← Chapters

ငါက ပိုက်ဆံရှိတဲ့လူတွေကို အမြဲအထင်ကြီးခဲ့တာ

Vol. 5 Ch. 66

ငါက ပိုက်ဆံရှိတဲ့လူတွေကို အမြဲအထင်ကြီးခဲ့တာ

Vol. 5 Ch. 66

"မစ္စတာကျန်း.. ကောင်မလေးကို ထပ်လာရှာတာလား"

နောက်တစ်ရက် ကျန်းမုန့်လောင် ကူစူးတက္ကသိုလ်ကို ရောက်သွားသည့်အခါ ဂိတ်ဝရှိ လုံခြုံရေးအစောင့်က သူ့ကို မှတ်မိနေသည်။

တစ်ရက်တည်းသာရှိသေးသော်ငြား ကျန်းမုန့်လောင်ကတော့ ရပ်သိရွာသိအင်တာနက်ဆယ်လီတစ်ယောက် ဖြစ်နေချေပြီ။ လမ်းကြိုလမ်းကြားထဲမှာပင် လက်ရှိဖြစ်ပွားနေသည့် ဖြစ်ရပ်များအကြောင်း တတွတ်တွတ်ပြောဆိုနေကြသည်။

ထိပ်တန်းအဆင့်အင်တာနက်ဆယ်လီတစ်ယောက်ဖြစ်သည့် မီနာလည်း ဘန်းခံလိုက်ရသည်။ ဝမ်လင်ကို ငွေဘီလီယံဂဏန်းဖြင့် ပစ်ပေါက်၍ အင်တာနက်အသုံးပြုသူများအားလုံးရှေ့တွင် ကျန်းမုန့်လောင်က Unicornအုပ်စု၏ ဥက္ကဋ္ဌဖြစ်ကြောင်း ဝန်ခံစေခဲ့သည်။ ထို့ပြင် ဝေးပေါ်ကိုပါ ဝယ်ယူကာ ထန်ရွှင်းနှင့် ပိုင်တုတို့လို အင်တာနက်လုပ်ငန်းစုအကျော်အမော်ကြီးများကိုပါ အရေးနိမ့်စေခဲ့သည်။

ဖြစ်နိုင်ဖွယ်ရာပင်မရှိသော ဤအဖြစ်များမှာ အချိန်တစ်ရက်ခွဲမျှအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်လေရာ ဤလူငယ်လေး၏ ကြောက်မက်ဖွယ်နောက်ခံနှင့် ချမ်းသာကြွယ်ဝမှုကို ဖော်ပြနေပေသည်။

အင်တာနက်နှင့် အဆက်အသွယ်မပြတ်သရွေ့ လုံခြုံရေးအစောင့်တစ်ယောက်ကပ်င် ကျန်းမုန့်လောင်၏ကိစ္စကို သတိမထားမိရန်မှာ မဖြစ်နိုင်ချေ။ အထူးသဖြင့် ကျန်းမုန့်လောင်က မနေ့ကမှ သူတို့ကျောင်းရှေ့တွင် များပြားလှသော ပွဲကြည့်ပရိသတ်များကို ဆွဲဆောင်ခဲ့သေးသည်။

"ဟုတ်တယ်။ ကျွန်တော် အထဲဝင်လို့ရတယ်မလား"

ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်သည်။

"ဒါပေါ့။ ဒါပေါ့"

လုံခြုံရေးကလည်း ဘားတန်းကို အလျင်အမြန်တင်ပေးလိုက်သည်။ သူက ကျန်းမုန့်လောင်ကို ဘယ်လိုလုပ်ပြီး တားရဲမည်တဲ့လဲ။ သူသာ တားခဲ့မိပါက လွန်ခဲ့သည့်နှစ်ရက်ကအဖြစ်များကို အခြေခံကြည့်မည်ဆိုလျှင် သူ အလုပ်ပြုတ်သွားနိုင်သည်။ သို့တည်းမဟုတ် ကျန်းမုန့်လောင်က ကူစူးတက္ကသိုလ်ကြီးကို ဝယ်ပစ်လိုက်နိုင်လေသည်။

