ဒါက အခြေခံအဆင့်လောက်ပဲရှိသေးတယ်
Vol. 5 Ch. 71
"မစ္စတာကျန်း.. သေချာရဲ့လား။ ခင်ဗျား အဲ့ဒီပန်းချီကားတွေကို တကယ်ဝယ်ချင်တာဆိုရင် ကျွန်တော် တစ်ယောက်ယောက်ကိုလွှတ်ပြီး ချက်ချင်းစီစဉ်ခိုင်းလိုက်ပါ့မယ်"
ဘရုစ်၏လေသံထဲဝယ် စိတ်လှုပ်ရှားဟန် အငွေ့အသက်များ ယှက်သန်းနေသည်။
သူက ပန်းချီကားအချပ်လေးထောင်ထဲက ငါးရာခြောက်ရာမျှသာ ရောင်းထွက်လိမ့်မည်ဟု ထင်ထားခဲ့ခြင်းဖြစ်၏။ တစ်ထောင်ဟုပင် သူ မမှန်းခဲ့ရဲပေ။ သို့သော် ကျန်မုန့်လောင်က တစ်ချီတည်းနှင့် အားလုံးကိုဝယ်ယူပစ်ဖို့ အဆင်သင့်ဖြစ်နေလေသည်။
ဒါက ချမ်းသာကြွယ်ဝခြင်းနတ်ဘုရားမဟုတ်ဘူးလား။
"သွားစီစဉ်လိုက်ပါ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ကောင်းပါပြီ။ ကောင်းပါပြီ။ ကျွန်တော် ချက်ချင်းလုပ်လိုက်ပါ့မယ်"
ဘရုစ်၏မျက်နှာထက်တွင် အပြုံးရိပ်တစ်ခု လင်းလက်သွားချေသည်။
"သောက်ကျိုးနည်း.. သူ တကယ်ဝယ်လိုက်တာလား"
"မိုက်လိုက်တာဟေ့.. ငါ နားကြားမှားတာမဟုတ်ပါဘူးနော်။ အဲ့ဒါက ဘီလီယံငါးဆယ်နားကပ်တယ်။ ဟုတ်တယ်မလား"
"အမေရိကန်ဒေါ်လာနဲ့နော် ကိုယ့်လူ.. အခု ငါ့ခေါင်းတွေတောင် တဝီဝီမြည်နေပြီ"
"အမေရိကန်ဒေါ်လာငါးဆယ်ဘီလီယံတဲ့လား။ အဲ့ဒါကလည်း ငွေသားနဲ့လေ။ သူက ကမ္ဘာ့အချမ်းသာဆုံးလူထက်တောင် ချမ်းသာနေတာမဟုတ်ဘူးလား"
"ဒီနှစ်ရဲ့ Forbesစာရင်းထဲမှာ အချမ်းသာဆုံးလူက Amazonကုမ္ပဏီရဲ့ စီအီးအိုမဟုတ်ဘူးလား။ သူ့ရဲ့ပိုင်ဆိုင်မှုက ဘယ်လောက်ပါလိမ့်။ အမေရိကန်ဒေါ်လာ၁၅၀ဘီလီယံလား"
"ဒီအမေရိကန်ဒေါ်လာ၁၅၀ဘီလီယံဆိုတာက တော်တော်များများက အပေါ်ယံသက်သက်ပဲ။ တစ်ဝက်နီးပါးလောက်က ပုံသေပိုင်ဆိုင်မှုတွေ။ ယုတ္တိရှိရှိပြောရမယ်ဆိုရင် ငွေသားနဲ့ဆိုရင် ဘီလီယံဆယ်ဂဏန်းလောက်ပဲရှိမှာ"
"အဲ့ဒီအမေရိကန်ဒေါ်လာ၁၅၀ဘီလီယံက အကုန်ငွေသားချည်းပဲဆိုရင်တောင်မှ ဘွင်းဘွင်းရှင်းရှင်းပြောရရင်ကွာ မင်းတို့အနေနဲ့ ကိုယ့်ပိုင်ဆိုင်မှုရဲ့ သုံးပုံတစ်ပုံကို လှပတယ်ဆိုပေမဲ့ အသုံးမဝင်တဲ့ ပန်းချီကားတွေကို ဝယ်မှာတဲ့လား"
"မင်းမှာ ပိုင်ဆိုင်မှုတစ်သန်းရှိတယ်ဆိုရင် ပန်းချီကားတစ်ချပ်အတွက် သုံးသိန်းလောက်သုံးမှာလား"
"ဘယ်သုံးမလဲ"
"ဒီတော့ ကျန်းမုန့်လောင်ရဲ့ပိုင်ဆိုင်မှုက သန်း၁၅၀၀ကျော်ပဲ ဖြစ်ရမယ်။ တကယ်တမ်းဆိုရင် ဒါက သူ့ရဲ့ငွေသားပိုင်ဆိုင်မှုသီးသန့်ဖြစ်နိုင်လောက်တယ်"
"အမလေး"
ပတ်ပတ်လည်ရှိ လူများမှာ ခွဲခြမ်းစိတ်ဖြာကြည့်နေကြပြီး ကြောက်မက်ဖွယ်ကောင်းလောက်သော စကားတစ်ခွန်းဖြင့် နိဂုံးချုပ်လိုက်ကြသည်။
