← Chapters

ငါတို့မိသားစုက ပရဟိတလုပ်ငန်းတွေလုပ်ရတာ သဘောကျတယ်လေ

Vol. 5 Ch. 68

ငါတို့မိသားစုက ပရဟိတလုပ်ငန်းတွေလုပ်ရတာ သဘောကျတယ်လေ

Vol. 5 Ch. 68

"ကြမ်းလိုက်တဲ့အကြောင်းပြချက်။ ဒါပေမဲ့ ငါကြိုက်တယ်"

"ဒီလူက တကယ်ကို ကျိကျိတက်ချမ်းသာတာပဲ"

"သူ့မျက်လုံးတွေကိုပဲ မြင်ရပေမဲ့ ငါ့ရဲ့ဝမ်းတွင်းအသိအရဆိုရင် သူက ချောမောခန့်ညားတဲ့လူတစ်ယောက်ဆိုတာ ငါ အတပ်ပြောရဲတယ်"

"သူ ငွေလွှဲတဲ့အမူအရာက လှတယ်လို့ထင်တာမို့လား"

"ဟားဟားဟား"

"အားလုံးပဲ။ ငွေလွှဲဖို့အတွက် QRကုတ်တွေကိုသာပြပါ။ ကျွန်တော် အလျင်လိုနေလို့"

ဝင်ပေါက်နားရှိ ဝန်ထမ်းများက နောက်အုပ်စုတစ်စု ဝင်နိုင်ဖို့အတွက် စီစဉ်နေသည်ကို ကျန်းမုန့်လောင် မြင်လိုက်ရသည်။

ကျန်းမုန့်လောင်၏စကားကိုကြားသောအခါ လူတိုင်းဟာ သူတို့ဖုန်းများကို အလျင်အမြန်ထုတ်ပြီး သူ ရောက်လာမည့်အချိန်ကို တန်းစီပြီးစောင့်နေကြသည်။

"ကောင်းပြီလေ။ တစ်သိန်းဆိုတော့လည်း တစ်သိန်းပေါ့။ ဘာမှမရတာထက်စာရင်တော့ တော်သေးတယ်"

အရှေ့တန်းရှိ လူတစ်ယောက်မှာ မလိုမလားဖြစ်မိသော်ငြား သူကိုယ်တိုင်လည်း ဘာမှမတတ်နိုင်ပေ။ တစ်ဖက်လူက သူတို့ ပိုက်ဆံဘယ်လောက်သုံးလိုက်သလဲဆိုသည်ကို ဂရုမစိုက်ပေ။ သူတို့အတွက် အရေးကြီးသည့်အရာမှာ သူတို့ ပျော်မပျော်ဆိုသည်ပင်။

"လူချောလေး..ငါ့အလှည့်ရောက်ပြီ"

အရှေ့ရှိ စုတ်တိစုတ်ပြတ်ဟန်ပေါ်သော အမျိုးသားကြီးက သူ့ဖုန်းကို ကျန်းမုန့်လောင်ဆီသို့ လှမ်းပေးလိုက်သည်။

"ရသွားပြီ။ ဒီနေရာနဲ့တင် အဆင်ပြေပါတယ်။ ရှေ့ဆက်တိုးဖို့ မလိုတော့ဘူး"

ကျန်းမုန့်လောင်က ပိုက်ဆံလွှဲပေးမည့်ဟန် မပေါ်တော့ဘဲ သူ့ဖုန်းကို သိမ်းလိုက်လေသည်။

"အုပ်စုတစ်စုကို လူငါးယောက် တစ်ပြိုင်တည်းဝင်လို့ရတယ်လို့ ကျွန်တော်ကြားထားတယ်။ အဲ့ဒါကြောင့် ပထမဆုံးငါးယောက်ထဲမှာ ပါဖို့ပဲလိုတာလေ။ ဘာအကျိုးမှမရှိဘဲ ပိုက်ဆံထပ်သုံးစရာမလိုတော့ဘူးပေါ့"

"မင်း.. မင်း ငါ့ကို လာကစားနေတာလား"

စုတ်တီးစုတ်ပြတ်ဟန်ဖြင့် အမျိုးသားကြီးက အလွန်ဒေါသထွက်သွားချေသည်။

"ခင်ဗျားကို ကစားနေတာတဲ့လား"