ကူစူးတက္ကသိုလ်က ပညာရေးဝန်ကြီးဌာန၏ လက်အောက်တွင်ရှိသော်ငြား ကျန်းမုန့်လောင်တစ်ယောက် မည်သို့သော ကမ္ဘာမြေတုန်လှုပ်ဖွယ်ရာအကွက်မျိုးကို ရွှေ့လာမလဲဆိုသည်ကို မည်သူက သိနိုင်မည်တဲ့လဲ။ သူ့ကို သာမန်ဒုတိယမျိုးဆက်လူချမ်းသာတစ်ယောက်ဟု သတ်မှတ်ခြင်းမှာ လုံးဝတုံးအသည့်လုပ်ရပ်ပင်။

"မစ္စတာကျန်း.. စီးကရက်သောက်ဦးမလား"

လုံခြုံရေးက ကျန်းမုန့်လောင်ဆီသို့ ရွရွလေးပြေးလာပြီး သူ့အား စီးကရက်တစ်လိပ်ပေးလိုက်လေသည်။

"တစ်လိပ်နဲ့တော့မရဘူးဗျ။ ကျွန်တော်က ပုံမှန်ဆိုရင် ဘူးလိုက်ပဲလက်ခံတာ"

ကျန်းမုန့်လောင်က ပြန်ဖြေလိုက်၏။

လုံခြုံရေးအစောင့်၏ မျက်နှာထက်ရှိ အမူအရာကား ရုတ်ခြည်းတောင့်တင်းသွားသည်။ လူချမ်းသာတွေရဲ့ကမ္ဘာထဲမှာ ဆေးလိပ်ပေးတာတောင် ဘူးလိုက်ပဲပေးကြတာလား။

"ဟားဟားဟား စတာပါဗျာ။ ကျွန်တော်က ဆေးလိပ်မသောက်ဘူး။ ဒါပေမဲ့ ကျေးဇူးတင်ပါတယ်"

ကျန်းမုန့်လောင်က သူ့အား ကျေးဇူးတင်စကားပြောလိုက်ပြီး ကူစူးတက္ကသိုလ်ထဲသို့ တည့်တည့်မောင်းချသွားလေသည်။

လွန်ခဲ့သည့်နှစ်ရက်တုန်းကလည်း ကူစူးတက္ကသိုလ်သို့ ကျန်းမုန့်လောင် အလည်လာဖူးသည်။ မနေ့ကထွက်ခဲ့သည့် သတင်းများကိုပါ ပေါင်းလိုက်သော် သူက လူအမြောက်အများ၏ ပြောစမှတ်တွင်သည့် အကြောင်းအရာတစ်ခု ဖြစ်လာလေသည်။ သူ့ကား၏ဓာတ်ပုံကိုလည်း ကျောင်းသားများ၏ ဆိုရှယ်မီဒီယာတွင် အကျယ်တဝင့်မျှဝေထားသည်ဖြစ်ရာ သူ ကျောင်းဝင်းထဲကို ရောက်လာသည်နှင့် မရေမတွက်နိုင်သောကျောင်းသားများ စုဝေးရောက်ရှိလာကြသည်။

"သောက်ကျိုးနည်း.. ကျန်းမုန့်လောင် ထပ်ရောက်လာပြန်ပြီ။ သူပြန်လာပြီ"

"ဘာလို့အော်နေတာလဲ။ နင် ငါ့ယောက်ျားနာမည်ကို အဲ့လိုမအော်လို့ရမလား"

"ဟားဟားဟား မနာလိုမဖြစ်စမ်းနဲ့။ သူကဖြင့် လုရီယောင်အတွက် ရောက်လာတာ အသိသာချည်းကို။ နင်နဲ့ လုံးဝမှမဆိုင်တာ"

"ရှူး.. နင်က အဲ့ဒီနာမည်ကိုတောင် ပြောရဲတယ်ပေါ့လေ။ သူ့အတွက်နဲ့ ကျန်းမုန့်လောင် မနေ့က ဘာလုပ်ခဲ့လဲဆိုတာ မေ့သွားပြီလား။ သူက ဝေးပေါ်ကိုတောင် ဝယ်ပစ်လိုက်ပြီး ထန်ရွှင်းနဲ့ပိုင်တုတို့ကို အညံ့ခံအောင်လုပ်ခဲ့တာနော်။ နင်ပြောတဲ့စကားကိုသာ ကြားသွားရင် အာဖရိကမိုင်းတွင်းထဲကို အပို့ခံနေရမယ်"

"ငါတော့ တအားမနာလိုဖြစ်နေပြီ။ ငါသာ လုရီယောင်ဖြစ်လိုက်ရင် ဘယ်လောက်ကောင်းမလဲ"

...