ယခင်က လူအများရှေ့တွင် ပေါ်ထွက်မလာခဲ့ဖူးသည့် ဤလူငယ်လေးဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေနိုင်ခြေ မြင့်မားလှသည်။
"ခဏနေဦး"
ကျန်းမုန့်လောင်က ဘရုစ်ကို ရုတ်တရက်လှမ်းခေါ်လိုက်သည်။
"မစ္စတာကျန်း.. ကျွန်တော် တခြားဘာများလုပ်ပေးရဦးမလဲ"
ဘရုစ်၏နှလုံးသားလေးခမျာ စည်းချက်တစ်ချက်လွဲသွားရသည်။ ကျန်းမုန့်လောင်က သူ့ဆုံးဖြတ်ချက်ကို ပြန်ပြင်တော့မှာများလား။ သူ့ဘဝ၏ အထွတ်အထိပ်ကို တက်လှမ်းရန်မှာ ခက်ခဲလွန်းလှသည်။ သို့သော် ပြိုလဲပြန်တော့လည်း ဤမျှခပ်မြန်မြန်ကြီး ပြိုလဲနိုင်လေသလား။
"ကျွန်တော် ခင်ဗျားကိုမေးချင်လို့။ တခြားပန်းချီကားတွေကရော ရောင်းလား"
ကျန်းမုန့်လောင်က မလှမ်းမကမ်းရှိ "မိုနာလီဆာ"ပန်းချီကားကို လက်ညှိုးထိုးပြလိုက်သည်။
"မစ္စတာ..မစ္စတာကျန်း ခင်ဗျားက အဲ့ဒီပန်းချီကားကိုဝယ်ချင်လို့လား"
ဘရုစ်သာမက ဘေးပတ်ပတ်လည်ရှိ လူအပေါင်းမှာလည်း အံ့သြထိတ်လန့်သွားဟန် အမူအရာများ ပေါ်လာကြသည်။
"မိုနာလီဆာ"ပန်းချီကားမှာ ပန်းချီကားတစ်ချပ်ဆိုသည်ထက် ပိုလေ၏။ ထိုအရာမှာ အနုပညာတန်ဖိုးထက် ကျော်လွန်သော အရာတစ်ခုကို ကိုယ်စားပြုနေပြီး Louvreပြတိုက်ထဲတွင် ထည့်ထားခဲ့စဉ်အတွင်း အမှတ်သညာတစ်ခုဖြစ်လာခဲ့သည်။
ပွဲစီစဉ်သူများမှာ ထိုပန်းချီကားကို Louvreပြတိုက်မှ ယူထုတ်လာနိုင်ရန်အတွက် အများကြီးကြိုးစားခဲ့ရပြီး ၎င်း၏လုံခြုံရေးအတွက်လည်း လူအင်အားအမြောက်အများသုံးခဲ့ရသည်။ အနှိုင်းမဲ့ရတနာဟု ညွှန်းဆိုလျှင်လည်း အပိုပြောခြင်းမဟုတ်ပေ။
လွန်ခဲ့သည့် နှစ်ပေါင်းတစ်ရာခန့်က ၎င်း၏လေလံဈေးမှာ အမေရိကန်ဒေါ်လာသုံးဘီလီယံရှိခဲ့သည်။ နှစ်တစ်ရာကြာပြီးနောက်တွင် Louvreဘက်က ရောင်းချချင်သည့်တိုင် ဈေးနှုန်းကိုမေးမြန်းရဲသူဟူ၍ အနည်းအကျဉ်းသာ ရှိနိုင်ပေလိမ့်မည်။
"ဟုတ်တယ်။ ကျွန်တော့်ဧည့်ခန်းထဲက နံရံတစ်ဖက်က ဗလာကျင်းနေသလိုမျိုး အမြဲခံစားနေရတာလေ။ ပြီးတော့ ဒီပန်းချီကားရဲ့အရွယ်အစားကလည်း ကွက်တိပဲ"
"သောက်ကျိုးနည်း..မိမိုက်သူတို့ရဲ့ဘုရင်ကြီးပါလား။ မိမိုက်နေလိုက်တာမှ တစ်ဖက်ကိုတောင်ကျော်လို့ပဲ။ ငါ အရှုံးကိုဝန်ခံပါတယ်"
"ဒါဗင်ချီကတော့ ညလယ်ခေါင်ကြီး ထဆဲနေတော့မှာပဲ"
"သေစမ်း...ကမ္ဘာကျော်ပန်းချီကားကို အိမ်အလှဆင်ဖို့ သုံးမလို့တဲ့။ ငါတော့ အထင်ကြီးနေပါပြီနော်"
"ဒါက လူချမ်းသာတို့ရဲ့ကမ္ဘာကြီးများလား။ ငါတော့ နားကိုမလည်တော့ဘူး"
"မင်းတို့ အောက်ခြေလူတန်းစားတွေ စိတ်ရှုပ်နေပြီမလား"
...
