သူကလန့်သွားတာမဟုတ်ဘူး ပျော်သွားတာ
Vol. 5 Ch. 70
"ဝိုး"
ထိုစကားသံထွက်လာသည်နှင့်တစ်ပြိုင်နက် လူအုပ်ကြီးထံမှ အံ့အားသင့်နေလေသော အသံများ လှိုင်းထန်သွားသည်။
"စနေပြီဟေ့။ သူ စနေပြန်ပြီ"
"ငါကြားလိုက်တာ မှန်ပါတယ်နော်။ သူက ပန်းချီကားတွေအကုန်လုံးကို ဝယ်မယ်လို့ပြောလိုက်တာလား"
"ဒီနေ့ ပန်းချီပြပွဲမှာ လက်ရာပေါင်း၁၂၀၀၀ကျော် ခင်းကျင်းပြသထားပြီး သုံးပုံတစ်ပုံကျော်လောက်က ပုဂ္ဂလိကစုဆောင်းသူတွေ ပိုင်တာလို့ ငါကြားထားတယ်။ အကုန်လုံးက ရောင်းချမဲ့ပန်းချီကားတွေချည်းပဲတဲ့"
"အဲ့ဒါဆိုရင် ဒီတစ်ခေါက် အနည်းဆုံး ပန်းချီကားအချပ်ပေါင်းလေးထောင်လောက် ရောင်းမှာပေါ့"
"အမလေး...ဒါဆိုရင် ပန်းချီကားတစ်ချပ်ကို တစ်သောင်းနဲ့တွက်ရင် စုစုပေါင်းဒေါ်လာသန်းလေးဆယ်ဖြစ်သွားမှာပေါ့"
"ဟဲဟဲဟဲ.. ဒီပန်းချီပြပွဲရဲ့ အဆင့်အတန်းကိုကြည့်ရင် ပန်းချီကားတွေကရော ဈေးပေါလိမ့်မယ်များထင်လား။ ငါ ဒီမှာ နာရီဝက်ကျော်လောက် ပတ်ကြည့်နေတာ။ စျေးအပေါဆုံးပန်းချီကားဆိုရင် ဒေါ်လာငါးသိန်းတောင်ရှိတယ်။ စျေးအကြီးဆုံးက အမေရိကန်ဒေါ်လာသန်း၁၂၀နော်။ ဒီပြခန်းထဲမှာ ဟွာရှားငွေကြေးနဲ့ပေးရတဲ့ ပန်းချီကားရယ်လို့မရှိဘူး"
"ဟင်"
ဤစကားကိုကြားသောအခါ ပတ်ပတ်လည်ရှိ လူများဟာ အံသွားထဲ စူးခနဲနာကျင်သွားသလို ခံစားလိုက်ရပြီး တွေးတောချိန်ဆကြည့်နေကြတော့သည်။ ပျမ်းမျှစျေးနှုန်းက အမေရိကန်ဒေါ်လာငါးသန်းဆိုလျှင်ပင် ဤပန်းချီကားအချပ်ပေါင်းလေးထောင်က အမေရိကန်ဒေါ်လာဘီလီယံနှစ်ဆယ် ဖြစ်သွားလိမ့်မည်သာ။ ဤပိုက်ဆံကို နံရိုးဝယ်စားခြင်း၊ ဂိမ်းကစားခြင်း၊ ကုမ္ပဏီများထောင်ခြင်း၊ စတော့ရှယ်ယာများဝယ်ယူခြင်း သို့မဟုတ် တခြားဇိမ်ခံလုပ်ငန်းတစ်ခုခုကို လုပ်နိုင်လေသည်။ ထိုအရာများက ပို၍ဆွဲဆောင်မှုမရှိလေဘူးလား။
"ဒီလိုလက်ဖွာလိုက်ပုံမျိုးကတော့ တကယ့်ကို လူသားမဆန်တဲ့လက်ဖွာမှုမျိုးပဲဟေ့"
"ဟေး..ကျန်းမုန့်လောင် နင်တကယ်ပြောနေတာလား"
လုရီယောင်တစ်ယောက် ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်းထသွားသလို ခံစားလိုက်ရသည်။ ကျန်းမုန့်လောင် ဝေးပေါ်ကိုဝယ်ယူလိုက်ကြောင်းနှင့် ထိုတန်ဖိုးမှာ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် အမေရိကန်ဒေါ်လာ၁၀ဘီလီယံရှိကြောင်း သူ(မ) သိရှိထားပြီးဖြစ်၏။
သို့သော် ထိုဖြစ်ရပ်များကို သူ(မ)ကိုယ်တိုင် တွေ့ကြုံခံစားလိုက်ရခြင်း မရှိသည့်အတွက် အခြားလူများ ဘယ်လိုခံစားခဲ့ရလဲဆိုသည်ကို သူ(မ) မသိပေ။ ယခုတော့ သူ(မ) ထိုခံစားချက်ကို သဘောပေါက်လိုက်လေပြီ။