ကျန်းမုန့်လောင်က သူ့ကားကို လုရီယောင်၏အဆောင်အောက်တွင် ပါကင်ထိုးလိုက်သည်။ ယနေ့ နိုင်ငံတကာပန်းချီပြပွဲသို့ သွားရောက်ကြည့်ရှုရန် သူတို့ အချိန်းအချက်လုပ်ထားကြသည်။ ကျန်းမုန့်လောင်က လုရီယောင်ကို မက်ဆေ့ချ်တစ်စောင် ပို့လိုက်သည်။

"ငါ မင်းရဲ့အဆောင်အောက်မှာ ရောက်နေပြီ။ မြန်မြန်ဆင်းခဲ့တော့"

"ငါကဖြင့် ရောက်နေပြီ"

"ဘာရယ်.. ငါက မင်းကို ဘာလို့မမြင်ရတာလဲ"

"ဘယ်ဘက်အရှေ့နားက ဦးထုပ်ဆောင်၊ နေကာမျက်မှန်တပ်ပြီး မက်စ်တပ်ထားတာ ငါပဲ"

"ဘာ"

ကျန်းမုန့်လောင်က လုရီယောင်ပြောသော ဦးတည်ရာဘက်ကို လှမ်းကြည့်လိုက်သည်။ သူ(မ)ကို မြင်လိုက်ရချိန်မှာတော့ သူ အော်မရယ်ဘဲ မနေနိုင်တော့ပေ။

"ဟားဟားဟား... မင်း စူပါစတားတစ်ယောက်လိုဝတ်စားပြီး ဘာလုပ်နေတာလဲ"

"နင်က ငါ့ကိုလှောင်နေတယ်ပေါ့လေ။ ဒါတွေအကုန် နင့်ကြောင့်"

မျက်လုံးပေါင်းများစွာထံမှ စောင့်ကြည့်ခံနေရသော လုရီယောင်က ကျန်းမုန့်လောင်၏ကားထဲသို့ အပြေးဝင်လိုက်လေသည်။

"နင်လုပ်ထားတဲ့အရှုပ်ထုပ်တွေကြောင့် ငါ အရင်က နာမည်မကြီးဘူးဆိုရင်တောင် နင့်ဗျူဟာကြောင့် ငါ အခုနာမည်ကြီးနေပြီလေ"

"ငါလည်း လူမသိသူမသိလေးပဲ ထားချင်တာပါ။ ဒါပေမဲ့ ငါ့လုပ်ဆောင်ရည်က ခွင့်မပြုဘူးလေ"

"နင်က အကောက်ကျစ်ဆုံးလူသားပဲ"

လုရီယောင်က ပြောလိုက်သည်။

"နင်က ဘယ်သွားသွား ပြဿနာပဲရှာနေတာကို လူမသိသူမသိနေမယ်လို့ ပြောရဲသေးတယ်ပေါ့။ နင်သာ လူမသိသူမသိနေတယ်ဆိုရင် ကမ္ဘာပေါ်မှာ ပေါ်ပေါ်ထင်ထင်နေတဲ့လူရယ်လို့ ရှိမှာမဟုတ်တော့ဘူး"

"ယောကျ်ားတစ်ယောက်က နည်းနည်းပါးပါးမကောက်ကျစ်တတ်ဘူးဆိုရင် ငါးဆားနယ်တစ်ကောင်နဲ့ ဘာကွာတော့မှာလဲ။ အဲ့ဒီဆိုရိုးစကားက မစ္စတာလုရွှင်းပြောခဲ့တဲ့ ဂန္တဝင်ဆိုရိုးစကားနော်"

"ဆက်လုပ်ထား။ ငါ မစ္စတာလုရွှင်းရဲ့ခေါင်းတလားကို ဖိထားပေးမယ်"

"ဒီကိစ္စအတွက် ငါ့ကိုယ်ငါ အပြစ်တင်လို့မရဘူးလေ။ ငါလည်း တိတ်ဆိတ်ပြီး ခန့်ညားတဲ့လူငယ်လေးတစ်ယောက် ဖြစ်ချင်တာပေါ့။ ဒါပေမဲ့ တချို့လူတွေက ငါ့ကိုလာနှောင့်ယှက်နေတာလေ။ ငါလည်း ဘာမှမတတ်နိုင်ဘူးပေါ့"

