အဓိကကတော့ လူတိုင်းကို ပျော်စေချင်တာပါ
Vol. 5 Ch. 67
"တကယ်ကြီးလား"
ထိုလူငယ်လေးမှာ မက်စ်တပ်ထားသော်ငြား သူ့သူငယ်အိမ်များမှာ အံ့အားသင့်မှုကြောင့် ရုတ်ခြည်းဆိုသလို သာမန်အရွယ်အစားထက် အဆပေါင်းများစွာ ပြူးကျယ်သွားချေသည်။
"တကယ်ပေါ့။ ငါပြောတာမယုံရင် အခုချက်ချင်းငွေလွှဲလိုက်မယ်"
ကျန်းမုန့်လောင်က ထိုသို့ပြောလိုက်လေသည်။
"သဘောတူတယ်"
ကောင်လေးကလည်း ချက်ချင်းဆိုသလို ဖုန်းထုတ်၍ ငွေပေးချေမှုကုတ်နံပါတ်ကို ဖွင့်လိုက်လေသည်။
"ဒင်! သင့်အကောင့်ထဲကို ယွမ်တစ်သိန်းလက်ခံရရှိပါတယ်"
ရှင်းလင်းပြတ်သားနေသော စက်သံတစ်သံထွက်ပေါ်လာသောအခါ လူငယ်လေး၏လက်အစုံဟာ တုန်ယင်နေတော့သည်။ ဤသည်မှာ အမှန်တကယ်ပင်။ သူ့အကောင်ထဲသို့ ယွမ်တစ်သိန်းအမှန်တကယ်ရောက်လာခဲ့သည်။
"ငါ ဒီနေ့လယ်ခင်း လုပ်စရာတစ်ခုရှိတာ အခုမှသတိရတယ်။ ငါ့နေရာကို မင်းကိုပေးခဲ့ပြီ။ ငါသွားတော့မယ်"
ကောင်လေးက သုတ်သုတ်ပျက်ပျာဖြင့် နံပါတ်ကတ်ပြားကို ကျန်းမုန်းလောင်၏ လက်ထဲသို့ ထိုးထည့်သွားသည်။ အနုပညာပြခန်းထဲသို့ ဝင်ရမည့်အစဉ်လိုက်မှာ ထိုနံပါတ်ကတ်ပြားရှိ နံပါတ်စဉ်အပေါ် မူတည်သည်။
ထိုလူငယ်လေးမှာ ကျန်းမုန့်လောင်က လျှပ်တစ်ပြက် လုပ်လိုက်မိခြင်းဖြစ်နေမည်ကို စိုးရိမ်နေသည့်အလားပင်။ သူသတိပြန်ဝင်လာချိန်တွင် ထိုပိုက်ဆံများကို ပြန်လိုချင်သွားပါက သူ့အတွက် အချည်းနှီးဖြစ်ချေတော့မည်။
ထိုသို့တွေး၍ ကောင်လေးက ချက်ချင်းထွက်သွားရန် ဆုံးဖြတ်လိုက်သည်။ သို့မှသာ နောက်မှ ကျန်းမုန့်လောင် နောင်တရသွားပြီး တစ်ယောက်ယောက်ကို လိုက်ရှာလျှင်ပင် သူ့အား ရှာတွေ့တော့မည်မဟုတ်ပေ။
အနုပညာပြပွဲက ရှားပါးလှသော အခမ်းအနားတစ်ခုဖြစ်သော်လည်း သူက ယခုမှ ရောက်ခါစဖြစ်ပြီး သူ့ရှေ့တွင်လည်း လူအယောက်တစ်ရာလောက် ရောက်ရှိနေပြီးဖြစ်၏။ ဝင်ခွင့်သတ်မှတ်နှုန်းကို ထောက်ဆကြည့်ပါက ညနေခင်းရောက်သွားလျှင်ပင် သူ့အလှည့်မရောက်လာနိုင်လောက်ပေ။ သူ့နေရာကို လက်လျှော့လိုက်ရုံဖြင့် ယွမ်တစ်သိန်းရနိုင်သည်ဆိုခြင်းမှာ ယခုလိုအပေးအယူမျိုးကို မလုပ်မှသာ တုံးအရာကျပေလိမ့်မည်။
အနုပညာကျောင်းသားအများစုမှာ ဘွဲ့ရပြီးသွားသည့်နောက်တွင် တစ်နှစ်မှာပင် ယွမ်တစ်သိန်းမရှာနိုင်ချေ။ ယခု ဤပိုက်ဆံကိုပိုက်၍ ပြန်ရသည်မှာ အလွန်ဝမ်းမြောက်ဖွယ်ရာ ကောင်းလှသည်။
"အဲ့ဒီကောင် ပြေးသွားတာလည်း မြန်လိုက်တာ"
