ကျွန်တော် ကျန်းမုန့်လောင်က ဒါတွေအားလုံးကို ဝယ်လိုက်ပြီ
Vol. 5 Ch. 69
"အိုး.. ဒီပန်းချီကားတွေမှာလည်း ဈေးနှုန်းကတ်ပြားတွေရှိတာပဲလား"
ကျန်းမုန့်လောင်က ပန်းချီကားတချို့၏ အောက်နားတွင် ကတ်ပြားတစ်ခု ရှိနေလေကြောင်း ရုတ်ခြည်းသတိထားလိုက်မိသည်။ ထိုကတ်ပြားထဲတွင် ပန်းချီကားအကြောင်း မိတ်ဆက်ထားရုံသာမက သုညအတန်းရှည်ကြီးတစ်ခုပါဝင်သော ဈေးနှုန်းကလည်း ရှိနေချေသည်။
"ဒီပြခန်းမှာရှိတဲ့ ပန်းချီကားတော်တော်များများ အရောင်းဖွင့်တယ်လို့ ကြားထားတယ်"
လုရီယောင်က ပြောလိုက်လေသည်။
"သာမန်အဖွဲ့အစည်းတွေ ပြတိုက်တွေက လက်ရာတွေအားလုံးတင်မကဘူး။ သူတို့ရဲ့လက်ရာတွေကို ဈေးကောင်းကောင်းနဲ့ရောင်းချဖို့ အခွင့်အရေးကို စောင့်ဆိုင်းနေတဲ့ သီးသန့်စုစည်းသူတွေဆီက ပန်းချီကားတွေလည်း ပါတယ်တဲ့"
"တော်တော်လေးမိုက်တာပဲ"
သူတို့ ဤနေရာသို့ မလာခင်တုန်းက ဝမ်လင်က ကျန်းမုန့်လောင်ကို ရူးမိုက်သည့်အလုပ်များ မလုပ်ရန်အတွက် သတိပေးထားလေသည်။ သို့သော် ကျန်းမုန့်လောင်ကတော့ သူ့စကားများကို ချောင်ထိုးထားလိုက်ပြီဖြစ်၏။ သူ ခိုးဝှက်လုယက်နေတာ မဟုတ်သရွေ့ အရာအားလုံးက တရားဝင်သည်မဟုတ်လား။ ဘာလို့ရှောင်နေရမလဲလေ။
ပန်းချီပညာကို ကျန်းမုန့်လောင် သိပ်စိတ်မဝင်စားသော်ငြား ဤပန်းချီကားများ၏ ဈေးနှုန်းမှာ သန်းဂဏန်းရှိပြီး အချို့ဆိုလျှင် အမေရိကန်ဒေါ်လာဘီလီယံချီပြီး ပေးရနိုင်သည်။ ယနေ့မှာ ဒေါ်လာ၁၀၀ဘီလီယံတန်တာဝန်ကြီး၏ အရေးပါသောအစိတ်အပိုင်းတစ်ခုကို အောင်မြင်နိုင်လောက်သည်။
"နေဦး.. နင် ဒီပန်းချီကားတွေအကုန်လုံးကို ဝယ်ဖို့စီစဉ်နေတာတော့မဟုတ်ဘူးမလား"
ကျန်းမုန့်လောင်၏ မျက်နှာထက်ရှိ အမူအရာကိုမြင်သောအခါ လုရီယောင်က သူ ဘာလုပ်မလဲဆိုသည်ကို ရုတ်တရက် သဘောပေါက်လိုက်လေသည်။
"ငါ အခုမှသတိရလိုက်လို့။ ငါ့အထိန်းတော်တွေ ဒရိုင်ဘာတွေနဲ့ စားဖိုမှူးတွေရဲ့အခန်းထဲမှာ နံရံကပ်ပန်းချီကားတစ်ချပ်မှမရှိဘူးထင်တာပဲ။ သူတို့ရဲ့စုပေါင်းရေချိုးခန်းတွေဆိုရင် ပိုတောင်ဆိုးသေး"
"ကျန်းမုန့်လောင်.. နင်ရူးနေပြီလို့ ငါထင်တာပဲ"
လုရီယောင်က သူ့ပုံစံကိုစောင့်ကြည့်ရင်း လေးလေးနက်နက် ပြောလိုက်ချေသည်။ သူ့ကိုယ်ပိုင်အခန်းကို ခမ်းခမ်းနားနားအလှဆင်တာကတော့ ထားပါတော့။ ရေချိုးခန်းကိုပါ တောက်ပြောင်နေအောင် အလှဆင်ခြင်းကတော့ သည်းမခံနိုင်ချင်စရာပင်။
သို့တိုင်း ကမ္ဘာကျော်ပန်းချီကားများကို ဝန်ထမ်းများ၏အခန်းများနှင့် ရေချိုးခန်းများထဲမှာပါ ချိတ်ထားမည်တဲ့လား။ သူ့ဦးနှောက်ထဲမှာ လိပ်ခေါင်းရှိနေသည်နှင့် မတူပေဘူးလား။ သူက ပိုက်ဆံမဖြုန်းရလျှင် မနေနိုင်တာများလား။
"ဟုတ်တယ်။ ငါကရူးနေတာ။ ဒါပေမဲ့ စိတ်ရောဂါတစ်ခုတော့မဟုတ်ဘူး"
"ဒါဆို ဘာလဲ"
"အချစ်ရောဂါလေ"
ကျန်းမုန့်လောင်က ဖြုံချင်စဖွယ်ကောင်းအောင် ပြောလာလေသည်။
"ဟမ့် ထွီ"
...