ကျန်းမုန့်လောင်က အပြစ်ကင်းစင်စွာပြောလိုက်လေသည်။

"ငါလည်း မင်းရဲ့ဘဝကို အများကြီးဝင်မရှုပ်ချင်ပါဘူး"

"ကောင်းပြီလေ။ နင်နိုင်ပါတယ်"

လုရီယောင်က မျက်ဆန်လည်ပြလိုက်သည်။ ကျန်းမုန့်လောင်နှင့် သူ(မ) အွန်လိုင်းမှာ စတွေ့ခဲ့သည့်နေ့ကတည်းက သူ(မ)ဟာ လူမသိသူမသိနေဖို့ မဖြစ်နိုင်အောင် ကြမ္မာဖန်လာခြင်းဖြစ်ဟန်တူ၏။

"အာ.. သူငယ်ချင်းအရွေးမှားသွားတာပဲ"

...

ကျန်းမုန့်လောင်က လုရီယောင်နှင့်အတူ ကူစူးတက္ကသိုလ်မှ ကားမောင်း၍ ထွက်လာလိုက်သည်။ ကျောင်းသားအများအပြားကလည်း ဓာတ်ပုံရိုက်ယူထားကြသည်။ သို့သော် ထိုဓာတ်ပုံများမှာ ထန်ရွှင်း၏ပိတ်ပင်တားမြစ်မှုကြောင့် သူတို့အဝန်းအဝိုင်းသေးသေးလေးတွင်သာ မျှဝေ၍ရလေသည်။ သူတို့မှာ ထိုဓာတ်ပုံများကို Momentမှာပင် တင်၍မရချေ။ သို့ဖြစ်လေရာ ဤတစ်ခေါက်မှာတော့ အာရုံစိုက်မှုအများကြီး မရလိုက်ပေ။

ဥရောပပန်းချီပညာရှင်များ ကြီးမှူးကျင်းပမည့် ကြီးကျယ်ခမ်းနားသော နိုင်ငံတကာပန်းချီပြပွဲတစ်ခုရှိကြောင်း ကူစူးမြို့သို့မလာခင်ကတည်းက ဝမ်လင်ထံမှ ကျန်းမုန့်လောင် ကြားသိထားပြီးဖြစ်၏။ သူတို့၏လက်ရာများသာမက ကမ္ဘာ့အကျော်ကြားဆုံးလက်ရာမြောက်ပန်းချီကားများကိုလည်း ဤပြခန်းတွင် ပြသထားမည်ဟု သိရသည်။

ပြပွဲမတိုင်မီရက်ပိုင်းအတွင်းမှာပင် မီဒီယာများက ကနဦးကြော်ငြာများကို စတင်ခဲ့ကြသည်။ မျက်စိဖမ်းစားဖွယ် အကောင်းဆုံးသတင်းက ဒါဗင်ချီ၏"မိုနာလီဆာ"ပန်းချီကားကိုပင် ကမ္ဘာလှည့်ဖျော်ဖြေပွဲတစ်ခုအတွက် Louvreမှ ယူဆောင်လာခဲ့ခြင်းဖြစ်၏။

၁၉၂၀ခုနှစ်တွင် "မိုနာလီဆာ"ပန်းချီကားကို အမေရိကန်ဒေါ်လာသုံးဘီလီယံကျော်ဖြင့် တန်ဖိုးသတ်မှတ်ထားခဲ့သည်။ မျက်မှောက်ခေတ်တွင်မူ ပုံစံတူပန်းချီကားတချို့ကိုပင် ဒေါ်လာသန်းဆယ်ဂဏန်းခန့်ဖြင့် လေလံတင်နေလေရာ ဤပန်းချီကား၏ မယုံနိုင်စရာကောင်းသည့် အနုပညာတန်ဖိုးကို ပြသရာရောက်ပေသည်။