စက္ကန့်ပိုင်းလေးအတွင်းမှာပင် ထိုကောင်လေးက မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေတော့သည်။
"ကျန်းမုန့်လောင်.. နင့်မိသားစု ပိုက်ဆံထုတ်တဲ့အလုပ်များလုပ်တာလား"
လုရီယောင်ခမျာ ကျန်းမုန့်လောင်၏လုပ်ရပ်ကို နှစ်နှစ်ဆယ်ကြာထိုင်စဉ်းစားလျှင်ပင် နားလည်နိုင်မည်မဟုတ်ပေ။ သူ(မ)၏နောက်ခံမှာ တစ်မျိုးတစ်ဖုံထူးခြားလှသည်ဖြစ်ရာ ကျောင်းမှာ အမြဲလိုလို ခြစ်ခြစ်ကုပ်ကုပ်နေခဲ့ရသည်။ ယွမ်တစ်သိန်းကို ကျန်းမုန့်လောင်က ဆယ်ယွမ်အလား သုံးပစ်လိုက်သည်ကိုကြည့်ရင်း သူ(မ) နားမလည်နိုင်ချေ။
"ငါ့မိသားစုက ပိုက်ဆံထုတ်တဲ့လုပ်ငန်းလုပ်တာမဟုတ်ပေမဲ့ ငါတို့ပိုက်ဆံရှာတဲ့နှုန်းက ပိုက်ဆံထုတ်စက်ထက်တောင် ပိုမြန်တယ်"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။ တိတိကျကျပြောရပါလျှင် ကမ္ဘာ့လူဦးရေတစ်ဝက်လောက်က သူ့မိသားစုအတွက် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်နည်းဖြင့်သော်လည်းကောင်း ငွေရှာပေးနေကြခြင်းပင်။
ထို့ကြောင့် ကျန်းမုန့်လောင်အတွက် ယွမ်တစ်သိန်းဆိုသည်မှာ ဆယ်ယွမ်နှင့် မခြားပေ။
"ဒါပေမဲ့ နင် ဒီလိုလုပ်နေလည်း အလကားပဲလေ။ ရှေ့မှာ လူအယောက်တစ်ရာလောက်ရှိသေးတယ်။ နင်က ယွမ်တစ်သိန်းကို အလဟဿဖြုန်းပစ်လိုက်တာပဲ"
လုရီယောင်ခမျာ ပြောစရာစကားများပင် ဆွံ့အသွားရချေသည်။
"ဟုတ်တယ်။ လူတစ်ယောက်ရဲ့နေရာကို ဝယ်တာက အသုံးမဝင်ဘူးပေါ့။ ဒါပေမဲ့ ငါတို့ရှေ့က လူတစ်ယောက်ချင်းစီတိုင်းရဲ့နေရာကို ဝယ်လိုက်မယ်ဆိုရင်ရော"
ထိုသို့ပြောပြီးနောက် ကျန်းမုန့်လောင်က သူတို့အရှေ့ရှိလူ၏ ပခုံးကို ပုတ်လိုက်လေသည်။
"မိန်းကလေး.. ခင်ဗျားရဲ့နေရာကို ယွမ်တစ်သိန်းနဲ့ရောင်းမလား"
"ရောင်းမယ်။ ဒါပေါ့။ ရောင်းမှာပေါ့"
အရှေ့က မိန်းကလေးမှာ ကျန်းမုန့်လောင် အပေးအယူလာလုပ်ချိန်မှာ သူတို့ပြောနေကြသော စကားများကို ကြားသိထားပြီးဖြစ်၏။ သူ(မ)၏နေရာကို ဝယ်ဖို့အတွက်လည်း ထိုလူက ယွမ်တစ်သိန်းသုံးလာစေရန် သူ(မ) မျှော်လင့်နေခဲ့သည်သာ။
သူ(မ) အံ့ဩသွားရသည်မှာ ရုတ်တရက်ဆိုသလိုပင် သူ(မ)၏ဆန္ဒက အကောင်အထည်ပေါ်လာလေသည်။
နေရာအတွက် ပိုက်ဆံကား လျင်လျင်မြန်မြန်နှင့် လွယ်လင့်တကူ လွှဲပေးလာသည်။ သိပ်မကြာခင်မှာပင် ကျန်းမုန့်လောင်နှင့် လုရီယောင်တို့နှစ်ယောက်သား လူတန်းကြီး၏ နောက်တစ်နေရာဆီသို့ တက်လာကြသည်။
"မင်္ဂလာပါ ဆရာ.."