ကျန်းမုန့်လောင်က အံ့ဩဖွယ်ကောင်းလောက်အောင် လူများပြည့်ကျပ်နေသော ဤခန်းမထဲမှာပင် အသံလျှော့မပြောခဲ့ပေ။ ဤနေရာတွင် တစ်ယောက်နှင့်တစ်ယောက်က လက်မအနည်းငယ်သာ ကွာဝေးသဖြင့် ကျန်းမုန့်လောင်ဆိုလျှင် သူ့အရှေ့ရှိ မိန်းမဝဝကြီး၏ ကိုယ်သင်းရနံ့ကိုပင် ရနေသည်ဖြစ်ရာ ပတ်ပတ်လည်ရှိလူများက သူပြောလိုက်သည့်စကားကို ကြားလိုက်ရလေသည်။
ဒီလူငယ်လေးက ဒီမှာရှိတဲ့ ပန်းချီကားတွေအားလုံးကို ဝယ်ချင်နေတာတဲ့လား။
မှတ်ထားရမည့်အချက်မှာ ဤပန်းချီပြပွဲ၏ စံနှုန်းသတ်မှတ်ချက်မှာ အလွန်မြင့်မားလှသည်။ မသပ်မရပ်နိုင်လှသော ထိုပန်းချီကားများမှာ ပွဲစီစဉ်သူများကို မျက်စိဖမ်းစားနိုင်ခြင်းမရှိပေ။ ထို့ပြင် ဤနေရာမှာ လေလံပွဲလည်းမဟုတ်သည့်အတွက် ပန်းချီကားအားလုံး၏ ဈေးနှုန်းမှာ ပုံသေရှိသည်။
ဈေးအပေါဆုံးပန်းချီကားကပင် ဒေါ်လာငါးသိန်းကျော် တန်ဖိုးရှိသည်။ အသက်နှစ်ဆယ်အရွယ် လူငယ်လေးတစ်ယောက်က ဤဈေးနှုန်းကို တတ်နိုင်မည်တဲ့လား။
"ဒီနေ့ခေတ်လူငယ်တွေက ဘာအရည်အချင်းမှ များများစားစားမရှိကြဘူး။ လေကျယ်ဖို့လောက်ပဲသိတာ"
ချွေးနံ့နံဟောင်နေသော ခပ်ဝဝအမျိုးသမီးကြီးနှင့် သူ(မ)၏နံဘေးရှိ မသတီစရာကောင်းသော အမျိုးသားကြီးတစ်ယောက်က လှောင်ပြောင်လိုဟန်ဖြင့် ပြောလိုက်လေသည်။
"ဟီးဟီးဟီး.. ကလေးသာသာလေးရှိသေးတာကို။ ကောင်မလေးတစ်ယောက်ရှေ့မှာ မျက်နှာသာရအောင်ပြောနေတာ နားလည်ပေးလို့တော့ရပါတယ်"
"အမှန်ပဲ။ ဆင်းရဲတဲ့ကျောင်းသားလေးတွေနှစ်ယောက်ပါကွာ။ ဒီပြပွဲကသာ အလကားဝင်ကြည့်ရတာမဟုတ်ရင် သူတို့ လက်မှတ်ဖိုးတောင် ဝယ်နိုင်မှာမဟုတ်ဘူးဆိုတာ ငါလောင်းရဲတယ်"
ကျန်းမုန့်လောင်၏ နားနှစ်ဖက်က ဆတ်ခနဲတွန့်သွားလေသည်။ ဤမျှနီးကပ်လှသော အကွာအဝေးမှာ ထိုနှစ်ယောက်ကလည်း တီးတိုးပြောနေခြင်းမဟုတ်သည့်အတွက် သိသာလှသော ထိုလှောင်ပြောင်စကားကို သူ မကြားဘဲရှိမည်တဲ့လား။
"ချွမ်း"
ခပ်ဆတ်ဆတ်အသံတစ်သံနှင့်အတူ ကျန်းမုန့်လောင်၏ ကားသော့များက ကြမ်းပြင်ထက်သို့ ရုတ်တရက်ပြုတ်ကျသွားချေသည်။ Koenigseggအမှတ်တံဆိပ်ကလည်း အလင်းရောင်အောက်မှာ တောက်ပနေလေရာ အမြင်စူးရှသောလူတချို့အား အကြည့်ဖမ်းစားလိုက်နိုင်လေသည်။