"တကယ်လားတွေဘာတွေလိုလို့လား။ ပန်းချီကားအချပ်ထောင်ဂဏန်းလောက်ပဲဟာကို။ ငါ အဲ့ဒီပိုက်ဆံကို တစ်ရက်တည်းနဲ့ ပြန်ရှာနိုင်တယ်"
ကျန်းမုန့်လောင်က ပူပင်ကြောင့်ကြမှုကင်းစွာ ပြောလိုက်လေသည်။
သူ့စကားများမှာ အေးဆေးတည်ငြိမ်နေဟန်ပေါ်သော်ငြား သူ့စိတ်ထဲမှာတော့ ပေါက်ကွဲမတတ် ပျော်ရွှင်မြူးကြွနေချေသည်။ ယခုလိုဂုဏ်သတင်းကြီးမားသော ပန်းချီကားများ ခပ်များများထပ်ရှိနေစေရန်ပင် သူ မျှော်လင့်မိသည်။ "မိုနာလီဆာ"ပန်းချီကားကိုသာ ရောင်းချမည်ဆိုပါက သူ တွေဝေတုံ့ဆိုင်းမနေဘဲ ဝယ်ယူပစ်လိုက်မည်သာ။ သူ ပိုက်ဆံကုန်မည်ကို မကြောက်ပေ။ မကုန်မှာကိုသာ ကြောက်မိသည်။
"ဒါပေမဲ့ နင် အဲ့ဒီပန်းချီကားတွေကို မခံစားတတ်မှတော့ ဒီလောက်အများကြီးဝယ်ပြီးတော့ရော ဘာလုပ်မှာလဲ"
လုရီယောင် ပြောလိုက်လေသည်။ အစောပိုင်းက ပြောစကားများအရဆိုလျှင် ကျန်းမုန့်လောင်က ထိုပန်းချီကားများ၏ တန်ဖိုးကိုသာ စိတ်ဝင်စားခြင်းဖြစ်သည်။ ပန်းချီကားတန်ဖိုးကလွဲ၍ သူ တခြားဘာမှမသိပေ။
ဘွင်းဘွင်းရှင်းရှင်းပြောရပါလျှင် သူသာ ထိုပန်းချီကားများကို ဝယ်ယူပြီး အိမ်ထဲမှာ ဖုန်တက်နေအောင် အပုံလိုက်ထပ်ထားမည်ဆိုပါက ထိုပန်းချီလက်ရာများအဖို့ အကြီးမားဆုံးသော ဖြုန်းတီးမှုကြီးတစ်ခု ဖြစ်နေပေတော့မည်။
"စိတ်မပူပါနဲ့။ ငါတို့ကျန်းနန်သိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှာ ပြတိုက်တစ်ခုဆောက်လိုက်မှာပေါ့။ ပြီးရင် ဒီပန်းချီကားတွေကိုရော ငါ့အိမ်မှာရှိတဲ့ ပန်းချီကားတွေကိုပါ ပြတိုက်မှာ လူတိုင်း အခမဲ့ကြည့်ရှုဖို့အတွက် ခင်းကျင်းပြသထားလို့ရတယ်လေ။ အဲ့လိုဆိုရင် လူတွေလည်း အချိန်မရွေးလာကြည့်လို့ရသွားပြီ။ နေပူကြီးထဲမှာ တန်းစီပြီး အပင်ပန်းခံစရာမလိုတော့ဘူးပေါ့"
အပြန်အလှန်အနေဖြင့် ဤအစီအစဉ်မှာ ပန်းချီကားများကို ကောင်းကောင်းအသုံးချရာရောက်သည့်အပြင် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ ဂုဏ်သတင်းကိုလည်း တစ်ဆင့်မြင့်သွားစေနိုင်သည်။ သို့ဖြစ်လေရာ သူက ဘာကြောင့် မလုပ်နိုင်ရမှာလဲ။
သိပ္ပံသုတေသနအတွက် ကြောက်မက်ဖွယ်ကောင်းလောက်သော ရန်ပုံငွေများ ထည့်ဝင်ပေးသည့်အပြင် ပြတိုက်တစ်ခုပါ ဆောက်ပေးလိုက်ပါက တစ်နှစ်အတွင်းမှာပင် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဟာ ကျန်းနန်မြို့ထဲတွင် ကျန်းနန်တက္ကသိုလ်နောက်က ဒုတိယနေရာချိတ်သွားပေလိမ့်မည်။
ကျန်းနန်တက္ကသိုလ်ကို အမီလိုက်ရန်မှာလည်း မဖြစ်နိုင်တာတော့ မဟုတ်ပေ။ ပိုက်ဆံသုံး၍ ပါမောက္ခများနှင့် ပညာရှင်များကို ခေါ်လိုက်ရုံသာ။
"ပြတိုက်တစ်ခုဆောက်တာက..."