"အချောလေး..ပိုက်ဆံများလိုနေလား"
"မိန်းကလေး အပေးအယူလေးများလုပ်ချင်လား"
"ကိုယ့်လူ… မင်းရဲ့ကံကြမ္မာကို ဖတ်ပေးပါရစေ။ ပိုက်ဆံပြတ်လပ်မှုကို ငါမြင်နေရတယ်…"
….
ပိုက်ဆံဖြင့် လမ်းဖွင့်ပြီးနောက် ကျန်းမုန့်လောင်နှင့် လုရီယောင်တို့ဟာ ချောချောမွေ့မွေ့ ရှေ့ဆက်သွားကြသည်။ အရှေ့နားရှိ လူများပင် ထိုသတင်းကို ကြားသွားပြီး ငွေပေးချေမှုကုတ်နံပါတ်များကို အဆင်သင့်ပြင်ထားကြသည်။
အချို့ဆိုလျှင် သူတို့ကောင်လေး၊ ကောင်မလေးများ သို့မဟုတ် သူငယ်ချင်းများနှင့် ဆွေမျိုးများကို မခေါ်လာမိသည့်အတွက် နောင်တရနေကြသည်။ ဤနေရာမှာသာ သူတို့လူဆယ်ယောက်လောက် ရပ်နေမိပါက အိမ်တစ်အိမ်ဝယ်ဖို့ အရစ်ကျငွေလုံလုံလောက်လောက် ရသွားနိုင်သည်သာ။
"ဒီလူက ခေါင်းမကောင်းတာပဲဖြစ်ရမယ်။ ဟုတ်တယ်မလား။ ဒီအတိုင်းဆိုရင် သူ ပိုက်ဆံဆယ်သန်းလောက်ကုန်မှာ"
"ဟုတ်တယ်။ သူ ဟိုးအရှေ့ဆုံးကိုသွားပြီး လူတစ်ယောက်ရဲ့နံပါတ်ကို ယွမ်တစ်သိန်းနဲ့ဝယ်လိုက်လို့ရတာပဲ။ ဦးနှောက်ကောင်းတဲ့လူဆိုရင် သဘောတူမှာပဲမဟုတ်လား"
"အမှန်ပဲ။ ဒီလူက ပိုက်ဆံပေါလွန်းလို့ သက်သက်လာကြွားနေတာများလား"
"ကိုယ့်လူ… ဒီလူက တော်တော်လေးရင်းနှီးနေတယ်လို့ မခံစားမိဘူးလား"
"မင်းရော အဲ့လိုထင်လား။ ငါရောပဲ"
လုရီယောင်ခမျာ ကျန်းမုန့်လောင်၏အနောက်သို့ ထိတ်လန့်နေဟန်အမူအရာဖြင့် လိုက်လာခဲ့သည်။ ဤကဲ့သို့ ကိုင်တွယ်ရမည့်အရာမျိုး မဟုတ်သော်ငြား ကျန်းမုန့်လောင်၏ နောက်တီးနောက်တောက်အမူအရာက ရောက်တတ်ရာရာပြောနိုင်သည့် သူ့ပါးစပ်ထက် ပိုသာလွန်လေသည်။
"ဟေး.. ကိုယ့်လူ ပိုက်ဆံကို ဒီလိုတစ်ယောက်ချင်းစီ လိုက်ဖြုန်းပစ်မနေနဲ့လေ။ ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေးရဲ့နေရာကို ဒေါ်လာသန်းတစ်ဝက်နဲ့ ရောင်းမယ်ဆိုရင်ရော"
အဆုံးမှာတော့ လူအုပ်ကြီး၏အရှေ့ရှိ လူတစ်ယောက်က သည်းမခံနိုင်တော့ဘဲ ထပြောလာသည်။
"ကြည့်လိုက်.. ခင်ဗျားနဲ့ ကျွန်တော့်ကြားမှာ လူတွေတစ်ဒါဇင်ကျော်လောက် ရှိတယ်။ ကျွန်တော့်နေရာကို ရောက်ဖို့ဆိုရင် ခင်ဗျား တစ်သန်းကျော်လောက် သုံးပစ်လိုက်ရမှာ။ နှမြောစရာကြီး"
"အဲ့လိုလုပ်လို့မဖြစ်ဘူး။ ကျွန်တော်က ကိုယ်ရည်ကိုယ်သွေးမြင့်မားတဲ့လူတစ်ယောက်"