ကျန်းမုန့်လောင်ခမျာ ဆွံ့အသွားရလေသည်။

"ဘာလို့ ခင်ဗျားကို ကစားရမှာလဲ။ ခင်ဗျားက ဘယ်သူမို့လို့လဲ။ တန်လို့လား"

အကြောင်းမရှိဘဲ ရန်ရှာခံလိုက်ရသည့်အတွက် ကျန်းမုန့်လောင်လည်း အလွန်စိတ်အနှောင့်အယှက်ဖြစ်သွားသည်။ မသိလျှင် သူက ထိုလူ့အပေါ် အကြွေးတင်နေသလိုပင်။ ပိုက်ဆံကို ပမာဏတစ်ခုအထိ သုံးဖို့ဆန္ဒရှိခြင်းကသက်သက်။ သုံးဖို့လိုအပ်သည်က သက်သက်ပင်။

ထိုသုံးစွဲမှုက ထိုက်တန်နေသရွေ့ ကျန်းမုန့်လောင်ကလည်း စိတ်ထဲမထားပေ။ မည်သို့ပင်ဖြစ်စေ ပိုက်ဆံဆိုသည်မှာ သူ့အတွက် ကိန်းဂဏန်းတစ်ခုသာသာပင်။ သို့သော် ငွေသုံးခြင်းနှင့် မသုံးခြင်းက ဘာမှခြားနားမှုမရှိပါလျှင် ဘာကြောင့်များ ဒုက္ခခံနေတော့မလဲ။

"ဟာသပဲ"

ကျန်းမုန့်လောင်က တတွတ်တွတ်​ရေရွတ်ရင်း ဝန်ထမ်းများ၏ ညွှန်ကြားချက်အတိုင်း လုရီယောင်နှင့်အတူ ပန်းချီပြခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။

"ငါ အခုမှတ်မိပြီ။ ဒီလူက ကျန်းမုန့်လောင်ဖြစ်မယ်ထင်တယ်"

ထိုအခိုက်အတန့်မှာ လူတန်းထဲရှိ လူတစ်ယောက်က သူ့သရုပ်မှန်ကို သတိထားမိသွားလေတော့သည်။

"သေစမ်း။ ငါလည်း အဲ့လိုထင်တာပဲ။ မျက်တောင်တစ်ချက်မခတ်ဘဲ ပိုက်ဆံသုံးပစ်လိုက်တဲ့ စိတ်နေစိတ်ထားမျိုးက သူမှသူပဲ"

"ဘုရားရေ..သူ့ကို လူကိုယ်တိုင်တွေ့လိုက်ရတော့ သူက ဒဏ္ဍာရီအကျော်အမော်တွေလိုပဲ။ ပိုက်ဆံထိုင်ဖြုန်းနေတဲ့ကောင်လေးတစ်ယောက်လိုပဲ"

...

သူတို့၏အထောက်အထားများကို တင်ပြပြီး အပူချိန်စစ်ဆေးပြီးနောက်မှာ ကျန်းမုန့်လောင်နှင့် လုရီယောင်တို့က ပြခန်းထဲသို့ ချောချောမွေ့မွေ့ ဝင်ရောက်လာခဲ့ကြသည်။ အထဲမှာ သူတို့ထင်ထားသည့်အတိုင်း လူအပြည့်ပင်။ လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုကျော်တုန်းက ကျင်းပခဲ့သော မီးထွန်းပွဲတော်များနှင့်ပင် နှိုင်းယှဉ်နိုင်လေသည်။

ဤပြပွဲတွင် ကမ္ဘာတစ်လွှားရှိ နာမည်ကြီးပန်းချီကားတစ်ထောင်နီးပါး ခင်းကျင်းပြသထားသည်။ ပန်းချီပြဋ္ဌာန်းစာအုပ်များထဲတွင် နာမည်ရှာဖွေတွေ့ရှိနိုင်သော ပန်းချီဆရာများကလည်း သူတို့၏အနုပညာလက်ရာများနှင့်အတူ ဤပြပွဲသို့ တက်ရောက်ကိုယ်စားပြုခဲ့ကြသည်။