လုရီယောင်ခမျာ ဆွံ့အသွားရလေတော့သည်။
"နင်က လောကကြီးထဲမှာ ရှင်သန်နေတာမဟုတ်ဘဲ 'Minecraft'ထဲမှာ ကစားနေသလိုပဲလို့ ငါ ဘာလို့ထင်နေမိတာပါလိမ့်"
"မင်းပြောတဲ့ဥပမာက ဆီလျော်သားပဲ"
ကျန်းမုန့်လောင် ဆင်ခြင်တွေးတောကြည့်လိုက်သည်။ တကယ်တမ်းလည်း ဘာမှမကွာပေ။ သူ ဆန္ဒရှိနေသရွေ့ ကမ္ဘာကြီးကို သူ့စိတ်တိုင်းကျကိုင်တွယ်နိုင်ပေသည်။
"သူတို့ရောက်လာပြီ။ ပွဲစီစဉ်သူတွေ ရောက်လာပြီ"
ထိုအခိုက်ဝယ် လူအုပ်ကြီးက ဘေးကပ်၍ လမ်းဖယ်ပေးလိုက်ကြသည်။ ဆံပင်တစ်ဝက်လောက် ပြောင်နေပြီဖြစ်သော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က ချဉ်းကပ်လာနေခြင်းပင်။
"ဘယ်လူကြီးမင်းကများ ပန်းချီကားတွေကို ဝယ်ချင်နေတာလဲမသိဘူး"
ဥရောပလူမျိုး အမျိုးသားက ပြောလိုက်လေသည်။
"ကျွန်တော်ပါပဲ"
ကျန်းမုန့်လောင်က တက်ကြွစွာဖြင့် ရှေ့တိုးလိုက်သည်။
"ဒီနေ့အခမ်းအနားမှာရှိတဲ့ ပန်းချီကားတော်တော်များများကို ရောင်းချမယ်လို့ ကြားထားတယ်"
"ဟုတ်ပါတယ် ဆရာ"
ဥရောပသားက ကျန်းမုန့်လောင်ကို ဦးညွှတ်လိုက်သည်။ သူက တာဝန်ရှိပုဂ္ဂိုလ်ဖြစ်သော်ငြား ဝန်ထမ်းတစ်ယောက်သက်သက်သာဖြစ်၏။
.....
အမှန်အတိုင်းဆိုရလျှင် ဤပန်းချီပြပွဲဟာ သာမန်ခင်းကျင်းပြသထားရုံသက်သက်မဟုတ်ပေ။ လက်မှတ်အရောင်းဝင်ငွေလည်း မရှိသည့်အတွက် အရင်းရှင်အကျိုးအမြတ်သမားကြီးများက လူအများအပြားကို အကျိုးမရှိဘဲ အခမဲ့ဝင်ခိုင်းမည်တဲ့လား။
ဤပန်းချီပြခန်း၏ အဓိကရည်ရွယ်ချက်မှာ ဤပန်းချီလက်ရာများကို ရောင်းချရန်အတွက်ပင်။ ဈေးနှုန်းကတ်ပြားကပ်ထားသော ပန်းချီကားများသာမက ကမ္ဘာ့အဆင့်မီပန်းချီကားများကိုလည်း နိုင်ငံ့ရတနာမဟုတ်သရွေ့၊ ဈေးကောင်းရနေသရွေ့ ရောင်းချပေးမည်သာ ဖြစ်၏။ စုစည်းမှုများ၏ပိုင်ရှင်ဖြစ်သော အဖွဲ့အစည်းများကလည်း ရောင်းချရန် ဆန္ဒရှိပေလိမ့်မည်။
ထို့ကြောင့် ကုန်ကျစရိတ်ကို ဖယ်ထားလိုက်မည်ဆိုပါလျှင် ဤပန်းချီကားများ၏ တန်ဖိုးများမှာ စုစည်းသူများ၏ မူလဝယ်ဈေးထက် သိသိသာသာများပြားနေသည်သာ။
"ကျွန်တော့်ကိုယ်ကျွန်တော် အရင်မိတ်ဆက်ပါရစေ"
ဥရောပသားက ဟွာရှားလို မပီတပီဖြင့် ပြောလာချေသည်။