ကျန်းမုန့်လောင် ပြောလိုက်လေသည်။
"ခင်ဗျားနောက်က အဲ့ဒီလူအုပ်ကြီးကို နစ်နာသွားအောင် ကျွန်တော်မလုပ်နိုင်ဘူးလေ"
"ကျွန်တော်တို့ရဲ့နေရာကို ခင်ဗျားကိုပေးပြီး ကျွန်တော်တို့က ခင်ဗျားနေရာကို ရွှေ့ပေးလိုက်မယ်ဆိုရင် ပြဿနာမပြေလည်သွားဘူးလား"
လူပေါင်းတစ်ဒါဇင်ကျော် ကွာနေသည်မှာ နောက်ထပ်နှစ်နာရီလောက် ထပ်စောင့်ရမည်ဟူသော အဓိပ္ပာယ်ပင်။ တစ်နာရီအတွင်း သန်းတစ်ဝက်မျှရှာနိုင်မည်ဆိုလျှင် သူတို့ကတော့ ထိုအပေးအယူကို ပျော်ပျော်ကြီးလက်ခံလိုက်မည်သာ။
"ဒါဆို ရတယ်လေ"
ဤအစီအစဉ်က အခြားသူများကို မထိခိုက်စေသည့်အတွက် ကျန်းမုန့်လောင် ခေါင်းညိတ်လိုက်လေသည်။
"သေစမ်း။ မင်း ခေါင်းရောကောင်းရဲ့လား"
"ဟုတ်တယ်။ ငါတို့နောက်မှာ လူတွေအများကြီးရှိနေသေးတာကို"
သူတို့အကြားမှာ ပိတ်မိနေသော လူအယောက်တစ်ဒါဇင်ခန့်ဟာ ချက်ချင်းဆိုသလို မကျေနပ်ဟန်အမူအရာကို ထုတ်ဖော်ပြသလာကြသည်။
တကယ်တမ်းတွင် နေရာလဲလှယ်သည့် ဤနည်းလမ်းအရ သူတို့ဟာ ဘာဆုံးရှုံးမှုမှမရှိပါဘဲ မူလနေရာမှာသာ ဆက်ရှိနေပေလိမ့်မည်။ သို့သော် ကျန်းမုန့်လောင်က အကျိုးရှိရှိဖြင့် သူတို့ကိုကျော်သွားမည်ဖြစ်ရာ သူတို့လည်း ဘာပိုက်ဆံမှ ရှာနိုင်တော့မည်မဟုတ်။
"အစ်ကိုရေ..ကျွန်တော်တို့ရဲ့နေရာတွေက သူ့နေရာထက်တောင် ပိုပြီး အရှေ့ရောက်နေသေးတယ်။ ကျွန်တော်တို့ လေးသိန်းခွဲနဲ့ပဲ ရောင်းမယ်လေ"
အရှေ့နားရှိ လူများမှာ ဟိုးအရှေ့နားရှိ လူများကလည်း သူတို့လို လိုက်လုပ်နိုင်ကြောင်း သိသွားမည်ကို စိုးရိမ်နေကြချေသည်။
"သေစမ်း။ ငါတို့စီးပွားရေးကို လာလုနေတာလား။ အစ်ကို... ကျွန်တော်ကတော့ လေးသိန်းပဲယူမယ်ဗျာ"
"အချောလေး..ကျွန်မက သုံးသိန်းနဲ့တင် ပေးမယ်"
"ဒီခွေးကောင်တွေကတော့.. ငါတို့ တစ်ယောက်တစ်သိန်းစီယူပြီး ပျော်ပျော်ရွှင်ရွှင်နေလို့မရဘူးလား။ အဲ့ဒါနဲ့တင် မလုံလောက်ဘူးလား"
အနောက်နားရှိ လူများက အားမလိုအားမရဟန်ဖြင့် အံကြိတ်နေကြလေတော့သည်။ သို့သော် သူတို့ ဘာမှမတတ်နိုင်ပေ။ သူတို့နေရာများက အခွင့်မသာသည့်အတွက် တစ်ဖက်လူတို့ကိုလည်း ယှဉ်ပြိုင်နိုင်စွမ်းမရှိချေ။