"အမလေး"
ကျန်းမုန့်လောင်က ခေါင်းကို ခါယမ်းလိုက်သည်။ "မိုနာလီဆာ"ပန်းချီကားမှာ စင်စစ်တန်ဖိုးကြီးလှသော်လည်း ထူးခြားနေခြင်းမျိုးတော့ မရှိပေ။ သူ့အိမ်ထဲရှိ စာကြည့်တိုက်ထဲတွင် မိုနာလီဆာပန်းချီကားထက် တန်ဖိုးမနိမ့်ကျသော ပန်းချီကားအချို့ ရှိနေလေသည်။
"တောင်းပန်ပါတယ် မစ္စတာကျန်း.. ဒီပန်းချီကားက တကယ်ရောင်းလို့မရလို့ပါ"
ဘရုစ်က အတင်းအကျပ် လုပ်ပြုံးလိုက်ရသည်။ ဤသည်မှာ နိုင်ငံ့ရတနာတစ်ခုဖြစ်ပြီး ပြခန်း၏ အကြီးမားဆုံးသော အာရုံဆွဲဆောင်ရာတစ်ခုလည်း ဖြစ်သည်။ ၎င်းကိုသာ ရောင်းပစ်လိုက်ပါက ပြခန်းကို လာရောက်လည်ပတ်သည့် ဧည့်သည်များလည်း ထက်ဝက်လျော့ကျသွားနိုင်သည်။
ထိုမျှသာမက ဤကဲ့သို့သော နိုင်ငံံ့ရတနာတစ်ခုဟာ အခြားနိုင်ငံတစ်ခုသို့ ရောက်ရှိသွားပါလျှင် သူတို့နိုင်ငံအတွက် ဂုဏ်သရေညှိုးနွှမ်းမှုတစ်ခု ဖြစ်နေချေတော့မည်။ မည်သူကမှတော့ မိမိနိုင်ငံ၏ရတနာကို တခြားနိုင်ငံ၏ ပြတိုက်များထဲတွင် ပြသထားမည့်အရေးကို မလိုလားပေ။
ထို့ပြင် ကျန်းမုန့်လောင်သာ ဤပန်းချီကားကို ဝယ်ယူလိုက်ပါက အကောင်းဆုံးသော ဖြစ်နိုင်ခြေက ပြတိုက်များထဲတွင် ပြသထားခြင်းပင်။ သို့သော် ဤပန်းချီကားက ကျန်းမုန့်လောင်၏အိမ်နံရံ သို့မဟုတ် ရေချိုးခန်းနံရံနှင့် သန့်စင်ခန်းနံရံထက်သို့ တကယ်ရောက်ရှိသွားနိုင်လေသည်။
"နှမြောစရာပဲ"
ကျန်းမုန့်လောင်က သက်ပြင်းချလိုက်သည်။ ဤပန်းချီကားကိုသာ ရောင်းချမည်ဆိုပါက သူလည်း အမေရိကန်ဒေါ်လာဘီလီယံရာဂဏန်းလောက်တော့ အသာလေးဖြုန်းနိုင်လိမ့်မည်မဟုတ်လား။ ထိုသို့ဆိုလျှင် ကူးစူးခရီးစဉ်ဟာ ဆန်းကြယ်ကျောင်းတော်နှင့်ပတ်သက်ပြီး သူ မျှော်လင့်စောင့်စားနေသော ထိုစစ်ဆင်ရေးကို လုံးဝအောင်မြင်သွားနိုင်လောက်ပေသည်။
...