ယခင်ကသာဆိုလျှင် ကမ္ဘာ့အဆင့်မီပြိုင်ကားများဖြစ်သော လမ်ဘော်ဂီနီနှင့် ဖယ်ရာရီတို့နှင့် ယှဉ်ကြည့်ပါက Koenigseggက လူတိုင်းသိနိုင်လောက်သည့် ပြိုင်ကားမျိုးမဟုတ်ပေ။ သို့သော် ကျန်းမုန့်လောင်၏ဖြစ်ရပ်ကြီး ဖြစ်ပျက်အပြီးမှာတော့ Koenigsegg၏ကျော်ကြားမှုက သိသိသာသာမြင့်တက်သွားခဲ့သည်။
"သောက်ကျိုးနည်း.. Koenigseggကားသော့ကြီးလား"
"ဘာ..Koenigseggတဲ့လား"
"တကယ်ကြီးလား"
လျှပ်တစ်ပြက်အတွင်းမှာပင် အကြည့်ပေါင်းများစွာ ကျရောက်လာချေသည်။
ကျန်းမုန့်လောင်က လုရီယောင်ကို တစ်ချက်လှည့်ကြည့်လိုက်လေရာ သူ(မ)၏အကြည့်မှတစ်ဆင့် "နင် ဒါကို တမင်လုပ်လိုက်တာမလား"ဟု မေးနေဟန်အမူအရာကို သူမြင်လိုက်ရသည်။
"တကယ်မတော်တဆဖြစ်တာပါလို့ ပြောရင်ရော ယုံမှာလား"
ကျန်းမုန့်လောင်က ကိုယ်ကိုငုံ့ကိုင်းလျက် ကားသော့ကို ခပ်မြန်မြန်ပြန်ကောက်လိုက်ပြီး သူ့အိတ်ကပ်ထဲသို့ ထည့်ထားလိုက်သည်။
"ဝက်တွေထပျံမှပဲယုံမယ်"
လုရီယောင်က သူ့အား မျက်ဆန်လည်ပြလိုက်သည်။
အချိန်ကား တိုတောင်းလှသော်ငြား တီးတိုးသံများကတော့ သူတို့ပတ်ပတ်လည်တွင် စတင်လှည့်ပတ်နေချေပြီဖြစ်၏။
"အဲ့ဒါက တကယ့်ကားသော့အစစ်တွေလား။ မီးခြစ်မဖြစ်နိုင်ဘူးမလား"
"ဟားဟားဟား..သေချာပေါက်မီးခြစ်ကြီးပါ။ အဲ့ဒီကောင်လေးက သူ့အိမ်မှာ ပီကာဆိုရဲ့ပန်းချီကားပေါင်းသောင်းဂဏန်းလောက်ကို ပိုင်ဆိုင်ထားတဲ့အကြောင်း ကြွားနေတာကို ငါကြားလိုက်ရတယ်"
"ဟာသလုပ်မနေကြနဲ့။ သူက တကယ်ကြီးကြီးကျယ်ကျယ်တွေ ပြောနေတာတော့ဟုတ်တယ်။ ဒီပြခန်းမှာရှိတဲ့ ပန်းချီကားတွေအကုန်လုံးကို ဝယ်ပစ်မှာလို့ သူ အခုလေးတင်ပြောလိုက်တယ်မလား။ သူက တကယ့်လျှို့ဝှက်ဘော့စ်ကြီးတစ်ယောက်လည်း ဖြစ်နေနိုင်တာပဲ"
"လူတိုင်းက ကျန်းမုန့်လောင်ဖြစ်နိုင်မယ်လို့များ မင်းထင်နေတာလား။ ဟားဟားဟား.. သူသာဆိုရင်တော့ တကယ်လုပ်နိုင်လောက်တယ်"
ကျန်းမုန့်လောင်နှင့် လုရီယောင်တို့က မက်စ်တပ်ထားခြင်းဖြစ်ပြီး အဝတ်အစားများကလည်း လွန်ခဲ့သည့်နှစ်ရက်ကနှင့် မတူကွဲပြားနေသောကြောင့် သူတို့၏မျက်လုံးနှင့် ဆံပင်ပုံစံကိုကြည့်ရုံမျှဖြင့် သူတို့မှန်း မမှတ်မိနိုင်ပေ။