"ထူးဆန်းလိုက်တာ။ မင်းက ဘာလို့ ပန်းချီလက်ရာတွေကို စိတ်ဝင်စားတာလဲ"

အမှန်အတိုင်းပြောရလျှင် ကျန်းမုန့်လောင်မှာ ဂီတပါရမီရှိသော်ငြား ပန်းချီနှင့်ပတ်သက်လာပါက သူဟာ တွင်းနက်ကြီးတစ်ခုအလားပင်။ သူဖန်တီးခဲ့သည့် ပန်းချီကားများကို "စိတ္တဇပန်းချီ"ဟုပင် သတ်မှတ်၍ မရနိုင်ပေ။

"အနုပညာဆိုတာ အပြန်အလှန်ဆက်နွှယ်နေတာလေ။ ငါက ဂီတကိုသဘောကျတော့ ပန်းချီကိုလည်း စိတ်ဝင်စားတာပေါ့"

"ဟုတ်သားပဲ။ ဟုတ်တယ်နော်။ မင်းက ငါ့ကိုပဲ စိတ်ဝင်စားတာမို့လို့ ပန်းချီပြပွဲကြည့်မယ်လို့ ဆင်ခြေပေးပြီး အပြင်ခေါ်ထုတ်လာတာဖြစ်နိုင်လောက်တယ်နော်။ ဟုတ်တယ်မလား"

လုရီယောင်ဟာ ကျန်းမုန့်လောင်၏ တစ်ချက်တစ်ချက် ထဖောက်တတ်သည့်အကျင့်ကို ကျင့်သားရခဲ့သည်မှာ ကြာလှလေပြီ။ သူ(မ)က မျက်ဆန်လည်လိုက်ပြီးနောက် ကမ္ဘာကျော်ပန်းချီကားများကိုသာ အာရုံစိုက်ထားလိုက်သည်။

"ဒီနေရာတစ်ဝိုက်မှာ ဂရိခေတ်ကလက်ရာတွေရှိတာပဲ။ ဒီလက်ရာတွေထဲမှာရှိတဲ့ သူတို့ရဲ့အနုပညာနဲ့ သမိုင်းတန်ဖိုးက အရမ်းအရေးပါတာနော်။ ဒီလိုပန်းချီကားတွေ အများကြီးပါလိမ့်မယ်လို့ ငါထင်မထားဘူး။ ပွဲစီစဉ်သူတွေက တကယ်သြဇာရှိတာပဲ"

ဤပန်းချီကားများကို လုရီယောင်က အပြတ်အသတ်ချီးကျူးနေချေသည်။

....

"ပန်းချီကားတစ်ချပ်မှာ ဘယ်လိုသမိုင်းဝင်အဓိပ္ပာယ်မျိုး ရှိနိုင်လို့လဲ"

လူအများစုအတွက်မူ ဤကမ္ဘာကျော်ပန်းချီကားများမှာ တန်ဖိုးကြီးအနုပညာလက်ရာများ၊ သူတို့ဘဝတစ်ခုလုံးလိုက်စားခဲ့ရသည့် နယ်ပယ်နှင့် သူတို့၏သက်ဝင်ယုံကြည်မှုပင် ဖြစ်၏။

သို့သော် ကျန်းမုန့်လောင်အတွက်တော့ သူ့အိမ်ဝင်ပေါက်ရှိ နံရံဆေးရေးပန်းချီကပင် ကမ္ဘာကျော်ပန်းချီကားတစ်ချပ်ပင်။ သူ့ရေချိုးခန်းထဲရှိ အိမ်သာရှေ့က နံရံထက်မှာလည်း ကမ္ဘာကျော်ပန်းချီကားတစ်ချပ်ပင်။ သူ့အိပ်ရာဘေးရှိ စားပွဲပေါ်က နံရံကပ်ပန်းချီကားကလည်း ကမ္ဘာကျော်ပန်းချီကားတစ်ချပ်ဖြစ်၏။ သူ့အတွက်တော့ ဤအရာများမှာ သာမန်လူများ၏ သတင်းစာနှင့် မဂ္ဂဇင်းများလိုပင်။