တကယ်တမ်းတွင် ယခုလိုကမ္ဘာ့ရတနာတစ်ခုကို ကမ္ဘာအနှံ့လှည့်လည်ပြသနေသည့်အတွက် လုံခြုံရေးကလည်း အဓိကပူပန်စရာကိစ္စတစ်ခုပင်။ ပွဲစီစဉ်သူများနှင့် ပူးပေါင်းဆောင်ရွက်သူများက လုံခြုံရေးဆိုင်ရာ အစီအမံများကို တိတိကျကျချမှတ်ခဲ့ကြပြီး ကာကွယ်ရေးတပ်ဖွဲ့ကြီးကပင် စစ်တပ်အသေးစားတစ်ခုနှင့် နှိုင်းယှဉ်နိုင်လေသည်။ ခရိုင်တစ်ခုလုံးပေါင်းလျှင်ပင် ဤပန်းချီကားကို မထိခိုက်စေနိုင်ပေ။

"ဒီနေရာက ကူစူးမြို့ရဲ့ နိုင်ငံတကာညီလာခံစင်တာကြီးဖြစ်နေတာ မအံ့သြတော့ပါဘူး။ တကယ်ကို ကြီးကျယ်ခမ်းနားတာပဲ။ မြေအောက်ကားပါကင်မှာတောင် ဇိမ်ခံကားတွေနဲ့ ပြည့်နှက်နေတာနော်"

ကျန်းမုန့်လောင်က မြေအောက်ကားပါကင်မှာ ပါကင်ထိုးရင်း ​ထိုသို့ပြောလိုက်သည်။ ဇိမ်ခံကားအရောင်းပြခန်းတစ်ခုနှင့်ပင်တူသော ဤမြေအောက်ကားပါကင်တွင် သန်းပေါင်းများစွာတန်သည့် ကားများနှင့် ပြည့်နှက်နေချေသည်။

"အဲ့ဒီစကားက မှန်တယ်လို့ထင်ရပေမဲ့ နင့်ဆီကကြားရတော့ တစ်မျိုးကြီးပဲ"

"ဟီးဟီးဟီး"

ကျန်းမုန့်လောင်က တခစ်ခစ်ရယ်မောလိုက်သည်။

"မင်း ငါ့အကြောင်း ပိုသိလာပုံပဲနော်"

"ငါက နင့်အကြောင်းကိုသိလာဖို့အတွက် အတင်းအကျပ်ဖိအားပေးခံရတာပါနော်"

သူတို့နှစ်ယောက်က ကားပါကင်မှ ညီလာခံစင်တာ၏ ဝင်ပေါက်အထိ လမ်းလျှောက်လာလိုက်ကြသည်။ လူဦးရေများပြားသောကြောင့် ပြပွဲခန်းမထဲသို့ ဝင်ရောက်လာသူတိုင်းအနေနှင့် မက်စ်များတပ်ဆင်ရန် လိုအပ်သဖြင့် ကျန်းမုန့်လောင်နှင့် လုရီယောင်တို့လည်း သိပ်မထင်ပေါ်တော့ပေ။

တကယ်တမ်းမှာ ကမ္ဘာ့အဆင့်မီပွဲအခမ်းအနားတစ်ခုသို့ အနုပညာကျောင်းသားအများအပြား စုရုံးရောက်ရှိလာကြလေသည်။ ကျောင်းသားများအကြား ကျန်းမုန့်လောင်၏ ကျော်ကြားမှုက သိသာထင်ရှားလှသည်မှာ တွေးနေစရာပင် မလိုချေ။

"ဝိုး..လူတွေအများကြီးပဲ"

အပေါ်ပြန်ရောက်သည်နှင့် ပြုံတိုးနေသောလူတန်းကြီးကို မြင်သောအခါ ကျန်းမုန့်လောင် ခဏမျှဆွံ့အသွားရသည်။

"ဒီလူတန်းကြီးကိုဖြတ်ဖို့ဆိုရင် နာရီပေါင်းများစွာကြာလိမ့်မယ်။ ငါတို့ ဝင်ပေါက်ကိုတောင် ဖြတ်နိုင်မှာမဟုတ်ဘူး"