"မစ္စတာကျန်း.. ကျွန်တော်တို့ တွက်ချက်ပြီးပါပြီ"
သိပ်မကြာခင်မှာပင် ဘရုစ်က ကျန်းမုန့်လောင်ဆီသို့ အပြေးပြန်ရောက်လာသည်။ သူတို့ဟာ ပန်းချီကားတစ်ချပ်ချင်းစီတိုင်းကို ဈေးနှုန်းတံဆိပ်ကပ်ထားပြီး ခလုတ်တစ်ချက်နှိပ်စာမျှဖြင့် ပန်းချီကားများ၏ဈေးနှုန်းကို သိနိုင်သည့် စွမ်းဆောင်ရည်မြင့်စီမံခန့်ခွဲရေးစနစ်ကိုဖန်တီး၍ ရောင်းထုတ်မည့်ပန်းချီကားများ၏တန်ဖိုးကို တွက်ချက်ထားသည်။
"ဘယ်လောက်လဲ"
"မစ္စတာကျန်း.... စုစုပေါင်းအမေရိကန်ဒေါ်လာ၄၉.၂၂၆ဘီလီယံပါ။ ကျွန်တော်တို့ရဲ့သူဌေးနဲ့လည်း တိုင်ပင်ပြီးသွားပါပြီ။ သူက ခင်ဗျားအတွက် အမေရိကန်ဒေါ်လာ၄၉ဘီလီယံတိတိပဲယူဖို့ လိုလားပါတယ်တဲ့"
ဘရုစ်က အားရပါးရပြုံးလျက် ပြောလာလေသည်။
အမေရိကန်ဒေါ်လာ၄၉ဘီလီယံမျှဖြင့်ပင် သူတို့ ပိုက်ဆံအများကြီးရှာလိုက်နိုင်ပြီဖြစ်၏။ အမေရိကန်ဒေါ်လာ၂ဘီလီယံကို သာမန်အကြွေလေးနည်းနည်းအလား လျှော့ပေးလိုက်သည်ကို ကြည့်ခြင်းအားဖြင့် သူတို့ မည်မျှအမြတ်ထွက်သွားသလဲဆိုသည်မှာ သိသာလှပေသည်။
"အမလေး... အမေရိကန်ဒေါ်လာ၄၉ဘီလီယံတဲ့။ ဘုရားရေ"
"ကိုယ့်လူ..အဲ့ဒီအကြွေလေး ငါ့ကိုစွန့်ကြဲလို့ရမလား"
"ဒီလိုမြင်ကွင်းမျိုး အရင်ကလည်းမြင်ဖူးတယ်ဆိုတဲ့ ထူးဆန်းတဲ့ခံစားချက်တစ်ခုကို ငါ ဘာလို့ခံစားမိနေတာပါလိမ့်"
"ငါ့ကောင်.. ငါလည်း အဲ့လိုပဲတွေးမိနေတာ"
"ငါတို့ သတိထားဖို့လိုအပ်နေပြီလား"
တစ်စုံတစ်ယောက်က အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုကို ခိုးကြောင်ခိုးဝှက်စတင်လိုက်ပြီး ဤဖြစ်ရပ်ကို ဝက်ဘ်ဆိုက်ပေါ်သို့ ထုတ်လွှင့်ပစ်လိုက်သည်။ ဝက်ဘ်ဆိုက်သေးသေးလေးတစ်ခုဖြစ်သော်လည်း ထိုနေရာရှိ အင်တာနက်အသုံးပြုသူများ အစုလိုက်အပြုံလိုက် ရောက်ရှိလာခြင်းကြောင့် ဆာဗာဒေါင်းမတတ်ဖြစ်သွားလေသည်။
"မလိုဘူး"
"ဟင်"
ဘရုစ်ခမျာ သူများ နားကြားမှားလိုက်လေသလားဟု တွေးမိ၍ ခဏတာမျှ အံ့ဩမှင်တက်သွားလေသည်။
"မစ္စတာကျန်း.. ခင်ဗျား ဒီဈေးနှုန်းကိုမကျေနပ်လို့လား။ ဒါဆိုရင် ကျွန်တော့်ကို အချိန်နည်းနည်းလောက်ထပ်ပေးပါ။ ကျွန်တော် ခင်ဗျားအတွက် ဈေးညှိပေးပါ့မယ်။ ဒီထက်ပိုပြီးဈေးလျော့သွားအောင် လုပ်ပေးနိုင်မှာပါ"