သူ့မိသားစု၏ အမွေအနှစ်ဟာ နှစ်ငါးထောင်သက်တမ်းရှိသည်။ သူ့ဘိုးဘေးများအတွက်မူ ထိုသမိုင်းဟာ မနေ့တစ်နေ့က ဖြစ်ပွားခဲ့သော သတင်းတစ်ပုဒ်ဖြစ်ပြီး ဤကမ္ဘာကျော်ပန်းချီကားများကလည်း သူတို့ သဘောကျသောကြောင့် ဝယ်ယူခဲ့သည့် ဆင်းရဲသားပန်းချီပညာရှင်တချို့၏ ပူပူနွေးနွေးအနုပညာလက်ရာများ ဖြစ်နေနိုင်လောက်သည်။

အချိန်ကြာညောင်းလာပြီးနောက် အနုပညာတန်ဖိုးကလည်း မြင့်တက်လာလေတော့ တစ်ခါတုန်းက အမှိုက်ပုံးတစ်လုံးလောက်ပင် မတန်ဘူးဟု ယူဆရသော ဤပန်းချီကားများက ကမ္ဘာ့အဆင့် ချီးကျူးခံရသော လက်ရာမွန်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

တကယ်တမ်းတွင် ယခုလိုခံစားချက်မျိုးက အပြင်လူများအဖို့တော့ နားလည်ရခက်လှချေသည်။

"အာ.. နင် နားမလည်ပါဘူး"

လုရီယောင်က ပြောလိုက်လေသည်။

"ဒီပန်းချီပြခန်းက ခေတ်သစ်ပန်းချီနဲ့ ခေတ်ပြိုင်ပန်းချီသမိုင်းရဲ့ အစိတ်အပိုင်းတစ်ခုလိုပဲ"

"ဒါပေမဲ့ ငါ့အမြင်မှာတော့ ဒါက ငါတို့မိသားစုရဲ့ စာကြည့်တိုက်နဲ့ တော်တော်တူတယ်။ မဟုတ်သေးဘူး။ ငါတို့မိသားစုစာကြည့်တိုက်ရဲ့ အဆင့်အတန်းကိုတောင် မမီသေးဘူး"

"စာကြည့်တိုက်လား"

လုရီယောင်က ကျန်းမုန့်လောင်ဆိုလိုချင်သော အဓိပ္ပာယ်ကို နားမလည်ပေ။ အိမ်ထဲမှာ စာကြည့်တိုက်ဆောက်ထားစရာ ဘာလိုသလဲ။

"ဟုတ်တယ်လေ။ ငါ့ဘိုးဘေးတွေနဲ့ အကြီးအကဲတွေက ဒီလိုပစ္စည်းတွေ စုဆောင်းရတာကို တော်တော်သဘောကျကြတာ"

ကျန်းမုန့်လောင်က ပြန်လည်အောက်မေ့နေဟန်ဖြင့် မျက်နှာကြက်ကို မော့ကြည့်လိုက်သည်။

"ဥပမာပြောရရင် ပီကာဆိုရဲ့ပန်းချီလက်ရာပေါ့။ အဲ့ဒါတွေက လက်ရာပေါင်းလေးသောင်းလောက် ရှိတယ်မလား"

"၃၇၀၀၀လောက်ဖြစ်မယ်ထင်တယ်"

လုရီယောင်က ပိုမိုတိကျသည့် ကိန်းဂဏန်းတစ်ခုကို ပြောပြလိုက်သည်။

"အမှန်တကယ်တော့ အရေအတွက်က ဒီထက်တောင်ပိုသေးတယ်"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"သူက သူ့ဘဝမှာ ပန်းချီကားပေါင်း ရှစ်သောင်းကျော်ကိုဖန်တီးခဲ့တာ။ အဲဒီထဲက သုံးပုံတစ်ပုံကတော့ သူမသေခင် နောက်ဆုံးဆယ်နှစ်အတွင်းမှာ ဖန်တီးခဲ့တာပေါ့"

"မဖြစ်နိုင်တာ။ နင်ပြောသလိုဆိုရင် ကျန်တဲ့ပန်းချီကားလေးသောင်းက ဘယ်ရောက်သွားတာလဲ။ ဖျက်ဆီးခံခဲ့ရတာလား"

"အဲ့ဒါတွေက ငါ့စာကြည့်တိုက်ထဲမှာ အထပ်လိုက်ပဲ"

ကျန်းမုန့်လောင်က မျက်ဆန်လည်ပြလိုက်ချေသည်။

"ဒီပန်းချီကားတွေက နေရာဘယ်လောက်ယူလဲဆိုတာ မင်းမသိဘူးနော်။ ပြီးတော့ အဲ့ဒီပန်းချီကားတွေရောပဲ.. အဲ့ဒါတွေအကုန်လုံးက အမှိုက်တွေလိုပဲ။ ဟေး..ငါ့ကို အဲ့ဒီလိုလာမကြည့်နဲ့နော်။ ငါ သူ့အနုပညာလက်ရာကို တကယ်နားမလည်တာ.."