"ကျွန်တော့်နာမည်က ဘရုစ်ပါ။ ကျွန်တော်က ဒီကမ္ဘာလှည့်ပန်းချီပြခန်းရဲ့ တာဝန်ရှိသူပါ"
"ကျွန်တော် ပန်းချီကားကိုဝယ်ချင်တယ်ဆိုရင် ခင်ဗျားက ဆုံးဖြတ်ချက်ချပေးမှာလား"
"ဟုတ်ပါတယ် လူကြီးမင်း။ ခင်ဗျား ဘယ်ပန်းချီလက်ရာကို စိတ်ဝင်စားတာပါလဲ"
ဘရုစ်က တလေးတစားမေးလိုက်လေသည်။
ကျန်းမုန့်လောင်က အလွန်ငယ်ရွယ်နေပုံပေါက်သော်ငြား ဤလူငယ်လေးက ဟွာရှားတွင် အလွန်နာမည်ကြီးဟန်တူပြီး ချမ်းသာသော ဒုတိယမျိုးဆက်တစ်ယောက်ဖြစ်နိုင်ကြောင်း သူ့လက်ထောက်က သူ့အား ပြောပြထားပြီးဖြစ်၏။
ဘရုစ်အတွက်မူ ပိုက်ဆံရှိနေသရွေ့ ဖောက်သည်က သူ့မိတ်ဆွေသာ။
"အကုန်လုံးပဲ"
"ဟင်"
ဘရုစ်ခမျာ အကြောင်သားဖြစ်သွားရလေသည်။
"တစ်ဆိတ်လောက်ပါ ဆရာ.. ကျွန်တော်များ နားကြားမှားတာလားလို့။ ခင်ဗျား ဘယ်ပန်းချီကားကိုဝယ်ချင်လဲဆိုတာ ထပ်ပြောပေးလို့ရမလား"
"မဟုတ်ဘူး မစ္စတာဘရုစ်.. ခင်ဗျားကြားလိုက်တာ အမှန်ပဲ။ ကျွန်တော်က ရောင်းမဲ့ပန်းချီကားတွေအကုန်လုံးကို ဝယ်ချင်တယ်လို့ပြောလိုက်တာ"
"ဘုရားရေ.. ခင်ဗျားနောက်နေတာပဲဖြစ်ရမယ်"
သူတို့၏ကမ္ဘာလှည့်ခရီးစဉ်တွင် ဟွာရှားက ဆယ်ခုမြောက်ခရီးတစ်ထောက်ရပ်နားရာနေရာဖြစ်၏။ အခြားနိုင်ငံများတွင် အချို့ပန်းချီကားများကို ထိပ်တန်းဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်များက ဝယ်ယူထားကြပြီးဖြစ်၏။
ပန်းချီပညာကို ချစ်မြတ်နိုးသော စီးပွားရေးလုပ်ငန်းရှင်ကြီးများက ပန်းချီကားအမြောက်အများအတွက် စည်းစိမ်များကို ထုတ်သုံးခဲ့သည့်အဖြစ်များလည်း ရှိသည်။ တစ်ဒါဇင်ကျော်လောက် ဝယ်ခဲ့တာမျိုးပင် ရှိသေးသည်။ သို့သော် ပန်းချီကားအားလုံးကို တစ်ချီတည်းနှင့် ဝယ်ယူပစ်မည်ဟု ကြေညာလာခြင်းမျိုးတော့ မရှိသေးပေ။
"မစ္စတာဘရုစ်.. ကျွန်တော်နောက်နေတာမဟုတ်ဘူး။ တကယ်ပြောနေတာ"
ကျန်းမုန့်လောင်က တည်တည်ငြိမ်ငြိမ်ပြောလိုက်လေသည်။
"ဆရာ.. ကျွန်တော်တို့ပြခန်းထဲမှာ စုစုပေါင်းပန်းချီကား၄၃၂၀ချပ်ရှိပါတယ်။ တချို့ပန်းချီကားတွေဆိုရင် တစ်ချပ်ကို သန်းတစ်ရာကျော်ပါတယ်။ စုစုပေါင်းတန်ဖိုးက အမေရိကန်ဒေါ်လာငါးဆယ်ဘီလီယံ ကုန်ကျနိုင်ပါတယ်"