ထို့ပြင် ကျန်းမုန့်လောင်လိုလူစားမျိုးက အမှတ်မထင်တွေ့ဆုံနိုင်သည့် လူတစ်ယောက်မှမဟုတ်ဘဲလေ။ သူက ပန်းချီပြခန်းမှာ ဤလူများအကြား တိုးဝှေ့နေမည်တဲ့လား။
"သူ့ကိုတွေ့ပြီ။ ဒီမှာဟေ့"
လူတိုင်းက ကျန်းမုန့်လောင်ကို မိန်းကလေးများအရှေ့မှာသာ ကြွယ်ပြတတ်သော ငကြွားအရှုံးသမားအဖြစ် သတ်မှတ်နေကြချိန်တွင် မီတာအနည်းငယ်အကွာတွင် လူအုပ်ကြီးတစ်သိုက် ရုတ်တရက်ပေါ်ထွက်လာချေသည်။
"ဟုတ်တယ်။ သူပဲ။ ခုနကလည်း အဲ့ဒီအင်္ကျီကိုပဲ ဝတ်ထားတာ"
"ငါ သူနဲ့နီးနီးကပ်ကပ်မှာရှိနေခဲ့တာ။ ငါ သူနဲ့ ဆယ်လ်ဖီရိုက်ရမှဖြစ်မယ်"
"သေစမ်း။ ဆယ်လီတစ်ယောက်ကို လူကိုယ်တိုင်တွေ့လိုက်ရတာပဲ။ ငါသာ သူ့ကို ရိုက်စားလုပ်ဖို့ကြိုးစားရင် သူ ငါ့ကိုလည်း ဥက္ကဋ္ဌဝမ်လိုမျိုး စိတ်ပိုင်းဆိုင်ရာနစ်နာကြေးတစ်ဘီလီယံ လျော်ကြေးပေးလောက်မယ်လို့ ထင်လား"
"ငတုံး.. ကျန်းမုန့်လောင်က ဘယ်သူလဲဆိုတာ မသိဘူးလား။ သူ့သူငယ်ချင်းရဲ့အချက်အလက်တွေ အွန်လိုင်းပေါ်တက်လာလို့ ထန်ရွှင်းပိုင်တုတို့ကိုတောင် ဝယ်ပစ်ခဲ့တာ။ မင်းသာ သူ့ကို သွားလှည့်စားရင် သူက မင်းကို ငါးစာကျွေးဖို့အတွက် ဟွမ်ဖူမြစ်ထဲ ပစ်ချပစ်လောက်တယ်"
"သောက်ကျိုးနည်း.. ငါက အဲ့လောက်တောင်ရက်စက်တာလား"
ကျန်းမုန့်လောင် မျက်ဆန်လည်လိုက်မိသည်။
"အာ.. ငါရုပ်ဖျက်တာကောင်းလွန်းလို့ အခုထိလူမမိသေးဘူးလို့ထင်နေတာ"
သူက ပြခန်းထဲမှာ အေးအေးလူလူလိုက်ပတ်ကြည့်ပြီး လုရီယောင်နှင့်အတူ ပျော်ပါးချင်ရုံပင်။ ယခုတော့ ပရိသတ်တစ်သိုက်က သူ့ကို မှတ်မိသွားကြပါရောလား။
"ခုနတုန်းက နင်က တအားသိသာနေတာကို။ နင် လူမိခံချင်နေတာလို့တောင် ငါထင်နေတာ"
"ဟားဟားဟား.. ကောင်းပြီလေ။ လူမိသွားပြီဆိုမှတော့ ငါ့မကောင်းကြောင်းကို မပြောနိုင်ကြတော့ဘူးမလား"
ကျန်းမုန့်လောင်၏အကြည့်က ခပ်ဝဝအမျိုးသမီးကြီးနှင့် သူ(မ)၏ဘေးနားရှိ မသတီစရာကောင်းသော အမျိုးသားကြီးဆီသို့ ကျရောက်သွားသည်။
"စကားမစပ် ခင်ဗျားတို့နှစ်ယောက်.. ခုနတုန်းက ကျွန်တော့်အကြောင်း ဘာပြောလိုက်တာလဲ။ ကျွန်တော် သိပ်မကြားလိုက်လို့"
"ငါ.."