"လေးသောင်းကျော်.."

ထိုပန်းချီကားများကို သူ(မ)မျက်စိနှင့် တပ်အပ်မမြင်ဖူးသော်ငြား ကျန်းမုန့်လောင်အကြောင်း သူ(မ)သိထားသလောက်ဆိုလျှင် သူပြောသည့်စကားများက အမှန်ဖြစ်လောက်သည်။

ပီကာဆို၏ ပန်းချီကားများသည် ယခုအချိန်အထိ လေလံပွဲများတွင် အနည်းဆုံးအမေရိကန်ဒေါ်လာ၁.၅သန်းအထိ ရရှိနေဆဲဖြစ်ပြီး စျေးအကြီးဆုံးပန်းချီကားဖြစ်သည့် "The Women of Algiers"ကိုလည်း အမေရိကန်ဒေါ်လာ၁၇၉သန်းဖြင့် ရောင်းချခဲ့သည်ဟု သိရသည်။

ပီကာဆို၏ပန်းချီကားများမှာ တစ်ချပ်လျှင် ပျမ်းမျှတန်ဖိုး အမေရိကန်ဒေါ်လာဆယ်သန်းကျော်ရှိသည်။ သို့ဖြစ်လေရာ ထိုပန်းချီကားအချပ်လေးသောင်းကျော်ဆိုပါက အမေရိကန်ဒေါ်လာဘီလီယံရာဂဏန်း ပေးရလိမ့်မည်မဟုတ်လေလား။

ဤပမာဏကို တွေးကြည့်လိုက်မိသည့်အခါ လုရီယောင်တစ်ယောက် ဤစကားဝိုင်းကို ဘယ်လိုရှေ့ဆက်ရမှန်း မသိတော့ပေ။

"နင်တို့မိသားစုမှာ ပီကာဆိုရဲ့ပန်းချီကားတွေတင် ရှိတာမဟုတ်ဘူးမလား"

လုရီယောင်က ဝိညာဉ်ပူးကပ်ခံရသည့်အလား မေးလိုက်လေသည်။

"ဘယ်ဟုတ်မလဲ။ ငါတို့ဆီမှာ မီချယ်လန်ဂယ်လို၊ ပေါလ်ရှီဇိန်းနဲ့ ဒါဗင်ချီတို့ရဲ့ လက်ရာတွေလည်းရှိတယ်။ နင်​သိသမျှ ပန်းချီပညာရှင်မှန်သမျှရဲ့လက်ရာလည်း ရှိမှာပဲ။ အများကြီးတော့ ရှိချင်မှရှိမယ်ဆိုပေမဲ့ ရှိတာတော့ရှိတယ်"

ကျန်းမုန့်လောင်က ဆက်ပြောလိုက်သည်။

"အိုး..ဟုတ်သားပဲ။ ဗန်ဂိုးရဲ့ပန်းချီကားတွေရောပဲ။ သူက သူ့ဘဝတစ်လျှောက် မကျော်ကြားခဲ့တော့ ငါ့ဘိုးဘေးတစ်ယောက်က ပန်းချီကားတော်တော်များများကို စျေးပေါပေါနဲ့ဝယ်ခဲ့တာလေ။ စုစုပေါင်း အချပ်၁၂၀၀ကျော်ပေါ့။ ဒီနေ့ခေတ် ဝယ်လိုအားအရဆိုရင် ဒေါ်လာသိန်းဂဏန်းနည်းနည်းလောက်ရှိတယ်"

"ဗန်ဂိုးရဲ့ ပန်းချီကားအချပ်၁၂၀၀ကျော်အတွက် သိန်းဂဏန်းနည်းနည်းလောက်ပဲတဲ့လား"