"အမေရိကန်ဒေါ်လာငါးဆယ်ဘီလီယံလား"
ကျန်းမုန့်လောင်၏ မျက်လုံးအစုံကား အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားရလေသည်။
"ဟုတ်ပါတယ် မစ္စတာကျန်း"
ကျန်းမုန့်လောင်၏ ထိတ်လန့်သွားသော အမူအရာကို မြင်သောအခါ သူ တွေဝေသွားနိုင်လောက်ကြောင်း သိလိုက်လေသည်။
"ဟွာရှားက လူတွေက တော်တော်ချမ်းသာတယ်လို့ ငါထင်ထားတာ။ ကြည့်ရတာတော့ ငါ ဒီနိုင်ငံကို တအားအထင်ကြီးမိသွားတဲ့ပုံပဲ"
ဘရုစ်က တစ်ကိုယ်တည်းတွေးတောနေချေသည်။
သို့သော် ပြန်တွေးကြည့်လိုက်မည်ဆိုပါက ကမ္ဘာ့အချမ်းသာဆုံးလူပင် အမေရိကန်ဒေါ်လာတစ်ရာဘီလီယံမျှသာ ပိုင်ဆိုင်မှုရှိသည်။ ထို့အပြင် ထိုပိုင်ဆိုင်မှုအများစုမှာ စတော့ရှယ်ယာများ၊ ငွေချေးစာချုပ်များနှင့် ပုံသေပိုင်ဆိုင်မှုများပင်။ ဤကမ္ဘာပေါ်တွင် အမေရိကန်ဒေါ်လာငါးဆယ်ဘီလီယံကို သာမန်ကာလျှံကာထုတ်သုံးနိုင်သူဟူ၍ မရှိနိုင်လောက်ပေ။
"ဟားဟားဟား ကောင်းတယ်။ သိပ်ကောင်းတယ်"
ဘရုစ်တစ်ယောက် အတွေးနယ်လွန်နေချိန်မှာပင် ကျန်းမုန့်လောင်က ရုတ်ခြည်းဆိုသလို အားပါးတရရယ်မောလိုက်လေတော့သည်။
"ဟားဟားဟား ကျွန်တော်က ဒီပန်းချီကားတွေကို အမေရိကန်ဒေါ်လာနှစ်ဆယ်ဘီလီယံပဲရှိမှာလို့ ထင်နေတာ။ ဒီလိုဆိုရင် ကျွန်တော် နှစ်ဆတောင်ပိုပြီးသုံးနိုင်တော့မှာပဲ။ ဒီခရီးစဉ်ကတော့ အလကားမဖြစ်ဘူးပဲ"
"ဟင်"
ကျန်းမုန့်လောင်၏ တုံ့ပြန်ပုံကို မြင်လိုက်ရသောအခါ လူတိုင်း၏မျက်နှာထက်ဝယ် ထူးဆန်းနေဟန်အမူအရာများ ပေါ်ပေါက်လာသည်။ တချို့လူများဆိုလျှင် နှုတ်ခမ်းထောင့်စွန်းများပင် တွန့်လိမ်သွားလေသည်။
"သောက်ကျိုးနည်း.. ဒါက ဘယ်လိုတောင်ထူးဆန်းလိုက်တဲ့အတွေးအခေါ်ပါလိမ့်"
"ဘာဖြစ်တာလဲ။ သူက ပိုက်ဆံနည်းနည်းပဲ သုံးနေရလို့ စိတ်တိုနေတာလား"
"အခုလေးတင်ဖြစ်သွားတဲ့ သူ့မျက်နှာပေါ်က အမူအရာကို ဈေးများလို့ လန့်သွားတယ်လို့ ငါထင်နေတာ"
"ခွီး.. မစ္စတာကျန်းက ဒီလောက်လွယ်လွယ်နဲ့ ကြောက်မဲ့လူလား။ သူက ဝေးပေါ်ကိုတောင် နေ့တစ်ဝက်တည်းနဲ့ ဝယ်ခဲ့တဲ့လူကွ"
"ကြောက်ဖို့ကောင်းလိုက်တာ။ သူက လန့်သွားတာမဟုတ်ဘူး။ ပျော်သွားတာဟေ့"
…….