သူတို့က မျိုးဆက်ချင်းမတူကြသော်ငြား ဤလူမှာ ကိုယ်ပိုင်လုပ်ငန်းစုပိုင်ရှင်တစ်ယောက် ဖြစ်၏။ မနေ့က ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်ကိုပါ ထည့်ပေါင်းလိုက်သော် သူ ထိုအကြောင်းကို မကြားဖူးဘဲ ရှိပါမည်လား။
ဆိုရှယ်မီဒီယာပလက်ဖောင်းများကို ဝယ်ယူနိုင်စွမ်းရှိပြီး လုပ်ငန်းကြီးများကို ဦးညွှတ်စေနိုင်စွမ်းရှိသော ကျန်းမုန့်လောင်ကို သူက ဘယ်လိုလုပ်ပြီးတော့များ ရန်စနိုင်မည်တဲ့လဲ။
"ဟီးဟီးဟီး.. မစ္စတာကျန်းရဲ့အကြိုက်က တကယ်ကောင်းတာပဲလို့ ပြောနေတာပါ။ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေအများကြီး ရထားတဲ့အပြင် ပန်းချီအနုပညာကိုပါ ခံစားနိုင်စွမ်းရှိတာပဲ။ တကယ်ချီးကျူးထိုက်ပါပေတယ်"
မသတီဖွယ်ရာကောင်းသည့် အမျိုးသားကြီးက ချက်ချင်းဆိုသလို ချီးကျူးစကားများ ပြောလာလေသည်။
"အရမ်းပျင်းဖို့ကောင်းတာပဲ"
ကျန်းမုန့်လောင်အတွက်တော့ ဤကဲ့သို့သော လူများဟာ အခွင့်အရေးသမားများ ဖြစ်ပြီး သူ့အာရုံစိုက်မှုနှင့် မထိုက်တန်ပေ။ ထို့ကြောင့် သူတို့အတွက်နှင့် စိတ်အနှောင့်အယှက်ဖြစ်နေစရာ မလိုအပ်ချေ။
"ကြည့်လိုက်ဦး။ အခုဘယ်လိုလုပ်မလဲ။ နင့်ကို လူတွေအများကြီးဝိုင်းထားကြပြီ။ နင် ဒီနေရာကနေ ဘယ်လိုထွက်မလဲဆိုတာ ငါ မြင်ချင်သေးတယ်"
လုရီယောင်က ရယ်မောလျက် ပြောလိုက်လေသည်။
"ဘာလို့ကြောက်နေတာလဲ။ ငါ မရှက်သရွေ့ ရှက်ရမှာ သူတို့ပဲ"
ကျန်းမုန့်လောင်က လည်ချောင်းရှင်းလိုက်သည်။
"တစ်ဆိတ်လောက်ပါ။ ပွဲစီစဉ်သူကို ဘယ်လိုဆက်သွယ်ရမလဲဆိုတာ သိကြလား။ ဒီပန်းချီကားတွေက အရောင်းဖွင့်ထားတဲ့အတွက် ကျွန်တော်ကျန်းမုန့်လောင် အကုန်ဝယ်သွားမယ်"
……