ဤပြပွဲတွင် ကမ္ဘာကျော်ပန်းချီကားများစွာ ခင်းကျင်းပြသထားပြီး တစ်သက်မှာတစ်ခါသာ ကြုံတွေ့ရသည့် ရှားပါးအခွင့်အလမ်းတစ်ခုပင်။ ထို့ပြင် ကူစူးမြို့ရှိ ဤအခမ်းအနားဟာ တစ်ပတ်မျှသာကြာသည့် ဟွာရှား၏ တစ်ခုတည်းသောအခမ်းအနား ဖြစ်၏။ နိုင်ငံတစ်ဝှမ်းရှိ ပန်းချီပညာရှင်များ၊ ပန်းချီဝါသနာရှင်များနှင့် ပန်းချီကျောင်းသားများအားလုံးက ဤအခမ်းအနားအကြောင်း ကြားသိရပြီးနောက် လာရောက်ခဲ့ကြခြင်း ဖြစ်သည်။

စံနှုန်းကိုပင် ခန့်မှန်းကြည့်နိုင်လေသည်။ လူအုပ်ကြီးက နေ့တိုင်း ပြည့်ကျပ်နေပြီး ပွဲစီစဉ်သူများကပင် လူအရေအတွက်ကန့်သတ်ခြင်းနှင့် ဝင်ခွင့်ပြုချိန်ကို ကန့်သတ်ခြင်းစသည့် အထူးစီစဉ်မှုများကို လုပ်ခဲ့ရသည်။

ပိုက်ဆံနှင့် ရာထူးဂုဏ်သိမ်ရှိလျှင်ပင် အထဲမှာ အများဆုံးနှစ်နာရီသာ နေခွင့်ရှိသည်။

"မျက်နှာက ဘာလို့မသာမယာဖြစ်နေတာလဲ"

ကျန်းမုန့်လောင်က လုရီယောင်၏မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။

"အာ..ဒီနေ့ အစောကြီးကတည်းက ထွက်ခဲ့သင့်တာ။ ဒီနှုန်းအတိုင်းသာဆိုရင် ငါတို့ ညနေပိုင်းလောက်မှပဲ ဝင်နိုင်တော့မှာ"

"ပြပွဲကြည့်ဖို့အတွက် ကျန်းမုန့်လောင်နဲ့အတူ တန်းစီနေရတာလေ"

"ဟေး..ငါက စံချိန်စံနှုန်းမြင့်မားတဲ့လူနော်။ နင်နဲ့အတူ လူကျော်ပြီး တန်းစီတာမျိုး လုပ်မှာမဟုတ်ဘူး"

"တော်လိုက်တော့။ ငါက တန်းစီတာကို ဘယ်လိုလုပ်ပြီး လူကျော်မှာတဲ့လဲ။ ငါက အရမ်းကိုဆင်ခြင်တုံတရားရှိတဲ့ လူတစ်ယောက်ပါနော်"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"နင် အခု ဘာလုပ်မလို့လဲ"

လုရီယောင်ခမျာ ရုတ်တရက်ဆိုသလို မကောင်းသောခံစားချက်တစ်ခု ရလိုက်သည်။

ကျန်းမုန့်လောင်က ဆန်းကြယ်စွာပြုံးလိုက်ပြီး အရှေ့ရှိ ကျောင်းသားဖြစ်ဟန်တူသော လူတစ်ယောက်၏ပခုံးကို ပုတ်လိုက်သည်။

"ဟေး..ကိုယ့်လူ ငါတို့ ကိစ္စတစ်ခုလောက် ဆွေးနွေးလို့ရမလား"

"ဘာလဲ"

အရှေ့ရှိ လူကလည်း စိတ်မရှည်လက်မရှည်ဖြင့် စိတ်တိုနေသည့် လေထုတစ်ခုကို ထုတ်လွှတ်လိုက်သည်။

"ငွေသားတစ်သိန်းပေးမယ်။ ငါတို့ကို မင်းရဲ့အရှေ့မှာ တန်းစီခွင့်ပေးမလား"

"ဒါက နင်ပြောတဲ့ ကျိုးကြောင်းဆီလျော်တာလား"

လုရီယောင်ခမျာ ရယ်ရအခက် ငိုရအခက်ပင်။

ကျန်းမုန့်လောင်က သမာသမတ်ကျကျ ပြောလိုက်ချေသည်။

"ငါက ပြဿနာတွေကို ပိုက်ဆံသုံးပြီး ဖြေရှင်းလို့ရတယ်လို့ ယုံကြည်ထားတဲ့ ယောကျ်ားတစ်ယောက်လေ"

…….

All Chapters