပါးနပ်ချက်ပဲ"

"အပေါ်ထပ်က ဘာတွေပြောနေတာလဲဆိုတာ တစ်ယောက်ယောက်ရှင်းပြပေးနိုင်မလား"

" စဉ်းစားကြည့်လိုက်လေ။ ထိပ်တန်းကုမ္ပဏီကြီးနှစ်ခုကတောင် လက်မြောက်သွားမှတော့ ဘော့စ်ကျန်းမုန့်လောင်က ဘယ်လောက်တောင်ချမ်းသာပြီး အစွမ်းထက်လိုက်မလဲ။ သူတို့ရဲ့ကုမ္ပဏီတွေသာ အဝယ်ခံလိုက်ရမယ်ဆိုရင် ဘော့စ်ကျန်းရဲ့လက်အောက်မှာ သူတို့အလုပ်လုပ်ရတော့မှာလေ။ သူတို့ရဲ့အကျိုးခံစားခွင့်တွေက ဆိုးနိုင်မှာတဲ့လား"

"ကိုယ့်လူရေ... ထူးခြားလိုက်တဲ့အတွေးအခေါ်ပဲ။ ကော်ပိုရေးရှင်းလယ်ဗယ်နားလည်မှုအဆင့်မျိုးပဲ"

"ဒါက တကယ်ယုတ္တိရှိတယ်။ ဒီလိုခွဲခြမ်းစိတ်ဖြာမှုစွမ်းရည်မျိုးနဲ့ Vရထားတာ ထိုက်တန်ပါပေတယ်။

ဤသည်ကို ဥပမာပြု၍ ကုမ္ပဏီတော်တော်များများကလည်း ကျန်းမုန့်လောင်အား သူတို့ကုမ္ပဏီကို မြန်မြန်ဝယ်စေချင်ဇောနှင့် သံယောင်လိုက်လာကြသည်။

"သေစမ်း။ ဒီလူတွေက ဘာတွေများတွေးနေတာလဲ"

ထိုကုမ္ပဏီများ အော်ဟစ်တောင်းဆိုလာသည်ကို မြင်သောအခါ ကျန်းမုန့်လောင်ခမျာ ရုတ်ခြည်းဆွံ့အသွားရသည်။

"ခင်ဗျားတို့ကိုဝယ်ဖို့အတွက် ကျုပ်ကိုလာပြီးလှည့်စားဖို့ကြိုးစားနေတယ်ပေါ့။ ကျုပ်ကို မက်ဂယ်များမှတ်နေလား"

ကျန်းမုန့်လောင်ကလည်း ဝေးပေါ်၏ နည်းပညာအရာရှိခေါင်းဆောင်ကို ချက်ချင်းဖုန်းခေါ်လိုက်သည်။

"ဘော့စ်ကျန်း... ဒီအချိန်ကြီးကျမှ ကျွန်တော့်ကို ဖုန်းခေါ်တာ ဘာများလိုအပ်လို့လဲ"

ပိုင်ရှင်အသစ်ပြောင်းသွားသည်မှာ နေ့တစ်ဝက်မျှသာရှိ‌‌သေးသော်လည်း သတင်းအချက်အလက်ပျံ့နှံမှုကား မြန်၏။

"အဲဒီကုမ္ပဏီတွေ ပွက်လောရိုက်နေတာကိုမြင်လား။ သူတို့ရဲ့ကုမ္ပဏီအ‌ကောင့်နာမည်တွေကို အကုန်ပြောင်းပစ်လိုက်"

"ဘယ်လိုပြောင်းပစ်လိုက်ရမှာလဲ"

"ကိုယ့်ဘာသာစဉ်းစား"

...

"ဟားဟားဟား... Tear Soulနည်းပညာရဲ့ အကောင့်နာမည်ကပြောင်းသွားပြီ"

လင်းယုန်တစ်ကောင်အလား မျက်စိရှင်သော အင်တာနက်အသုံးပြုသူတစ်ယောက်က ရယ်စရာကောင်းသော တစ်စုံတစ်ခုကို သတိထားလိုက်မိသည်။

"ဟားဟားဟား... ကျန်းမုန့်လောင်ရဲ့သား ငတုံး‌ကောင်တဲ့။ ဟားဟားဟား"

"ကျူးလုနည်းပညာရဲ့နာမည်လည်း ပြောင်းသွားပြီ။ လူယုတ်မာအဖြစ် မွေးဖွားလာခြင်းတဲ့။ ဟားဟားဟား"

"ပြီးတော့ ဒီတစ်ခုရောပဲ။ 'ငါ့ယောက်ျားက သုံးမိနစ်ပဲကြာတယ်'တဲ့။ ဟားဟားဟား"

"ဝက်တစ်ကောင်နှင့် သုံးဘဝဖြတ်သန်းခြင်း"တဲ့။ ဟားဟားဟား.. ငါတော့မရတော့ဘူး။"

"အဲ့ဒါ ဘော့စ်ကျန်းရဲ့လက်ချက်ပဲ ဖြစ်ရမယ်။ သူက ခွင့်ပြုမိန့်တို့ရဲ့ဘုရင်ပဲ။ သူတို့ကများ ဝေးပေါ်မှာ ဆူဆူညံညံလုပ်ရဲတယ်ပေါ့လေ"

"ဟားဟားဟား"

ယနေ့ညတွင် ဝေးပေါ်က ပျော်စရာအတိပြီးနေလေတော့သည်။

......

All Chapters