လုရီယောင်ခမျာ ကြက်သေသေသွားရလေသည်။ ထိုပန်းချီကားများ၏တန်ဖိုးမှာ ယခုဆိုလျှင် အဆပေါင်းဆယ်သန်းမက မြင့်တက်လာလောက်ပြီမဟုတ်လား။

ယခုတော့ ကျန်းမုန့်လောင်က ဘာကြောင့်များ ဤမျှအထိ ချမ်းသာနေသလဲဆိုသည်ကို သူ(မ) နားလည်သွားလေပြီ။ ဤမျှသက်တမ်းရှည်လျားလှသော အမွေအနှစ်များရှိသည့် မိသားစုတစ်စုအဖို့ ပိုက်ဆံမရှိတာကမှ ခက်ခဲပေဦးမည်။

"ဟုတ်သားပဲ။ ငါ့အိပ်ခန်းထဲမှာ ဗန်ဂိုးရဲ့'ကြယ်ရောင်စုံကောင်းကင်"ဆိုတဲ့ ဆိုဒ်လွန်ပန်းချီကားကြီးလည်းရှိတယ်။ အလျားငါးမီတာ အနံသုံးမီတာလေ။ အဲဒီတုန်းက ငါ့ဘိုးဘေးတွေက အခုခေတ်ရဲ့ ဒေါ်လာရှစ်ဆယ်လောက် သုံးခဲ့တာဖြစ်မယ်။ ဗန်ဂိုးက ငတ်သေတော့မတတ်ဖြစ်နေခဲ့တာလေ။ တကယ်တော့ ငါ့ဘိုးဘေးတွေက သူ့ပန်းချီကားတွေကို လိုချင်ခဲ့တာမဟုတ်ဘူး။ သနားစရာကောင်းတဲ့ ဒီပန်းချီဆရာကို သနားလို့ဆိုပြီး သူ့ကိုကူညီဖို့အတွက် ပိုက်ဆံထုတ်သုံးခဲ့တာ"

"ဒီတော့ အဲ့လိုဆိုရင် နင့်ဘိုးဘေးတွေက ပရဟိတလုပ်ခဲ့တာလား"

"ဟုတ်တယ်လေ"

ကျန်းမုန့်လောင်က သက်ပြင်းချလိုက်သည်။

"ဒါက မိသားစုအစဉ်အလာတစ်ခုပဲ။ ငါတို့မိသားစုက ပရဟိတလုပ်ရတာကို သဘောကျကြတယ်။ ရှေးခေတ်တုန်းက ဥရောပကိုခရီးထွက်တဲ့အခါမျိုးမှာ ဆင်းရဲတဲ့ဂီတပညာရှင်တွေနဲ့ ပန်းချီဆရာတွေကိုတွေ့ရင် မကြာခဏကူညီပေးတတ်ကြတယ်။ ဒီပစ္စည်းတွေကို လွှင့်ပစ်လိုက်ပြန်ရင်လည်း မလေးစားရာကျမှာစိုးလို့ တစ်နေရာရာမှာ စုပုံပြီး သိမ်းထားဖို့ကလွဲရင် တခြားရွေးချယ်စရာမရှိခဲ့ဘူးလေ။ အခုခေတ်မှာ တန်ဖိုးရှိလာလိမ့်မယ်လို့တော့ ဘယ်သူက ထင်ထားမှာလဲ"

"ဒါက လူစကားလား"

ကျန်းမုန့်လောင်၏လေသံကို နားထောင်ရင်း တစ်ဖက်လူက အလွန်တရာနစ်နာနေသည့်ပုံပေါက်အောင် လုပ်နေသလို သူ(မ) ခံစားလိုက်ရသည်။ ဤသည်မှာ ပရဟိတမဟုတ်ပေ။ ရင်းနှီးမြှုပ်နှံမှုတစ်ခုဆိုသည်မှာ အသိသာချည်းပင်။ သာမန်ရင်းနှီးမြှုပ်နှံမှုတောင် မဟုတ်ပါဘဲ တစ်သောင်းရာခိုင်နှုန်း၊ တစ်သန်းရာခိုင်နှုန်းတောင် အမြတ်ပြန်ရသော ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်၏။

……

All Chapters