ကျန်းမုန့်လောင်၏ အနောက်ရှိ လူများကတော့ စိတ်သက်သာရာရသွားကြသည်။ တခြားလူများသာ ဤအကြောင်းကို စောစောစီးစီးကတည်းက အတွေးပေါက်ခဲ့ပါလျှင် သူတို့ တစ်ပြားမှ ရလိုက်မည်မဟုတ်ပေ။
"သေစမ်း။ ငါ့အတွက် ငွေသုံးရတာ ဒီလောက်တောင်လွယ်တာလား"
မူလကတော့ ကျန်းမုန့်လောင်တစ်ယောက် ဒေါ်လာဆယ်သန်းကျော်သုံးဖို့အတွက် စီစဉ်ထားသော်ငြား ဤနှုန်းအတိုင်းဆိုလျှင် သန်းဂဏန်းအနည်းငယ်မျှနှင့် လုံလောက်နေလေပြီဖြစ်၏။
ယခုအချိန်အထိ သူထမ်းဆောင်ရမည့် ဒေါ်လာ၁၀၀ဘီလီယံတန်တာဝန်၏ နှစ်ဆယ်ရာခိုင်နှုန်းကို ပြီးမြောက်ထားလေပြီ။ ပြီးခဲ့သည့်တစ်ခေါက်တုန်းက ဝေးပေါ်ကိုဝယ်ယူပြီးနောက် ထိုငွေပမာဏမှာ သူ၏ကုန်ကျစရိတ်ဟု ထည့်တွက်၍ မရခဲ့သောကြောင့် ကျန်းမုန့်လောင်ခမျာ တော်တော်ကြာအောင် မချင့်မရဲဖြစ်နေခဲ့ရသည်။
ကြွားဝါပြီး ပိုက်ဆံထုတ်သုံးခဲ့ပေမဲ့ ထည့်မတွက်ဘူးတဲ့လား။
"မအော်ကြနဲ့တော့"
ထိုအချိန်မှာပင် အရှေ့ဆုံးနားရှိ လူနှစ်ယောက်က သူတို့နောက်မှာဖြစ်ပျက်နေသည့် ပွက်လောရိုက်သံများကို ကြားလိုက်ရလေသည်။ သူတို့က ဤပြိုင်ပွဲမှာ အသာစီးအရဆုံးနေရာကို ရထားသဖြင့် သူတို့၏ မျက်နှာထက်တွင် ဘဝင်ခိုက်နေဟန် အမူအရာများက အထင်းသားပင်။
"ကိုယ့်လူ..သန်းတစ်ဝက်လောက်နဲ့ ခင်ဗျားကို ချက်ချင်းနေရာနှစ်နေရာရောင်းပေးမယ်။ နောက်တစ်သုတ်ဝင်ဖို့အတွက် ဆယ်မိနစ်တောင် မကြာတော့ဘူး"
"မလိုပါဘူး"
ကျန်းမုန့်လောင်က လက်ခါပြလိုက်သည်။
"ခင်ဗျားက ရှေ့မတက်ချင်တော့ဘူးလား"
အရှေ့နားရှိ လူငယ်လေးက အံ့အားသင့်ဟန်ဖြင့် မေးလာလေသည်။
"မဟုတ်ဘူး။ ရှေ့တက်ချင်တာပေါ့။ ကျွန်တော့်နည်းလမ်းက တော်တော်လေးကောင်းတယ်လို့ တွေးမိလိုက်လို့ပါ"
"တစ်ယောက်ကို ဒေါ်လာတစ်သိန်းဆိုရင် စုစုပေါင်းလူအယောက်လေးဆယ်ငါးဆယ်လောက်ရှိသေးတယ်။ အဲ့လိုသာဆိုရင် ခင်ဗျား သန်းဂဏန်းလောက် ထပ်သုံးရဦးမှာပေါ့"
ထိုလူခမျာ ကျန်းမုန့်လောင် ဦးနှောက်ထိထားလေသလားဟုပင် သံသယဖြစ်နေချေသည်။ သိန်းဂဏန်းလောက်ဖြင့် ဖြေရှင်းနိုင်သောကိစ္စကို ဘယ်သူကများ ဆယ်ဆအပိုအကုန်ခံမည်တဲ့လဲ။ ဒါက တုံးအနေတာမဟုတ်ဘူးလား။
"ပိုက်ဆံက ပြဿနာမဟုတ်ပါဘူး"
ကျန်းမုန့်လောင်က မထုံတတ်သေးဟန်ဖြင့် ပြောလိုက်သည်။
"ကျွန်တော့်ရဲ့အဓိကရည်မှန်းချက်က လူတိုင်းကို ပျော်စေချင်တာပါ"
……..