"မဟုတ်ဘူး။ ကျွန်တော်ဆိုလိုချင်တာက ကျွန်တော် လျှော့ဈေးမလိုချင်ဘူး။ ကျွန်တော်က တစ်ခုခုဝယ်တဲ့အခါ လျှော့ဈေးယူတတ်တဲ့အကျင့်မရှိဘူး။ ကျေးဇူးပြုပြီး မူလဈေးနှုန်းနဲ့ပဲ ရောင်းပေးပါ။ အဲ့လိုမှမဟုတ်ရင် ကျွန်တော်မဝယ်တော့ဘူး။ ဒါမှမဟုတ် ကျွန်တော် အဲ့ဒီထက်ပိုပေးနိုင်ပါတယ်"
"ဟားဟားဟား.. မစ္စတာကျန်းက လျှော့ဈေးလိုအပ်နေတဲ့လူမို့လို့လား"
"သတိကြီးကြီးထားဖို့ အသိပေးထားတာမှန်သွားပြီထင်တယ်။ ထပ်စလာပြန်ပြီဟေ့။ ငါ ဒီလိုမြင်ကွင်းမျိုးကို ဝမ်တာ့မှာလည်း မြင်ခဲ့ဖူးတယ်"
"အဲ့ဒီတုန်းက ငါ အဲ့ဒီမှာရှိနေခဲ့တာ"
တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ စကားပြောမှတ်တမ်းဟာ မျက်နှာပြင်တစ်ခုလုံးကို ရုတ်ခြည်းနေရာယူသွားလေသည်။ ထို့ပြင် အကြောင်းပြချက်တချို့ကြောင့် လူအားလုံးက ကျန်းမုန့်လောင်၏ လျှော့ဈေးငြင်းဆန်မှုကို အံ့ဩမသွားကြပေ။ ထိုအစား ထင်ထားသည့်အတိုင်း ဖြစ်လာကြသည်ဟုသာ မှတ်ယူထားကြဟန်တူသည်။
"ရော့.. ကျွန်တော် ခင်ဗျားအကောင့်ထဲကို ပိုက်ဆံလွှဲလိုက်ပြီ"
ကျန်းမုန့်လောင်က သူ့ဖုန်းကို စစ်ဆေးကြည့်လိုက်လေရာ ဟုန်းရီက အားလုံးကိုင်တွယ်ဖြေရှင်းထားပြီးပြီဖြစ်ကြောင်း သူ့အား အသိပေးလာလေသည်။
"ငါးဆယ်ဘီလီယံလား"
ကုမ္ပဏီဌာနချုပ်ဘက်က တုံ့ပြန်ချက်ကို မြင်သောအခါ ဘရုစ်၏လက်အစုံမှာ အနည်းငယ်တုန်ယင်သွားလေတော့သည်။
"စိတ်မလှုပ်ရှားပါနဲ့။ ကျွန်တော်က ပိုက်ဆံကွက်တိဖြစ်နေမှကြိုက်တာ။ အဲ့ဒီလိုပဲထားလိုက်တာပေါ့"
"မစ္စတာကျန်း..ခင်ဗျားက ကျွန်တော့်ကို မျက်စိဖွင့်နားဖွင့်ပေးလိုက်တာပဲ"
ဘရုစ်အဖို့တော့ ပိုက်ဆံကို ယခုလိုသုံးဖြုန်းနေသူမျိုး တစ်ခါမှ မမြင်ဖူးပေ။ လာရာလမ်းတစ်လျှောက် ဒိတ်ဒိတ်ကြဲစီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် တွေ့ဆုံခဲ့ပါသော်ငြား ကျန်းမုန့်လောင်နှင့်ယှဉ်လိုက်ပါက သူတို့က အပုံကြီးနောက်ကျကျန်ရစ်နေခဲ့သည်သာ။
"ဟားဟားဟား.. အဲ့ဒီနိုင်ငံခြားသား ခေါင်းခြောက်သွားတဲ့ပုံစံကို ကြည့်လိုက်ဦး"
"လူသစ်လေးတွေ.. သိပ်လည်းလန့်မနေကြနဲ့ဦး။ မစ္စတာကျန်းရဲ့စတိုင်လ်က အမြဲ အဲ့လိုပဲရှယ်ကြမ်းတာ။ သူ့စိတ်တိုင်းကျ ပေါက်ပေါက်ရှာရှာဈေးဖြတ်တာ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက သန်းဂဏန်းပိုပေးတယ်။ အခုတော့ အမေရိကန်ဒေါ်လာဘီလီယံနဲ့ချီပြီး ပိုပေးနေပြီ"
"ထိပ်ပြောင်ကြီး.. ကြောက်သွားတာလား။ ဟမ်.. ဒါက အကင်းပဲရှိသေးတယ်နော်"
"အားလုံး မတ်တတ်ရပ်ကြ"
.....